ဝိညာဉ်အသိအမြင်အဆင့်နှင့် ရွှေအမြုတေအဆင့်။
Vol. 3 Ch. 30
ရွှေရောင်ကျမ်းစာတစ်ပိုင်းသည် လေထဲတွင် လည်ပတ်ပျံသန်းနေပြီး၊ တောက်ပသော အလင်းရောင်တစ်ခု ထုတ်လွှတ်လျက် ရှိနေ၏။ ချူလျန်ကမူ ၎င်း၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
စုန့်ချင်းရီ၏ တည်နေရာကို ရှာဖွေခြင်းသည် ချူလျန်အတွက် ရိုးရှင်းသော အလုပ်တစ်ခု ဖြစ်ကြောင်း သက်သေပြနေသည်။ သူလုပ်ဆောင်ရန် လိုအပ်သည်မှာ ကျမ်းစာရွက်ပေါ်ရှိ လင်းပေ့၏ နာမည်ကို ဖျက်ပစ်ပြီး၊ သူ၏ အခြေခံချီကို အသုံးပြု၍ စုန့်ချင်းရီ၏ နာမည်ကို ရေးထိုးလိုက်ရန်သာ ဖြစ်သည်။
ဤမှော်ဝင်ပစ္စည်းကို အသုံးပြုလိုက်သည့်အခါမှသာ လူတစ်ယောက်ကို ရှာဖွေရန် နာမည်တစ်ခုတည်းထက် ပိုမိုလိုအပ်ကြောင်း ချူလျန် သဘောပေါက်သွားလေသည်။
သူသည် ဝိညာဉ်အာရုံကို အသုံးပြု၍ ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဌာန်ကို စိတ်ထဲတွင် ပုံဖော်ကြည့်ရမည်။ ထိုလုပ်ငန်းစဉ်မှတဆင့်သာလျှင် ဆန်းကြယ်သော ချိတ်ဆက်မှုတစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။
ပြန်စဉ်းစားကြည့်လျှင်၊ ဤလိုအပ်ချက်သည် လုံးဝ ကျိုးကြောင်းဆီလျော်မှု ရှိလှပေသည်။ ထိုသို့မဟုတ်ပါက၊ နာမည်တူသော လူအများအပြားကို ကိုင်တွယ်ဖြေရှင်းရခြင်းသည် မယုံကြည်နိုင်လောက်အောင် ခက်ခဲသော အလုပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ရွှေရောင်ကျမ်းစာရွက်သည် မြို့ပြင်သို့ ပျံသန်းထွက်ခွာသွားသည်။ မိုးလင်းစပြုသည့်အချိန် ဖြစ်သဖြင့်၊ ပတ်ဝန်းကျင်သည် ခြောက်ခြားဖွယ်ရာ အသွင်အပြင်ကို ဆောင်ယူထားလေသည်။
မကြာမီ၊ ရွှေရောင်ကျမ်းစာရွက်သည် မြစ်ကမ်းပါးအနီးရှိ မြက်တဲအိမ်လေးတစ်လုံးဆီသို့ ရောက်ရှိသွားသဖြင့်၊ ချူလျန် ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်သည်။
သူသည် မြက်တဲအိမ်လေးကို အနီးကပ် လေ့လာစစ်ဆေးရန် ဝပ်လိုက်သည်။ ပြတင်းပေါက်များနှင့် တံခါးများ ပိတ်ထားပြီး ယေဘုယျအားဖြင့် ခြောက်ခြားဖွယ် ကောင်းနေသည်ကို သတိပြုမိလိုက်သည်။ လေနှင့်အတူ ပါလာသော အနံ့အသက်ကို ရှူရှိုက်လိုက်မိရာ၊ သွေးညှီနံ့ သဲ့သဲ့ကို အာရုံခံမိလိုက်လေသည်။
'တစ်ခုခုတော့ မှားနေပြီ...'
