← Chapters

အခန်း (၃၁၃)

Vol. 32 Ch. 313

အခန်း (၃၁၃)

Vol. 32 Ch. 313

တုပိုင်က ဤသို့ ပြောလိုက်သောအခါ တစ်ဖက်လူ အံ့အားသင့်သွားလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သည်။

အပြာရောင်နဂါးဂိုဏ်းကြီး၏ တစ်ဦးတည်းသော အမွေခံ သခင်မလေး ကျီပြောင်ပြောင်ကို လာရောက်ပြီး လက်ထပ်ခွင့်တောင်းရဲသည်လော။ တစ်ဖက်က သူ့အား ရိုက်လွှတ်လျှင်ပင် တုပိုင်အံ့ဩမည်မဟုတ်ချေ။

သို့သော် ထိုကဲ့သို့သော တုံ့ပြန်မှုမျိုး မရှိခဲ့ပေ။ တစ်ဖက်လူက သူ့ကို အပေါ်အောက် သေချာကြည့်ရှုလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ခဏစောင့်ပါ။ ကျွန်တော် ဝင်ပြီး သတင်းပို့လိုက်ပါ့မယ်”

တုပိုင် ချက်ချင်း နားလည်လိုက်သည်။ မမကြီး ပြောင်ပြောင်က သူမ၏ ဖခင်ကို ကြိုပြောထားပြီး ဖြစ်သဖြင့် တစ်ဖက်လူက သူ့ကို စောင့်နေခြင်း ဖြစ်သည်။

သို့သော် ကြည့်ရသည်မှာ သူတို့က ကြောက်မက်ဖွယ် ရန်သူတော်တစ်ယောက်ကို ရင်ဆိုင်ရတော့မည့်အလား ပြင်ဆင်နေပုံရသည်။ နောက်ထပ် ဘယ်လို စိန်ခေါ်မှုတွေက သူ့ကို စောင့်ကြိုနေမလဲ ဆိုတာကိုတော့ မည်သူမျှ မသိနိုင်ပေ။

ခဏအကြာတွင် ထိုစစ်သည်တော် ပြန်ထွက်လာပြီး ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။ အထဲကို တည့်တည့်သာ ဝင်သွားလိုက်ပါ။ ဂိုဏ်းချုပ်ကြီးက အလယ်ဗဟိုမှာရှိတဲ့ အမြင့်ဆုံးမျှော်စင်ပေါ်မှာ ခင်ဗျားကို စောင့်နေပါတယ်”

တုပိုင် မော့ကြည့်လိုက်သည်။

အပြာရောင်နဂါးဂိုဏ်း အဆောက်အအုံများ၏ အလယ်ဗဟိုတွင် တောင်ကုန်းငယ်တစ်ခု ရှိပြီး ထိုတောင်ထိပ်ပေါ်တွင် မြို့တစ်မြို့လုံးကို စီးမိုးကြည့်ရှုနိုင်လောက်သည့် အလွန်မြင့်မားသော မျှော်စင်ကြီးတစ်ခု ရှိနေသည်။

တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပင်မတံခါးပေါက်မှတစ်ဆင့် ဝင်ရောက်လိုက်လေ၏။ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ စစ်သည်တော်အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်ရှိလာကြပြီးနောက် ပြန်လည်လွှဲဖယ်သွားကာ ကင်းလှည့်ခြင်း၊ စောင့်ကြပ်ခြင်းများကို ဆက်လက် လုပ်ဆောင်နေကြသည်။

တုပိုင်သည် မီတာငါးဆယ်ပင် မပြည့်သော ခရီးကို လျှောက်ပြီးနောက် နောက်ထပ် တံတိုင်းတစ်ခုနှင့် ဂိတ်ပေါက်တစ်ခုကို တွေ့လိုက်ရပြန်သည်။

ထိုဂိတ်ပေါက်ဝတွင် လူတစ်ယောက် ပိတ်ရပ်နေသည်။

ထိုသူမှာ အသက် ၃၀ ဝန်းကျင်ခန့်ရှိပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ တာအိုဝတ်ရုံကဲ့သို့သော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ကျောတွင် သံပေတံတစ်ချောင်းကို လွယ်ထားပြီး ရိုင်းစိုင်းခက်ထန်ကာ လွတ်လပ်ပေါ့ပါးသော ပုံစံမျိုး ပေါက်နေသည်။

