အခန်း (၃၁၉)
Vol. 32 Ch. 319
ရှောင်မူကျစ်သည် အထဲသို့ ဝင်လာပြီး သူ၏ အကြည့်များက ကျီပြောင်ပြောင်၏ မျက်နှာပေါ်သို့ ကျရောက်သွားကာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။ သူသည် ဂိုဏ်းတူဦးလေး ကျီချင်းကျူကို ဦးညွှတ်ပြီး မေးလိုက်သည် “ဂိုဏ်းတူဦးလေး… အစ်မပြောင်ပြောင်ရဲ့ မျက်နှာ မကောင်းတာ ကျွန်တော် တွေ့နေရတယ်။ သူ အတွင်းဒဏ်ရာ ရထားတာလား”
ကျီချင်းကျူက ပြောလိုက်သည် “သူက ဆရာသခင်အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားနေတုန်း တစ်ယောက်ယောက်ရဲ့ နှောင့်ယှက်တာ ခံလိုက်ရပြီး ချီစွမ်းအင် လမ်းကြောင်းလွဲသွားလို့ သွေးကြောတွေ အကုန်လုံးနီးပါး ပျက်စီးသွားပြီ”
ရှောင်မူကျစ်က ပြန်လည်ပြောဆိုသည် “ကျွန်တော့်ဆရာက ကျွန်းသခင်ပြောင်လင်းလေ။ ဆရာက တောင်ပိုင်းပင်လယ် နိုင်ငံတွေမှာ လေးစားကြည်ညိုခံရတဲ့ သိုင်းပညာ မဟာဆရာသခင်ကြီး ဖြစ်ရုံသာမက အဂ္ဂိရတ်ပညာမှာလည်း နံပါတ်တစ်လို့ သတ်မှတ်ခံထားရတဲ့ သက်ရှိဆေးနတ်ဘုရားတစ်ပါးပါ။ အစ်မပြောင်ပြောင်ကို ပင်လယ်ရပ်ခြားက ပြောင်လင်းကျွန်းဆီ ခေါ်သွားပြီး ဆရာ့ကို ကုခိုင်းလို့ ရပါတယ်”
တောင်ပိုင်းပင်လယ် နိုင်ငံများဆိုသည်မှာ ယခုခေတ် အရှေ့တောင်အာရှရှိ နိုင်ငံအချို့ကို ဆိုလိုခြင်း ဖြစ်၏။
ကျီချင်းကျူက ပြောလိုက်သည် “ပြောင်ပြောင်… ကြားလား။ ကျွန်းသခင်ပြောင်လင်းက မူလကွင်းပြင်ဒေသက မဟုတ်ပေမဲ့ သူ့ရဲ့ ဂုဏ်သတင်းကျော်ကြားမှုကို သမီး သိမှာပါ။ သူ့ကို ကမ္ဘာ့နံပါတ်တစ် ဆေးနတ်ဘုရားအဖြစ် သတ်မှတ်ထားကြတယ်။ သူကပဲ သမီးရဲ့ သွေးကြောတွေကို ကုသပေးနိုင်မှာ။ ဒီ မောက်မာပြီး ဘာမှနားမလည်တဲ့ ကုန်းကုန်းခွေးလေး တုပိုင်က ကုပေးနိုင်မှာ မဟုတ်ဘူး”
သူသည် တုပိုင်၏ အမည်မှန်ကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုလိုက်ရာ ရှောင်မူကျစ်က ချက်ချင်း လှမ်းကြည့်လိုက်သည်။ တုပိုင်၏ မျက်နှာမှာ တစ်ချက် ရှုံ့မဲ့သွား၏။ ဤနေ့မှစ၍ ပိုင်ဆယ်စီရင်စုတွင် ယွင်ကျုံးရှဲ့အဖြစ် ဆက်လက်ဟန်ဆောင်၍ မရနိုင်တော့ပေ။
ကျီပြောင်ပြောင်က တုပိုင်ကို ကြည့်ပြီး ထပ်ပြောလိုက်သည် “ရှင် ကျွန်မရဲ့ သွေးကြောတွေကို ကုပေးနိုင်တယ်လို့ ပြောခဲ့တယ်။ ကျွန်မ ရှင့်ကို ယုံတယ်”
တုပိုင်က ပြန်ပြောသည် “ကျွန်တော် လုပ်ပေးနိုင်ပါတယ်”
