← Chapters

မနက်အရုဏ်ဦးမှာ ယန်ကျိုးမြို့ကို မင်း မြင်ဖူးလား။

Vol. 3 Ch. 29

မနက်အရုဏ်ဦးမှာ ယန်ကျိုးမြို့ကို မင်း မြင်ဖူးလား။

Vol. 3 Ch. 29

ယနေ့ညတွင် လင်းပေ့တစ်ယောက် လှပသောအိပ်မက်တစ်ခု မက်နေလေသည်။

အိပ်မက်ထဲတွင်၊ သူသည် သက်တံလမင်း ဧည့်ခန်းဆောင်သို့ ပြန်ရောက်နေသည်။ ထိုနေရာတွင် နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသော မိန်းမငယ်လေးတစ်ဦးက သူ့အား အနီရောင်ပိတ်ပါးလိုက်ကာများ ဝန်းရံထားသော ကုတင်တစ်လုံးပေါ်တွင် နေရာချပေးထားသည်။

သူမသည် ဂရုတစိုက်ဖြင့် သူ၏အဝတ်အစားများကို တစ်ခုပြီးတစ်ခု စတင်ချွတ်ပေးနေလေ၏။

ထို့နောက်...

အဟင်း…

ထို့နောက်တွင်မူ…. ။

သူမသည် သူ့အပေါ်တွင် ထိုင်လိုက်ပြီး ချက်ချင်းပင် စတင်လေတော့သည်။

သောက်ကျိုးနည်း…. သူ့မျက်နှာကို ပယ်ပယ်နယ်နယ် ပါးရိုက်နေခြင်းပင်…။

စူးရှပြီး ပဲ့တင်ထပ်နေသော ပါးရိုက်သံများက စည်းချက်ညီညီ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေသည်။

ဖြောင်း... ဖြောင်း... ဖြောင်း...။

"ချီးတဲ့မှ... ဘာဖြစ်တာတုန်း..."

လင်းပေ့ လက်များဖြင့် ရုန်းကန်ရင်း အာမေဋိတ်သံပြုလိုက်ပြီး၊ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်မိသည်။

ထိုအခါမှသာ ၎င်းသည် အိပ်မက်သက်သက် မဟုတ်ကြောင်း သူ သဘောပေါက်လိုက်ရသည်။ တစ်စုံတစ်ရာက သူ့ကို အမှန်တကယ် ရိုက်နှက်နေခြင်း ဖြစ်ချေသည်။

ရွှေရောင်စာရွက်တစ်ပိုင်းတစ်စသည် လင်းပေ့ရှေ့တွင် ရှိနေပြီး၊ အသွင်အပြင်အရ ပါးလွှာပုံရသော်လည်း လှည့်စားထားခြင်းသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် မမျှော်လင့်ထားလောက်အောင် ပြင်းထန်သောအားဖြင့် ရိုက်ခတ်နေသဖြင့်၊ လင်းပေ့၏မျက်နှာမှာ နာကျင်မှုကြောင့် တဆစ်ဆစ် ကိုက်ခဲနေရရှာသည်။

"သောက်ခွေး… ဘာ… ဘာကြီးလဲ..."

လင်းပေ့ခမျာ နှစ်ကြိမ်ခန့် အော်ဟစ်လိုက်ပြီး ရွှေရောင်ကျမ်းစာပိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

၎င်းအပေါ်တွင် မှိန်ဖျော့သော အရောင်အဝါတစ်ခုနှင့်အတူ၊ ပဲပင်ပေါက်ဆန်ဆန် ရေးသားထားသော နာမည်တစ်ခုကို သတိပြုမိလိုက်ကြသည်။

လင်းပေ့…။

"ဟမ်..."

ဆူညံသံကြောင့် ချူလျန် နိုးလာခဲ့ပြီး၊ ကပ်လျက်အခန်းမှ တံခါးကို တွန်းဖွင့်ဝင်လာသည်။ ရွှေရောင်ကျမ်းစာပိုင်းကို မြင်လိုက်ရသောအခါ သူ အာမေဋိတ်သံပြုလိုက်မိသည်။

"ဒါ စုန့်ချင်းရီရဲ့ မှော်ဝင်ပစ္စည်း မဟုတ်ဘူးလား..."