သို့သော် ချူလျန်သည် မဆင်မခြင် ရှေ့တိုးမသွားပေ။ ထို့အစား၊ သူသည် သတိထား၍ ချဉ်းကပ်သွားပြီး အခြေအနေကို တိတ်တဆိတ် စုံစမ်းစစ်ဆေးရန် ရည်ရွယ်ချက်ဖြင့် သူ၏ ဝိညာဉ်အာရုံကို အတွင်းသို့ ဖြန့်ကျက်လိုက်လေသည်။
ဝိညာဉ်အသိအမြင်အဆင့်ရှိ ကျင့်ကြံသူများအတွက်မူ၊ ဝိညာဉ်အာရုံကို အသက်သွင်းလိုက်ခြင်းသည် ၎င်း၏ လက်လှမ်းမီရာ နယ်ပယ်အတွင်းရှိ မည်သည့်အရာကိုမဆို မြင်တွေ့ကြားသိနိုင်စေသည်။
အမှန်စင်စစ်အားဖြင့်၊ ဝိညာဉ်အာရုံမှတဆင့် သူတို့၏ ခံစားသိရှိမှုသည် ရုပ်ပိုင်းဆိုင်ရာ မျက်စိဖြင့် မြင်တွေ့နိုင်သည်ထက် ပိုမို ရှင်းလင်းပြတ်သားလေ့ ရှိသည်။
ကံကောင်းထောက်မစွာပင်၊ ချူလျန်သည် မကြာသေးမီကမှ ဝိညာဉ်အသိအမြင် အလယ်အလတ်အဆင့်သို့ ရောက်ရှိထားသဖြင့်၊ သူ၏ ဝိညာဉ်အာရုံနယ်ပယ်နှင့် ကြည်လင်ပြတ်သားမှုတို့သည် သိသိသာသာ ကျယ်ပြန့်လာခဲ့သည်။
သို့ရာတွင်၊ သူ၏ ဝိညာဉ်အာရုံက မြက်တဲအိမ်လေးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင်၊ အတွင်းရှိ မြင်ကွင်းကို သူ တွေ့မြင်လိုက်ရသည်။
ဆန်းကြယ်သော အစီအရင်တစ်ခု၊
အနက်ရောင်ဝတ်ရုံ လွှမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့်
တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး ဒုက္ခရောက်နေသော စုန့်ချင်းရီတို့ ရှိနေကြချေသည်။
တပြိုင်နက်တည်းမှာပင်၊ မသဲမကွဲ အမှောင်အရှိန်အဝါ လှုပ်ရှားမှုတစ်ခုကို သူ အာရုံခံမိလိုက်သည်။
'သွားပြီ...'
သူ၏ ပြိုင်ဘက်သည် ဝိညာဉ်အာရုံ ကျူးကျော်ဝင်ရောက်မှုကို ထောက်လှမ်းနိုင်သည့် နည်းလမ်းတစ်ခု တည်ဆောက်ထားကြောင်း သဘောပေါက်လိုက်သဖြင့်၊ ချူလျန် ချက်ချင်း သတိကပ်လိုက်သည်။
ကံမကောင်းစွာဖြင့်၊ အချိန်နှောင်းသွားချေပြီ။
မြက်တဲအိမ်လေးအတွင်းရှိ အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်သည် ခေါင်းကို လျင်မြန်စွာ လှည့်လိုက်ရာ၊ သူ၏ အကြည့်သည် ကြယ်ရောင်ကဲ့သို့ စူးရှတောက်ပနေသည်။
ဝှစ်...။
မြက်တဲအိမ်လေး၏ အပြင်ဘက် အဝေးတစ်နေရာတွင်၊ ချူလျန် လျင်မြန်စွာ နောက်ပြန်ဂျွမ်းထိုးလိုက်ပြီး စတင် ထွက်ပြေးလေသည်။
နားကွဲမတတ် ကျယ်လောင်သော အသံနှင့်အတူ မြက်တဲတံခါး ပွင့်ထွက်သွားကာ၊ သရဲသဏ္ဌာန်ပုံရိပ်တစ်ခုသည် အံ့မခန်း အရှိန်အဟုန်ဖြင့် တိုးဝင်လာလေသည်။
ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်များ တစ်ချက်၊ နှစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက်၊ ကွာဟချက်ကို မျက်စိတစ်မှိတ်အတွင်း ကျဉ်းမြောင်းပစ်လိုက်ကာ ချူလျန်၏ ကျောဘက်တည့်တည့်သို့ ရောက်ရှိလာခဲ့ချေပြီ။
နောက်ကျောဘက်မှ အရိုးခိုက်မတတ် အေးစက်သော လေတိုးသံ နီးကပ်လာသည်ကို အာရုံခံမိလိုက်သဖြင့်၊ ချူလျန်၏ စိတ်ထဲတွင် သတိပေးသံ ထွက်ပေါ်လာသည်။
ထွက်ပြေးရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်လိုက်ပြီး၊ သူသည် ဓားကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ကာ နောက်သို့ ထိုးစိုက်လိုက်လေသည်။
