← Chapters

အခန်း (၃၁၅)

Vol. 32 Ch. 315

အခန်း (၃၁၅)

Vol. 32 Ch. 315

တုပိုင်သည် ဦးညွှတ်ဂါရဝပြုလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိ၏။ အမှန်တကယ်တွင် သူသည် တရားထိုင်နေစဉ်အတွင်းမှာပင် ဤအခြေအနေကို ကြိုတင်မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ထိုအဆင့်ကို အောင်မြင်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုပေလိမ့်မည်။ လိုအပ်လာပါက စိတ်စွမ်းအင်တိုက်ခိုက်မှုကိုပါ အသုံးပြုမိပေလိမ့်မည်။

ဒုတိယတပည့် ရှဲ့ဝူတောက်က ပြောလိုက်သည် “သွားတော့… ဆရာက အပေါ်ထပ်မှာ မင်းကို စောင့်နေတယ်”

တုပိုင်က ထပ်မံဦးညွှတ်လိုက်ပြီးနောက် တောင်ထိပ်သို့ ဦးတည်ထားသော လှေကားထစ်များအတိုင်း တက်လာခဲ့သည်။ တောင်ထိပ်ရှိ မြင့်မားသော အဆောက်အအုံရှေ့သို့ ရောက်ရှိသောအခါ တုပိုင် အထူးတလည် စိတ်လှုပ်ရှားနေမိ၏။

သူသည် ဆရာသခင်ကြီး ကျီချင်းကျူကို တွေ့ဆုံရတော့မည် ဖြစ်သည်။ သူသည် အဆင့်လေးဆင့်ကို အောင်မြင်ခဲ့ပြီး နက္ခတ္တဗေဒ ၊ ပထဝီဝင် ၊ စာပေနှင့် သိုင်းပညာ ထူးချွန်သော လူငယ်ပါရမီရှင်တစ်ဦးအဖြစ် အရည်အချင်းပြည့်မီခဲ့ကာ ဆရာသခင်ကြီး ကျီချင်းကျူ၏ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်တိမ်တိုက်အောက်က မိစ္ဆာသခင်ဆိုသော အမည်ကို ကြားလိုက်ရသည့်အခါ ဆရာသခင်ကြီး ကျီချင်းကျူ မည်သို့တုံ့ပြန်မည်နည်းဆိုသည်ကိုမူ သူ လုံးဝ စဉ်းစား၍မရနိုင်ပေ။

တုပိုင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်၏။ ချက်ချင်းပင် သူသည် ဧရာမမျှော်စင်ကြီးတစ်ခုသဖွယ် မြင့်မားသော လူတစ်ယောက်၏ ကျောပြင်ကို မြင်တွေ့လိုက်ရသည်။

ဤသူသည် ကျီချင်းကျူလော။ သူသည် အမှန်တကယ် အရပ်ရှည်လှပေသည် ၊ နှစ်မီတာနီးပါး ရှိလောက်၏။ မမကြီးပြောင်ပြောင်၏ အရပ်မှာ ၁.၈ မီတာခန့် ရှိနေခြင်းသည် မဆန်းတော့ပေ။ နင်ဇောင်ဝူနှင့် နှိုင်းယှဉ်လျှင် သူ့ရှေ့ရှိ ကျီချင်းကျူသည် မဟာဆရာသခင်ကြီးတစ်ပါး၏ လွှမ်းမိုးနိုင်စွမ်း ပိုမိုရှိပြီး တောင်ကြီးတစ်လုံးသဖွယ် မားမားမတ်မတ် ရပ်တည်နေသည်။

ကျီချင်းကျူက ပြောလိုက်သည် “ဒီနေ့ နေ့လယ်က ပြောင်ပြောင် အိမ်ပြန်ရောက်လာပြီး သူမ အိမ်ထောင်ပြုတော့မယ်လို့ ပြောတယ်။ အဲဒီယောင်္ကျားက ခဏနေရင် လက်ထပ်ခွင့် လာတောင်းလိမ့်မယ်လို့ ပြောလို့ ငါ အခုထိ စောင့်နေခဲ့တာ။ ငါ ကျီချင်းကျူရဲ့ သမီးကို လက်ထပ်ဖို့ဆိုရင် နက္ခတ္တဗေဒ ၊ ပထဝီဝင် ၊ စာပေနဲ့ သိုင်းပညာမှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင် ဖြစ်ရမယ်။ မင်း ဒီနေရာကို ရောက်လာနိုင်တာက ဒီအချက်ကို သက်သေပြပြီးသားပဲ။ ငါက မိသားစုနောက်ခံကို လုံးဝ ဂရုမစိုက်ဘူး။ မင်းရဲ့ စိတ်နေသဘောထား ကောင်းမွန်နေသရွေ့ သူတောင်းစားနောက်ခံ ရှိရင်တောင် ကိစ္စမရှိပါဘူး”