လင်းပေ့သည် လွန်ခဲ့သောညက စုန့်ချင်းရီ ဤပစ္စည်းကို အသုံးပြုနေသည်ကို မြင်တွေ့ခဲ့ရဖူးသဖြင့်၊ ယခုအခါ ၎င်း၏ဇာတ်မြစ်ကို ပြန်လည်အမှတ်ရသွားသည်။

ဇဝေဇဝါဖြစ်စွာဖြင့် သူ ထထိုင်လိုက်ပြီး မေးလိုက်သည်။

"ဆရာမစုန့်က ဒါကို ဘာလို့ ငါ့ဆီ ပို့ပေးလိုက်ရတာလဲ..."

ချူလျန်သည် လင်းပေ့ကို စိုက်ကြည့်လိုက်ပြီး၊ သူတို့နှစ်ဦးစလုံး၏ မျက်လုံးများ တောက်ပလာကာ တပြိုင်နက်တည်း အာမေဋိတ်သံပြုလိုက်ကြသည်။

"သူမ အန္တရာယ်ကြုံနေရပြီ…"

"သူမ ငါ့ကို ကြိုက်နေတာပဲ…"

"..." ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ဤခေတ္တရပ်တန့်မှု ပြီးဆုံးပြီးနောက်၊ လင်းပေ့ မေးလိုက်သည်။

"သူမ အန္တရာယ်ကြုံနေရတယ်ဆိုတာ မင်း ဘယ်လိုလုပ် သေချာနေရတာလဲ..."

ချူလျန် ပြန်ဖြေလိုက်သည်။

"မင်း သေသေချာချာ စဉ်းစားကြည့်ရင် သိမှာပါ... မွန်မြတ်သူများခန်းမဆောင်က ဒီမှော်ဝင်ပစ္စည်းကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ သူမကို ပေးထားတာလေ... ဒီလောက် လွယ်လွယ်ကူကူ ပို့ပေးလိုက်မှာ မဟုတ်ဘူး...

သူမ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရပြီး ထွက်မပြေးနိုင်တော့လို့ အကူအညီတောင်းဖို့ ဒီနည်းလမ်းကို အသုံးပြုလိုက်တာပဲ ဖြစ်ရမယ်... ယန်ကျိုးမြို့မှာ သူမ သိတဲ့ တစ်ခုတည်းသော ကျင့်ကြံသူတွေက ငါတို့နှစ်ယောက်ပဲ ရှိတာလေ... အဲဒါကြောင့် ငါတို့ဆီ ဆက်သွယ်လိုက်တာပေါ့..."

လင်းပေ့က ပြန်လည်ချေပလိုက်သည်။

"ထားပါတော့... သူမ အန္တရာယ်ကြုံနေရရင်တောင်… ဘာလို့ မင်းနာမည်ကို မရေးဘဲ ငါ့နာမည်ကို ရေးရတာလဲ... သူမ ငါ့ကို ကြွေနေတာပဲ နေမှာ..."

ချူလျန် ခဏတာ စဉ်းစားတွေးတောလိုက်ပြီး ပြောလိုက်သည်။

"ဖြစ်နိုင်တာက... မင်းနာမည်က ရေးရတာ အချက်ရေ ပိုနည်းလို့များလား..."

"လင်းပေ့" ဟု ရေးသားထားသည်မှာ မည်မျှ ကောက်ကွေးနေသည်ကို ကြည့်ခြင်းအားဖြင့်၊ စုန့်ချင်းရီသည် ပုံမှန်အခြေအနေအောက်တွင် ရေးသားခဲ့ခြင်း မဟုတ်ကြောင်း ထင်ရှားနေသည်။

အခြေအနေ ဆိုးရွားနေပြီဖြစ်ကြောင်း ရှင်းရှင်းရယ်မှ လင်းနေချေသည်။

လင်းပေ့ ဤကိစ္စကို ဆက်လက်တွေးတောမနေတော့ဘဲ စကားလမ်းကြောင်း လျင်မြန်စွာ လွှဲလိုက်သည်။

"ငါတို့ အခု ဘာလုပ်ကြမလဲ..."

ချူလျန် စဉ်းစားဆင်ခြင်လိုက်ပြီး လေးနက်စွာ ဆိုလေသည်။

"သူမက မွန်မြတ်သူများ ခန်းမဆောင်ရဲ့ အမွေအနှစ် ဆက်ခံသူဖြစ်ပြီး မှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားပေမဲ့… ဖမ်းဆီးခံထားရပြီး ထွက်မပြေးနိုင်ဘူး ဆိုတော့ကာ... သူမကို ဖမ်းဆီးထားတဲ့သူက စတုတ္ထအဆင့် ကျင့်ကြံခြင်းအဆင့်မှာ ရှိနေရမယ်လို့ ငါ ယုံကြည်တယ်...