“လူငယ်လေး ၊ ရပ်လိုက်ပါ” ထိုလွတ်လပ်ပေါ့ပါးပုံရသည့် အမျိုးသားက လှမ်းပြောလိုက်သည်။ “မင်းက ငါတို့ အပြာရောင်နဂါးဂိုဏ်းကို ဘာကိစ္စနဲ့ လာတာလဲ”

တုပိုင်က ပြောလိုက်သည်။ “သခင်မလေး ကျီပြောင်ပြောင်နဲ့ ကျွန်တော်က သံယောဇဉ် အလွန်နက်ရှိုင်းသူတွေပါ။ ဆရာသခင်ကြီး ကျီချင်းကျူဆီမှာ တရားဝင် လက်ထပ်ခွင့်တောင်းဖို့ ကျွန်တော် တကူးတက လာခဲ့တာပါ”

ထိုအမျိုးသားက ပြောလိုက်သည်။ “ငါက သခင်မလေးရဲ့ ပဉ္စမမြောက် ဂိုဏ်းတူအစ်ကိုပဲ။ သခင်မလေးက ဂိုဏ်းချုပ်ကြီးရဲ့ နဂါးပုလဲလေး ၊ အပြာရောင်နဂါးဂိုဏ်းရဲ့ ဂုဏ်ယူစရာ ရတနာလေးကွ။ လက်ထပ်ခွင့် တောင်းချင်ရင် မင်းက ငါတို့ရဲ့ စစ်ဆေးမှုတွေကို အရင် ကျော်ဖြတ်ရမယ်”

ဤသည်က စမ်းသပ်မှုလော။ သို့မဟုတ် ဆရာသခင်ကြီး ကျီချင်းကျူက သူ့ကို တားဆီးချင်နေသည်လော။

တုပိုင် ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ပြောပါ”

ကျီပြောင်ပြောင်၏ ပဉ္စမမြောက် ဂိုဏ်းတူအစ်ကိုဖြစ်သူက ပြောလိုက်သည်။ “ငါတို့ သခင်မလေးရဲ့ ရုပ်ရည် ၊ သိုင်းပညာ ၊ အရည်အချင်းနဲ့ အကျင့်စာရိတ္တပိုင်းက လူတစ်သိန်းမှာ တစ်ယောက် ရှိခဲတဲ့ အဆင့်ပဲ။ သူရဲ့ ခင်ပွန်းလောင်းဖြစ်လာမယ့်သူကလည်း သူနဲ့ ထိုက်တန်ဖို့အတွက် ထူးကဲတဲ့ အရည်အချင်းရှိတဲ့ ယောင်္ကျားတစ်ယောက် ဖြစ်သင့်တယ် မဟုတ်လား”

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်ပါတယ်”

ပဉ္စမအစ်ကိုက ဆက်ပြောသည်။ “ငါတို့ သခင်မလေးရဲ့ ခင်ပွန်း ဖြစ်လာဖို့ဆိုရင် နက္ခတ္တဗေဒ ၊ ပထဝီဝင် ဗဟုသုတတွေ ကြွယ်ဝရမယ်။ အံ့မခန်း စာပေစွမ်းရည် ရှိရမယ်။ ပြီးတော့ ထိပ်တန်း သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမယ်”

တုပိုင် နားလည်လိုက်သည်။

ဤသည်မှာ ဆရာသခင်ကြီး ကျီချင်းကျူက သူ့အတွက် စီစဉ်ထားသော စမ်းသပ်မှုပင်။ ဆရာသခင်ကြီး ကျီချင်းကျူကို တွေ့ပြီး လက်ထပ်ခွင့်တောင်းနိုင်ရန်အတွက် သူသည် အဆင့်လေးဆင့်ကို အရင် ကျော်ဖြတ်ရပေမည်။