တကယ့်ကို မဟာဆရာသခင်ကြီးတစ်ပါး၏ ဟန်ပန်ပင် ဖြစ်သည်။ သူတောင်းစားနောက်ခံ ရှိလျှင် ကိစ္စမရှိသော်လည်း လူယုတ်မာနောက်ခံ ရှိလျှင်ကော မည်သို့လုပ်မည်နည်း။

ကျီချင်းကျူက ဆက်လက်ပြောဆိုသည် “ပြောင်ပြောင်ဆိုတဲ့ ကလေးမက မင်းနာမည်ကို မသိဘူးလို့ ပြောတယ်။ မင်းမျက်နှာကိုတောင် မမြင်ဖူးဘူးတဲ့။ ငါ့သမီးက အဲဒီလိုပဲ ထူးခြားနေတတ်တယ်။ ကဲ… ပြောစမ်းပါ ၊ မင်း နာမည်က ဘယ်သူလဲ”

တုပိုင်သည် သတ္တိအမြောက်အမြား မွေးလိုက်ပြီး ပြောလိုက်သည် “ဂျူနီယာရဲ့ နာမည်က… ယွင်ကျုံးရှဲ့ တိမ်တိုက်အောက်က မိစ္ဆာသခင်ပါ”

ချက်ချင်းဆိုသလိုပင် လေထုသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ပတ်ဝန်းကျင် အပူချိန်သည် ရုတ်တရက် ဒီဂရီအတော်များများ ကျဆင်းသွား၏။ ကျီချင်းကျူ၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို တုပိုင် အတိုင်းသား မြင်လိုက်ရသည်။ သိသာထင်ရှားသည်မှာ ဤအမည်သည် နျူကလီးယားဗုံးတစ်လုံးကဲ့သို့ သက်ရောက်မှုရှိပြီး မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ခဏအကြာတွင် ဆရာသခင်ကြီး ကျီချင်းကျူသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး တုပိုင်ကို မယုံနိုင်စွာ စိုက်ကြည့်နေ၏။ တုပိုင်သည် မဟာဆရာသခင်ကြီး၏ မျက်နှာကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ အလွန်တရာ ခန့်ညားချောမောလွန်းလှပြီး ကောင်းကင်ဘုံကိုပင် ကျော်လွန်သွားနိုင်လောက်သည့် ရုပ်ရည်ပင် ဖြစ်၏။ သူသည် အနောက်တောင်ပိုင်း၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ရုံသာမက အနောက်တောင်ပိုင်း၏ နံပါတ်တစ် အချောဆုံးအမျိုးသားလည်း ဖြစ်နေသည်။

မမပြောင်ပြောင်သည် သူ၏သမီး ဖြစ်နေခြင်းမှာ မဆန်းတော့ပေ ၊ သူမသည် အံ့မခန်း လှပပြီး သက်ဝင်လှုပ်ရှားသည့် အလှပဂေးလေး ဖြစ်နေခြင်းမှာ သဘာဝကျလှ၏။ မနေ့က လိုဏ်ဂူထဲတွင် မှောင်လွန်းနေသည်မှာ တစ်ကြောင်း ၊ မမပြောင်ပြောင်၏ ကိုယ်လုံးအလှသည် မျက်စိကျိန်းလောက်အောင် ဆွဲဆောင်မှုရှိလွန်းနေသည်မှာ တစ်ကြောင်းတို့ကြောင့် တုပိုင်သည် သူမ၏ ကိုယ်လုံးအလှကိုသာ အာရုံစိုက်နေမိပြီး မျက်နှာကို သေချာစွာ မကြည့်မိခဲ့ပေ။

ကျီချင်းကျူက သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ရင်း ပြောလိုက်သည် “မင်းရဲ့ ဝတ်ရုံကို ချွတ်လိုက် ၊ မင်းမျက်နှာကို ငါ သေချာ ကြည့်ချင်တယ်”