ကျီပြောင်ပြောင်က ဆိုသည် “ရှင် မလုပ်နိုင်ရင်တောင်မှ အကောင်းဆုံး ကြိုးစားပေးသရွေ့ ကျွန်မ ရှင့်ကို ယုံကြည်နေမှာပါ။ သွားကြစို့… ရှင့်ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို ပြန်ကြမယ်”
သူမသည် တုပိုင်၏ လက်ကို ဆွဲပြီး လှည့်မကြည့်ဘဲ ၊ ရပ်မနေဘဲ ထွက်ခွာသွားလေ၏။ ကျီချင်းကျူသည် ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး နောက်မှနေ၍ ဟိန်းဟောက်လိုက်သည် “ကျီပြောင်ပြောင်… မင်း ထွက်သွားရင် ပြန်မလာနဲ့တော့။ ငါ့မှာ မင်းလို သမီး မရှိတော့ဘူး”
ကျီပြောင်ပြောင်က ပြန်လည်ပြောဆိုသည် “ဒါပေမဲ့ အဖေကတော့ သမီးရဲ့ အဖေပါပဲ”
ကျီချင်းကျူက ပြောလိုက်သည် “မင်း ထွက်သွားတာနဲ့ အပြာရောင်နဂါးဂိုဏ်းချုပ် နေရာကို ဆက်ခံခွင့် မရှိတော့ဘူး။ ဒီနေ့ကစပြီး ရှောင်မူကျစ်က ငါ့ရဲ့ မွေးစားသားပဲ။ သူကပဲ ငါ့နေရာကို ဆက်ခံရမယ်”
ရှောင်မူကျစ်က ချက်ချင်း ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည် “ဂိုဏ်းတူဦးလေး… မူကျစ်က ဦးလေးကို အဖေအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အပြာရောင်နဂါးဂိုဏ်းချုပ် နေရာကိုတော့ လိုချင်စိတ် မရှိပါဘူး။ အဲဒီနေရာက အစ်မပြောင်ပြောင်နဲ့ပဲ ထိုက်တန်တာပါ”
ကျီပြောင်ပြောင်က ဆိုသည် “ကျွန်မက အပြာရောင်နဂါးဂိုဏ်းအတွက် အမြဲတမ်း တိုက်ခိုက်ခဲ့တယ် ၊ သွေးထွက်သံယို ဖြစ်ခဲ့တယ် ၊ စွန့်လွှတ်အနစ်နာခံခဲ့တယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်နေရာအတွက်တော့ တစ်ခါမှ မဟုတ်ခဲ့ပါဘူး”
ထို့နောက် သူမသည် စကားထပ်မံမပြောတော့ဘဲ ခြေလှမ်းများကို အရှိန်မြှင့်ကာ တုပိုင်ကို ခေါ်ဆောင်၍ လုံးဝ ထွက်ခွာသွားလေ၏။ ကျီချင်းကျူက နောက်မှနေ၍ ဟိန်းဟောက်လိုက်ပြန်သည် “အပြာရောင်နဂါးဂိုဏ်းသား အားလုံး ငါ့အမိန့်ကို နာခံကြ။ ဒီနေ့ကစပြီး ရှောင်မူကျစ်က ငါ့ရဲ့ မွေးစားသား ၊ အပြာရောင်နဂါးဂိုဏ်းချုပ် နေရာကို ဆက်ခံမယ့်သူပဲ။ ကြားကြလား”
ဤအသံသည် အပြာရောင်နဂါးဂိုဏ်း တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသော်လည်း အားလုံးက လုံးဝ တိတ်ဆိတ်နေကြပြီး မည်သူမျှ ပြန်မဖြေကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် ကျီပြောင်ပြောင်ကို အလွန် ချစ်မြတ်နိုးကြပြီး သူမကို အနာဂတ် ဂိုဏ်းချုပ်ဆက်ခံမည့်သူအဖြစ် သတ်မှတ်ထားကြသောကြောင့် ဖြစ်၏။ ထို့အပြင် အပြာရောင်နဂါးဂိုဏ်းအတွက် သူမ၏ စွမ်းဆောင်ချက်များကို အားလုံးက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီး သူမသည် အမှန်တကယ်ပင် အထူးချွန်ဆုံး ဆက်ခံသူ ဖြစ်ပေသည်။
