← Chapters

စစ်ဆေးခြင်း

Vol. 173 Ch. 2467

စစ်ဆေးခြင်း

Vol. 173 Ch. 2467

ရီဖူရှင်းက ထွက်ခွာသွားသည့် ထျန်းယင်ရဟန်း၏ ပုံရိပ်ကို စောင့်ကြည့်နေရင်း သူ့မျက်လုံးများတွင် သိချင်စိတ်ပြင်းပြသည့် အကြည့်တို့ ထွက်ပေါ်လာသည်။

ထျန်းယင်ရဟန်းက အမှန်တကယ် သူ့ကို စကားအနည်းငယ် ပြောရုံ လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သူက အခြား ဖုံးကွယ်ထားသော မည်သည့်ရည်ရွယ်ချက်မှ မရှိသလို ထင်မှတ်ရပေသည်။ ရီဖူရှင်းသည်လည်း တစ်ဖက်လူနှင့် စကားပြောဆိုခြင်းမှ သတင်းအချက်အလက်များစွာ ရရှိခဲ့သည်။

လောက၏ အပြောင်းအလဲများက မူလဘုံမှ မြစ်ဖျားခံလိမ့်မည် ဖြစ်သည်။ ဤဟောကိန်းသည် မူလဘုံအတွင်း ပဋိပက္ခများတွင် မပါဝင်ခဲ့သော ဗုဒ္ဓကျင့်ကြံသူလောက၏ အနောက်ဘက်ကောင်းကင်မှ အရင်ဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။

တစ်ဖက်လူ၏ စကားအရ ဗုဒ္ဓလောကအတွင်း တစ်ယောက်နှစ်ယောက်သာလျှင် ထိုသို့သော ခန့်မှန်းချက်မျိုးကို ပြုလုပ်နိုင်ပေသည်။ ထိုသူတို့မှာ ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သည့် ဗုဒ္ဓအရှင်သခင်များထဲမှ တစ်ယောက် ဖြစ်ပေသည်။ မည်သည့် ဗုဒ္ဓကျင့်ကြံသူ ဖြစ်လိမ့်မည်နည်း။

၎င်းကို စုံစမ်းရန်မှာ သေချာပေါက် ခက်ခဲလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းသည် ဗုဒ္ဓအထူးစွမ်းရည်ခြောက်မျိုးကို ကျွမ်းကျင်ပိုင်နိုင်သည့် ဗုဒ္ဓကျင့်ကြံသူအရှင်များထဲမှ တစ်ယောက် ဖြစ်မည်ဟု ခန့်မှန်းမိပေသည်။

အရှင်ဒွန်ဟောင်သည် လွန်ခဲ့သော နှစ်ရာချီခန့်က ဗုဒ္ဓကျင့်ကြံသူလောကသို့ ရောက်လာခဲ့ပြီး ဗုဒ္ဓကျင့်ကြံသူအရှင်တစ်ပါး၏ လမ်းညွှန်ပြသမှုကို ရရှိခဲ့သည်။ သူသည်လည်း ထိုအထူးစွမ်းရည်ခြောက်မျိုးထဲမှ တစ်မျိုးကို ကျင့်ကြံနိုင်ခဲ့၏။ သို့သော် သူက မည်သည့် စွမ်းရည်ကို ကျင့်ကြံခဲ့ကြောင်း ရီဖူရှင်း မသိပေ။

ကောင်းကင်ဒေသအတွင်းမှ လူများသည်လည်း အရှင်ဒွန်ဟောင်က ဗုဒ္ဓကျင့်ကြံသူလောကသို့ လမ်းစဥ်ရှာဖွေရန် လာရောက်ခဲ့သည်ကိုသာ သိကြသည်။ သူ မည်သည့်လမ်းစဥ်ကို ရှာဖွေခဲ့ကြောင်း မည်သူမှ မသိကြပေ။

အရာအားလုံးက ဆန်းကြယ်ကာ တွေးဆချင့်ချိန်ရန် ထိုက်တန်ပေသည်။

“ထျန်းယင်ရဟန်းရဲ့ ကျင့်ကြံခြင်းက မမြင့်မားပေမယ့် သူက အနောက်ဘက် မြင့်မြတ်နယ်မြေတစ်ခွင်က အသံအမျိုးမျိုးကို ကြားနိုင်နေပြီ။ သောတအာရုံကို ကျင့်ကြံနေတဲ့ ထျန်းယင်ရဟန်းရဲ့ ဆရာ ထျန်းယင်ဗုဒ္ဓအရှင်က အဝေးကြီးက အသံတွေကိုတောင် ကြားနိုင်စွမ်းရှိတယ်။ ထျန်းယင်ရဟန်း မဟာအင်ပါယာအဆင့်ကို ရောက်ရင် ဘယ်လိုဖြစ်လိမ့်မလဲ။” ရီဖူရှင်းက ရေရွတ်လိုက်သည်။