တုပိုင်သည် အနက်ရောင်ဝတ်ရုံကို ချွတ်လိုက်ရာ ယွင်ကျုံးရှဲ့၏ ဆိုးသွမ်းမှုများ ပြည့်နှက်နေသော လူယုတ်မာ မျက်နှာ ပေါ်ထွက်လာ၏။ ဤမျက်နှာသည် အတော်ကို အမြင်ကပ်ချင်စဖွယ်ကောင်းပြီး ကြာကြာကြည့်မိလျှင် ထရိုက်ချင်စိတ်ပင် ပေါက်လာလိမ့်လေမည်။ မျက်နှာပြလို​က်သည်နှင့် တုပိုင်သည် ပြင်းထန်သော သတ်ဖြတ်လိုစိတ် အရှိန်အဝါတစ်ခု ဝင်ရောက်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ မိုးထိအောင် မြင့်မားသော သတ်ဖြတ်လိုစိတ်ပင် ဖြစ်၏။

ယွင်ကျုံးရှဲ့ ဟုတ်ပါသလော။ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပန်းသူခိုးလော။ သိုင်းလောက၏ အမှိုက်သရိုက် ၊ လူယုတ်မာကောင်လော။ သူ၏သမီးက ဤသို့သော အမျိုးသားမျိုးကို ရွေးချယ်လိုက်ခြင်းလော။ ဘုရားရေ ၊ သူ ကျီချင်းကျူသည် မည်သည့်အမှားများ ပြုလုပ်မိသဖြင့် ဤသို့သော အပြစ်ဒဏ်မျိုး ခံစားရပါသနည်း။ ဤလူယုတ်မာကောင်သည် မည်သည့်နည်းလမ်းများ အသုံးပြုလိုက်ပါသနည်း။ မည်သို့ပြုလုပ်ပြီး သူ၏သမီး၏ နှလုံးသားကို တိုတောင်းလှသည့် အချိန်အတွင်း ဖမ်းစားနိုင်ခဲ့ပါသနည်း။ ထို့အပြင် ရင်းနှီးသည့် ဆက်ဆံရေးတောင် ရှိခဲ့ကြသည်ဆိုပါသလော။

ကျီပြောင်ပြောင် ပြောခဲ့သည့် မူလစကားမှာမူ သမီး သူနဲ့ အိပ်ခဲ့တယ် ဆိုသည်ပင် ဖြစ်သည်။ သို့သော် အခု ကျီချင်းကျူ ခံစားမိသည်မှာမူ ဤလူယုတ်မာ ယွင်ကျုံးရှဲ့သည် မပြောကောင်းမဆိုကောင်း နည်းလမ်းများ အသုံးပြုပြီး သူ၏သမီး၏ ကိုယ်နှင့်စိတ်ကို လှည့်စားခဲ့ခြင်း ဖြစ်ရမည်။

ကျီချင်းကျူ၏ ရင်ထဲတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ မိုးထိအောင် တောက်လောင်နေပြီး စဉ်းစားနေမိသည် “ငါ သူ့ကို သတ်မယ်… ငါ သူ့ကို သတ်မယ်… ငါ သူ့ကို သတ်မယ်…”

သူသည် မဟာဆရာသခင်ကြီး တစ်ပါး ဖြစ်သလို ဖခင်တစ်ယောက်လည်း ဖြစ်၏။ သူထံတွင် ဤသမီးလေး တစ်ယောက်တည်းသာ ရှိခြင်း ဖြစ်သည်။ သူမသည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ၊ တစ်ခုတည်းသော ဂုဏ်ယူစရာ ဖြစ်၏။ ယခုမူ သူမသည် လူယုတ်မာတစ်ကောင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ကျီချင်းကျူမှ မဟုတ်ပါ ၊ မည်သည့်ဖခင်မဆို ဤနေရာတွင် ရှိနေပါက တုပိုင်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်ကြမည်သာ ဖြစ်သည်။

