အခန်း (၃၁၇)
Vol. 32 Ch. 317
သွေးကွမ်ရင်က ပြောလိုက်သည် “ကျီပြောင်ပြောင်က ကျွန်မတို့ကို အကြိမ်ကြိမ် ကူညီခဲ့ဖူးပါတယ်။ မွေးစားအဖေရဲ့ တပ်မတော်အတွက် ဆေးဝါးရိက္ခာ အများစုကို အစ်မကျီက ထောက်ပံ့ပေးခဲ့တာပါ။ သူရဲ့ အကူအညီနဲ့ ကျွန်မတို့ စစ်သည်အများအပြားရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ သူက တာ့နင်အင်ပါယာကို ကျွန်မတို့လိုပဲ ချစ်မြတ်နိုးတဲ့သူပါ”
ကျီပြောင်ပြောင်က ပြန်လည်ပြောဆိုသည် “မဟုတ်ဘူး… ကျွန်မက ဒီမြေပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအပေါင်းကို ချစ်မြတ်နိုးတာပါ”
ထို့နောက် ကျီပြောင်ပြောင်က ဆက်လက်ပြောကြားသည် “ကျွန်မအဖေက တာ့နင်အင်ပါယာနဲ့ လီမိသားစုကြားမှာ ကြားနေဝါဒကို မြဲမြံစွာ ဆုပ်ကိုင်ထားတယ်။ ဒီနည်းလမ်းကသာ သူ့ရဲ့ မြင့်မြတ်တဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်နေတာ။ ဒါပေမဲ့ ကျွန်မကတော့ အဖေရဲ့ ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ ဒီလို ကြားနေခြင်းက တစ်နေ့မှာ လုံးဝ ပျက်စီးခြင်းဆီကို ဦးတည်သွားလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒါ့အပြင် အဖေက သူ့ရဲ့ အစောပိုင်းနှစ်တွေတုန်းက ဧကရာဇ်မင်းမြတ်စာမေးပွဲမှာ မတရား ခံခဲ့ရတဲ့အတွက် တာ့နင်အင်ပါယာကို လုံးဝ ငြင်းပယ်ပြီး နိုင်ငံသားတွေ အားလုံးနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့တယ်။ ဒီအချက်ကိုလည်း ကျွန်မ သဘောမတူဘူး။ ဒါက အရမ်းကို အစွန်းရောက်လွန်းပါတယ်”
တုပိုင်သည် ဤအမျိုးသမီးကို နောက်တစ်ကြိမ် လေးစားသွားမိပြန်၏။ ကျီပြောင်ပြောင်က သွေးကွမ်ရင်ကို ပြောလိုက်သည် “ကျွန်မကို ခဏလောက် စောင့်ပေးပါ။ ကျွန်မ ခဏနေရင် ပြန်လာခဲ့မယ်။ ပြီးမှ ကျွန်မတို့ ဆက်ဆွေးနွေးကြတာပေါ့”
သွေးကွမ်ရင်က ပြန်ပြောသည် “ကောင်းပြီ”
ကျီပြောင်ပြောင်က တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည် “တုပိုင်… ရှင် ကျွန်မကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။ ကျွန်မလည်း ရှင့်ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး”
