ကာကွယ်သူများ၏ စိတ်ဓာတ်
Vol. 37 Ch. 479
ကမာဘုရင်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် ယွမ်ရှောင်၏ ဆုံးဖြတ်ချက် ဖြစ်သောကြောင့် သူက လူသားကျင့်ကြံသူ နှစ်ရာကို လှည့်ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။
"ငါတို့ အတူတူ တိုက်ပွဲဝင်ကြမယ်။ လွတ်မြောက်ဖို့ အခွင့်အရေး ရှာပေးမယ်"
"ကောင်းပြီ"
စကားသံက မကျယ်လှသော်လည်း ဆုံးဖြတ်ချက် ခိုင်မာပြတ်သား၍ အကြောင်းအရင်း မရှိသော်လည်း ကာကွယ်သူများသည် ယွမ်ရှောင်အပေါ် အခြေအနေဆိုးသည့်တိုင်အောင် ယုံကြည်နေဆဲပင်။ သူ၏ ကြောက်စိတ်ကင်းမဲ့သော အကြည့်စူးစူးကြောင့် အရေအတွက်ရော အင်အားပါ သာလွန်သည့် ရန်သူများကိုပင် မေ့လျော့သွားကြ၏။ သူတို့အားလုံး သေဆုံးသွားလျှင် ကမ္ဘာပေါင်းများစွာအတွက် အန္တရာယ်ရှိသော်လည်း ဂယ်ပေါက်အဖြစ် လန်ရီကို ထားရစ်ခဲ့သဖြင့် ကံကြမ္မာအတိုင်း ရင်ဆိုင်ရန် နောက်ဆံမတင်းတော့ပေ။
"စိတ်ကို တည်ငြိမ်အောင်ထား။ ပုံရိပ်ယောင်ကို တွန်းလှန်ပြီး အတူတူ တိုက်ခိုက်ကြ"
သူ၏ အသံက ဟိန်းထွက်လာပြီး ကာကွယ်သူများ ဝိညာဥ်အထိ တုန်ခါသွားသောအခါ ကမာနတ်ဆိုးများ၏ ပုံရိပ်ယောင်တိုက်ကွက် ဖြည်းဖြည်းချင်း နီးကပ်လာနေပြီ ဖြစ်၏။
"နောက်ဆုတ်။ နေရာယူကြ"
ယွှီချန်က အမိန့်ပေးလိုက်ပြီး ထိပ်တန်း ကျင့်ကြံသူများချည်း ဖြစ်ရာ အရေးတကြီး အချိန်အခါတွင် အန္တရာယ်ကို တာဝန်သိစိတ်ကြောင့် ရှောင်ပြေးမနေခဲ့ပေ။ သူတို့က ထောင့်တစ်နေရာသို့ ဆုတ်ခွာသွားသောအခါ အဖြူရောင် ပုံရိပ်ယောင်စွမ်းအားအောက်သို့ ကျရောက်သွားပြီး တစ်ယောက်ချင်းစီကို သီးခြားမြင်ကွင်းများထံ ခေါ်ဆောင်၍ တိုက်ပွဲကို မေ့လျော့သွားစေရန် ပျော်ရွှင်ဖွယ်ရာများ၊ ဝမ်းနည်းစရာများကို ဆက်တိုက် ပြသနေ၏။
"သမီး"
ကျောက်စိမ်းအင်မော်တယ် မျှော်စင်သခင်သည် ရှေ့တည့်တည့်တွင် ဒွါရကိုးပေါက်မှ သွေးများစီးကျ၍ ငိုကြွေးနေသော မိန်းကလေးကို တွေ့လိုက်ရပြီး မေးခွန်းထုတ်ခံနေရသည်။
"ယွမ်ရှောင်က သမီးကို ရက်ရက်စက်စက် သတ်ခဲ့တာ။ အဖေက ဘာကြောင့် သူ့အတွက် တိုက်ခိုက်ပေးနေရတာလဲ"
ထိုစကားကြောင့် တစ်ကိုယ်လုံးတောင့်တင်းသွားကာ စိတ်ဓာတ် ပျက်စီးကာနီးတွင် လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာကာ နဖူးတည့်တည့်ကို ရိုက်ချပစ်လိုက်သဖြင့် ငိုကြွေးနေသော သမီးဖြစ်သူမှာ တိုးဝင်လာသည့် ကမာကောင် ဖြစ်နေကြောင်း အမှန်တရား ထွက်ပေါ်လာသည်။ ယွမ်တဟဲက သူ့ကို လက်မတင်လေး ကယ်တင်ပေးနိုင်ခဲ့ပြီး အနည်းငယ်သာ နောက်ကျသွားလျှင် ကမာကောင်၏ အခွံများအကြား ကြိတ်ချေခံလိုက်ရပေလိမ့်မည်။
"စိတ်ကို ခိုင်မာအောင် လုပ်ထား။ ခင်ဗျား ဘာတွေ မြင်နေတာလဲ"
"ယွမ်တဟဲ မင်းရော ဘာတွေ မြင်ခဲ့ရလဲ"
