အခန်း (၃၁၂)
Vol. 32 Ch. 312
တုပိုင်သည် ဝိညာဉ်ကြွေအရိပ် စွမ်းအင်များကို ဒန်တျန်အတွင်းသို့ ပို့လွှတ်ရန် ကြိုးစားနေခဲ့သဖြင့် ခန္ဓာကိုယ်မှာ လုံးဝ မလှုပ်ရှားနိုင်ဘဲ ကျီပြောင်ပြောင်၏ နှိပ်စက်သမျှကို ငြိမ်ခံနေခဲ့ရသည်။ သူမ၏ သွေးကြောများ ဒဏ်ရာရနေသော်လည်း ကျားသစ်မလေးကဲ့သို့သော ကျီပြောင်ပြောင်၏ အင်အားမှာ အံ့မခန်းလှပေသည်။
နောက်ဆုံးတွင် တုပိုင်မှာ သတိမေ့သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကြွေအရိပ် စွမ်းအင်များကို ဒန်တျန်အတွင်း ထိန်းချုပ်ပို့လွှတ်ရခြင်းမှာ စိတ်စွမ်းအင် အလွန်အမင်း ကုန်ဆုံးစေသောကြောင့် ဖြစ်၏။
ထို့အပြင် နောက်ထပ် အကြောင်းပြချက်တစ်ခုမှာ သူ အသက်ရှုကျပ်သွားခြင်းကြောင့်ပင်။ ကျိပြောင်ပြောင်၏ နူးညံ့လှပသော နှုတ်ခမ်းများက တုပိုင်၏ နှာခေါင်းပေါက်ကိုပါ လုံးဝ ပိတ်ဆို့ထားခဲ့သဖြင့် အသက်ရှုရန်ပင် မဖြစ်နိုင်တော့ချေ။ အမမကြီး ကျီပြောင်ပြောင်မှာ တကယ့်ကို ကြောက်စရာကောင်းလွန်းလှသည်။
**--**--**--**--**--**--**--**
နောက်တစ်နေ့ နံနက်တွင် တုပိုင် နိုးလာသောအခါ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖော်ပြ၍မရသော ဒဏ်ရာများစွာ ရှိနေပြီး မျက်နှာရှုံ့မဲ့လျက် ထိုင်လိုက်မိသည်။ တုပိုင်သည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိ၏။
ကျီပြောင်ပြောင်မှာ ကျင့်စဉ်ဖောက်ပြန်နေသည် မဟုတ်လော။ အဘယ်ကြောင့် ဤမျှအထိ ပြင်းထန်နေရသေးသနည်း။ ကံကောင်းထောက်မစွာဖြင့် သူသည် ထိုအချိန်က အသိစိတ် အနည်းငယ် ရှိနေခဲ့သည်။ မဟုတ်ပါက သူသည် အလွန်လှပသော ကျီပြောင်ပြောင်၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်ဟု မထင်ဘဲ ကြမ်းတမ်းသော ယောင်္ကျားကြီးတစ်ဦး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်ဟုပင် ထင်မိပေလိမ့်မည်။ အမှန်တကယ်တော့ အမကြီး ကျီပြောင်ပြောင်မှာ ထိုယောင်္ကျားကြီးများထက်ပင် ပို၍ သန်မာသလို ကြမ်းတမ်းလေ၏။