နက္ခတ္တဗေဒ ၊ ပထဝီဝင် ၊ စာပေစွမ်းရည် နှင့် သိုင်းပညာ။

ခက်ခဲသော်လည်း ဤသည်မှာ လုံးဝ ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ကျီပြောင်ပြောင်သည် အမှန်တကယ်ပင် အလွန် ထူးချွန်သူ ဖြစ်သောကြောင့်ပင်။ ဖခင်တစ်ယောက်အနေဖြင့် မိမိ၏သမီးကို သာမန်ယောင်္ကျားတစ်ယောက်နှင့် လက်ထပ်ပေးပြီး မတရား မဖြစ်စေလိုသည်မှာ သဘာဝပင်။

မမပြောင်ပြောင်က သူမ၏ ဖခင်သည် သူမအပေါ် သတ်မှတ်ချက် အလွန်နိမ့်ပြီး သူမ လက်ထပ်ချင်စိတ် ရှိလျှင် ပြီးရောဟု ပြောခဲ့ခြင်းမှာ အခြေအနေ အရေးကြီးနေသဖြင့် ပြောခဲ့ခြင်းသာ ဖြစ်ရမည်။ ယခုအခါ မမပြောင်ပြောင်က လက်ထပ်ရန် ဆန္ဒရှိနေပြီဖြစ်ရာ ဖခင်ဖြစ်သူ ကျီချင်းကျူက သေချာပေါက် စိစစ်ရွေးချယ်တော့မည် ဖြစ်သည်။

ပဉ္စမအစ်ကိုက ပြောလိုက်သည်။ “ငါ့ရဲ့ ဆရာသခင် ၊ အဘိုးကြီးက ကောင်းကင်ဘုံနဲ့ လူသားတို့ရဲ့ ပညာရှင်တစ်ပါးပဲ။ နက္ခတ္တဗေဒ ၊ ပထဝီဝင် ၊ စာပေနဲ့ သိုင်းပညာ နယ်ပယ်အားလုံးမှာ ထိပ်တန်းအဆင့် ရောက်နေသူပဲ”

တုပိုင် ဤအချက်ကို သိသည်။ ကျီချင်းကျူက အင်ပါယာနန်းတွင်းကို မုန်းတီးရသည့် အကြောင်းရင်းမှာ သူ ငယ်စဉ်က ဧကရာဇ်မင်းမြတ်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ဖူးသောကြောင့် ဖြစ်သည်။ သူ၏ ရလဒ်များမှာ အလွန် ထူးချွန်ခဲ့ပြီး ထိပ်တန်းကျူရန်အဖြစ် သတ်မှတ်ခံထားရသော်လည်း အဂတိလိုက်စားမှု အရှုပ်တော်ပုံတစ်ခုတွင် မဆီမဆိုင် ပါဝင်ပတ်သက်သွားခဲ့ရသည်။ သူ ကိုယ်တိုင် မသမာမှု မပြုလုပ်ခဲ့သော်လည်း ဆက်စပ်ပတ်သက်နေမှုကြောင့် သူ၏ ပြည်နယ်စာမေးပွဲ ရလဒ်များ ပယ်ဖျက်ခံလိုက်ရသည်။

သူက လက်မခံနိုင်ဘဲ ပြဿနာရှာခဲ့သဖြင့် ဖမ်းဆီးအကျဉ်းချခံရကာ ဧကရာဇ်မင်းမြတ်စာမေးပွဲကို တစ်သက်လုံး ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်ခံလိုက်ရသည်။

ထိုအချိန်မှစ၍ ကျီချင်းကျူသည် ဒေါသဖြင့် စာပေလေ့လာမှုကို စွန့်လွှတ်ကာ သိုင်းပညာဘက်သို့ ကူးပြောင်းခဲ့သည်။ အသက်နှစ်ဆယ်နီးပါးမှ စတင်ပြီး သိုင်းပညာကို လေ့လာခဲ့သော်လည်း ၂၅ နှစ်အတွင်း မဟာဆရာသခင်အဆင့်သို့ ရောက်ရှိလာခြင်းမှာ အံ့မခန်းပင် ဖြစ်သည်။

ထိုဖြစ်ရပ်ပြီးနောက်ပိုင်း သူသည် တာ့နင်မင်းဆက်အပေါ် ကောင်းသော ခံစားချက် မရှိတော့ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က ဧကရာဇ်ထျန်ယွင် ပေးသနားသော ဂုဏ်ထူးဆောင် စစ်သေနာပတိချုပ် ရာထူးခန့်အပ်လွှာကို သူက တိုက်ရိုက်ပင် လွှင့်ပစ်ခဲ့သည်။

