← Chapters

အခန်း (၃၂၀)

Vol. 32 Ch. 320

အခန်း (၃၂၀)

Vol. 32 Ch. 320

တုပိုင်၏ အားကိုးရသော အကြံပေးတစ်ဦးဖြစ်သူ ချန်ဖိန်သည် အခြေခံအားဖြင့်မူ သာမန်စာတတ်ပေတတ် ပညာရှိကလေးတစ်ဦးသာ ဖြစ်ပေသည်။ လူတိုင်းအတွက် ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်ကာ အစားအသောက် ဝယ်ယူရန် ကြိုးပမ်းခဲ့သည့် သူ၏စေတနာမှာ အရှက်ခွဲခံရမှုနှင့်သာ အဆုံးသတ်ခဲ့ရသည်။ သူသည် ရက်ရက်စက်စက် အနိုင်ကျင့်ခံခဲ့ရရုံသာမက ခြေထောက်နှစ်ဖက်စလုံးကိုပါ ရိုက်ချိုးခြင်း ခံလိုက်ရလေသည်။

ထိုအဖြစ်အပျက်ကို သိရှိလိုက်ရသောအခါ တုပိုင်၏ ဒေါသမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး ချက်ချင်းပင် စူးရှစွာ ပြောလိုက်လေတော့သည်။

“သာမန် ဆန်ဆိုင်လေးတစ်ခုက ငါ့ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဒီလောက်တောင် အနိုင်ကျင့်ရဲတယ်ပေါ့လေ။ နိမ့်ကျတဲ့ ဆိုင်ရှင်လေးတစ်ယောက်က ငါ့ရဲ့ အကြံပေး ခြေထောက်ကို ရိုက်ချိုးရဲတယ်ပေါ့။ မင်းတို့အားလုံးက ရိက္ခာခြောက်တွေပဲ စားပြီး ငြိမ်နေကြတာလား။ ဘာလို့ ပြန်မတိုက်ခိုက်ကြတာလဲ။ ဘာလို့ ဖမ်းမဆီးခဲ့ကြတာလဲ”

ကွေ့မင်းသားအိမ်တော်မှ အစောင့်ဟောင်းဖြစ်သူ ကျော့အန်က အခြေအနေကို ဤသို့ ရှင်းပြလိုက်သည်။

“တပ်မှူးငယ်… အရှင် မသိလို့ပါ။ ပိုင်ဆယ်စီရင်စုရဲ့ ဆန်စပါးလုပ်ငန်း အားလုံးကို ရှန်လုံချန် ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ်ထားတာပါ။ သူတို့မှာ ဆိုင်ခွဲပေါင်း တစ်ရာကျော်ရှိပြီး နောက်ကွယ်မှာ ဟုန်ဟယ်အဖွဲ့ ရှိနေပါတယ်”

ဟုန်ဟယ်အဖွဲ့ ဆိုသည်မှာ လီမိသားစုက ပိုင်ဆယ်စီရင်စုနှင့် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးကို အုပ်ချုပ်ရာတွင် အသုံးပြုသော စီးပွားရေးအသင်းအဖွဲ့ကြီး ဖြစ်ပြီး အလွန် အင်အားကြီးမားလှသည်။ ထိုအဖွဲ့၏ ခေါင်းဆောင် လီရူကျစ်သည် ထျန်တောက်အဖွဲ့၏ ခေါင်းဆောင် လီတောက်အန်း၏ ဇနီးလည်း ဖြစ်ပေသည်။

ထျန်တောက်အဖွဲ့ ခေါင်းဆောင် လီတောက်အန်းဆိုသည်မှာ လီမိသားစု စော်ဘွားက ပိုင်ဆယ်စီရင်စုကို ထိန်းချုပ်ရန် အသုံးပြုသော သိုင်းပညာ လက်နက်ကိရိယာတစ်ခုပင်။ သိုင်းပညာအရ ပြောရလျှင် လီတောက်အန်းသည် ကျီချင်းကျူလောက် မတော်နိုင်သော်လည်း ထျန်တောက်အဖွဲ့တွင်မူ အပြာရောင်နဂါးဂိုဏ်းထက် အဖွဲ့ဝင် အများကြီး ပိုများလေသည်။ ပိုင်ဆယ်စီရင်စု တစ်ခုတည်းမှာပင် အဖွဲ့ဝင် ခြောက်ထောင်ကျော် ရှိနေပြီး လိုအပ်ပါက သူတို့အားလုံးမှာ တိုက်ရိုက် စစ်တပ်အဖြစ် ပြောင်းလဲသွားနိုင်သော အင်အားစုများ ဖြစ်ကြသည်။