ကျီချင်းကျူက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည် “ကြားကြလား။ မင်းတို့ကပါ ငါ့အမိန့်ကို ဖီဆန်ချင်နေတာလားကွ”
နေရာအနှံ့ရှိ အပြာရောင်နဂါးဂိုဏ်းသားများ အားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည် “ကြားပါတယ်”
ကျီချင်းကျူသည် သမီးဖြစ်သူ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ပြီး အလွန်အမင်း ဒေါသထွက်ကာ ဟိန်းဟောက်လိုက်သည် “အားလုံး ဒူးထောက်ပြီး သခင်လေး ရှောင်မူကျစ်ကို အရိုအေပေးကြ”
သူသည် အလွန် အစွန်းရောက်သော လူတစ်ယောက် ဖြစ်၏။ ဟိုတုန်းက စာပေပညာကို စွန့်လွှတ်ပြီး သိုင်းပညာကို လိုက်စားခဲ့စဉ်ကလည်း ဤအတိုင်းပင် ဖြစ်သည်။ နောက်ပိုင်း ပေမင်ဓားဂိုဏ်းကို သစ္စာဖောက်ခဲ့စဉ်ကလည်း ဤအတိုင်းပင် ဖြစ်၏။ ယခုလည်း ဤအတိုင်းပင် ဖြစ်နေဆဲ ဖြစ်သည်။ ကျီချင်းကျူ၏ အမိန့်ကို နာခံကာ အပြာရောင်နဂါးဂိုဏ်းသား အားလုံး ဒူးထောက်ချလိုက်ကြပြီး ပြောလိုက်ကြသည် “သခင်လေးကို ဂါရဝပြုပါတယ်”
ထို့နောက် ကျီပြောင်ပြောင်သည် တုပိုင်၏ လက်ကို ဆွဲပြီး သွေးကွမ်ရင်နှင့်အတူ မရေမတွက်နိုင်သော အပြာရောင်နဂါးဂိုဏ်းသားများ၏ နှမြောတသဖြစ်နေသော အကြည့်များအလယ်မှ အပြာရောင်နဂါးဂိုဏ်း တံခါးဝသို့ လျှောက်လှမ်းထွက်ခွာလာခဲ့သည်။ ထွက်ခွာခါနီးအချိန်တွင် ကျီပြောင်ပြောင်သည် အပြာရောင်နဂါးဂိုဏ်းကို ပြန်လှည့်ကြည့်လိုက်သေး၏။
တုပိုင်က ပြောလိုက်သည် “မမပြောင်ပြောင်… မမပိုင်တဲ့အရာက မမပိုင်တဲ့အရာပါပဲ။ ဘယ်သူမှ လုယူသွားလို့ မရပါဘူး”
ကျီပြောင်ပြောင်က ဆိုသည် “မောင်လေး တုပိုင်… ခုနက အပြာရောင်နဂါးဂိုဏ်းထဲမှာတုန်းက မမက ဦးဆောင်ပြီး ရှေ့က လျှောက်ခဲ့တယ်။ အခု အပြင်ရောက်ပြီဆိုတော့ မမက မောင်လေးရဲ့ ဦးဆောင်မှုအောက်ကို ဝင်လိုက်ပြီ။ ဒါကြောင့် မောင်လေးက ရှေ့က လျှောက်ပါ။ မောင်လေးက ဦးဆောင်ပါ”
ခဏအကြာတွင် ကျီပြောင်ပြောင်က ဆက်ပြောသည် “ဒါ့အပြင် ဇနီးသည်ဆိုတာ ခင်ပွန်းသည်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ရတယ်လေ။ မမကွမ်ရင်… ဟုတ်တယ်မလား”