သို့သော် ဤအချက်များကို ကြည့်ခြင်းအားဖြင့် ကျီချင်းကျူသည် စာပေရော သိုင်းပညာမှာပါ နှိုင်းယှဉ်မရနိုင်သော မျိုးဆက်တစ်ခေတ်၏ ဆရာသခင်ကြီးတစ်ပါး ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

“တပည့်တွေအနေနဲ့ ငါတို့က ဆရာ့ရဲ့ ပညာရပ် အစွန်းအစလောက်ပဲ သင်ယူနိုင်ကြတာ” ပဉ္စမအစ်ကိုက ပြောလိုက်သည်။ “နက္ခတ္တဗေဒ နယ်ပယ်မှာ ငါ့ဆရာရဲ့ အောင်မြင်မှုက ဘယ်သူနဲ့မှ မတူအောင် ထူးခြားတယ်။ ဒါကြောင့် မင်းကို စစ်ဆေးဖို့ နက္ခတ္တဗေဒ မေးခွန်းနှစ်ခု ငါ မေးမယ်။ မင်း မှန်အောင် ဖြေနိုင်ရင် ဒီအဆင့်ကို အောင်မြင်ပြီမို့ ဒီတံခါးကို ဖြတ်ပြီး နောက်တစ်ဆင့်ကို သွားနိုင်ပြီ”

တုပိုင်က ပြောလိုက်သည်။ “မေးပါဗျာ”

“ငါ မင်းကို ကြိုပြောထားရမယ်” ပဉ္စမအစ်ကိုက ပြောလိုက်သည်။ “ဒီမေးခွန်းနှစ်ခုလုံးက အလွန် ခက်ခဲတယ်။ ဆရာကိုယ်တိုင်တောင် အချိန်အကြာကြီး လေ့လာသုတေသနပြုပြီးမှ အဖြေကို နားလည်ခဲ့တာ။ အနည်းဆုံးတော့ ငါတို့ ဂိုဏ်းတူအစ်ကိုတွေထဲက ဘယ်သူမှ တစ်ပုဒ်တောင် မဖြေနိုင်ကြဘူး”

တုပိုင်က ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။ “မေးပါ”

ပဉ္စမအစ်ကိုက ပြောလိုက်သည်။ “ပထမမေးခွန်းကို သေချာနားထောင်… ပင်လယ်ဒီရေ အတက်အကျ ဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းရင်းက ဘာလဲ”

ဤမေးခွန်းကို ကြားလိုက်ရသောအခါ တုပိုင် အံ့အားသင့်သွားသည်။

ကျီချင်းကျူက ဤမျှလောက်အထိ နက်နက်ရှိုင်းရှိုင်း လေ့လာထားသည်လော။ ဤကမ္ဘာရှိ သိုင်းပညာ မဟာဆရာသခင်ကြီးတွေ အားလုံးသည် ပညာရပ်ဆိုင်ရာ မဟာပညာရှင်ကြီးတွေ့ဖစ်နေကြသည်လော။

အမှန်တိုင်း ဝန်ခံရလျှင် ဤမေးခွန်းသည် ခေတ်သစ်ကမ္ဘာမြေတွင် ခက်ခဲသော မေးခွန်းမဟုတ်သော်လည်း ရှေးခေတ်ကာလတွင်မူ အလွန်တရာ ခက်ခဲလွန်းလှပြီး လုံးဝ ဖြေရှင်း၍မရနိုင်သော မေးခွန်းမျိုး ဖြစ်သည်။

ခေတ်သစ်ကမ္ဘာမြေပေါ်တွင် ပန်းသီးသည်နယူတန်လေးတစ်ယောက် အသည်းကွဲရင်း ပန်းသီးပင်အောက်တွင် ထိုင်ကြေကွဲနေရင်း ခေါင်းပေါ်သို့ မမ၏အချစ်များလို မလေးနက်သည့် ပန်းသီးတစ်လုံးပြုတ်ကျလာခဲ့၏။