ထို့နောက် သူမသည် တုပိုင်၏ လက်ကို ဆွဲပြီး အောက်ထပ်သို့ ဆင်းသွားလေ၏။ ဤအချိန်တွင် သွေးကွမ်ရင်သည် သူမ၏ စိတ်ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘဲ တုပိုင်၏ ကျောပြင်ကို အငမ်းမရ စိုက်ကြည့်နေမိတော့သည်။ အကယ်၍သာ ကျီပြောင်ပြောင် ရှိမနေပါက သူမသည် တုပိုင်ကို အတင်းအဓမ္မ ပွေ့ဖက်မိလိမ့်မည်မှာ သေချာလှပေသည်။
ကျီပြောင်ပြောင်သည် တုပိုင်၏ လက်ကို ဆွဲပြီး ကျီချင်းကျူနှင့် ရှောင်မူကျစ်တို့ ရှိရာသို့ ခေါ်ဆောင်သွား၏။ သမီးဖြစ်သူက တုပိုင်၏လက်ကို ကိုင်ထားသည်ကို မြင်လိုက်ရသောအခါ ကျီချင်းကျူ၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားလေသည်။
ကျီပြောင်ပြောင်က ပြတ်သားစွာ ပြောလိုက်သည် “အဖေ… သမီးနဲ့သူနဲ့ကြားမှာ ခန္ဓာကိုယ်ချင်း ရင်းနှီးမှု ရှိခဲ့ပြီးပြီ။ ဒါကြောင့် သမီး သူ့အပေါ် သစ္စာရှိဖို့ ရည်ရွယ်ထားတယ်”
ကျီချင်းကျူ၏ မျက်လုံးများမှာ ချက်ချင်း ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွား၏။ သူ၏ စိတ်ထဲတွင် ရှောင်မူကျစ်သည်သာ စံပြ သားမက်လောင်းဖြစ်ပြီး တိမ်တိုက်အောက်က မိစ္ဆာသခင်သည် သိုင်းလောက၏ လူယုတ်မာ ၊ လူရမ်းကားတစ်ယောက်သာ ဖြစ်သည်။ သူ၏ သမီးက ဤကဲ့သို့သော လူစားမျိုးနှင့် လက်ထပ်လိုက်ပါက ဘဝတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
ခန္ဓာကိုယ်ချင်း ရင်းနှီးမှု ရှိခဲ့ပြီးပြီဟူသော စကားကို ကြားလိုက်ရသည့်အခါ ရှောင်မူကျစ်၏ မျက်နှာအမူအရာသည်လည်း အနည်းငယ် တုန်လှုပ်သွား၏။
ချက်ချင်းပင် ကျီချင်းကျူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည် “ပြောင်ပြောင်… သမီးနဲ့ ရှောင်မူကျစ်က လက်ထပ်စာချုပ် ရှိထားပြီးသားလေ”
ကျီပြောင်ပြောင်က ပြန်ပြောသည် “သမီး သိပါတယ်။ ဒါပေမဲ့ သမီးက ဂိုဏ်းတူမောင်လေး ရှောင်မူကျစ်ကို စောင့်နေခဲ့တာ ၁၀ နှစ်ကျော်ပြီ။ သမီးရဲ့ ကတိကို လုံလောက်အောင် စောင့်ထိန်းခဲ့ပြီးပြီ။ မူလက သမီး ဒီဘဝမှာ အိမ်ထောင်မပြုတော့ဘူးလို့ စိတ်ကူးထားခဲ့တာ။ ဒါပေမဲ့ ကံတရားရဲ့ အလှည့်အပြောင်းကြောင့် သမီးနဲ့ သူနဲ့ ခန္ဓာကိုယ်ချင်း ရင်းနှီးသွားခဲ့ပြီ။ သူ့ကို သမီး သိမ်းပိုက်လိုက်မိတာပါ။ သူ့အတွက် တာဝန်အပြည့်ယူမယ်လို့ သမီး ပြောခဲ့သလို စာချုပ်လည်း ချုပ်ဆိုခဲ့ပြီးပြီ။ သမီး ပြောတဲ့အတိုင်း လုပ်ရမယ်”