ကျီပြောင်ပြောင်သည် လီချန်ချန်နှင့်အတူ အင်ပါယာ၏ အနောက်တောင်ပိုင်းတွင် အလှဆုံး နတ်သမီးလေးပါးထဲမှ တစ်ဦးအဖြစ် နာမည်ကျော်ကြားသူ ဖြစ်သလို ၊ အထူးခြားဆုံးနှင့် အဆွဲဆောင်နိုင်ဆုံးသော အလှပဂေးလည်း ဖြစ်သည်။ ယခုအခါတွင်မူ သူမသည် တကယ့်ကို ထူးခြားသူဖြစ်ကြောင်း တုပိုင် အပြည့်အဝ နားလည်သွားလေသည်။
အနည်းဆုံးတော့ မနေ့ညက ကိစ္စမှာ တုပိုင်၏ ဘဝနှစ်ခုစလုံးတွင် တစ်ခါမျှ မကြုံဖူးသေးသော အထူးခြားဆုံး အတွေ့အကြုံပင် ဖြစ်၏။ ပထမဆုံးအကြိမ်အဖြစ် မိန်းမတစ်ယောက်ကြောင့် သတိမေ့သွားခဲ့ရသည် မဟုတ်ပါလော။ ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
“ဟင်… အမကြီး ပြောင်ပြောင် ဘယ်ရောက်သွားတာလဲ”
သူ နေရာအနှံ့ ရှာဖွေကြည့်သော်လည်း သူမကို မတွေ့ရတော့ချေ ၊ သူမထံမှ ကျန်ရစ်သော ကိုယ်သင်းရနံ့လေးကိုသာ ခံစားရတော့သည်။ တစ်ဖန် ထပ်မံ ရှာဖွေကြည့်ရာ သူ၏ ဘေးတွင် စာတစ်စောင်ကို တွေ့လိုက်ရလေ၏။ သူ မီးခြစ်ကျောက်ကို ပွတ်လိုက်ပြီးနောက် စာထဲမှ စာလုံးများကို ဖတ်ကြည့်လိုက်သည်။
“မောင်လေး… မမ အရင် သွားနှင့်ပြီ။ မနေ့ညက မမ အရမ်း အရှက်မရှိ ပြုမူခဲ့မိလို့ ဒီနေ့ မောင်လေးကို ရင်ဆိုင်ဖို့ မျက်နှာမရှိဘူး”
“မောင်လေးက ဘယ်သူလဲဆိုတာ မမ မသိပေမဲ့ မနေ့ညက ဖြစ်ခဲ့တာတွေဟာ မောင်လေးရဲ့ အပြစ်မဟုတ်ဘူးဆိုတာ မမ သိပါတယ်။ မမကပဲ မောင်လေးကို အနိုင်ကျင့်ခဲ့တာပါ။ မမ လုပ်ခဲ့တဲ့ အမှုအတွက် မမ အဆုံးထိ တာဝန်ယူပါ့မယ်။ မောင်လေးသာ မမကို မရွံဘူးဆိုရင် အပြာရောင်နဂါးဂိုဏ်းကို လာပြီး မမ အဖေဆီမှာ လက်ထပ်ခွင့်တောင်းပါ။ ဒီစာကို ပြလိုက်ရင် ရပြီ”
ထို့နောက် တုပိုင်သည် ထိုစာအပြင် မြေပြင်ပေါ်တွင် ရေးထားသော ကျီပြောင်ပြောင်၏ လက်ရေးစာသားများကိုလည်း တွေ့လိုက်ရပြန်သည်။
“မမကတော့ တစ်သက်လုံး အိမ်ထောင်မပြုတော့ဘူးလို့ ဆုံးဖြတ်ထားတာ။ ဒါပေမဲ့ မမ အဖေကတော့ မမအတွက် စိတ်ပူပြီး ရူးတော့မလို ဖြစ်နေတာ။ မမသာ အိမ်ထောင်ပြုမယ်ဆိုရင် သူက အရမ်း ဝမ်းသာသွားမှာမလို့ ဘယ်သူ့ကိုမဆို သဘောတူလိမ့်မယ်။ မမ ကလေးမွေးပေးနိုင်ပြီး ကျီမိသားစုရဲ့ မျိုးဆက်ကို ဆက်ခံနိုင်ရင် သူက ကျေနပ်နေမှာပဲ”
အောက်တွင် နောက်ထပ် စာပိုဒ်တစ်ခု ရှိနေသေးသည်။