သွေးကွမ်ရင် လန့်ဖျပ်သွားပြီး မျက်နှာတစ်ခုလုံး ရဲတက်သွားကာ မေးလိုက်သည် “နင်… နင်က ငါနဲ့သူ့အကြောင်း ဘယ်လိုလုပ် သိတာလဲ”
ကျီပြောင်ပြောင်က ပြန်လည်ပြောဆိုသည် “ဒီနေ့ မမကျွန်မကို ပြောတဲ့စကားတွေက အချစ်တွေနဲ့ ပြည့်နှက်နေတာပဲလေ။ ပြီးတော့ တုပိုင်ကို ကြည့်တဲ့ မမရဲ့ အကြည့်တွေကို အစက သတိမထားမိပေမဲ့ ကျွန်မက အရူးမှ မဟုတ်တာ”
သွေးကွမ်ရင်သည် ချက်ချင်းပင် အလွန် ရှက်ရွံ့သွားလေသည်။ ကျီပြောင်ပြောင်က ဆက်လက်ပြောဆိုသည် “မမကွမ်ရင်… ကျွန်မ မမရဲ့ အချစ်ကို လုယူမှာ မဟုတ်ပါဘူး။ ပြန်ရောက်ရင် မမတို့နှစ်ယောက် ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး ဇနီးမောင်နှံအဖြစ် လက်ထပ်ကြဖို့ ကျွန်မ စီစဉ်ပေးပါမယ်”
သွေးကွမ်ရင်က တုပိုင်ကို ကြည့်ပြီးနောက် နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည် “လက်ထပ်ပွဲ ကျင်းပမယ်ဆိုရင် အတူတူ ကျင်းပကြတာပေါ့။ တုပိုင်က ကုန်းကုန်းခွေးတစ်ကောင် ဆိုတော့ ဒီလက်ထပ်ပွဲက ကျွန်မတို့တွေ ဘေးချင်းယှဉ် တိုက်ပွဲဝင်မယ့် လက်တွဲဖော်တွေ ဖြစ်ကြောင်း သက်သေပြတဲ့ အခမ်းအနား သဘောမျိုးပါပဲ”
ကျီပြောင်ပြောင်က တုပိုင်ကို ကြည့်လိုက် ၊ သွေးကွမ်ရင်ကို ကြည့်လိုက်နှင့် ပြောလိုက်သည် “ကောင်းပြီလေ… ဒါဆို အတူတူ လက်ထပ်ကြတာပေါ့။ အခမ်းအနားတစ်ခုနဲ့ ကျွန်မတို့ကို လုံးဝ ပေါင်းစည်းလိုက်ကြတာပေါ့။ ဒီနေ့ကစပြီး ကျွန်မတို့ ဘေးချင်းယှဉ် တိုက်ပွဲဝင်ကြမယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို ရောက်တာနဲ့ ကျွန်မတို့ သုံးယောက် ချက်ချင်း လက်ထပ်ပွဲ ကျင်းပကြမယ်။ ဒီနေ့ကစပြီး ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး အဆုံးထိ တိုက်ပွဲဝင်ကြမယ်”
ရူးသွပ်လွန်းလှပေသည်။ တုပိုင်သည် အမျိုးသမီးနှစ်ယောက်၏ စကားဝိုင်းကို နားထောင်ရင်း တစ်ခုတည်းသော ခံစားချက်ကိုသာ ခံစားနေရ၏။ ရူးသွပ်လွန်းလှသည် ဟူ၍သာ ဖြစ်သည်။ ဤနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ရူးသွပ်လွန်းလှပေသည်။