“သူက အနောက်ဘက်ကောင်းကင်တစ်ခွင်လုံးက အသံတွေကို ကြားနိုင်စွမ်းရှိတယ်။” ချန်ယိက ခပ်တိုးတိုးပြောလိုက်သည်။

“အဲဒါ ဖြစ်နိုင်တယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။အရှင်ဒွန်ဟောင်သည်လည်း ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိရပေမည်။  အရှင်ဒွန်ဟောင်က မည်သည့်စွမ်းရည်အား ကျင့်ကြံသည်ကို မသိသော်လည်း မည်သည့်စွမ်းရည်ဖြစ်ပါစေ မဟာအင်ပါယာအဆင့်၌ သူ၏ စွမ်းအားက အလွန် ထူးချွန်ပြောင်မြောက်ပေလိမ့်မည်။ ၎င်းက ပြိုင်ဘက်ကင်းပင် ဖြစ်နိုင်ပေသည်။

“ထျန်းယင်ရဟန်းရဲ့ လေသံအရဆို သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိပုံမရဘူး။” မျက်မမြင်ထျယ်က မှတ်ချက်ပြုလိုက်သည်။ သူက မမြင်နိုင်သော်လည်း သူ၏ အာရုံခံစားမှုက ထက်ရှပေသည်။ ထျန်းယင်ရဟန်းသည် သူ့ဆရာ ထျန်းယင်ဗုဒ္ဓအရှင်က ရီဖူရှင်း အနောက်ဘက်မြင့်မြတ်နယ်​မြေသို့ ရောက်ရှိလာမည်အား ဟိုးယခင်ကပင် သိရှိခဲ့သည်ဟု ​ဆိုခဲ့သည်။ ထျန်းယင်ရဟန်းက ရီဖူရှင်းအား ခရီးဦးကြိုပြုရန် လာရောက်ခဲ့ခြင်း ဖြစ်ပုံရလေသည်။

တစ်ဖက်လူက အရှင်ဒွန်ဟောင်ကိုပင် ဥပမာအနေနှင့် သုံးခဲ့သည်။ သူသည် အရှင်ဒွန်ဟောင်က ဤနေရာသို့ လွန်ခဲ့သည့် နှစ်ရာချီအကြာက ရောက်လာခဲ့ဖူးသည်ဟု ပြောခဲ့သည်။ သူသည် ရီဖူရှင်းက ဤနေရာ၌ မည်သည့်အရာကို ရရှိလိမ့်မည်ကို သိချင်နေပေသည်။ တစ်စုံတစ်ယောက်က ထိုကဲ့သို့ တွေးခဲ့လျှင် ရီဖူရှင်းအပေါ် အလွန် မြင့်မားသည့် အမြင်ထားရှိသည်ဟု ဆိုလိုပေသည်။ ထျန်းယင်ရဟန်းက ရီဖူရှင်းအပေါ် မြင့်မားသည့် မျှော်မှန်းချက်ထားရှိပြီး လွန်ခဲ့သည့် နှစ်ရာချီခန့်က အရှင်ဒွန်ဟောင်နှင့် နှိုင်းယှဥ်ခဲ့သည်။

ထျန်းယင်ရဟန်းက မည်သည့်အတွက်ကြောင့် ရီဖူရှင်းကို ထိုမျှ မြင့်မားသည့် ထင်မြင်ချက်ရှိရသနည်း။ ဤသည်က ဟောကိန်းနှင့် ဆက်စပ်နေသည်လား။

လေးမျက်နှာကျေးရွာ၌ ဆရာသခင်က မည်သည့်အတွက်ကြောင့် ရီဖူရှင်းကို မြင့်မားသော ထင်မြင်ချက်ရှိပြီး ရီဖူရှင်းကိုယ်စား ရပ်တည်ပေးရန် ဆန္ဒရှိပြီး လေးမျက်နှာကျေးရွာကို အပြင်ဘက်လောကသို့ ဝင်ရောက်ရန် ခွင့်ပြုခဲ့ရသနည်း။