ငါတို့ရဲ့ လက်ရှိအခြေအနေအရတော့ လူခွဲပြီး လှုပ်ရှားကြတာ ကောင်းမယ်... မင်းက စစ်ကူတောင်းဖို့ ရှုတောင်ဂိုဏ်းကို ပြန်လိုက်.. ငါက ဆရာမစုန့်ကို ရှာဖွေပြီး အခြေအနေကို အကဲခတ်လိုက်မယ်..."

လင်းပေ့ မျက်မှောင်ကြုတ်လိုက်သည်။

"မင်း တစ်ယောက်တည်း သွားမလို့လား... ဒါပေမဲ့ မင်းပြောသလို.. ရန်သူက စတုတ္ထအဆင့် စွမ်းအားရှိနေရင်… မင်းတစ်ယောက်တည်း သွားတာ ဘာအသုံးဝင်မှာလဲ..."

ချူလျန် ရှင်းပြလိုက်သည်။

"ငါက အခြေအနေကို အတည်ပြုရုံပဲ လုပ်မှာပါ... တကယ်လို့ ချက်ချင်း အန္တရာယ်ကျရောက်လာရင်၊ အနည်းဆုံးတော့ အချိန်ဆွဲထားနိုင်မယ်လေ... မင်းက ရှုတောင်ကို ချက်ချင်းပြန်ပြီး ငွေဓားတောင်ထွတ်က ငါ့ဆရာသခင်ကို သွားရှာလိုက်...

ရှုတောင်ဂိုဏ်းက အကြီးအကဲတွေထဲမှာ သူမက အားအားလျားလျား အဖြစ်ဆုံး ဖြစ်လောက်တယ်... တကယ်လို့ မင်း တခြားသူကို သွားရှာရင် အချိန်ကြာသွားနိုင်ပြီး အဖိုးတန်တဲ့အချိန်တွေ ဖြုန်းတီးမိလိမ့်မယ်... ဒါပေမဲ့ သူမသာဆို အခုချိန် အိပ်ရာက နိုးတောင် နိုးသေးမှာ မဟုတ်ဘူးဆိုတာ ငါ သေချာတယ်…"

သူ၏လေသံသည် ယုံကြည်ချက်အပြည့် ရှိနေသည်။

လင်းပေ့ ခဏတာ စဉ်းစားတွေးတောလိုက်ပြီး၊ အကယ်၍ တစ်ယောက်က ရှုတောင်သို့ ပြန်ကာ အခြားတစ်ယောက်က စုန့်ချင်းရီကို ရှာဖွေမည်ဆိုပါက၊ ရှာဖွေသူမှာ အန္တရာယ် ပိုမိုကြီးမားနိုင်ကြောင်း သဘောပေါက်လိုက်သည်။

ထို့ကြောင့် သူ အကြံပြုလိုက်သည်။

"မင်းဆရာသခင်ဆီ အကူအညီတောင်းရမှာဆိုတော့... စစ်ကူတောင်းဖို့ မင်းပဲ တောင်ပေါ်ပြန်လိုက်ပါလား... ငါ အခြေအနေကို သွားပြီး အကဲခတ်လိုက်မယ်လေ..."

ချူလျန် ခေါင်းခါလိုက်သည်။

"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက် ပိုမြင့်တယ်... ဒါကြောင့် ငါသွားတာ ပိုကောင်းတယ်..."

"ဟမ်..." လင်းပေ့ ဇဝေဇဝါ ဖြစ်သွားသည်။

"ငါတို့နှစ်ယောက်စလုံး ဝိညာဉ်အသိအမြင် အစောပိုင်းအဆင့်မှာ ရှိနေကြတာ မဟုတ်ဘူးလား... မင်း..."

ချူလျန်က စကားအများကြီး မပြောတော့ဘဲ၊ ယခင်ကထက် သိသိသာသာ ပိုမိုအားကောင်းသော ချီစွမ်းအင်တစ်ခုကို ထုတ်လွှတ်ပြလိုက်သည်။

"မင်း ဝိညာဉ်အသိအမြင် အလယ်အလတ်အဆင့်ကို ရောက်သွားပြီလား..."