“ဒါတင်မကသေးပါဘူး။ ဒီ ရှန်လုံချန်ဆန်ဆိုင်မှာ ရှယ်ယာရှင်တွေ အများကြီး ရှိပါတယ်။ ဥပမာ ပိုင်ဆယ်စီရင်စုရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ၊ ပိုင်ဆယ်စီရင်စုမှူး ၊ ပိုင်ဆယ် တပ်စောင့်တပ်မှူး စသဖြင့်ပေါ့”

ထိုအခါမှ တုပိုင် အခြေအနေအရပ်ရပ်ကို နားလည်သွားတော့သည်။ ချန်ဖိန်၏ ခြေထောက်ကို ရိုက်ချိုးခဲ့သူများမှာ ဆန်ဆိုင်ပိုင်ရှင်နှင့် လက်ထောက်များသာ ဖြစ်သော်လည်း ရှန်လုံချန် ဆန်ဆိုင်သည် အာဏာရှိသူများ ပါဝင်ပတ်သက်နေသည့် အလွန်ကြီးမားသော ဆိုင်ခွဲအုပ်စုကြီး ဖြစ်နေသောကြောင့်သာ ပိုင်ဆယ်စီရင်စု၏ ဆန်စပါး ထောက်ပံ့မှုကို လက်ဝါးကြီးအုပ်ထားနိုင်ခြင်း ဖြစ်ပေသည်။

တုပိုင်က ဆက်လက်၍ မေးမြန်းလိုက်သည်။

“ဒါဆို ဒီ ရှန်လုံချန် ဆိုင်ခွဲပေါင်း ရာချီရဲ့ ပိုင်ရှင်က ဘယ်သူလဲ”

“ထျန်တောက်အဖွဲ့ ခေါင်းဆောင် လီတောက်အန်းနဲ့ ဟုန်ဟယ်အဖွဲ့ ခေါင်းဆောင် လီရူကျစ်တို့ရဲ့ သမီး လီလင်းယွီပါ”

ထိုစဉ် တံခါးဝ၌ သူတောင်းစားဘဝ ရောက်နေရသော တပ်စုမှူးအိုကြီးထူက ကြားဖြတ်၍ ပြောဆိုလိုက်သည်။

“တပ်မှူးငယ်တုပိုင်… လက်လျှော့လိုက်ပါတော့။ မင်း သူတို့ကို မယှဉ်နိုင်ပါဘူး။ ရိက္ခာခြောက်တွေ ကုန်သွားရင် ငါနဲ့အတူ တံခါးဝမှာ လိမ်လိမ်မာမာပဲ တောင်းစားလိုက်ပါတော့”

ထိုအချိန်တွင် တုပိုင်၏ လက်အောက်ငယ်သား အားလုံးက သူ့ကို စောင့်ကြည့်နေကြသည်။ ချန်ဖိန်သည် လူတိုင်းအတွက် အနစ်နာခံကာ ခြေထောက် ရိုက်ချိုးခံခဲ့ရသည်။ ဆန်ဆိုင်လေးတစ်ခုကပင် အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဗြောင်ကျကျ အနိုင်ကျင့်ရဲနေသည့် အခြေအနေ ဖြစ်သည်။ အကယ်၍ တုပိုင်အနေဖြင့် ပြန်လည် လက်တုံ့မပြန်နိုင်ခဲ့ပါက သူ၏ လက်အောက်ငယ်သားများမှာ စိတ်ဓာတ်ခွန်အားများ ပျက်စီးသွားပြီး သစ္စာစောင့်သိမှုများလည်း လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။

တုပိုင်သည် ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ပြီး မျက်လုံးမှိတ်ကာ အလေးအနက် စဉ်းစားလိုက်သည်။ သူသည် အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတော့မည် ဖြစ်သည်။ လက်ရှိတွင် သူ့ထံ၌ အပြာရောင်နဂါးဂိုဏ်း၏ ထောက်ခံမှု မရသေးသလို မိုမိသားစု၏ မိတ်ဟောင်းဆွေဟောင်းများ၏ သစ္စာခံမှုကိုလည်း မရရှိသေးဘဲ လူအနည်းငယ်သာ ရှိနေသည်။