သူက ရီဖူရှင်းနှင့် ပို၍ ဆက်ဆံမိလာလေ မျက်မမြင်ထျယ်သည် ရီဖူရှင်းက ထူးခြားသည့် နောက်ခံမှ လာခြင်းဖြစ်ကြောင်း ပို၍ ခံစားမိလာလေ ဖြစ်သည်။ သူ့တွင် ထူးချွန်ပြောင်မြောက်သည့် ဘဝတစ်ခု ရှိပေလိမ့်မည်။ အနာဂတ်တွင် ရီဖူရှင်းက လောက၏ လျှို့ဝှက်ချက်အချို့နှင့် ထိတွေ့မှု ရှိလာနိုင်ပေသည်။

“မင်းက ကောင်းကင်ဒေသက လာတဲ့ ရီဖူရှင်းလား။” စားသောက်ဆိုင်အတွင်းမှ တစ်စုံတစ်ယောက်က ရီဖူရှင်းကို မေးလိုက်သည်။ လူအုပ်ကြီးသည် ယခင်က ထျန်းယင်ရဟန်းနှင့် ရီဖူရှင်းတို့ကြားမှ စကားတို့ကို ကြားဖူးလိုက်သည်။ အချို့သော လူများ၏ နှလုံးသားတို့က တုန်လှုပ်သွားကြသည်။

ထျန်းယင်ရဟန်းက ထူးချွန်ပြောင်မြောက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ရီဖူရှင်း၏ သတ်ဖြတ်ခြင်းခံခဲ့ရသော ကျူးဟိုက သူ့ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။ ကျူးဟိုက ဗုဒ္ဓဂိုဏ်း၏ တပည့်တစ်ယောက်သာ ဖြစ်သော်လည်း သူက ကျားနန်မြို့အတွင်း မြင့်မားသောနေရာတွင် ရပ်တည်နိုင်သည့် အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါး ဖြစ်နှင့်နေပြီ ဖြစ်သည်။ အခြားတစ်ဖက်တွင် ထျန်းယင်ရဟန်းက ဗုဒ္ဓရဟန်းတစ်ပါး ဖြစ်ပေသည်။ သူ၏ ကျင့်ကြံခြင်းက ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ် ရန်ဟောင်တစ်ပါး ဖြစ်ပေသည်။

“ဆန္ဒခြောက်ပါးကောင်းကင်မှာ ဖြစ်တဲ့ စစ်ပွဲက ဗုဒ္ဓကျင့်ကြံသူလောကတစ်ခွင်လုံးကို တုန်လှုပ်သွားစေခဲ့တယ်။ ညီနောင်ရီ အခု သူတော်စင်ကျန်းချန် သေလားရှင်လားဆိုတာကိုများ သိထားသေးလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။ သူတော်စင်ကျန်းချန် မသေသေးဟု ကျန်းချန်နန်းတော်မှ ကောလာဟလများ ထွက်ခဲ့သည်။ သို့သော် အချိန်အတော်ကြာပြီးနောက်၌ပင် သူတော်စင်ကျန်းချန်က ထွက်ပေါ်လာခဲ့ခြင်း မရှိသေးပေ။ ထို့ကြောင့် ၎င်းက ကျင့်ကြံသူများစွာကို သံသယဖြစ်စေခဲ့သည်။

“ကျုပ်က တိုက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံပါပဲ။ သူတော်စင်ကျန်းချန် ဘယ်လိုနေလဲ ကျုပ် ဘယ်လိုသိမှာလဲ။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူသည် သူတော်စင်ကျန်းချန်က သေလားရှင်လား အမှန်တကယ် မသိပါချေ။

“ညီအစ်ကိုရီ ခင်ဗျား ဆန္ဒခြောက်ပါးကောင်းကင်မှာ မုန်တိုင်းထန်စေခဲ့ပြီး သူတော်စင်ကျန်းချန်ကိုတောင် ပျောက်ဆုံးသွားစေခဲ့တယ်။ အနောက်ဘက်မြင့်မြတ်နယ်မြေကို သွားတဲ့ ခရီးက အေးအေးချမ်းချမ်း မရှိမှာ စိုးမိတယ်။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သို့သော် ရီဖူရှင်းကိုယ်တိုင်က ထိုနေရာ၌ ယနေ့ကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ပေသည်။ ထို့ကြောင့် သူက ဤ​နေရာသို့ လာရောက်ရန် ဗုဒ္ဓပွဲတော်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