ကျီချင်းကျူက ပြောလိုက်သည် “ပြောင်ပြောင် ၊ အခု သမီးက အဖေရဲ့ စကားကို ဖီဆန်နေတာလား။ ပြီးတော့ ဒီသားရဲကောင်နဲ့ သမီး ဖြစ်ပျက်ခဲ့တာတွေက အဆိပ်မိသွားလို့ ဖြစ်ရတာ။ လုံးဝ စိတ်ဆန္ဒပါတာ မဟုတ်ဘူး။ တူတော်မောင် မူကျစ် ၊ မင်း ဒါကို ဂရုစိုက်မှာ မဟုတ်ဘူးမလား”
ရှောင်မူကျစ်က ပြန်လည်ပြောဆိုသည် “အစ်မ ပြောင်ပြောင်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ လေးစားမှုနဲ့ ချစ်ခြင်းမေတ္တာတွေက အနည်းငယ်လေးတောင် လျော့သွားမှာ မဟုတ်ပါဘူး”
ကျီပြောင်ပြောင်က ပြောလိုက်သည် “တောင်းပန်ပါတယ် အဖေ။ ဒါပေမဲ့ သမီး ကတိပေးပြီးသား ကိစ္စကို သမီး ဖြည့်ဆည်းရမယ်။ ဒါက ခံစားချက်နဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ကတိသစ္စာ တည်မြဲခြင်းနဲ့ ဆိုင်တဲ့ကိစ္စပါ”
ကျီချင်းကျူသည် ဒေါသကြောင့် သွေးအန်ချင်စိတ်များ ပေါက်သွားတော့၏။ ရုတ်တရက် သူသည် ဒေါသတကြီး ဖြစ်သွားပြီး လက်ဝါးကို မြှောက်ကာ တုပိုင်ကို ရိုက်သတ်ရန် ပြင်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ကျီပြောင်ပြောင်က တုပိုင်၏ ရှေ့မှ ကာလိုက်လေ၏။
ကျီချင်းကျူသည် သမီးဖြစ်သူကို နာကျင်ကြေကွဲစွာ ကြည့်လိုက်ပြီး တုန်ယင်စွာ ပြောလိုက်သည် “ငါ့ရဲ့ ရတနာ သမီးလေး… မင်း… မင်းက မင်းအဖေကို ဒေါသထွက်ပြီး သေအောင် လုပ်ချင်နေတာလား။ အရင်တုန်းက မင်း အရမ်း လိမ်မာခဲ့တာပဲ။ ဘာလို့လဲ… ဘာလို့လဲ”
ကျီပြောင်ပြောင်က ပြန်ပြောသည် “အဖေ… တကယ်တော့ အဖေရဲ့ ရပ်တည်ချက်အများစုကို သမီး သဘောမတူဘူး။ ဥပမာ တာ့နင်အင်ပါယာနဲ့ လီမိသားစုကြားမှာ ဘက်မလိုက်ဘဲ သီးခြားနေမယ်ဆိုတဲ့ ရပ်တည်ချက်မျိုးပေါ့။ အခု အဖေက သီးခြားနေနိုင်ပေမဲ့ တာ့နင်အင်ပါယာနဲ့ လီမိသားစု တကယ်တမ်း စစ်ဖြစ်လာရင် အဲဒီအချိန်က သမီးတို့ အပြာရောင်နဂါးဂိုဏ်း ပျက်စီးရမယ့်အချိန်ပဲ။ ဧရာမ သတ္တဝါကြီးနှစ်ကောင်ရဲ့ ရှေ့မှောက်မှာ ကြားနေတယ်ဆိုတာ မရှိဘူး။ အရင်တုန်းက သမီးရဲ့ သဘောထားတွေကို မြိုသိပ်ထားခဲ့ပေမဲ့ ဒီနေ့တော့ ထုတ်ပြောဖို့ ဖိအားပေးခံလိုက်ရပြီ”
ကျီချင်းကျူက ဒေါသတကြီး အော်ဟစ်လိုက်သည် “မောက်မာလိုက်တာ။ မင်းအဖေရဲ့ သဘောထားကို မေးခွန်းထုတ်ဖို့ မင်းအလှည့် ဘယ်တုန်းက ရောက်လာတာလဲ”
ကျီပြောင်ပြောင်သည် ခေါင်းမော့ထားပြီး နှုတ်ဆိတ်နေသော်လည်း သူမ၏ သဘောထားကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်၏။