“ပြီးတော့… မောင်လေးက သာမန်ယောင်္ကျားတစ်ယောက် မဟုတ်ဘူးဆိုတာ မမ သိပါတယ်။ ဒါပေမဲ့ မမ မောင်လေးကို မနှိမ်ပါဘူး။ တို့နှစ်ယောက် အတူတူ ကုသမှုတွေ ခံယူပြီး မျှော်လင့်ချက်ကို လက်မလွှတ်ကြရအောင်”
အောက်တွင် လက်မှတ်ပါလေ၏။ ကျီပြောင်ပြောင် ရေးသားထားသည်။
ဤစာသားများကို မြင်လိုက်ရသောအခါ တုပိုင် တကယ်ပင် မှင်သက်သွားရသည်။ ထို့နောက် ဤအမမကြီး ကျီပြောင်ပြောင်အပေါ် အထင်ကြီးလေးစားစိတ်များ ပြည့်နှက်သွားလေ၏။ ဤအမျိုးသမီးမှာ တကယ့်ကို အံ့သြစရာကောင်းလှပြီး အရှိန်အဝါ အပြည့်ရှိသူပင် ဖြစ်သည်။
မူလက တုပိုင်သည် သူမ သတိရလာလျှင် အရှက်ရသွားသောကြောင့်ဖြင့် သတ်သေခြင်း သို့မဟုတ် ဒေါသတကြီးဖြင့် တုပိုင်ကို သတ်ပစ်ခြင်းများ လုပ်မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမက “မမက မောင်လေးကို အဆုံးထိ တာဝန်ယူပါ့မယ် ၊ မမအိမ်လာပြီး လက်ထပ်ခွင့်တောင်းပါ” ဆိုပြီး ရိုးရိုးရှင်းရှင်း ပြောလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
ဤသည်က သူမ၏ လက်ထပ်ခွင့်တောင်းတဲ့ ပုံစံပေလော။ တုပိုင်က ဘယ်သူလဲဆိုတာတောင် သူမ မသိသေးပေ။ ဤမျှအထိ ထူးခြားပြီး ရဲရင့်လှပသော အမျိုးသမီးမျိုးမှာ တကယ့်ကို မကြုံစဖူးပင်။
သို့သော် ကျီပြောင်ပြောင်မှာ ရှက်နေဆဲဖြစ်သည်မှာ သေချာပါသည် ၊ မဟုတ်ပါက တစ်ခွန်းမျှ မပြောဘဲ ထွက်သွားလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် သူမမှာ ဒဏ်ရာရနေပြီး အမြင်အာရုံများ ဝေဝါးနေသေးသည် မဟုတ်ပါလော။
ထို့ကြောင့် ကျီပြောင်ပြောင်ကို လက်ထပ်ရမည့် တာဝန်မှာ တစ်ဝက်ခန့် ပြီးမြောက်သွားပြီဟု ဆိုရပေမည်။
ထို့နောက် တုပိုင်သည် သူ၏ ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကို ပြန်ပြင်ဝတ်လိုက်ပြီး ဝင်္ကပါကဲ့သို့သော မြေအောက်လိုဏ်ဂူထဲမှ ထွက်ခွာလာခဲ့သည်။ တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် တုပိုင်သည် မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့လေ၏။
ယခုအခါ မွန်းတည့်ချိန် ရောက်နေပြီ ဖြစ်သည်။ တစ်ညနှင့် နေ့တစ်ဝက်သာ ကုန်ဆုံးသွားခဲ့သော်လည်း တုပိုင်မှာ ဘဝတစ်ခု ကုန်ဆုံးသွားသကဲ့သို့ ခံစားနေရသည်။ သူ ပျောက်ကွယ်သွားသဖြင့် ဆရာသခင်ကြီး နင်ဇောင်ဝူနှင့် အခြားသူများမှာ အလွန် စိတ်ပူနေကြပေလိမ့်မည်။