မဟုတ်လျှင် သူက ထိုမျှ အတင့်ရဲစွာ ပြုမူရဲလိမ့်မည် မဟုတ်သည်မှာ သေချာပေသည်။

ရီဖူရှင်းသည် သူ၏ ရောက်ရှိလာမှုကို မည်သူမှ မသိဟု ယုံကြည်ခဲ့ဖူးသည်။ သို့သော် သူ မည်သည့်အခါကမှ ထင်မှတ်မထားမိခဲ့သည်မှာ သူ အနောက်ဘက်မြင့်မြတ်နယ်မြေသို့ ခြေချချချင်း ထျန်းယင်ရဟန်းက ရှာဖွေတွေ့ရှိသွားလိမ့်မည်ကိုပင် ဖြစ်သည်။ သူရောက်ရှိသည့် သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မကြာခင်၌ ကျင့်ကြံသူများစွာက ထိုအကြောင်းကို ​သေချာပေါက် သိရှိသွားကြမည် ဖြစ်သည်။

“သတိပေးလို့ ကျေးဇူးတင်ပါတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ထရပ်ကာ ပြောလိုက်၏။ “သွားကြစို့။”

သူ ရောက်ရှိလာသည့် သတင်း ထွက်ပေါ်လာသည်နှင့် လူများစွာက အခွင့်အရေးရှာကာ သူ့ကို လာရှာကြမည်ဖြစ်ကြောင်း သတိပြုမိကြပေသည်။ ငြိမ်းချမ်းစွာနေရန်မှာ သူ့အတွက် ခက်ခဲပေလိမ့်မည်။ ယခုမှာ ဗုဒ္ဓပွဲတော်ဖြစ်သည့်အတွက် လက်ရှိအချိန်၌ အန္တရာယ်မရှိသေးသော်လည်း မည်သူကမှ သူ့ကို ပြဿနာလာမရှာဟု ပြောနိုင်ခြင်းမရှိပေ။

လူတစ်စုက ထရပ်လိုက်ကာ စားသောက်ဆိုင်မှ ထွက်သွားခဲ့ပေသည်။ သူတို့က အပြင်ဘက်ကို ဦးတည်လိုက်ပြီးနောက် ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။

စားသောက်ဆိုင်အတွင်းမှ ကျင့်ကြံသူများက ရီဖူရှင်းတို့ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့၏။ ထို့နောက် သူတို့က ခေါင်းပြန်ငုံ့ကာ သူတို့၏ လက်ဖက်ရည်ကို ဆက်သောက်နေခဲ့သည်။ ရီဖူရှင်း ဤနေရာသို့ ရောက်ရှိလာခြင်းက ပေါက်ကြားသွားခဲ့ပြီ ဖြစ်သည်။ သူ့အတွက် ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်နိုင်တော့သည်မှာ သေချာပေသည်။ ဗုဒ္ဓကျင့်ကြံသူများ၏ သန့်စင်မြင့်မြတ်နယ်မြေအတွင်း မရေတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များ ရှိသည်။ ရီဖူရှင်းက သူ့ကိုယ်သူ ဆက်လက်ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

ရီဖူရှင်းတို့အဖွဲ့က ရွှေတောင်ပံငှက်ကြီး၏ ကျောပေါ်တွင် စီးနင်းသွားခဲ့သည်။ သူတို့က အောက်ဘက်မှ အနောက်ဘက်၏ ရှုခင်းများကို ကြည့်ရှုနေကြသည်။ လောကတစ်ခွင်လုံးက အေးချမ်းနေပြီး ဗုဒ္ဓနတ်အလင်းတို့က လွှမ်းခြုံနေခဲ့သည်။ ၎င်းက အလွန် စိတ်လက်​အေးချမ်းစေသော်လည်း ရီဖူရှင်းက မငြိမ်းချမ်းနိုင်ပေ။ သူ့က တစ်ချိန်လုံး ထောက်လှမ်းခံနေရသလို ခံစားမိနေပေသည်။

သို့သော် သူ၏ စွမ်းအားတို့ ထုတ်လွှတ်လိုက်သောအခါ သူ့ကို ထောက်လှမ်းနေသည့် လူများ၏ တည်ရှိမှုကို ခံစားမိနိုင်ခြင်း မရှိပေ။ ထိုသည်က ရီဖူရှင်းအား သူ့ကို စောင့်ကြည့်နေသူက သူ့ထက် ကျင့်ကြံမှုမြင့်မားခြင်း သို့မဟုတ် အထူးစွမ်းရည်များကို ကျင့်ကြံသူဖြစခကြောင်း သတိပြုမိစေခဲ့သည်။