လင်းပေ့ အံ့အားသင့်သွားရချေသည်။

သူ ချူလျန်နှင့် စတင်တွေ့ဆုံစဉ်က၊ ချူလျန်သည် ဝိညာဉ်အသိအမြင်အဆင့်သို့ မကြာသေးမီကမှ တက်လှမ်းထားခြင်း ဖြစ်သည်။ ထိုအချိန်က လင်းပေ့၏ ကျင့်ကြံခြင်းအဆင့်သည် ချူလျန်ထက် အနည်းငယ်ပင် မြင့်မားနေသေးသည်။

ရက်အနည်းငယ်သာ ရှိသေးသည်၊ အလယ်အလတ်အဆင့်သို့ ရောက်ရှိရန် အတော်လေး လိုအပ်နေသေးချိန်တွင် ချူလျန်တစ်ယောက် မည်သို့ အဆင့်တက်လှမ်းနိုင်ခဲ့သနည်း။

အကယ်၍ ချူလျန်သည် သီးသန့်ခွဲထွက်ပြီး ပြင်းပြင်းထန်ထန် ကျင့်ကြံနေခဲ့ခြင်း ဖြစ်ပါက အဓိပ္ပာယ်ရှိနိုင်သော်လည်း၊ သူတို့သည် ဤရက်များအတွင်း အတူတူ အချိန်ကုန်ဆုံးခဲ့ကြသည် မဟုတ်ပါလော။

တာဝန်များ အတူတူ ထမ်းဆောင်ကြ၊ အတူတူ စားသောက်ကြ၊ အတူတူ အိပ်စက်ကြပြီး၊ အတန်းများကိုလည်း တပြိုင်နက်တည်း တက်ရောက်ခဲ့ကြသည်။

ကျင့်ကြံရန် အချိန်ကို သူ ဘယ်ကြားမှ နှိုက်ထုတ်လိုက်နိုင်သနည်း။

ချူလျန်အနေဖြင့်၊ ခက်ခဲသော အလုပ်မှန်သမျှ လုပ်ဆောင်ပေးနေသည့် ခေါင်းကြီးကြီး အရုပ်တစ်ရုပ်ကို သူ ပိုင်ဆိုင်ထားကြောင်း၊

ထိုအရုပ်ကြောင့် တစ်ရက်တာ ကျင့်ကြံခြင်းသည် ရက်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် ညီမျှကြောင်းကိုမူ သေချာပေါက် ထုတ်ဖော်ပြောပြ၍ မရနိုင်ပေ။

ဤနည်းလမ်းဖြင့် သူသည် လွန်ခဲ့သောညက အဆင့်တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ နက်နဲသောလေသံဖြင့် မေးခွန်းတစ်ခုသာ မေးလိုက်‌တော့သည်။

"မနက်အရုဏ်ဦး နေတောင်မထွက်သေးခင်... ယန်ကျိုးမြို့ကို မင်း မြင်ဖူးလား..."

"အမ်..."

"မေးခွန်းတွေ မမေးနဲ့တော့... မြန်မြန်လုပ်ကြရအောင်..." ချူလျန် လက်ဝှေ့ယမ်းကာ ခရီးဆက်ရန် တိုက်တွန်းလိုက်သည်။

...

ယန်ကျိုးမြို့ပြင်ရှိ မှိန်ဖျော့ဖျော့ လင်းနေသော မြက်တဲအိမ်လေးတစ်လုံး၌၊ စုန့်ချင်းရီသည် အခန်းထောင့်တစ်နေရာတွင် ရပ်နေရရှာသည်။

သူမ၏လှပသော မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ ပြည့်နှက်နေသော်လည်း၊ အသံတစ်ခွန်းမျှ မထွက်နိုင်ရှာပေ။

အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်သည် အခန်းအလယ်တွင် ရပ်လျက်၊ သွေးရောင် ရောစပ်ထားသော မင်ရည်ကို အသုံးပြု၍ တစ်စုံတစ်ရာကို ရေးဆွဲနေသည်။

ထို့နောက် အနက်ရောင် ဖယောင်းတိုင်များကို တစ်တိုင်ပြီးတစ်တိုင် မီးညှိလိုက်ရာ၊ ခြောက်ခြားဖွယ်ရာ အရိပ်များ ကျရောက်လာလေသည်။

တံခါးအနီးတွင် သေဆုံးနေသော ကြက်မည်းအကောင်လိုက်များ ရှိနေပြီး၊ လတ်ဆတ်သော သွေးများဖြင့် နွေးထွေးနေဆဲ ဖြစ်သည်။

"ဟီးဟီး... အလျင်လိုစရာ မရှိပါဘူး..."

အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်က ဆက်လက် ရေးဆွဲနေရင်း တဟဲဟဲ ရယ်မောလိုက်သည်။

"ဝိညာဉ်အသိအမြင်အဆင့်မှာ ရှိတဲ့ ဝိညာဉ်တစ်ခုကို ဖမ်းဆီးရမိဖို့ ဆိုတာ အရမ်းရှားတယ်... တကယ်လို့ ငါ မင်းရဲ့ ဝိညာဉ်ကို ဖမ်းဆီးပြီး ငရဲဘုံကျမ်းထဲမှာ ချုပ်နှောင်ထားနိုင်ရင်... ငါ့ရဲ့ အရေခွံခြယ်သရဲ ဆုံးရှုံးသွားရတာနဲ့ ထိုက်တန်တာထက် ပိုပါလိမ့်မယ်... တကယ်တော့... ဒါက အမြတ်ကြီးထွက်တာလို့တောင် ငါ ပြောသင့်တယ်..."

"တကယ်လို့ ငါက ပိုပြီး ရက်စက်တဲ့ နည်းလမ်းကို သုံးပြီး.. မင်းကို အရင်သတ်… ပြီးမှ ဝိညာဉ်ကို ထုတ်ယူမယ်ဆိုရင်... မင်းရဲ့ ဝိညာဉ်စွမ်းအား (၈၀)ရာခိုင်နှုန်းလောက်ပဲ ငါ ထိန်းသိမ်းထားနိုင်မှာလေ..."

"ဒါပေမဲ့ မင်းသာ နည်းနည်းလောက် ပိုပြီး သည်းခံနိုင်မယ်ဆိုရင်... ယင်ယန်ဝိညာဉ်ချုပ်အစီအရင်ကို ပြင်ဆင်ခွင့် ပြုလိုက်ပါ... ဒါဆိုရင် ငါ မင်းရဲ့ ဝိညာဉ်ကို ငရဲဘုံကျမ်းထဲမှာ ပိတ်လှောင်ထားနိုင်ပြီး... မင်းရဲ့ ဝိညာဉ်စွမ်းအား အပြည့်အဝကို ထိန်းသိမ်းထားနိုင်လိမ့်မယ်..."

စုန့်ချင်းရီ၏ အသက်ရှူသံ ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။

ငရဲဘုံကျမ်းသည် အသုံးပြုသူ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန်အတွက် သက်ရှိဝိညာဉ်များကို လုယူရန် အထူး ဒီဇိုင်းထုတ်ထားသော အမှောင်အုပ်စိုးသူဂိုဏ်း၏ အဆိုးယုတ်ဆုံးသော မှော်ဝင်ပစ္စည်း ဖြစ်ကြောင်း သူမ သိရှိထားသည်။

ဖမ်းဆီးရမိသော ဝိညာဉ်တစ်ခုစီတိုင်းအတွက် ငရဲဘုံကျမ်းသည် စာမျက်နှာ တစ်မျက်နှာတိုးလာမည် ဖြစ်ပြီး၊ ပိုင်ရှင်၏ ကျင့်ကြံခြင်းသည်လည်း တိုးတက်လာပေလိမ့်မည်။

သို့သော် ဤနည်းလမ်းဖြင့် ဖမ်းဆီးခံရသော ဝိညာဉ်များသည် သံသရာစက်ဝန်းထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် အဆုံးမဲ့ဝေဒနာများကို ခံစားရင်း ငရဲဘုံကျမ်းအတွင်း ထာဝရ ပိတ်လှောင်ခံထားရမည် ဖြစ်သည်။

အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်က ဆက်ပြောလေသည်။

"ပြီးတော့... မင်းက ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ဦး ဖြစ်နေတယ်... ငါ မင်းလိုလူမျိုးကို တစ်ခါမှ မကြုံဖူးသေးဘူး..."

"ကွန်ဖြူးရှပ် ကျင့်ကြံသူတွေက အသန့်စင်ဆုံးနဲ့ ကြည်လင်ဆုံး ဝိညာဉ်တွေကို ပိုင်ဆိုင်ထားကြတယ်လို့ ပြောကြတယ်... ဘယ်လောက်ထိလဲ ဆိုရင်... သရဲ ဖြစ်သွားပြီးရင်တောင် နေ့ဘက်မှာ လှုပ်ရှားသွားလာနိုင်တဲ့ အထိပဲတဲ့..."