တုပိုင်သည် သူ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိသလို ၊ ပိုင်ဆယ်စီရင်စုမြို့နှင့် မည်မျှ ဝေးသည်ကိုလည်း မသိချေ။ သူသည် အရပ်မျက်နှာများကို ခန့်မှန်းပြီး ပိုင်ဆယ်မြို့ ရှိရာဘက်သို့ လျှောက်လာခဲ့သည်။ လမ်းတွင် ကျီပြောင်ပြောင်ကို မတွေ့ရချေ ၊ သူမသည် စောစောစီးစီးပင် ထွက်ခွာသွားပုံရသည်။ သူမ၏ သွေးကြောများမှာ ကျင့်စဉ်ဖောက်ပြန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရနေသဖြင့် အမြန်ဆုံး ပြန်လည် ကုသရန် လိုအပ်ပေလိမ့်မည်။
တုပိုင်သည် အတန်ကြာ လမ်းလျှောက်လာပြီးနောက် ရုတ်တရက် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။
“တုပိုင်… တုပိုင်…”
ယင်းမှာ ဆရာသခင်ကြီး နင်ဇောင်ဝူပင် ဖြစ်လေ၏။
သူ ဤနေရာကို မည်သို့ရှာတွေ့သည်နည်း။ တိုက်ဆိုင်လွန်းနေသည် မဟုတ်ပါလော။ သို့သော် တုပိုင်သည် ချက်ချင်းပင် နားလည်သွားသည်။ ယင်းမှာ တိုက်ဆိုင်မှု မဟုတ်ချေ။
မိစ္ဆာမလေး လီဝမ်ဝမ်သည် မနေ့ညက တုပိုင်ကို တိတ်တဆိတ် ဖမ်းခေါ်သွားခဲ့သော်လည်း သူမ၏ ထူးခြားသော ရနံ့များမှာ လမ်းတစ်လျှောက် ကျန်ရစ်ခဲ့ပေလိမ့်မည်။ ဆရာသခင်ကြီး နင်ဇောင်ဝူသည် ထိုရနံ့များကို ခြေရာခံရင်း ဤနေရာသို့ ရောက်လာခြင်း ဖြစ်ပေသည်။
“ဆရာနင် ၊ ကျွန်တော် ဒီမှာပါ…” တုပိုင် အကျယ်ကြီး ပြန်အော်လိုက်သည်။
ခဏအကြာတွင် နင်ဇောင်ဝူ ပြေးလာပြီး တုပိုင်၏ ပုခုံးကို ကိုင်ကာ မေးလိုက်သည်။ “မင်း အဆင်ပြေရဲ့လား ၊ ဒဏ်ရာ ရသွားသေးလား”
တုပိုင်က ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ဆရာ ၊ ကျွန်တော် ဘာမှ မဖြစ်ပါဘူး”
ထို့နောက် တုပိုင်သည် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို နင်ဇောင်ဝူအား အသေးစိတ် ပြန်ပြောပြလိုက်သည်။ သို့သော် အချို့သော အချက်များကိုမူ ချန်လှပ်ထားခဲ့လေ၏။