ရွှစ်…။
တောက်ပသော အဖြူရောင် ဓားအရှိန်အဝါသည် ယခင်ကထက် ပိုမိုကြီးမားသော စွမ်းအားဖြင့် ထွက်ပေါ်လာသည်။ သို့သော် အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်သည် တုန်လှုပ်ပုံ မရပေ။
သူ၏ ဘယ်လက်ချောင်း နှစ်ချောင်းကို အသုံးပြုပြီး၊ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ဓားချီစွမ်းအင်ကို လွယ်ကူစွာ ထိုးဖောက်လိုက်ကာ၊ ချူလျန်၏ ဓားကို သံညှပ်ကဲ့သို့ မြဲမြံစွာ ညှပ်ထားလိုက်တော့သည်။
ချလပ်…။
ဓားချီစွမ်းအင် ချက်ချင်း ငြိမ်းသတ်ခံလိုက်ရပြီး၊ ထိုပုဂ္ဂိုလ်၏ ချုပ်ကိုင်မှုအောက်တွင် မလှုပ်မယှက် ဖြစ်သွားရသည်။
"ငါ့လက်ချောင်းကို ကြည့်..." ချူလျန် အော်ဟစ်လိုက်သည်။
သူသည် ဘယ်လက်ဖြင့် လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ၊ လက်ချောင်းထိပ်မှ အေးစက်သော အလင်းရောင်တစ်ခု တောက်ပလာပြီး အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်ထံ ချိန်ရွယ်လိုက်သည်။
သို့သော်၊ အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်က ချူလျန်၏ တိုက်ခိုက်မှုကို တန်ပြန်ရန် ပြင်ဆင်လိုက်သည့် အချိန်မှာပင်၊ အနီရောင် အလင်းတန်းတစ်ခု ချူလျန်၏ အင်္ကျီလက်စထဲမှ ရုတ်တရက် ပျံသန်းထွက်လာချေသည်။
မိစ္ဆာချုပ်ကြိုး…။
"ငါ့လက်ချောင်းကို ကြည့်" ဟု အော်ဟစ်လိုက်ခြင်းသည် အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်ကို အာရုံလွှဲရန် လှည့်စားမှုတစ်ခုသာ ဖြစ်သည်။
သူ၏ ပြိုင်ဘက်သည် အနည်းဆုံး ရွှေအမြုတေ အစောပိုင်းအဆင့်တွင် ရှိနေကြောင်းနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်ရရန် မျှော်လင့်ချက် မရှိကြောင်း ချူလျန် ကောင်းစွာ သိရှိထားသည်။ သူ၏ မဟာဗျူဟာမှာ ရန်သူကို ထိန်းချုပ်နိုင်ရန် မိစ္ဆာချုပ်ကြိုးကို အသုံးပြုခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့်၊ အလုံးစုံသာလွန်သော စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ၊ ထိုကဲ့သို့သော လှည့်ကွက်သည် လုံးဝ အရာမထင်ခဲ့ပေ။
လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့်၊ အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်သည် မိစ္ဆာချုပ်ကြိုးကို လက်ဖဝါးဖြင့် ဖမ်းဆုပ်လိုက်သည်။ တပြိုင်နက်တည်းမှာပင်၊ သရဲသဏ္ဌာန် အရိုးလက်တစ်ဖက် သူ၏ ရင်ဘတ်ထဲမှ ထွက်ပေါ်လာပြီး ချူလျန်၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်တော့သည်။
ထို့အပြင်၊ ဒုတိယမြောက် သရဲလက်တစ်ဖက် ပေါ်ထွက်လာပြီး၊ မှိန်ဖျော့ဖျော့ တောက်ပနေသော သံမှိုရှည်တစ်ချောင်းကို ကိုင်ဆောင်လျက် ချူလျန်၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်တော့သည်။
ဇွပ်…။
ဝိညာဉ်ဖောက်သံမှို..။
"အွတ်..."