ဤကဲ့သို့ အကျပ်အတည်းမျိုးတွင် သွေးထွက်သံယို လမ်းကြောင်းတစ်ခု ဖောက်ရန် တိုက်ခိုက်သင့်ပါသလား။ တိုက်ခိုက်ခြင်းက ပျက်စီးခြင်းသို့ ဦးတည်သွားနိုင်သော်လည်း မတိုက်ခိုက်ခြင်းကမူ စိတ်ဓာတ်နှင့် ဂုဏ်သိက္ခာကို အပြီးတိုင် ဖျက်စီးပစ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

တိုက်မည်… တိုက်မည်… တိုက်ကို တိုက်ရမည်။

သေမင်းတမန် ထောင်ချောက်အတွင်း ရောက်ရှိနေစဉ် ရှင်သန်ခွင့် လမ်းစရှာရခြင်းမှာ လည်ပတ်နေသည့် ဒင်္ဂါးပြားတစ်ခုနှင့် ဆင်တူလှသည်။ သာမန်အခြေအနေတွင် ဒင်္ဂါးပြားတစ်ခုသည် စားပွဲပေါ်၌ မတ်မတ်ရပ်ရန် ခက်ခဲသော်လည်း အရှိန်အဟုန်ဖြင့် အဆက်မပြတ် လည်ပတ်နေမှသာ လဲကျမသွားဘဲ တည်ငြိမ်စွာ ရပ်တည်နိုင်မည် ဖြစ်သည်။ ပိုင်ဆယ်စီရင်စု၏ အကျပ်အတည်းမှာလည်း ထိုနည်းတူပင်။ အဆက်မပြတ် တိုက်ခိုက်ခြင်းဖြင့်သာ သွေးထွက်သံယို လမ်းကြောင်းတစ်ခု ဖောက်ပြီး ရှင်သန်ခွင့် ရောင်ခြည်ကို ရှာတွေ့နိုင်ပေလိမ့်မည်။

ခဏအကြာတွင် တုပိုင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

“ငါတို့မှာ လူအနည်းငယ်ပဲ ရှိတယ်။ ပြီးတော့ အစားအသောက်လည်း ကုန်ခါနီးပြီ။ အစားအသောက် ဝယ်ဖို့က မဖြစ်နိုင်ဘူး။ ပိုင်ဆယ်စီရင်စုမှာ ဘယ်သူကမှ ငါတို့ဘက်က မရပ်တည်ကြဘူး။ ဘာလို့လဲဆိုတော့ ငါတို့က ကိုယ့်ရဲ့ အသံကို ထုတ်မပြောခဲ့လို့ ၊ ငါတို့ရဲ့ အင်အားနဲ့ ဆန္ဒကို မပြသခဲ့လို့ပဲ။ ဒါကြောင့် ဘေးလူတွေက သဘာဝကျကျ ငါတို့ကို အထင်သေးကြတာပေါ့”

“အစားအသောက် ဝယ်လို့မရရင် မဝယ်နဲ့တော့။ သွားလုမယ်”

“ရှန်လုံချန် ဆန်ဆိုင်က နိမ့်ကျတဲ့ မသမာသူ ကုန်သည်တွေက ငါ့ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး လူတွေကို ဒုက္ခပေးရဲတယ်။ ငါတို့သာ ပြန်လက်တုံ့မပြန်ရင် ငါတို့ရဲ့ ကျောရိုး ကျိုးသွားလိမ့်မယ်။ နောက်ဘယ်တော့မှ ပြန်မတ်နိုင်တော့မှာ မဟုတ်ဘူး”

“ဒီဆန်ဆိုင်ရဲ့ နောက်ကွယ်က ကျောထောက်နောက်ခံ ဘယ်လောက် ကြီးမားလဲ ၊ ဩဇာအာဏာ ဘယ်လောက် ကြီးမားလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ အခု ချက်ချင်း သွားပြီး ဒီဆန်ဆိုင်ကို လုံးဝ သိမ်းပိုက်မယ် ၊ ဆန်တွေကို လုမယ် ၊ မသမာသူ ကုန်သည်တွေကို ဖမ်းမယ်။ ဖမ်းဆီးတာကို ခုခံရဲတဲ့သူ ရှိရင် ညှာတာမနေနဲ့… သတ်”