ထိုအခါမှသာ ပန်းသီးသည်လေး နယူတန်တစ်ယောက် ဆွဲငင်အား၏ သဘောတရားကို ရှာဖွေတွေ့ရှိပြီးမှသာ ဒီရေအတက်အကျ၏ မူလသဘောတရားနှင့် လျှို့ဝှက်ချက်များကို သိရှိခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဤကမ္ဘာတွင် ဤမေးခွန်းသည် နတ်ဘုရားစာအုပ်ထဲမှ ပုစ္ဆာကဲ့သို့ ခက်ခဲလှသည်ကို ကျီချင်းကျူက အမှန်တကယ် မေးမြန်းနေသည်လော။

“ခက်နေလား” ပဉ္စမအစ်ကိုက ပြောလိုက်သည်။ “ဒါက ပုံမှန်ပါပဲ။ ဒီလောကမှာ ရှိတဲ့ လူတိုင်းနီးပါး ဒီမေးခွန်းကို နားမလည်ကြဘူး။ နက္ခတ္တဗေဒနဲ့ ဘာဆိုင်လဲ ဆိုတာကိုလည်း မသိကြဘူး။ မင်း မဖြေနိုင်ရင် ပြန်တော့။ အဖြေကို စဉ်းစားလို့ရမှ ပြန်လာခဲ့”

တုပိုင်က ပြောလိုက်သည်။ “မလိုပါဘူး… ဒီရေ အတက်အကျ ဖြစ်ရတာက နေနဲ့ လရဲ့ ဆွဲငင်အား သက်ရောက်မှုကြောင့် ဖြစ်ပါတယ်”

ချက်ချင်းပင် ပဉ္စမအစ်ကို၏ မျက်လုံးများ ပြူးကျယ်သွားပြီး တုပိုင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

ဤမျှ ခက်ခဲနက်နဲလှသော ပုစ္ဆာ၏ အဖြေကို ဤလူက မည်သို့ သိရှိနေရပါသနည်း။ ဤအရာသည် ဆရာသခင်ကြီး ကိုယ်တိုင်ပင်လျှင် ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် သုတေသန ပြုလုပ်ပြီးမှသာ သဘောပေါက် နားလည်ခဲ့ရသည့် ကိစ္စဖြစ်သည်။ သူကိုယ်တိုင်လည်း နက္ခတ္တဗေဒ ပညာရပ်ကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သော်လည်း လုံးဝ နားမလည်နိုင်ခဲ့ပေ။

သို့သော် သူ့ရှေ့မှောက်ရှိ ဤလူငယ်လေးကမူ မှန်ကန်သော အဖြေကို ချက်ချင်း ပေးစွမ်းနိုင်နေသည်။ တကယ်စင်စစ်အားဖြင့် နက္ခတ္တဗေဒဆိုင်ရာ ပါရမီရှင်တစ်ဦး ရောက်ရှိလာခြင်းများလော။

တုပိုင်က မေးလိုက်သည်။ “ပဉ္စမအစ်ကို… ကျွန်တော် ဖြေတာ မှန်လား”

ပဉ္စမအစ်ကိုမှာ ခဏမျှ ကြောင်အံ့သွားပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မင်း ဖြေတာ မှန်တယ်”

ထို့နောက် သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ “မင်းက ငါ့ကို အကြီးအကျယ် အံ့အားသင့်စေတာပဲ။ ဒါပေမဲ့ ဒုတိယမေးခွန်း ကျန်သေးတယ်။ အဲဒါကို ဖြေနိုင်မှ မင်း ဒီအဆင့်ကို ဖြတ်နိုင်မယ်။ ပြီးတော့ ဒီမေးခွန်းက ပိုပြီး ခက်ခဲတယ်။ ခေတ်အဆက်ဆက် အဖြေရှာမရခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ပဲ”

တုပိုင်က ပြောလိုက်သည်။ “မေးပါ”

ပဉ္စမအစ်ကိုက ပြောလိုက်သည်။ “ဘာဖြစ်လို့ ဝါထပ်ရတာလဲ (ရက်ငင်လတွေ ရှိရတာလဲ)။ အဲဒါရဲ့ နောက်ကွယ်က သဘောတရားက ဘာလဲ”