သံမှိုက ချူလျန်၏ ဝိညာဉ်ကို ထိုးဖောက်သွားသည့် အခိုက်အတန့်တွင်၊ အေးစက်သော ခံစားမှုတစ်ခု ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ ခြေလက်များနှင့် ကိုယ်ခန္ဓာကို လုံးဝ တောင့်တင်းသွားစေသည်။
သို့သော် ဤအရာသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သဖြင့်၊ သူ့အတွက် ထွက်ပြေးရန် သို့မဟုတ် ခုခံရန်နည်းလမ်း မရှိတော့ပေ။ မည်သည့် ပြန်လည်တိုက်ခိုက်မှုမျှ ပြုလုပ်ရန် စွမ်းအင်မရှိတော့ဘဲ၊ လုံးဝ ရှုံးနိမ့်သွားသည်ကို တွေ့ရှိလိုက်ရသည်။
ဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော သူသည် ရွှေအမြုတေအဆင့် ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်ရာတွင် ပြတ်ပြတ်သားသားနှင့် ကပ်ဘေးဆိုက်မတတ် ရှုံးနိမ့်မှုဖြင့် အဆုံးသတ်သွားခဲ့ရချေပြီ။
ဤအခိုက်အတန့်တွင်၊ တတိယအဆင့်နှင့် စတုတ္ထအဆင့်ကြားရှိ ကျော်လွှား၍ မရနိုင်သော ကွာဟချက်ကို သူ အမှန်တကယ် နားလည်သွားရသည်။
ပိုမိုမြင့်မားသောအဆင့်မှ ပုဂ္ဂိုလ်တစ်ဦးကို စိန်ခေါ်ခြင်းသည် လက်တွေ့တွင် လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်သည် တဟားဟား ရယ်မောလိုက်ပြီး၊ နောက်လှည့်ကာ မြက်တဲအိမ်လေးထဲသို့ ပြန်လည် လျှောက်လှမ်းသွားရင်း၊ ချူလျန်ကို မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။
"ဟားဟား... မင်းက သူမကို လာကယ်တာလား..." သူ ချူလျန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စုန့်ချင်းရီကို ကြည့်လိုက်သည်။
"တစ်ယောက်ဝယ် တစ်ယောက်လက်ဆောင် ကမ်းလှမ်းမှု ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... ဝိညာဉ်အသိအမြင်အဆင့်ကျင့်ကြံသူ ဝိညာဉ် (၂)ခု...ဟားဟား.. ဒီခရီးစဉ်က သေချာပေါက် အကျိုးရှိတာပဲ..."
"ချူ... ချူလျန်..."