ထိုသူတို့မှာ ဗုဒ္ဓ၏ အထူးစွမ်းရည်ခြောက်မျိုးထဲမှ တစ်မျိုးကို ကျွမ်းကျင်သူများ ဖြစ်နိုင်ပေသည်။

ထိုခံစားမှုက အချိန်အတော်ကြာကတည်းက ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းသည် ငြိမ်းချမ်းစွာ နေနိုင်ရန်မှာ သူ့အတွက် မဖြစ်နိုင်ကြောင်း သိရှိပေသည်။ သူသည် ပို၍ များပြားသော လူများက သူ့ကို ထောက်လှမ်းလာသည်အား ခံစားမိခဲ့သည်။ ထိုသည်မှာ တစ်ဦးတစ်ယောက်တည်းမျှသာ မဟုတ်တော့ပေ။

“ခင်ဗျားတို့အားလုံး ကျုပ်ကို တွေ့ချင်တယ်ဆိုရင် လာတွေ့ကြပါ။ ဘာလို့ အမှောင်ထဲကနေ ကျုပ်ကို ထောက်လှမ်းနေဖို့ လိုအပ်တာလဲ။” ရီဖူရှင်းက ကျယ်လောင်စွာ ပြောလိုက်သည်။ သူ့အသံက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားပြီး အောက်ဘက်ရှိ ကျင့်ကြံသူများက သူ့ကို မော့ကြည့်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင် ရွှေတောင်ပံငှက်ကြီး၏ ပုံရိပ်က အောက်သို့ ထိုးဆင်းလာသည်။ သူတို့လူစုက မြေပြင်သို့ ဆင်းသက်လာကြပြီး သူတို့ခရီးကို ဆက်မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။

အဝေးတွင် မျက်လုံးတစ်စုံ ပေါ်ပေါက်လာသည်ကို ရီဖူရှင်း မြင်တွေ့ခဲ့ရသည်။ မျက်လုံးများက အဆုံးမဲ့ လေဟာနယ်ကို ထိုးဖောက်ကာ သူတို့အား ကြည့်နေခဲ့သည်။ ဤစွမ်းရည်က သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ကျူးဟိုနှင့် ဆင်တူပေသည်။ ၎င်းက ကျူးဟို၏ အင်အားစုမှ အဖွဲ့ဝင်များ ဖြစ်ရပေမည်။

ထျန်းယင်ရဟန်းသည် ရီဖူရှင်းက အနောက်ဘက်မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာသည်အား သိရှိခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းသည် ကျူးဟိုနှင့် သက်ဆိုင်သည့် ဗုဒ္ဓကျင့်ကြံရေးအင်အားစုက သူ့ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့လိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်ထားခဲ့ခြင်း မရှိပေ။

ထို့ပြင် အဝေး၌ ပုံရိပ်များ ပေါ်ပေါက်လာသည်။ သူတို့ထဲမှ အချို့က ဘုန်းတော်ကြီးများ ဖြစ်ကြသော်လည်း အချို့က မဟုတ်ကြပေ။ သူတို့အားလုံးတွင် ထူးခြားပြောင်မြောက်သည့် အရှိန်အဝါတို့ ရှိပေသည်။ သူတို့အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်ရှိလာ၏။ ရီဖူရှင်းက ထိုလူများ မည်သူတို့ဖြစ်ကြောင်း မသိခဲ့ပေ။

ထို့နောက် ပုံရိပ်တစ်ခုက အဝေးမှနေ၍ သူတို့ထံ လျှောက်လာခဲ့သည်။ ထိုဘုန်းကြီးက ထူးခြားအစွမ်းထက်ပုံရသည်။ သူ၏ အရှိန်အဝါက ထျန်းယင်ရဟန်းနှင့် ဆင်တူပေသည်။ သူက အလွန် ငယ်ရွယ်ပြီး သူ့ကို ဖတ်ရန် ခက်ခဲလှသည်။ သူ၏ မျက်လုံးများက ထူးခြားသည့် ခံစားမှုကို ပေးစွမ်းပေသည်။