နင်ဇောင်ဝူက နားထောင်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “အခုတော့ လီဝမ်ဝမ်က မင်း သေသွားပြီလို့ ထင်နေမှာ သေချာတယ်။ ဒါက မင်းအတွက် အားသာချက်ပဲ။ မင်း ပိုင်ဆယ်မြို့မှာ အခြေချနိုင်ပြီး ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ တုပိုင် အဖြစ်နဲ့ လူပုံအလယ်မှာ ထပ်မပေါ်လာတာ အကောင်းဆုံးပဲ”
မနေ့ညက မိစ္ဆာမလေး လီဝမ်ဝမ်သည် တုပိုင်ကို ချောက်ထဲသို့ တွန်းချခဲ့ပြီးနောက် ၊ ဒေသခံစော်ဘွား မိုယင်က တုပိုင်၏ သွေးများကို စုပ်ယူနေသည်ကို ကြားလိုက်ရသဖြင့် တုပိုင် သေချာပေါက် သေပြီဟု ယုံကြည်ကာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
တုပိုင်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ “ယွင်ကျုံးရှဲ့ရဲ့ မျက်နှာဖုံးကို လုပ်ပြီးပြီလား”
နင်ဇောင်ဝူက ခေါင်းညိတ်ကာ “ပြီးပြီ။ အမှန်အတိုင်း ပြောရရင် မင်းတို့နှစ်ယောက်ရဲ့ ပုံစံက လုံးဝ မတူပေမဲ့ မျက်နှာ အရိုးအဆင်အပြင်ကတော့ အတော်လေး ဆင်တူတယ်။ ဒါကြောင့် သူ့မျက်နှာဖုံးက မင်းရဲ့ မျက်နှာပေါ်မှာ အံကိုက် ဖြစ်နေလိမ့်မယ်။ ဆရာ ဒီမျက်နှာဖုံးကို ထူးခြားတဲ့ သားရဲအရေခွံနဲ့ ရက်ပေါင်းများစွာ ကြိုးစားပြီး လုပ်ထားတာ”
ထို့နောက် ဆရာသခင်ကြီး နင်ဇောင်ဝူသည် တုပိုင်ကို စတင် ရုပ်ဖျက်ပေးလေတော့သည်။
ပုစဉ်းရင်ကွဲ အတောင်ပံကဲ့သို့ ပါးလွှာလှသော မျက်နှာဖုံးမှာ တုပိုင်၏ မျက်နှာပေါ်သို့ ကပ်သွားပြီးနောက် ရေကဲ့သို့ပင် အရေပြားထဲသို့ စိမ့်ဝင်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် နင်ဇောင်ဝူသည် တုပိုင်၏ မျက်နှာပေါ်ရှိ အမွေးအမျှင်များကို တစ်ခုချင်းစီ ဂရုတစိုက် နှုတ်ပေးပြီး မျက်ခုံးများကိုလည်း ပုံစံသွင်းပေးလိုက်လေ၏။
နှစ်နာရီခန့် ကြာပြီးနောက် ရုပ်ဖျက်ခြင်း အားလုံး ပြီးဆုံးသွားသည်။ ဆရာသခင်ကြီးက မှန်တစ်ချပ် ထုတ်ပေးလိုက်ရာ တုပိုင်သည် မိမိ၏ ရုပ်ရည်ကို ကြည့်လိုက်မိ၏။
မှန်ကို ကြည့်လိုက်သည်နှင့် တုပိုင် မှင်သက်သွားရသည်။ မှန်ထဲတွင် ပေါ်နေသည်မှာ တုပိုင် မဟုတ်တော့ဘဲ အသက်အနည်းငယ် ပိုကြီးသော ယွင်ကျုံးရှဲ့ ဖြစ်သွားလေ၏။ သို့သော် ဤမျက်နှာမှာ တကယ့်ကို လူမြင်ကတ်စရာ ကောင်းလှသည်။ ကြည့်လိုက်သည်နှင့် လူယုတ်မာ တစ်ယောက်ဖြစ်ကြောင်း သိသာနေပေ၏။ ဆွဲဆောင်မှု ရှိသော်လည်း မရိုးသားသည့် ပုံစံပေါက်နေပြီး ကာမရူး နှာဘူးတစ်ယောက်၏ မျက်နှာနှင့် တကယ့်ကို တူလှသည်။