ကျီချင်းကျူသည် မိုးထိအောင် မြင့်မားနေသော သတ်ဖြတ်လိုစိတ်ကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် “ငါ့ကို အမှန်အတိုင်း ပြောစမ်း။ ပြောင်ပြောင်ရဲ့ ကိုယ်နဲ့စိတ်ကို လှည့်စားဖို့ မင်း ဘာနည်းလမ်းတွေ သုံးခဲ့လဲ။ အကုန် ပြောပြစမ်း။ မဟုတ်ရင် ငါ… မင်းကို သတ်ပစ်မယ်”

ထိုအချိန်၌ပင် အပြင်ဘက်မှ လူငယ်တစ်ယောက်၏ အသံ ထွက်ပေါ်လာ၏။

“ဦးလေးကျီ… တူတော်မောင် ရှောင်မူကျစ် ဂါရဝပြုပါတယ်”

တုပိုင်သည် ဤအသံကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ဤမျှ ကြည်လင်ပြတ်သားသည့် အမျိုးသား အသံမျိုးကို သူ မကြားရသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် ဖြစ်သည်။ ဤသို့သော အသံမျိုး ပိုင်ဆိုင်သည့်သူများသည် များသောအားဖြင့် ရုပ်ရည်ချောမောပြီး နေရောင်ခြည်ကဲ့သို့ တောက်ပသူမျိုးများ ဖြစ်တတ်ကြသည်။

ကျီချင်းကျူသည် ကြောင်အသွားပြီးနောက် နှိုင်းယှဉ်မရနိုင်သော ဝမ်းသာပီတိများ သူ၏ရင်ထဲတွင် လှိုင်းထသွား၏။ သူသည် တုပိုင်အပေါ် ထားရှိသော ဒေါသများကို ခဏတာ မေ့လျော့သွားပြီး အပြင်သို့ အလျင်အမြန် ပြေးထွက်သွားသည်။

သူ၏အသံထဲတွင် ရှားပါးလှသော ဖခင်မေတ္တာများ ပြည့်နှက်နေ၏ “မူအာ… မူအာ…”

ခဏအကြာတွင် ကျီချင်းကျူသည် ချောမောသော လူငယ်တစ်ဦးကို ခေါ်ဆောင်လာသည်။ သူသည် တကယ့်ကို အလွန်အမင်း ချောမောသော လူငယ်တစ်ဦး ဖြစ်ပြီး အရေးအကြီးဆုံးမှာ အလွန် လန်းဆန်းတက်ကြွနေကာ နွေဦးလေညင်းကို ခံစားလိုက်ရသကဲ့သို့ ရှိ၏။ သူ သွားလေရာ နေရာတိုင်းတွင် နေရောင်ခြည်က လိုက်ပါနေသကဲ့သို့ ထင်ရသည်။ သူနှင့် ကျီပြောင်ပြောင်သာ ယှဉ်ရပ်လိုက်ပါက ပြီးပြည့်စုံသော လိုက်ဖက်ညီမှုမျိုးကို ခံစားရပေမည်။

ကျီချင်းကျူက တုန်ရီစွာ ပြောလိုက်သည် “မူအာ… မင်း မသေဘူးပေါ့ ၊ မင်း မသေဘူးပေါ့… ကောင်းကင်ဘုံက သနားတော်မူလို့ ဆရာ့ရဲ့ တစ်ခုတည်းသော သွေးသားမျိုးဆက် မပြတ်တောက်သွားခဲ့ဘူးပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းက ငါ ပြောင်ပြောင်ကို ခေါ်ပြီး မင်းတို့အိမ်ကို သွားခဲ့ပေမဲ့ အိမ်က မီးလောင်ပြာကျနေပြီး အလောင်းတွေ ပြန့်ကျဲနေတာကို တွေ့ခဲ့ရတယ်။ ငါက မင်း သေသွားပြီလို့ ထင်ခဲ့တာ”

ရှောင်မူကျစ်၏ အသံတွင် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများ ပြည့်နှက်နေသော်လည်း မကောင်းဆိုးဝါး အငွေ့အသက် တစ်စက်မျှ မပါဝင်ချေ “ကျွန်တော် မသေခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မိဘတွေနဲ့ မိသားစုဝင်တွေ အကုန်လုံးကို ပေမင်ဓားဂိုဏ်းက သတ်ဖြတ်ခဲ့တယ်”

သူ့ရှေ့ရှိ ရှောင်မူကျစ်သည် ကျီချင်းကျူ၏ ဆရာသခင် ၊ ကျေးဇူးရှင်၏ တစ်ဦးတည်းသော မြေးဖြစ်၏။ သူသည် သူ၏ဆရာနှင့် တူလွန်းသဖြင့် ကျီချင်းကျူ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။