တုပိုင်၏ အမိန့်သံအောက်တွင် လီစန်း ၊ လီစစ် ၊ လီဝေနှင့် အခြားသူများမှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများပင် နီရဲလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ပိုင်ဆယ်စီရင်စုသို့ ရောက်ကတည်းက သူတို့ ခံစားခဲ့ရသော မွန်းကြပ်မှုနှင့် အရှက်ရမှုများမှာ အခုတော့ ပေါက်ကွဲထွက်ခွင့် ရခဲ့ပြီ ဖြစ်သည်။

တုပိုင်သည် တံခါးဝသို့ လျှောက်သွားပြီး တပ်စုမှူးအိုကြီးထူနှင့် သူတောင်းစား ဖြစ်နေသော အရှေ့ဘက်ကွပ်ကဲရေးရုံး လူများကို မေးလိုက်သည်။

“ခင်ဗျားတို့လည်း အရှေ့ဘက်ကွပ်ကဲရေးရုံး လူတွေပဲ။ ကျွန်တော်နဲ့အတူ လိုက်မလား”

လူအချို့ လှုပ်ရှားချင်နေကြသော်လည်း တပ်စုမှူးအိုကြီးထူကမူ အေးစက်စွာဖြင့် တုံ့ပြန်လိုက်သည်။

“မင်း သေချင်ရင် တစ်ယောက်တည်း သွား။ ငါတို့ကို ဆွဲမထည့်နဲ့”

တုပိုင်က ခေါင်းညိတ်လိုက်၏။ “အားလုံးပဲ… အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်ဝတ်စုံတွေ ဝတ်ဆင်ကြ။ ရှန်လုံချန် ဆန်ဆိုင်ကို သွားသိမ်းပိုက်မယ် ၊ ဆန်တွေ လုမယ် ၊ မသမာသူ ကုန်သည်တွေကို ဖမ်းမယ်”

“အမိန့်တော်အတိုင်းပါ”

**--**--**--**--**--**--**--**

တုပိုင်သည် သွေးကွမ်ရင်နှင့် ကျီပြောင်ပြောင် အပါအဝင် ယုံကြည်ရသော နောက်လိုက် ၆ ယောက်ကို ဦးဆောင်ကာ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်ဝတ်စုံများ ဝတ်ဆင်၍ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်လျက် ရှန်လုံချန် ဆန်ဆိုင်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ထိုမြင်ကွင်းကို မြင်တွေ့ရသော လူအများမှာ စိတ်ဝင်တစား ကြည့်ရှုနေကြသလို၊ သတင်းပေးများမှာလည်း အသီးသီး ပြေးလွှား သတင်းပို့နေကြလေသည်။

ရှန်လုံချန် ဆန်ဆိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးနှင့် သိပ်မဝေးလှဘဲ ၁၅ မိနစ်ခန့် လမ်းလျှောက်ရုံနှင့် ရောက်ရှိနိုင်ပေသည်။ ယင်းမှာ သုံးထပ်တိုက် အဆောက်အဦးကြီး ဖြစ်ပြီး အင်အားတောင့်တင်းသော လက်ထောက်များနှင့် လူမိုက်များစွာ ရှိနေသည်။ သို့သော် အဓိက သတိပြုစရာမှာ တံခါးဝ၌ တန်းစီရပ်နေသော ထျန်တောက်အဖွဲ့ စစ်သည် ၁၀၀ ကျော်နှင့် ၎င်းတို့ကို ဦးဆောင်နေသည့် အမျိုးသားဝတ်စုံဝတ် အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။