“ဒကာလေးရီ။” ထိုဘုန်းကြီးက လက်အုပ်ချီကာ နှုတ်ဆက်လိုက်ပြီး ရီဖူရှင်းကို အရိုအသေပေး နှုတ်ဆက်လိုက်သည်။ သူက အလွန် ယဥ်ကျေးပုံရသည်။

“ဆရာတော်။” ရီဖူရှင်းကလည်း လက်ဟန်အမူအရာနှင့် ပြန်ဖြေလိုက်၏။

ထိုဘုန်းကြီးက မေးလိုက်သည်။ “ကျုပ် ဒကာလေးရီအကြောင်း အများကြီး ကြားဖူးပါတယ်။ မင်းက ကောင်းကင်ဒေသမှာ တော်တော် ကျော်ကြားတယ်။ မင်းက နတ်ဘုရားရုပ်ကြွင်းကို ရရှိခဲ့ပြီး မဟာအင်ပါယာတွေ အများကြီးရဲ့ အမွေအနှစ်တွေကို လက်ခံရရှိတဲ့အပြင် နတ်ဘုရားနည်းစနစ်တွေကိုလည်း ကျင့်ကြံခဲ့တယ်။ ကျုပ် သိချင်မိတယ်။ မဟာအင်ပါယာရဲ့ အမွေအနှစ် ဘယ်လောက်များများကို ဒကာလေးရီ ရရှိခဲ့လဲဆိုတာ။” ရီဖူရှင်းက ထူးဆန်းသလို ခံစားလိုက်ရသည်။ သို့သော် မည်မျှ ထူးဆန်းပါစေ သူက ထောက်ပြစရာရှိမနေပေ။ သူ၏ စိတ်ထဲတွင် သူကျင့်ကြံခဲ့ဖူးသည့် မဟာအင်ပါယာများ၏ အမွေအနှစ်တို့ ပေါ်ပေါက်လာခဲ့ပေသည်။ သူက ၎င်းတို့ကို နှုတ်ဖြင့် ဖော်ပြခဲ့ခြင်းမရှိသော်လည်း တစ်ဖက်လူ မေးလိုက်သည့်အခါ သူက ထိုအကြောင်းကို ကျိန်းသေ တွေးမိခဲ့ပေသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် တစ်ဖက်လူက ပြုံးလိုက်သည်ကို ခံစားမိခဲ့သည်။ ထိုအပြုံးကို မြင်သည့်အခါ ရီဖူရှင်းက ပို၍ပင် ထူးဆန်းလာသည်အား ခံစားမိလိုက်ပေသည်။ သူက စိတ်မသက်မသာ ဖြစ်မှုကို ခံစားနေခဲ့ရ၏။ ထိုသည်မှာ သူ့အား စစ်ဆေးထောက်လှမ်းနေသကဲ့သို့ ထင်မှတ်ရပေသည်။

“ဒီလူက စိတ်နယ်လွန်ဆက်သွယ်မှုကို ကျင့်ကြံတဲ့ လူတစ်ယောက်ပဲ။ သူက တခြားလူတွေရဲ့ စိတ်ကို ဖတ်ရှုနိုင်တယ်။ ဒကာလေးရီ သူ့ ထောက်ချောက်ထဲ ကျမသွားစေနဲ့။” အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသည်မှာ ထျန်းယင်ရဟန်းက စိတ်ချင်းဆက်သွယ် ပြောကြားလာခြင်း ဖြစ်ပေသည်။ သူက အနောက်ဘက်မြင့်မြတ်နယ်​မြေအတွင်း ဖြစ်ပျက်သမျှ အရာအားလုံးကို ကြားသိနိုင်သည်။ ဤနေရာ၌ ဖြစ်ပျက်သမျှ အရာအားလုံးကို သူက ကြားသိနိုင်သောကြောင့် ရီဖူရှင်းကို သတိပေးခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျားက တခြားလူတွေရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ရတာ တကယ် ကြိုက်တာပဲ။” ထူးဆန်းသည့် ဘုန်းကြီးက အပြုံးနှင့် ပြောလိုက်သည်။ အခြားတစ်ဖက်တွင် ရီဖူရှင်း၏ အရှိန်အဝါက ပြောင်းလဲသွားခဲ့ပေသည်။ သူက စစ်ဆေးခံနေရသလို ခံစားမိသည်မှာ အံ့သြစရာ မရှိတော့ပေ။ ထိုသည်မှာ သူ၏ အတွေးများကို တစ်ဖက်လူက ဖတ်နေခြင်းကြောင့် ဖြစ်ပေသည်။

All Chapters