ကျီချင်းကျူက ပြောလိုက်သည် “ငါ ဒီသွေးကြွေးကို သေချာပေါက် ဆပ်ပေးမယ်။ ကလေးကောင်းလေး… ဤနှစ်တွေမှာ မင်း ဘယ်လို နေခဲ့ရလဲ။ အခုကစပြီး ဒါက မင်းအိမ်ပဲ။ ဟိုးအရင်တုန်းက ဆရာက ငါ့ကို ထောင်ထဲက ကယ်ထုတ်ပေးခဲ့ပြီး သိုင်းပညာတွေ သင်ပေးခဲ့တယ်။ ငါ့မှာ ဤနေ့ ရှိနေတဲ့ အရာအားလုံးက ကျေးဇူးရှင် ဆရာ့ကြောင့်မို့ ငါ့မှာ ရှိသမျှ အရာအားလုံးက မင်းပိုင်တာပဲ”

ထို့နောက် ကျီချင်းကျူက ဆက်ပြောသည် “မင်းနဲ့ သမီးပြောင်ပြောင်က ငယ်ငယ်ကတည်းက စေ့စပ်ထားပြီးသားလေ။ အခု မင်းတို့နှစ်ယောက်လုံး အရွယ်ရောက်နေပြီ ၊ ပြောင်ပြောင်လည်း အခုထိ အိမ်ထောင်မပြုသေးဘူး။ မင်း ပြန်လာတာ အတော်ပဲ ၊ မင်းတို့ လက်ထပ်ပွဲကို လုပ်လိုက်ကြတာပေါ့”

ရှောင်မူကျစ်က ပြောလိုက်သည် “ဒီတစ်ခါ ကျွန်တော် ကျွန်းပေါ်ကနေ ထွက်လာတာ ဆရာ့ဆီက ခွင့်ပြုချက်နဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က စေ့စပ်ထားတာကို အကောင်အထည်ဖော်ဖို့ပါပဲ”

ကျီချင်းကျူသည် ရယ်မောလိုက်ပြီး ပြောလိုက်သည် “ဟားဟားဟား… ဒါက တကယ့်ကို ငါ့ရဲ့ အကောင်းဆုံး သားမက်ပါပဲ။ သတို့သမီးက သုံးနှစ် ပိုကြီးတာ ကောင်းကျိုးပေးတယ် ၊ အတော်ပဲ ၊ ကွက်တိပဲ”

ဤအချိန်တွင် ရှောင်မူကျစ်သည် ကောင်းကင်ဘုံက ကျီမိသားစုကို ကယ်တင်ရန် စေလွှတ်လိုက်သည်ဟု ကျီချင်းကျူ ခံစားလိုက်ရ၏။ သူ၏သမီးသည် လူယုတ်မာ ယွင်ကျုံးရှဲ့နှင့် လက်ထပ်ရမည့် ဘေးမှ နောက်ဆုံးတွင် လွတ်မြောက်သွားပြီ ဖြစ်သည်။ ယွင်ကျုံးရှဲ့နှင့် နှိုင်းယှဉ်လျှင် ဤရှောင်မူကျစ်သည် ကဏ္ဍပေါင်းစုံတွင် လုံးဝ သာလွန်နေသည်။

အနုံအဆုံး အမျိုးသမီးတစ်ယောက်တောင်မှ မည်သူ့ကို ရွေးချယ်ရမည်နည်းဆိုသည်ကို သိရှိနိုင်ပါသည်။ ထို့အပြင် သူနဲ့ ပြောင်ပြောင်က စေ့စပ်ထားပြီးသား ဖြစ်၏။ သူ၏သမီးသည် ကတိတည်သည့်သူ ဖြစ်သည်။ ဤအချိန်၌ ယွင်ကျုံးရှဲ့ (တုပိုင်) သည် ကျီချင်းကျူ၏ စိတ်ထဲတွင် နောက်ဆုံးနေရာသို့ ရောက်သွားခဲ့ပြီ ဖြစ်၏။