"မင်းရဲ့ အလှအပနဲ့ဆိုရင်... ငါ မင်းကို ဆွဲဆောင်မှု ရှိတဲ့ မြေခွေးမလေးအဖြစ် သန့်စင်ပေးလို့ ရတယ်... မဟုတ်သေးဘူး... မင်းက ကျက်သရေရှိတဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတာဆိုတော့... ပန်းချီကားထဲက သရဲတစ်ကောင် ဖြစ်လာနိုင်တယ်... ခန့်မှန်းရခက်ပြီး ကာကွယ်ဖို့ ခက်ခဲတဲ့ သရဲမျိုးပေါ့... ဒါမှမဟုတ်..."

"မလုပ်... မလုပ်ပါနဲ့... ကျေးဇူးပြုပြီး..."

စုန့်ချင်းရီ စကားပြောနိုင်ရန် ရုန်းကန်နေပြီး၊ လွတ်မြောက်ရန် အားထုတ် ကြိုးပမ်းလိုက်သည်။

(စကားချပ် - ပန်းချီကားထဲက သရဲ ဆိုသည်မှာ၊ ပန်းချီကားထဲမှာ ခိုအောင်းနေတဲ့ ဝိညာဉ်အမျိုးအစားပါ၊ ဇာတ်လမ်းအများစုမှာ အိမ်မှာ လူမရှိတဲ့အချိန် အိမ်အလုပ်အကုန် လုပ်ပေးထားပြီး၊ လှပကြပါတယ်။ အချိန်တန်ရင် ဇာတ်လိုက်နဲ့ ချစ်ကြည်နူးတစ်တီတူးသွားတဲ့ ဒရာမာဇာတ်တွေ များပါတယ်။)

သို့သော် ဝိညာဉ်ဖောက်သံမှို စိုက်ဝင်နေသဖြင့်၊ သူမ လက်ချောင်းလေး တစ်ချောင်း လှုပ်ရှားရုံလောက်သာ အားစိုက်ထုတ်နိုင်ရှာသည်။

ဤဆိုးယုတ်သော မကောင်းဆိုးဝါး၏ လက်မှ သူမ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။

မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် သူမ အပြင်ဘက်သို့ အကြည့်ပို့လွှတ်လိုက်သည်။ သူမ၏ နောက်ဆုံး ရုန်းကန်မှုမှာ သတင်းစကား ပေးပို့ရန် ရွှေရောင်ကျမ်းစာပိုင်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှုတောင်တပည့် (၂)ဦး အနေဖြင့် သူမ၏ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် သူမကို ကယ်တင်ရန် နည်းလမ်း ရှိမရှိ သူမ မသေချာပေ။

သို့သော် ယခုအခါ၊ ကြောက်မက်ဖွယ် ကောင်းသော အမှောင်ထုသည် သူမကို လုံးဝ လွှမ်းခြုံထားချေပြီ။

"လူသားအသွေးအသားထဲမှာ ချည်နှောင်ထားပြီး... ငရဲဘုံမှာ ထာဝရ တည်ရှိနေစေ..."

အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်သည် လက်ကို မြှောက်လိုက်ပြီး၊ လက်ချောင်းကို ညင်သာစွာ ခါလိုက်ရုံဖြင့် နောက်ဆုံး အနက်ရောင်ဖယောင်းတိုင်ကို မီးညှိလိုက်သည်။

အစီအရင် ပြီးဆုံးသွားသည်နှင့်အမျှ၊ သူသည် အနက်ရောင် ကျောက်စိမ်းစာအုပ်တစ်အုပ်ကို ဖြည်းညှင်းစွာ စတင် အသက်သွင်းလိုက်လေသည်။

"ငါ့ရဲ့ အချစ်လေးရေ... လာပြီး မင်းရဲ့ ဘဝသစ်ကို ပွေ့ဖက်လိုက်ပါတော့..."

သူ၏ မျက်လုံးများသည် ခြောက်ခြားဖွယ် ကျေနပ်အားရမှုဖြင့် တောက်ပနေပြီး၊ ရူးသွပ်စွာ ရယ်မောလိုက်လေတော့သည်။

"ဟီးဟီးဟီးဟီး..."

All Chapters