ထိုအခါတွင်မှ တုပိုင်သည် အလွန်အရေးကြီးသော ပြဿနာတစ်ခုကို သတိရသွားသည်။
ကျီပြောင်ပြောင်က သူ့ကို ဓားဘုရင် ကျီချင်းကျူထံ လာပြီး လက်ထပ်ခွင့်တောင်းရန် ပြောခဲ့သည်။ သို့သော် ယခု သူ၏ ရုပ်ရည်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသော ယွင်ကျုံးရှဲ့ ဖြစ်နေသည်။ ဓားဘုရင် ကျီချင်းကျူက သူ၏ သမီးကို ဤကဲ့သို့သော လူယုတ်မာနှင့် လက်ထပ်ပေးပါ့မလား။ မြင်မြင်ချင်းပင် ဓားဖြင့် ခုတ်သတ်ပစ်လောက်ပေသည်။
သို့သော် တုပိုင် အနေဖြင့် ပြန်သွားလျှင်လည်း ပိုဆိုးပေလိမ့်မည်။ “မင်းက မိန်းမစိုးတစ်ယောက် ဖြစ်နေပြီးတော့ ငါ့သမီးကို လက်ထပ်ချင်သေးတာလား” ဆိုပြီး သေချာပေါက် အသတ်ခံရပေလိမ့်မည်။ ဤအခြေအနေနှစ်ခုစလုံးမှာ ဆိုးရွားလှသော်လည်း ယွင်ကျုံးရှဲ့၏ အသွင်မှာ အနည်းငယ် ပိုကောင်းနိုင်ပေသေးသည်။
၌သည်က တကယ့်ကို အဆိုးထဲက အကောင်းကို ရွေးရမည့် အခြေအနေပင်။ သို့သော် ဓားဘုရင် ကျီချင်းကျူထံသို့ သွားပြီး လက်ထပ်ခွင့်တောင်းရမည့် မြင်ကွင်းကို တွေးကြည့်ရုံဖြင့် တုပိုင်၏ ဦးရေပြားများပင် ရှိန်းတိန်းတိန်း ဖြစ်လာရသည်။
မည်သို့ပင်ဖြစ်စေကာမူ ကျိန်းသေပေါက် သွားရပေမည်။
“ဆရာနင် ၊ အခုကစပြီး ယွင်ကျုံးရှဲ့ အနေနဲ့ ကျွန်တော် နေရတော့မှာမလို့ ဆရာ ကျွန်တော်နဲ့ ဝေးဝေးမှာ နေပေးပါ။ မဟုတ်ရင် လူတွေက ယွင်ကျုံးရှဲ့နဲ့ တုပိုင်က တစ်ယောက်တည်းပဲဆိုတာ သိသွားနိုင်တယ်” တုပိုင်က ပြောလိုက်သည်။
နင်ဇောင်ဝူက မေးလိုက်သည် “မင်းရဲ့ ဘေးကင်းလုံခြုံရေးကကော ဘယ်လိုလုပ်မလဲ”
ယွင်ကျုံးရှဲ့မှာ လူယုတ်မာတစ်ဦး ဖြစ်သဖြင့် ရန်သူပေါလှသည်။ လမ်းလျှောက်နေရင်းနှင့်ပင် ရိုက်သတ်ခံရနိုင်သည့် ရုပ်မျိုး ဖြစ်နေသည် မဟုတ်ပါလော။
တုပိုင်က ဖြေလိုက်သည် “ဒါဆိုရင် ကျွန်တော် မျက်နှာကို အမြဲ ဖုံးထားလိုက်မယ်။ ကံကောင်းတာက ပိုင်ဆယ်မြို့မှာ ဒီလိုလူတွေ အများကြီး ရှိတယ်”
အမှန်ပင် ပိုင်ဆယ်မြို့တွင် ထူးဆန်းသော ဝတ်စုံဝတ်ထားသူများမှာ ဒုနှင့်ဒေးပင်။