ချူလျန် ဖမ်းဆီးခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါ၊ စုန့်ချင်းရီ စကားပြောနိုင်ရန် ရုန်းကန်လိုက်ပြီး မျက်ရည်များ စီးကျလာသည်။
သူမ၏ အကူအညီတောင်းခံမှုကြောင့် တစ်ပါးသူ၏ အသက်ကို အန္တရာယ်ဖြစ်စေခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေသည်။
ချူလျန်သည် တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားပြီး၊ မြေကြီးပေါ်သို့ ပစ်ချခံလိုက်ရသည့်တိုင် အရှုံးမပေးပေ။
သူ၏ ကြိုးပမ်းမှုများ အားနည်းနေသော်လည်း၊ ဝိညာဉ်ဖောက်သံမှို၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် အင်အားရှိသမျှကို ဆက်လက် စုစည်းနေသည်။ သူ အစွမ်းကုန် ကြိုးစားသော်လည်း၊ တစ်ဝက်လောက်သာ လှည့်နိုင်ခဲ့ချေသည်။
"လက်လျှော့လိုက်စမ်းပါ... မင်း လွတ်မြောက်နိုင်မယ့် နည်းလမ်း မရှိဘူး..."
အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်က ကြေညာလိုက်သည်။
သူသည် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိဘဲ ချူလျန်၏ အချည်းနှီး ကြိုးပမ်းမှုများကို စောင့်ကြည့်နေပြီး၊ လှောင်ပြောင် သရော်လိုက်သည်။
"ငါ သူမကို ငရဲဘုံကျမ်းထဲမှာ ချိပ်ပိတ်ပြီးတာနဲ့... မင်းအလှည့် ရောက်လာလိမ့်မယ်... မင်းတို့နှစ်ယောက် အထီးကျန်နေမှာ မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ မင်းတို့ ဝိညာဉ်တွေကို ထိန်းသိမ်းထားမယ့် စာမျက်နှာတွေက ကပ်လျက်ဖြစ်နေမှာလေ… ဟားဟားဟား..."
ထိုသို့ ပြောပြီးနောက်၊ သူ အပြင်ဘက် ကောင်းကင်သို့ အကြည့်ပို့လွှတ်လိုက်ရာ၊ အစီအရင်ကို အသက်သွင်းရန် ပြင်ဆင်နေစဉ် သူ၏ မျက်နှာထား လေးနက်သွားသည်။
မိစ္ဆာလမ်းစဉ်ကို လက်ခံကျင့်သုံးသော ကျင့်ကြံသူများသည် ကမ္ဘာလောကတွင် ခရီးသွားလာစဉ် ရှောင်ဖယ်ခံရလေ့ ရှိသည်။ ထို့ကြောင့် သူတို့သည် အလွန်အမင်း သတိထားရန်နှင့် လျှို့ဝှက်ရန် သင်ယူခဲ့ကြရသည်။
ဥပမာအားဖြင့်၊ မည်သည့် ဝိညာဉ်အာရုံဖြင့်မဆို ထောက်လှမ်းသောအခါ အသက်ဝင်လာမည့် အစီအရင်တစ်ခုကို သူ စီစဉ်ထားခဲ့သည်။ ထိုကဲ့သို့သော နည်းဗျူဟာများသည် သူတို့၏ ရှင်သန်ရပ်တည်ရေးကို သေချာစေရန် အသုံးပြုသော မဟာဗျူဟာများထဲမှ တစ်ခုဖြစ်သည်။
ဤဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံသူ (၂)ဦးနှင့် ပတ်သက်၍၊ သူ သံသယ ဖြစ်ဖွယ်မရှိ လွယ်ကူစွာ ဖမ်းဆီးနိုင်ခဲ့သည်။
သို့သော် လမ်းတွင် ရန်သူများ ပိုမို ရောက်ရှိလာနိုင်ကြောင်း သူ သိရှိထားပြီး၊ ဝိညာဉ်ဖမ်းဆီးခြင်း အစီအရင်ကို အရှိန်မြှင့်ရန်နှင့် ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာရန် လိုအပ်နေသည်။
ထို့ကြောင့် သူ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
လက်တစ်ဖက် ဝှေ့ယမ်းမှုနှင့် လျင်မြန်ရှုပ်ထွေးသော လက်သင်္ကေတများဖြင့်၊ အနက်ရောင် ဖယောင်းတိုင်များအားလုံး အပေါ်သို့ မြင့်တက်သွားပြီး၊ လေထဲတွင် စုစည်းသွားသော အနက်ရောင် မီးတောက်အစုအဝေးကြီး တစ်ခုအဖြစ် ပေါင်းစပ်သွားကာ၊ တဖြည်းဖြည်း မုဒ်ဝပုံသဏ္ဌာန် ဖြစ်ပေါ်လာလေသည်။
"လာပါ... ငါ့ရဲ့ အချစ်လေး..."