သူမမှာ တုပိုင် ခန့်မှန်းထားသည့်အတိုင်း ရှန်လုံချန် ဆန်ဆိုင်၏ ပိုင်ရှင် လီလင်းယွီပင် ဖြစ်လေသည်။ သူမနှင့် သူမ၏ လူများမှာ တုပိုင်တို့ လာရောက်မှုကို အေးစက်စွာ ကြည့်ရှုနေကြပြီး တားဆီးခြင်း မပြုကြသေးပေ။ တုပိုင်သည် သူ၏ လူများကို ဦးဆောင်ကာ ဆန်ဆိုင်ထဲသို့ ဝင်ရောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“ရှန်လုံချန်ဆန်ဆိုင်က လက်ထောက်တွေနဲ့ လူမိုက်တွေက ငါ့ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး လူတွေကို တိုက်ခိုက်ရဲပြီး ဆန်ရောင်းဖို့ ငြင်းဆန်ခဲ့ကြတယ်။ တာ့နင်အင်ပါယာ ဥပဒေအရ ဒီဆန်ဆိုင်ကို လုံးဝ ပိတ်သိမ်းပြီး ငါ့ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး အရာရှိတွေကို တိုက်ခိုက်ခဲ့သူ အားလုံးကို ဖမ်းဆီးမယ်”

“ဘယ်သူလဲ… ငါ့ရဲ့ အကြံပေး ခြေထောက်ကို ဘယ်သူ ရိုက်ချိုးတာလဲ”

ဆန်ဆိုင် မန်နေဂျာဖြစ်သူ လူဝကြီးက တုပိုင်ကို အထင်သေးစွာ ကြည့်လိုက်၏။

“ငါ ရိုက်ခိုင်းတာ။ ဒီမှာရှိတဲ့ လူတိုင်း ပါတယ်။ ဘယ်သူက အဲဒီ ကုန်းကုန်းခွေး နောက်လိုက် ကောင်လေး ချန်ဖိန်ရဲ့ ဘောင်းဘီကို ဆွဲချခဲ့တာလဲ”

ထိုအခါ ဆန်ဆိုင်အတွင်းရှိ လူမိုက်များနှင့် လက်ထောက်များက ကျယ်လောင်စွာ ရယ်မောရင်း ဝန်ခံလိုက်ကြသည်။

“ကျုပ်ပါ… ကျုပ်ပါ။ အဲဒီ ကုန်းကုန်းခွေး နောက်လိုက်ရဲ့ ကြက်ကလေးက တော်တော် နုတာပဲ”

“သူ့ဖင်ကလည်း တော်တော် ဖြူတယ်။ သူ့မျက်နှာသာ မကြောက်စရာကောင်းရင် ကျုပ် အဲဒီမှာတင် လုပ်လိုက်မိမှာ”

“ဟားဟား… ဖင်ဖြူဖြူလေး။ ငါတို့ ခြေထောက် ရိုက်ချိုးလိုက်တဲ့ နောက်လိုက်ကောင်က ကုန်းကုန်းခွေးလေး တုပိုင်ရဲ့ အချစ်တော်လေးတော့ မဟုတ်ပါဘူးနော်”

“မင်းကလည်း တွေးလွန်းပြန်ပြီ။ ကုန်းကုန်းခွေးလေး တုပိုင်က သင်းကွပ်ထားတာလေ။ သူမှ လုပ်နိုင်စွမ်း မရှိတော့တာ”

ဆန်ဆိုင် မန်နေဂျာက အေးစက်စွာ ထပ်လောင်းပြောဆိုလိုက်သည်။

“ငါတို့ ဆိုင်ဆိုင်းဘုတ်ကို မြင်လား။ မိန်းမစိုးဂိုဏ်းနဲ့ ခွေး မဝင်ရ။ ချက်ချင်း ထွက်သွား။ မဟုတ်ရင် လူစရိုက်တော့မယ်။ ချန်ဖိန်လေး တစ်ယောက်တည်းကို ပြောမနေနဲ့ ၊ မင်း တုပိုင် ကိုယ်တိုင် ခြေထောက် ရိုက်ချိုးခံရရင်တောင် တရားစွဲစရာ နေရာ မရှိဘူး။ မှတ်ထား… ဒီနေရာက ပိုင်ဆယ်စီရင်စု ၊ မင်းရဲ့ ကွေ့လင်စီရင်စု မဟုတ်ဘူး။ ဒီနေရာမှာ မိန်းမစိုးဂိုဏ်းက ခွေးလောက်တောင် အဆင့်မရှိဘူး”

အပြင်ဘက်၌ စောင့်ကြည့်နေသော လီလင်းယွီသည်လည်း အထင်သေးသော အပြုံးဖြင့် ငြိမ်သက်နေဆဲဖြစ်၏။