နင်ဇောင်ဝူက ပြောလိုက်သည် “ဒါဆို ဒါကို ဝတ်ထားလိုက်”
ထို့နောက် သူက တုပိုင်ကို ခေါင်းမှ ခြေဖျားအထိ လုံအောင် ဖုံးနိုင်သော အနက်ရောင် ဝတ်ရုံကြီးကို ပေးလိုက်သည်။ တုပိုင် ဝတ်ကြည့်လိုက်သောအခါ မျက်လုံးသာ မြင်ရသဖြင့် ပို၍ စိတ်ချသွားရလေ၏။
တုပိုင်သည် နင်ဇောင်ဝူကို နှုတ်ဆက်ပြီး လမ်းမကြီးဆီသို့ ထွက်လာခဲ့သည်။
နင်ဇောင်ဝူက စိုးရိမ်တကြီး မေးလိုက်သည် “မင်း တစ်ယောက်တည်း အဆင်ပြေပါ့မလား”
တုပိုင်က ပြန်ဖြေလိုက်သည် “အဆင်ပြေပါတယ်။ တုပိုင် အဖြစ် မဟုတ်တဲ့အတွက် ပိုပြီး ဘေးကင်းပါတယ်။ ပြီးတော့ သာမန်လူဆိုးတွေကိုတော့ ကျွန်တော့်ရဲ့ သိုင်းပညာအဆင့်နဲ့ ရင်ဆိုင်နိုင်ပါတယ်”
တုပိုင်က ဆက်မေးလိုက်သည်။ “အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
နင်ဇောင်ဝူက သက်ပြင်းချကာ ပြောလိုက်သည် “မကောင်းဘူး… ဘယ်သူမှ ငါတို့ကို အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ မရောင်းကြဘူး။ ငါတို့မှာ ရှိတဲ့ ရိက္ခာက သုံးလေးရက်စာပဲ ကျန်တော့တယ်။ အဲဒီအချိန်ထိ လမ်းစ မပေါ်ရင်တော့ ငါတို့ ဒီကနေ ပြန်ဆုတ်ရမလား ၊ ဒါမှမဟုတ် တကယ်ပဲ တောင်းစားရမလား မသိတော့ဘူး”
ဤအရာအားလုံးမှာ ယုတ်မာလှသော လီမိသားစုကြောင့်ပင် ဖြစ်၏။
**--**--**--**--**--**--**--**
တုပိုင်သည် မြင်းတစ်ကောင်ကို စီးကာ ပိုင်ဆယ်မြို့သို့ ပြန်လာလိုက်သည်။ သူ၏ အသွင်သစ်ကြောင့် မည်သူမျှ သူ့ကို သတိမပြုမိကြတော့ချေ။ လေးနာရီခန့် မြင်းစီးပြီးနောက် နေဝင်ရီတရော အချိန်တွင် ပိုင်ဆယ်မြို့သို့ ရောက်ရှိလာလေ၏။
တုပိုင်သည် တပ်ရင်းမှူးရုံးသို့ မသွားသေးဘဲ အပြာရောင်နဂါးဂိုဏ်း ရှိရာသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ အပြာရောင်နဂါးဂိုဏ်းမှာ ပိုင်ဆယ်မြို့တွင်သာမက အင်ပါယာ၏ အနောက်တောင်ပိုင်း တစ်ခုလုံးတွင် အကြီးဆုံးနှင့် နာမည်အကြီးဆုံးသော ဂိုဏ်းတစ်ခု ဖြစ်သည်။
တုပိုင် အပြာရောင်နဂါးဂိုဏ်း၏ အဝင်ဝသို့ ရောက်သောအခါ အံ့အားသင့်သွားရသည်။ ယင်းမှာ တကယ့်ကို ခမ်းနားထည်ဝါလွန်းလှပေသည်။ ဧရိယာဧက နှစ်ထောင်ကျော် ကျယ်ဝန်းပြီး တံတိုင်းများမှာ မြို့ရိုးများကဲ့သို့ပင် မြင့်မားခိုင်ခံ့လှသည်။