တုပိုင်သည် အိပ်မက်စနစ်၏ ထိန်းချုပ်မှုနှင့် ကာကွယ်မှုမှ လွတ်မြောက်ရန် လွတ်လပ်မှုကို ရွေးချယ်ခဲ့သည်။ တုပိုင် စမ်းသပ်ကြည့်ပြီးပြီ ဖြစ်၏။ သူ တရားထိုင်၍ ရသေးသည်။ ဦးနှောက်စွမ်းရည် ၁၀ ဆနှင့် အချိန်အဆပေါင်းများစွာ ရရှိနေဆဲ ဖြစ်သည်။ ထို ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်မှိန်မှိန် ပုံရိပ်သာ ငြိမ်းသွားခြင်း ဖြစ်၏။ ကျီပြောင်ပြောင်သည်လည်း ကျီချင်းကျူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ရွေးချယ်ခဲ့ပြီး လွတ်လပ်သော လူသားတစ်ယောက် ဖြစ်လာခဲ့သည်။ ယခုမှစ၍ တုပိုင်နှင့် ကျီပြောင်ပြောင်တို့ နှစ်ဦးစလုံးသည် ကိုယ့်ကိုယ်ကိုယ်သာ အပြည့်အဝ အားကိုးရတော့မည် ဖြစ်သည်။
တုပိုင်သည် စိတ်ထဲမှ ကြုံးဝါးလိုက်သည် “အိပ်မက်စနစ်… ပိုင်ဆယ်စီရင်စုက အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီး ကျွန်တော် ရင်ဆိုင်ရမယ့် အခက်အခဲတွေက ဖြေရှင်းလို့ မရနိုင်လောက်အောင် ဖြစ်နေပေမဲ့ ကျွန်တော် ကိုယ့်နေရာကိုယ် ရအောင် ယူပြမယ်။ ခင်ဗျား မှားတယ်ဆိုတာ သက်သေပြပြီး ခင်ဗျားကို ကျွန်တော့်ရဲ့ အရှင်သခင် မဟုတ်ဘဲ လက်ထောက်အဖြစ် လိုလိုလားလား ပြန်လာအောင် လုပ်ပြမယ်”
ကျီပြောင်ပြောင်သည် အပြာရောင်နဂါးဂိုဏ်း၏ မြင့်မားသော မျှော်စင်ကြီးကို လှမ်းကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည် “အဖေ… တုပိုင်နဲ့ သမီးက ကိုယ်ပိုင် ကောင်းကင်တစ်ခုကို ဖန်တီးပြမယ်။ အဖေ မှားတယ်ဆိုတာကို လက်တွေ့သက်သေပြမယ်”
ထို့နောက် တုပိုင်သည် တိမ်တိုက်အောက်က မိစ္ဆာသခင် မျက်နှာဖုံးကို ရုတ်တရက် ဆွဲခွာလိုက်ပြီး သူ၏ မူလမျက်နှာအမှန်ကို ဖော်ထုတ်ကာ ပိုင်ဆယ်စီရင်စုရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးဆီသို့ လျှောက်လှမ်းသွားလေတော့သည်။
ပိုင်ဆယ်စီရင်စု ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသို့ ပြန်ရောက်သောအခါ တံခါးဝတွင် တောင်းရမ်းစားသောက်နေသော သူတောင်းစား ၁၀ ယောက်ကျော် ရှိနေဆဲပင် ဖြစ်သည်။ အတွင်းပိုင်းတွင်မူ အလွန်အမင်း ခြောက်ကပ်နေဆဲဖြစ်ပြီး ကုတင်တစ်လုံး ၊ ထိုင်ခုံတစ်လုံးမျှပင် မရှိဘဲ ဗလာဟင်းလင်း ဖြစ်နေ၏။
တုပိုင် ပြန်ရောက်လာသည်ကို မြင်သောအခါ ဝူကျိုးစီရင်စုမှ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးငယ်ဟောင်း လင်းချီနျန်နှင့် အခြားသူများက ကြိုဆိုရန် ထွက်လာကြသည်။ လီစန်း ၊ လီစစ် ၊ လီဝေ ၊ ချန်ဖိန် ၊ ကျော့အန် ၊ လင်းချီနျန် ၊ ကျန်းယွီလွန်းတို့ ဤခုနစ်ယောက်သည် ပိုင်ဆယ်စီရင်စုတွင် တုပိုင် ပိုင်ဆိုင်သော အင်အားစု အားလုံးပင် ဖြစ်သည်။ ယခုအခါ မမပြောင်ပြောင် ထပ်တိုးလာသော်လည်း သူမ၏ သွေးကြောများ ပျက်စီးနေပြီး သိုင်းပညာလည်း မရှိသလောက် ဖြစ်နေ၏။