ကျီချင်းကျူက ဒေါသတကြီး ပြောလိုက်သည် “ကောင်းပြီ… ဒီကိစ္စကို ခဏထားလိုက်ဦး။ မင်း… ဒီလူယုတ်မာ တိမ်တိုက်အောက်က မိစ္ဆာသခင်ကို လုံးဝ လက်ထပ်လို့ မရဘူး။ ဒါက မင်းရဲ့ ပျော်ရွှင်မှုအတွက်ပဲ။ သူက တကယ့်ကို လူယုတ်မာ ၊ သိုင်းလောက တစ်ခုလုံးမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူဆိုးပဲ။ သူ့ကို လက်ထပ်လိုက်ရင် မင်းဘဝ ပျက်စီးသွားလိမ့်မယ်။ အဖေက မင်းရဲ့ တစ်ဘဝလုံးအတွက် တွေးပေးနေတာ။ မဟုတ်ရင် တစ်နေ့ မင်း နောင်တရလိမ့်မယ်”
ကျီပြောင်ပြောင်က ရှောင်မူကျစ်ဘက်သို့ လှည့်ပြီး ပြောလိုက်သည် “ဂိုဏ်းတူမောင်လေး… ခဏလောက် အပြင်ထွက်ပေးလို့ ရမလား။ အစ်မ အဖေ့ကို ပြောစရာစကားတချို့ ရှိနေလို့။ မောင်လေး ကြားဖို့ မသင့်တော်ဘူး ထင်လို့ပါ”
ရှောင်မူကျစ်က ဦးညွှတ်ပြီး ပြောလိုက်သည် “ကောင်းပါပြီ”
ထို့နောက် သူသည် မီတာရာပေါင်းများစွာ အကွာသို့ တိုက်ရိုက် ဆုတ်ခွာသွားလေ၏။ ခန်းမဆောင်ထဲတွင် တုပိုင် ၊ ကျီချင်းကျူနှင့် ကျီပြောင်ပြောင်တို့ သုံးဦးသာ ကျန်ရစ်ခဲ့သည်။
ကျီပြောင်ပြောင်က တုပိုင်ကို ကြည့်ပြီး မေးလိုက်သည် “မောင်လေး… မမကို ယုံလား”
ဤအချိန်တွင် အခန်းတစ်ခုလုံး၏ အငွေ့အသက်သည် ကျီပြောင်ပြောင်ကြောင့် လုံးဝ ပြောင်းလဲသွားပြီး တုပိုင်သည်လည်း လွှမ်းမိုးခြင်း ခံလိုက်ရကာ ခေါင်းညိတ်လိုက်မိ၏။
ကျီပြောင်ပြောင်က ပြောလိုက်သည် “အဖေ… တကယ်တော့ သူက တိမ်တိုက်အောက်က မိစ္ဆာသခင် မဟုတ်ပါဘူး။ သူက အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ တပ်မှူးငယ် တုပိုင်ပါ”
ထိုစကားကို ပြောလိုက်သည်နှင့် ကျီချင်းကျူသည် ဒေါသများ ပေါက်ကွဲသွားတော့၏။ တုပိုင်၏ စိတ်ထဲမှ အိပ်မက်စနစ်သည်လည်း ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ အရာအားလုံးက သူစီစဉ်ထားသော လမ်းကြောင်းနှင့် လုံးဝ လွဲချော်သွားခဲ့ပြီ မဟုတ်ပါလော။ သူမသည် လူယုတ်မာ မိစ္ဆာသခင်ကို လက်ထပ်ချင်နေသည်မှာပင် ဆိုးလှပြီဟု ထင်ရသော်လည်း ယခုအခါ ကုန်းကုန်းခွေးတစ်ကောင်ကို လက်ထပ်ချင်နေသည်ဟုဆိုသည်။ စပယ်ရှယ်သောက်ကျိုးနည်းလှ၏။