ဂိတ်ပေါက်တွင် ခြင်္သေ့ရုပ်များအစား အပြာရောင် နဂါးရုပ်ကြီး နှစ်ရုပ် ရှိနေသည်။ ထို့အပြင် တံတိုင်းများပေါ်တွင် အပြည့်အစုံ ဝတ်ဆင်ထားသော စစ်သည်တော်များက ကင်းလှည့်နေကြပြီး ၊ ဂိတ်ပေါက်ရှိ စစ်သည်တော်များမှာလည်း သံတိုင်များကဲ့သို့ ကြံ့ခိုင်တောင့်တင်းလှသည်။ လမ်းမပေါ်တွင်လည်း မြင်းတပ်များက ကင်းလှည့်နေကြရာ ယင်းမှာ သိုင်းကျောင်းတစ်ခုနှင့် မတူဘဲ စစ်ခံတပ်ကြီးတစ်ခုနှင့်သာ တူနေလေတော့သည်။
အပြာရောင်နဂါးဂိုဏ်းတွင် တပည့်ပေါင်း ငါးထောင် ၊ ခြောက်ထောင်ခန့် ရှိရာ စုစည်းလိုက်ပါက စစ်တပ်တစ်ခုသဖွယ် ဖြစ်နေပေလိမ့်မည်။ ကျီပြောင်ပြောင်၏ မိသားစုမှာ တကယ့်ကို အင်အားကြီးမားလှပေသည်။ လီမိသားစု စော်ဘွားက သူတို့ကို အဘယ်ကြောင့် ကြောက်ရွံ့ရသည်ကို ယခုမှ တုပိုင် နားလည်သွားတော့သည်။
အကယ်၍ အပြာရောင်နဂါးဂိုဏ်း၏ ထောက်ခံမှုကို ရရှိလိုက်ပါက တုပိုင်သည် ပိုင်ဆယ်မြို့တွင် အခြေချနိုင်ရုံသာမက ဤဒေသတစ်ခုလုံးကိုပင် စိုးမိုးနိုင်မည် ဖြစ်သည်။ ထို့အပြင် ကျီပြောင်ပြောင်မှာ ဓားဘုရင် ကျီချင်းကျူ၏ တစ်ဦးတည်းသော သမီးဖြစ်ရာ ၊ သူမကို လက်ထပ်ခြင်းမှာ အပြာရောင်နဂါးဂိုဏ်း တစ်ခုလုံးကို ပိုင်ဆိုင်လိုက်ခြင်းပင် ဖြစ်သည်။
တုပိုင် ကျီပြောင်ပြောင်ကို သိမ်းပိုက်လိုက်နိုင်၏။ အဲ… မဟုတ်သေးချေ။ ကျီပြောင်ပြောင်က တုပိုင်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်လေ၏။ ယခုလောလောဆယ်တွင် သူတို့နှစ်ယောက်ပေါင်း၍ ဓားဘုရင်ကြီးကို စည်းရုံးရပေတော့မည်။ ကျီပြောင်ကြောင် ပြောသလိုပင် ဓားဘုရင်ကြီးက သူ့သမီးကို လက်ထပ်ပေးချင်ဇောနဲ့ သတ်မှတ်ချက်တွေ လျှော့ချထားပါစေလို့ပဲ ဆုတောင်းရတော့ပေမည်။
တုပိုင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဂိတ်ပေါက်သို့ လျှောက်သွားလိုက်သည်။
“အစ်ကိုကြီး… ကျွန်တော်မျိုး ယွင်ကျုံးရှဲ့ လာရောက်တယ်လို့ သတင်းပို့ပေးပါ။ ကျွန်တော်မျိုးရဲ့ ယောက္ခထီးကြီးကို ဂါရဝပြုဖို့နဲ့ မိန်းကလေး ကျီပြောင်ပြောင်ကို တရားဝင် လက်ထပ်ခွင့်တောင်းဖို့ လာတာပါ”
အပိုင်း ၃၁၂ ပြီး။