သူ့တွင် လူ ၇ ယောက်သာ ရှိသော်လည်း ရန်သူများမှာမူ သောင်းနှင့်ချီ၍ ရှိနေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကိုယ်ပိုင် ကောင်းကင်တစ်ခု ထူထောင်ရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ခက်ခဲလှပေသည်။ ထို့အပြင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးတွင် စားနပ်ရိက္ခာ ပြတ်လပ်နေဆဲဖြစ်ပြီး အပြင်ဘက်ရှိ လူတစ်ဒါဇင်ခန့်မှာ တောင်းရမ်းနေရဆဲ ဖြစ်၏။ တုပိုင်နှင့် အခြားသူများ၏ ရိက္ခာခြောက်များမှာလည်း ကြာရှည်ခံတော့မည် မဟုတ်ပေ။
လင်းချီနျန်၏ မျက်နှာတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏ “သခင်လေး ပြန်ရောက်လာပြီပဲ”
တုပိုင်သည် လူအုပ်ထဲတွင် ချန်ဖိန်ကို မတွေ့ရသဖြင့် မေးလိုက်သည် “ချန်ဖိန်ရော ဘယ်ရောက်သွားလဲ”
လင်းချီနျန်က ပြောလိုက်သည် “တံခါးဝက အရှေ့ဘက်ကွပ်ကဲရေးရုံး လူတွေက ဘာမှ တောင်းလို့ မရတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရိက္ခာခြောက်တွေကိုပဲ သူတို့ကို ပေးနေရတယ်။ လူတစ်ဒါဇင်လောက် ပိုလာတော့ ကျွန်တော်တို့ရဲ့ ရိက္ခာခြောက်တွေက နှစ်ရက်ပဲ ခံတော့မှာ”
တပ်စုမှူးအိုကြီး သူတောင်းစားက ဝင်ပြောသည် “သူတို့က မင်းတို့ကို ပိုင်ဆယ်စီရင်စုကနေ ထွက်သွားရင်သွား ၊ မသွားရင် ငါတို့လို တောင်းစားခိုင်းဖို့ ဖိအားပေးနေကြတာ”
တုပိုင်က ထပ်မံမေးမြန်းသည် “ချန်ဖိန်ရော ဘယ်ရောက်သွားလဲ”
လင်းချီနျန်က ဖြေကြားသည် “ချန်ဖိန်က ကုန်းကုန်းမဟုတ်တော့ ဆန်ဆိုင်ကို ငွေယူသွားပြီး ဆန်သွားဝယ်တယ်။ ငွေ ၁၀ ဆ ပေးတာတောင် မရဘူး။ နောက်ပိုင်း ဆန်ဆိုင်က လူတွေက သူ့ကို ကုန်းကုန်းမဟုတ်ကြောင်း သက်သေပြခိုင်းကြတယ်။ လူတချို့က သူ့ဘောင်းဘီကို ဆွဲချပြီး ငယ်ပါ ပါမပါ စစ်ဆေးကြတယ်။ ချန်ဖိန်က ဒီလို အရှက်ခွဲတာကို မခံနိုင်လို့ ပြန်တိုက်ခိုက်ရာကနေ သူ့ခြေထောက်နှစ်ဖက်စလုံး ရိုက်ချိုးခံလိုက်ရတယ်”
ချက်ချင်းပင် တုပိုင်၏ ရင်ထဲမှ ဒေါသများက ရိုင်းစိုင်းစွာ ပေါက်ကွဲထွက်လာတော့မတတ် ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ မျက်လုံးအိမ်များပင် ကွဲထွက်သွားမတတ် ဖြစ်သွားလေ၏။
အပိုင်း ၃၁၉ ပြီး။