“ဟေ့ကောင်တွေ… ဒီ ကုန်းကုန်းခွေး တုပိုင်နဲ့ သူ့အဖွဲ့ကို မောင်းထုတ်လိုက်ကြ။ တုတ်တွေနဲ့ ရိုက်ထုတ်လိုက်။ ခြေလက်တွေ ကျိုးသွားလည်း ဂရုစိုက်မနေနဲ့” ဆန်ဆိုင် မန်နေဂျာက အော်ဟစ်လိုက်သည်နှင့် လူမိုက်များမှာ တုတ်များကို မြှောက်ကာ ရိုက်နှက်ရန် ပြင်လိုက်ကြသည်။

တုပိုင်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“ဓားထုတ်”

ချက်ချင်းပင် သူ၏ နောက်လိုက်များက တိုက်ပွဲဝင်ဓားများကို ဆွဲထုတ်လိုက်ကြသည်။

“တစ်လှမ်း တိုးလာရင် ညှာတာမနေနဲ့… သတ်”

ဆန်ဆိုင်ပိုင်ရှင်ကလည်း မလျှော့ချေ။

“ဒီနေရာက ပိုင်ဆယ်မြို့။ မိန်းမစိုးဂိုဏ်းက ခွေးထက် နိမ့်ကျတယ်။ ချ”

လီလင်းယွီကလည်း ခနဲ့တဲ့တဲ့ ရယ်မောရင်း ဝင်ရောက်ပြောဆိုသည်။

“တုပိုင်… ရှင် လုပ်ရဲလို့လား။ ဒီဆန်ဆိုင်ရဲ့ နောက်ကွယ်မှာ ထျန်တောက်အဖွဲ့ ၊ ဟုန်ဟယ်အဖွဲ့ ၊ ရှင့်ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ၊ ပိုင်ဆယ်စီရင်စုမှူးနဲ့ ပိုင်ဆယ် တပ်စောင့်တပ်မှူးတို့ ရှိနေတယ်။ ရှင်သာ လုပ်ရဲရင် ပိုင်ဆယ်စီရင်စုမှာရှိတဲ့ အင်အားစု အားလုံးနဲ့ စစ်ခင်းချင်တယ်လို့ အဓိပ္ပာယ်သက်ရောက်သွားပြီ။ အဲဒါက ရှင့်ရဲ့ ပျက်စီးခြင်းကို ဖိတ်ခေါ်နေတာပဲ”

ဆန်ဆိုင်ပိုင်ရှင်ကလည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

“ကုန်းကုန်းခွေးလေးက အပြင်ပန်းပဲ ကြမ်းတာ ၊ အတွင်းစိတ်က သူရဲဘောကြောင်နေတာ။ သူ မလုပ်ရဲရုံတင် မကဘူး ၊ အားလုံး ဝိုင်းရိုက်ထုတ်လိုက်ကြ။ သူတို့ကို ပြောလိုက်… ပိုင်ဆယ်စီရင်စုမှာ မိန်းမစိုးဂိုဏ်းက ခွေးလို မနေရင် နေစရာနေရာ မရှိဘူးလို့။ ဟားဟားဟား”

လူမိုက်များက ရိုင်းစိုင်းစွာဖြင့် တုတ်များဝှေ့ယမ်းကာ ဝင်ရောက်လာကြသောအခါ တုပိုင်က ပြတ်သားစွာ အမိန့်ပေးလိုက်လေတော့သည်။

“သတ်”

“ရွှပ်… ရွှပ်… ရွှပ်… ရွှပ်…”

တုပိုင်နှင့် သူ၏နောက်လိုက်များမှာ တိုက်ပွဲဝင်ဓားများကို အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်ကြသည်။ ချက်ချင်းပင် ခေါင်းများမှာ ကောင်းကင်သို့ လွင့်ပျံသွားကြသလို၊ လူများမှာလည်း ခါးပြတ်၊ ကိုယ်ပြတ်များဖြင့် လဲပြိုကုန်ကြသည်။

သတ်မည်… အကုန်သတ်ပစ်မည်။

လူအနည်းငယ်သာ ရှိသော်လည်း တုပိုင် ဦးဆောင်သော အရှေ့ဘက်ကွပ်ကဲရေးရုံးသည် ပိုင်ဆယ်စီရင်စုရှိ လီမိသားစု အင်အားစုများကို ယခုပင် တရားဝင် စစ်ကြေညာလိုက်လေ၏။

အပိုင်း ၃၂၀ ပြီး။

All Chapters