သူသည် အေးစက်ပြီး ရူးသွပ်သော အကြည့်ကို စုန့်ချင်းရီအပေါ် စူးစိုက်လိုက်ပြီး လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ထိုအချိန်တွင်၊ ဘေးဘက်တွင် ရှိနေသော ချူလျန် ရုတ်တရက် အော်ဟစ်လိုက်သည်။
"မိန်းမလျှာကြီး…"
ချူလျန်၏ ကျင့်ကြံခြင်းအဆင့်သည် စုန့်ချင်းရီထက် ပိုမိုမြင့်မားသည်။ သူသည် ဝိညာဉ်ဖောက်သံမှို၏ ချုပ်ကိုင်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိသော်လည်း၊ ရှင်းလင်းပြတ်သားသော ဝါကျများကို ဖွဲ့စည်းရန်မှာမူ အတော်လေး လွယ်ကူနေသည်။
အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ် တောင့်တင်းသွားပြီး ချူလျန်ကို ခေတ္တမျှ လှမ်းကြည့်လိုက်သော်လည်း၊ လျစ်လျူရှုထားရန် ရွေးချယ်လိုက်ပြီး စုန့်ချင်းရီထံသို့ လက်ကို ဆက်လက်မြှောက်လိုက်သည်။
"ဖင်နူကောင်…" ချူလျန် ကျိန်ဆဲလိုက်ပြန်သည်။
"ဟမ့်..."
အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်သည် ချူလျန်ကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်သည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ဆက်လက် လျစ်လျူရှုထားလိုက်ပြန်သည်။
မည်သို့ပင်ဖြစ်စေ၊ မကြာမီ ချူလျန်ကို ကိုင်တွယ်ဖြေရှင်းရတော့မည် ဖြစ်ရာ၊ သေလူတစ်ယောက်နှင့် အဘယ်ကြောင့် ငြင်းခုံနေရမည်နည်း။
"မင်းအမေ မာလကီးယားသွားပြီ... ငါက မင်းရဲ့ပါပါးပဲ..."
"မင်းလို လှည့်စားတတ်,,, သစ္စာဖောက်တတ်… စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့အကောင်...
မင်းမိသားစုက မျိုးမစစ်တွေပဲ နေမယ်... မင်းလို သွေးရင်းချင်းဒချိပြီး... ဒီဘဝမှာ သက်တမ်းတိုပြီး မြုံနေမယ့် အကောင်မျိုးကို မွေးဖွားဖို့ မင်းမိဘတွေ အတိတ်ဘဝတုန်းက မကောင်းမှု အကုသိုလ်တွေ အများကြီး စုဆောင်းခဲ့ရမှာပဲ..."