ကျီပြောင်ပြောင်က ဆက်လက်ပြောဆိုသည် “အဖေ… တုပိုင်က ကုန်းကုန်းခွေးတစ်ကောင် ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ တပ်မှူးငယ်ဆိုတာ သမီး သိပါတယ်။ ဒါကြောင့် သမီး သူ့ကို လက်ထပ်တာ ၊ မထပ်တာက အရေးမကြီးပါဘူး။ အရေးကြီးတာက သမီးတို့ အပြာရောင်နဂါးဂိုဏ်းရဲ့ ရပ်တည်ချက်ပဲ။ သမီးတို့ ဘာလို့ ဒီအခွင့်အရေးကို အသုံးချပြီး တာ့နင်အင်ပါယာနဲ့အတူ မရပ်တည်ကြတာလဲ။ မရေမတွက်နိုင်တဲ့ အပြစ်ကင်းတဲ့ပြည်သူတွေနဲ့အတူ ဘာလို့ မရပ်တည်ကြတာလဲ”
ကျီချင်းကျူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည် “တာ့နင်အင်ပါယာက ပြုပြင်လို့ မရနိုင်လောက်အောင် ပုပ်သိုးနေပြီ။ ပြီးတော့ မင်းအဖေ ခံစားခဲ့ရတဲ့ လူမဆန်တဲ့ ဆက်ဆံမှုတွေကို မင်း မေ့နေပြီလား။ အဖေက ဧကရာဇ်မင်းမြတ်စာမေးပွဲမှာ စာမခိုးချခဲ့ပေမဲ့ အပြစ်မရှိဘဲ စွပ်စွဲခံရပြီး ထောင်ချခံခဲ့ရတယ်။ ဆရာသခင်သာ လာမကယ်ခဲ့ရင် အဖေသေတာ ကြာပြီ”
ကျီပြောင်ပြောင်က ပြန်ပြောသည် “အဲဒါက အရပ်ဘက်အရာရှိအုပ်စုရဲ့ အမှားလေ။ ဒါပေမဲ့ တာ့နင်အင်ပါယာမှာ အရပ်ဘက်အရာရှိအုပ်စုပဲ ရှိတာလား။ မရေမတွက်နိုင်တဲ့ ပြည်သူတွေလည်း ရှိသေးတယ်။ အဖေက တာ့နင်အင်ပါယာရဲ့ အရာရှိတွေကြောင့် စွပ်စွဲခံရတာ ၊ ဘောင်သွင်းခံရတာကိုပဲ အမြဲတမ်း မှတ်ထားတတ်တယ်။ ဒါပေမဲ့ အဖေ့အတွက် မမောမပန်း ကြိုးစားပေးခဲ့တဲ့ ဆရာသခင်ကိုကျတော့ မေ့နေတယ်။ သူကရော တာ့နင်အင်ပါယာရဲ့ နိုင်ငံသား မဟုတ်ဘူးလား။ ပြီးတော့ ထောင်ထဲမှာ အဖေ့ကို သနားလို့ သတင်းပေးပို့ပြီး ကယ်ထုတ်ဖို့ စီစဉ်ပေးခဲ့တဲ့ ထောင်မှူးအသစ်လေးလေ။ ရလဒ်အနေနဲ့ သူ့ရဲ့ ညာဘက်လက် ကျိုးသွားခဲ့ရတယ်။ သူကရော တာ့နင်အင်ပါယာရဲ့ နိုင်ငံသား မဟုတ်ဘူးလား”
ကျီချင်းကျူက ဒေါသတကြီး အော်ဟစ်လိုက်သည် “နုံအလိုက်တာ… ဦးနှောက်မရှိတဲ့ အရူးမလေး။ မင်း ဘာနားလည်လို့လဲ။ နိုင်ငံရေး ဘယ်လောက် ညစ်ပတ်တယ်ဆိုတာ မင်း နည်းနည်းလေးမှ မသိဘူး။ ငါတို့ အပြာရောင်နဂါးဂိုဏ်းက ကြားနေမှပဲ အင်အားတောင့်တင်းမှာ။ မဟုတ်ရင် ငါတို့ မျိုးသုဉ်းသတ်ဖြတ်ခံရလိမ့်မယ်”
ကျီပြောင်ပြောင်က ပြန်ပြောသည် “မဟုတ်ဘူး… လုံးဝ ပြောင်းပြန်ပဲ။ လီမိသားစုက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို မသိမ်းပိုက်ရသေးခင်မှာ သမီးတို့ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းက တာ့နင်အင်ပါယာနဲ့ ချက်ချင်း ပူးပေါင်းလိုက်ဖို့ပဲ။ မဟုတ်ရင် လီမိသားစုက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို သိမ်းပိုက်ပြီးတာနဲ့ အပြာရောင်နဂါးဂိုဏ်းက