တုပိုင် ထပ်မံ အံ့အားသင့်သွားရပြန်သည်။ ဤကမ္ဘာအတွက်ဆိုလျှင် ဤသည်က နောက်ထပ် အလွန်တရာ ခက်ခဲသော မေးခွန်းကြီးတစ်ခု ဖြစ်သည်။

အမှန်စင်စစ် ဝါထပ်ရခြင်း ၊ ရက်ငင်ရခြင်း၏ အကြောင်းရင်းမှာ ဥတုရာသီ လေးပါးနှင့် နေသွားလမ်းကြောင်းကို ကိုက်ညီစေရန် ဖြစ်သည်။

ရှေးလူများသည် လ၏ လည်ပတ်မှုကို တစ်လ ၊ ၁၂ လကို တစ်နှစ်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ နွေ ၊ မိုး ၊ ဆောင်း ဥတုရာသီများနှင့် လများ ကိုက်ညီမှု မရှိတော့ဘဲ ကွာဟချက် ကြီးမားလာသည်ကို တွေ့ရှိခဲ့ကြသည်။ ရာသီဥတု ပြောင်းလဲမှုသည် လများ၏ အပြောင်းအလဲထက် အဘယ်ကြောင့် အမြဲတမ်း နှေးကွေးနေရသည်ကို သူတို့ မသိကြပေ။ ထို့ကြောင့် လေးနှစ်လျှင် တစ်ကြိမ် ဝါထပ် (ရက်ငင်) ပြီး ရာသီဥတု အပြောင်းအလဲနှင့် ကိုက်ညီအောင် ညှိယူခဲ့ကြသည်။

သို့သော် ယင်း၏ နောက်ကွယ်မှ အကြောင်းတရားကိုမူ ရှေးလူများ သိရှိရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းက ကမ္ဘာသည် နေကို ဗဟိုပြု လှည့်ပတ်နေသည်ဆိုသော သီအိုရီနှင့် အဓိက သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

တုပိုင်က တဲ့တိုးပင် ဖြေလိုက်သည်။ “ကျွန်တော်တို့ရဲ့ ကမ္ဘာက နေကို လှည့်ပတ်နေပါတယ်။ ဒီလို လှည့်ပတ်နေတဲ့အချိန်မှာ နေရောင်ခြည် တည့်တည့်ကျရောက်မှုနဲ့ စောင်းပြီး ကျရောက်မှုတွေကြောင့် အပူချိန်နဲ့ ရာသီဥတု အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီး နွေ ၊ မိုး ၊ ဆောင်း ဆိုတဲ့ ဥတုရာသီတွေ ဖြစ်ပေါ်လာတာပါ။ တစ်ပတ် ပြည့်အောင် လှည့်ပတ်တာက တစ်နှစ် ကြာပါတယ်။ ကျွန်တော်တို့ရဲ့ လပြည့် လကွယ် သတ်မှတ်ချက်ကတော့ လရဲ့ လည်ပတ်မှုကို အခြေခံပါတယ်။ လက ကျွန်တော်တို့ ကမ္ဘာကို တစ်ပတ်ပြည့်အောင် လှည့်ပတ်ဖို့ တစ်လ ကြာပါတယ်။ ဒီလည်ပတ်မှု နှစ်ခုကြားက ကွာဟချက်ကြောင့် ဝါထပ်ဖို့ ၊ ရက်ငင်ဖို့ လိုအပ်လာတာပါ”

တုပိုင် ဖြေပြီးသွားသောအခါ ပဉ္စမအစ်ကိုမှာ လုံးဝ စကားမပြောနိုင်တော့ဘဲ တုပိုင်ကို အံ့သြမှင်သက်စွာဖြင့် စိုက်ကြည့်နေတော့သည်။

“ကျွန်တော် အောင်ပြီလား” တုပိုင်က မေးလိုက်သည်။

“အာ… ကျေးဇူးပြုပြီး ဝင်ပါ” ပဉ္စမအစ်ကိုက ငေးငိုင်နေလျက် ပြောလိုက်သည်။

အပိုင်း ၃၁၃ ပြီး။

All Chapters