ချူလျန်သည် တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းထားပြီး၊ ဂရုမစိုက်ပုံရသော အမူအရာဖြင့် အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်အား ဆဲရေးတိုင်းထွာသော စကားလုံးများ ဆက်လက် ပစ်လွှတ်လိုက်သည်။
သူသည် အရိုင်းစိုင်းဆုံး စကားလုံးများကို ပြောဆိုနေစဉ်၌ပင်၊ ယဉ်ကျေးအသိမ်မွေ့ဆုံးသော မျက်နှာထားကို ပြသထားလေသည်။
ကနဦးတွင် အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်က သူ့ကို လျစ်လျူရှုထားသော်လည်း၊ ချူလျန် ဇွဲမလျှော့သဖြင့်၊ သူ၏အတွင်းမှ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
သူ တုန်ယင်နေသော လက်ဖြင့် ချူလျန်ကို ညွှန်ပြလိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
"မင်း... မင်း... မင်း... ဘယ်ဂိုဏ်း.. ဘယ်အဖွဲ့အစည်းကလဲ... မင်းမှာ ဘာလို့ ကျင့်ဝတ်သိက္ခာဆိုတာ မရှိရတာလဲ..."
"မင်းပါပါးက ရှုတောင်ဂိုဏ်းကကွ..." ချူလျန် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်သည် ဒေါသအရိပ်အယောင်ဖြင့် ဟတ်ဟတ်ပက်ပက် ရယ်မောလိုက်သည်။
"သေပြီးသွားရင် ဘာမှ မခံစားရတော့ဘူးလို့ မင်း ထင်နေလား... ငါ အခု မင်းရဲ့ ဝိညာဉ်တစ်ခုလုံးကို ထုတ်ယူပြီး ငရဲဘုံကျမ်းထဲမှာ ချိပ်ပိတ်ပစ်မယ်...
ပြီးရင် မင်းကို သရဲမီးတောက်ယင်ဓားနဲ့ (၄၉)ရက်ကြာအောင် နှိပ်စက်မယ်... မင်းရဲ့ စကားလုံးတွေနဲ့ ခေါင်းမာနိုင်ဦးမလား ဆိုတာ ကြည့်ကြသေးတာပေါ့…"
ထိုခြိမ်းခြောက်မှုနှင့်အတူ သူ ချူလျန်ထံသို့ လက်ကို ဆန့်ထုတ်လိုက်သည်။
"မလုပ်ပါနဲ့…"
စုန့်ချင်းရီ ရှိသမျှ အားကုန်သုံးပြီး အော်ဟစ်လိုက်ရာ၊ မျက်ရည်များ သူမ၏ မျက်နှာပေါ်တွင် စီးကျလာချေသည်။
သေခြင်းတရား ဆိုက်ရောက်လာတော့မည့် အချိန်တွင်၊ ချူလျန်၏ မျက်နှာထားသည် ခြောက်ခြားဖွယ် ကောင်းလောက်အောင် တည်ငြိမ်နေဆဲ ဖြစ်သည်။
ဟူးလား…။
အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်၏ လက်သင်္ကေတက အနက်ရောင် ကျောက်စိမ်းစာအုပ်မှ အနက်ရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာစေပြီး၊ ချူလျန်၏ ပုံရိပ်ကို ချက်ချင်း လွှမ်းခြုံသွားလေသည်။
တစ်ခဏချင်းတွင်၊ လင်းတစ်လှည့်မှိတ်တစ်လှည့်အစုအဝေးတစ်ခုက ချူလျန်၏ ခန္ဓာကိုယ်မှ ထုတ်ယူခံလိုက်ရပြီး၊ ခြောက်ခြားဖွယ် မီးတောက်များဖြင့် ဖွဲ့စည်းထားသော မုဒ်ဝတစ်ခုအတွင်းသို့ ဆွဲယူခံလိုက်ရသည်။ အနက်ရောင် ကျောက်စိမ်းစာအုပ်သည် ပြင်းထန်စွာ တောက်ပလာတော့သည်။
ဝှီး…။
အရောင်အဝါများ ငြိမ်သက်သွားသည်နှင့်အမျှ၊ ချူလျန်၏ မျက်လုံးများသည် အသက်မဲ့ပြီး ဟာလာဟင်းလင်း ဖြစ်သွားသည်။
သူ၏ ခန္ဓာကိုယ်သည် ဝိညာဉ်ကင်းမဲ့သွားပြီး သက်မဲ့ခွံတစ်ခု ဖြစ်သွားရချေလေပြီ။