လီမိသားစုရှေ့မှာ ဒူးထောက်ရင် ထောက် ၊ မထောက်ရင် အဖျက်ဆီး ခံရတော့မယ်။ အဲဒီအချိန်ရောက်ရင် တာ့နင်အင်ပါယာက သမီးတို့ကို ကူညီချင်ရင်တောင်မှ အင်အား ရှိတော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ သမီးတို့က သူတို့နဲ့အတူ မရပ်တည်ခဲ့လို့ ပိုင်ဆယ်မြို့မှာရှိတဲ့ အင်ပါယာရဲ့ အင်အားစုတွေ အားလုံး သုတ်သင်ခံလိုက်ရပြီလေ”
ကျီချင်းကျူမှာ ခေတ္တမျှ ဆွံ့အသွားပြီး ကျီပြောင်ပြောင်ကို လက်ညှိုးထိုးကာ တုန်ယင်နေတော့၏။
ကျီပြောင်ပြောင်က ဆက်ပြောသည် “ဘယ်သူနဲ့ မိတ်ဖက်ပြုမလဲ ၊ ဘယ်သူ့ကို ဆန့်ကျင်မလဲ ဆိုတာ ရွေးချယ်ဖို့က အရမ်း ရိုးရှင်းပါတယ်။ တာ့နင်အင်ပါယာက အပြာရောင်နဂါးဂိုဏ်းကို ဝါးမျိုမှာ မဟုတ်ဘူး။ သူက သမီးတို့ကို လက်ခံပေးနိုင်တယ်။ ဒါပေမဲ့ လီမိသားစုကတော့ သမီးတို့ကို လက်မခံနိုင်ဘူး။ သူက သမီးတို့ကို ဝါးမျိုရင် မျို ၊ မဟုတ်ရင် သုတ်သင်ပစ်မှာပဲ”
တကယ့် သူရဲကောင်းမလေးပင် ဖြစ်၏။ ဤစကားလုံးများသည် အလွန် လေးနက်ပြီး နားထဲတွင် ဟိန်းထွက်နေပေသည်။ ကျီချင်းကျူ၏ အကြည့်များသည် လျှပ်စီးတန်းများကဲ့သို့ တုပိုင်ထံသို့ ရောက်ရှိလာပြီး အေးစက်စွာ ပြောလိုက်သည် “မင်း… ကုန်းကုန်းခွေး… ငါ့သမီးကို ဘယ်လို ပြုစားတဲ့ဆေးတွေ တိုက်ထားတာလဲ”
ထို့နောက် သူက ကျီပြောင်ပြောင်ကို ကြည့်ပြီး ပြောလိုက်သည် “ပြောင်ပြောင်… ဒီကုန်းကုန်းခွေးက မင်းဆီကို ရည်ရွယ်ချက်ဆိုးတွေ ၊ ပူးပေါင်းကြံစည်မှုတွေနဲ့ ချဉ်းကပ်လာတာ။ ဒီလိုလူမျိုးကို ယုံကြည်လို့ ရမလား”
ကျီပြောင်ပြောင်က ပြန်လည်ပြောဆိုသည် “သူ့အသက်ကို စွန့်ပြီး သမီးကို ကယ်ခဲ့တာကရော အတုလား။ သားရဲကောင် ယွဲ့လီလက်ချက်နဲ့ သူ သေလုနီးပါး ဖြစ်ခဲ့ရတာကရော အတုလား။ သူသာ မရှိရင် သမီး အရှက်ခွဲခံရပြီး သေသွားတာ ကြာပေါ့။ အဖေက သမီးကို ကုန်းကုန်းခွေးတစ်ကောင်နဲ့ မညားစေချင်ရင်လည်း ရပါတယ်။ အပြာရောင်နဂါးဂိုဏ်းက တာ့နင်အင်ပါယာနဲ့ မဟာမိတ်ပြုဖို့ ရွေးချယ်လို့ ရသလို ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးကို ကူညီဖို့လည်း ရွေးချယ်လို့ ရပါတယ်။ ပထမအချက်က ရပ်တည်ချက်ကို ရွေးချယ်ဖို့ ဖြစ်ပြီး ၊ ဒုတိယအချက်ကတော့ သမီးအသက်ကို ကယ်တင်ခဲ့တဲ့ တုပိုင်ရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ပါပဲ”
အပိုင်း ၃၁၇ ပြီး။