တစ်ဖက်တွင်မူ တုပိုင်သည် ဤအဖြစ်အပျက်အားလုံးကို အေးစက်သော မျက်လုံးများဖြင့် စောင့်ကြည့်နေသည်။ လောကကြီးတွင် ဤမျှ တိုက်ဆိုင်မှု ရှိနိုင်ပါသလော။ သူက လက်ထပ်ခွင့် လာတောင်းကာမှ ရှောင်မူကျစ်က နောက်ကနေ တန်းပါလာခြင်းလော။ မင်းတို့နှစ်ယောက် စေ့စပ်ထားသည်ဆိုလျှင် အဘယ်ကြောင့် စောစော မလာသနည်း။ အဘယ်ကြောင့် သတင်းအစအနတောင် မကြားရပါသနည်း။ မင်းက မမပြောင်ပြောင်ကို ၁၀ နှစ်ကျော်ကြာအောင် စောင့်ခိုင်းထားခြင်းလော။

သို့သော် ဤရှောင်မူကျစ်သည် အမှန်တကယ်ပင် အလွန် ထူးချွန်လွန်းလှ၏။ သူသည် ကျီချင်းကျူ၏ ဘေးတွင် ရပ်နေသော်လည်း မှေးမှိန်မသွားဘဲ ထွန်းလင်းတောက်ပနေသည်။ သူ ရပ်နေသော နေရာတိုင်းတွင် အလင်းရောင် တစ်လွှာ လွှမ်းခြုံထားသကဲ့သို့ ရှိ၏။ သူနှင့် ကျီပြောင်ပြောင်သာ ယှဉ်ရပ်လိုက်ပါက ပြီးပြည့်စုံသော စုံတွဲတစ်တွဲဆိုသည့် ခံစားချက်မျိုး အမှန်တကယ် ပေးစွမ်းနိုင်သည်။

သူသည် နှစ် ၂၆ နှစ်ရှိပြီဖြစ်ပြီး ၊ တုပိုင်ကမူ ၁၈ နှစ်သာ ရှိသေးသည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ကြည့်လျှင် သူနှင့် ကျီပြောင်ပြောင်သည် ပိုမို လိုက်ဖက်ညီ၏။ သို့သော် ကျီပြောင်ပြောင်နှင့် လက်ထပ်ခြင်းသည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းနှင့် သက်ဆိုင်ရုံသာမက တုပိုင် ပိုင်ဆယ်စီရင်စုတွင် ခြေကုပ်ယူနိုင်ခြင်းနှင့် သူ၏မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းတို့နှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ ထို့ကြောင့် သူ လုံးဝ လက်လျှော့မည် မဟုတ်ပေ။

ချက်ချင်းပင် တုပိုင်က ပြောလိုက်သည် “ဂိုဏ်းချုပ်ကြီးကျီ ၊ ခင်ဗျားက သမီးတစ်ယောက်တည်းကို အမျိုးသားနှစ်ယောက်နဲ့ ပေးစားမလို့လား”

ရှောင်မူကျစ်က တုပိုင်ကို အံ့သြဟန်ဖြင့် ကြည့်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည် “အစ်ကို ယွင်ကျုံးရှဲ့လား”

သောက်ကျိုးနည်း။ ဤသကောင့်သားက သူကို… အဲ လူယုတ်မာယွင်ကျုံးရှဲ့ကို သိနေသည်လော။ တုပိုင်သည် ပြန်လည်ဦးညွှတ်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောပေ။ မှားပြောမိပြီး ခြေရာလက်ရာ ပျက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

ကျီချင်းကျူက တုပိုင်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည် “သခင်မလေးကို သွားခေါ်လိုက်”

ခဏအကြာတွင် ကျီပြောင်ပြောင်သည် အပေါ်ထပ်မှ ဆင်းလာ၏။ သူမ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသော်လည်း ပါးပြင်များ ရဲနေသည်မှာ မပျောက်ကင်းသေးသော အတွင်းဒဏ်ရာ လက္ခဏာများပင် ဖြစ်သည်။

ဤသည်မှာ တုပိုင် သူမ၏ မျက်နှာကို ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း မြင်တွေ့ရခြင်း ဖြစ်၏။ သူမသည် တကယ့်ကို အလွန် လှပလှပေသည်။ မင်းသမီးယွီကျိန်း ၊ လီချန်ချန်တို့နှင့် တန်းတူ လှပသည့် အလှပဂေးလေးပင် ဖြစ်၏။

အပိုင်း ၃၁၅ ပြီး။

All Chapters