မျှော်စင်သခင်သည် ပုံရိပ်ယောင်မှ လွတ်မြောက်လာသော တစ်ဖက်လူကို မယုံနိုင်ဟန်ဖြင့် စပ်စုလိုက်သော်လည်း ကိုယ်လုံးတိး မိန်းမများစွာ မြင်ခဲ့ရကြောင်း သေသည်အထိ ထုတ်ပြောမည် မဟုတ်ချေ။ သူက ထိုသွေးဆောင်မှုကို အလွယ်တကူ ရုန်းထွက်လာကာ ဓားဝိညာဥ်ဆင့်ခေါ်ပြီး ပြေးဝင်လာသော နတ်ဆိုးတစ်ကောင်အား ပိုင်းချခဲ့သည်။ ကမာအခွံက မာကျောသော်လည်း ဓားချက်အောက်တွင် ကွဲကြေသွားကာ သွေးများ နေရာတိုင်း ဖြန်းပက်သွား၏။ သူက ရဲရင့်ပြီး တိုက်ခိုက်နိုင်စွမ်း ကြီးမားသော်လည်း ရန်သူ အရေအတွက် များပြားကာ နောက်ထပ် ကမာကောင်ဆယ်ကောင်ကျော် ပြေးဝင်လာပြန်သည်။ ဝိုင်းဝန်းတိုက်ခိုက်နေကြသဖြင့် တစ်ကြိမ်တွင် ထိမှန်သွားသောအခါ သွေးတစ်လုတ် အန်ထွက်လာပြီး ယန်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင် ရုန်းကန်နေရသောအခါ အခြားသူများဆိုလျှင် ပြောစရာ မရှိပေ။
"ဘုန်း"
အဖြူရောင် ပုံရိပ်ယောင်များက မရပ်မနား ဝင်ရောက်လာနေပြီး မြင်ယောင်နေရသော ချစ်ခင်ရသူတိုင်းမှာ ရက်စက်သည့် နတ်ဆိုးများအဖြစ် အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။ တစ်ခုတည်းသော ရွေးချယ်စရာမှာ အချင်းချင်း အော်ဟစ်သတိပေးကာ အုပ်စုလိုက် တိုက်ခိုက်ခြင်းဖြင့် အရေအတွက် များပြားသော ရန်သူကို တောင့်ခံနေရ၏။ ယွီချန်နှင့် ရှန်ချန်းက ရှေ့ဆုံးတွင် ဦးဆောင်၍ ရာပေါင်းများစွာသော ကမာကောင်များကို တွန်းလှန်ကာ သွေးသံရဲရဲ တိုက်ခိုက်နေကြသည်။ ဤလူသားနှစ်ယောက် မားမားမတ်မတ် ရှိနေသရွေ့ ကာကွယ်သူများတွင် ယုံကြည်ချက် ပြင်းထန်ပြီး လဲကျသွားလျှင် သေဆုံးရမည် ဖြစ်သောအခါ လူသားမျိုးနွယ်အတွက် တိုက်ခိုက်ရန်သာ ရှိ၏။
"မင်းတို့မှာ အဆိပ်တစ်သောင်း ဆေးလုံး ရှိလား"
ဦးနှောက်ကို နာကျင်စေ၍ ပုံရိပ်ယောင်မှ လွတ်မြောက်စေသော ဆေးလုံးအကြောင်း ကျောင်းအုပ်ယွီ သတိရလိုက်သည်။
"ဒါက အဆိပ်လေ။ ဦးနှောက်ပျက်စီးသွားလိမ့်မယ်"
ဖုန်းချင်းက တွန့်ဆုတ်နေဟန်ဖြင့် ထောက်ပြလိုက်၏။
"သေရင် အားလုံး ပြီးပြီ။ အရူးဖြစ်သွားမှာလောက်ကို ကြောက်မနေနဲ့။ ဆေးလုံး သောက်ပြီး ပုံရိပ်ယောင်က ရုန်းထွက်ကြ"
ယွမ်တဟဲက အော်ဟစ်ရင်း ဆေးလုံးလက်တစ်ဆုပ် ထုတ်ယူကာ မျိုချလိုက်သောအခါ နားနှစ်ဖက်မှ မီးခိုးမည်းများ အလုံးအရင်း ထွက်ပေါ်လာသည်။ မျှော်စင်သခင်လည်း အခြားသူများ ကမ်းပေးလာသည့် အဆိပ်ကို မျိုချကာ သမီးဖြစ်သူကို တွေ့ချင်သော်လည်း လက်ရှိ၌ သေခြင်းတရား ဖြစ်နေသောအခါ မေ့ပစ်လိုက်ရ၏။
"သတ်ကြ"
ဦးနှောက်ပျက်စီးသွားနိုင်သော်လည်း ကာကွယ်သူများက အဆိပ်တစ်သောင်းဆေးလုံး ကိုယ်စီသောက်ကာ ဦးခေါင်းမှ မီးခိုးတလူလူ ထွက်နေရင်း သတ်ဖြတ်လိုစိတ် ပြင်းပြစွာဖြင့် ကမာကောင်များကို တွန်းလှန်နေကြသည်။
"အရူးတစ်သိုက်က ခေါင်းမာနေတယ်။ မင်း ဝင်မပါဘူးလား"
ဤလုပ်ရပ်သည် ကောင်းကင်အင်မော်တယ်နှင့် ကမာနတ်ဆိုးဘုရင်ကို မင်သက်သွားစေသည်။
"အမိန့်အတိုင်းပါ"
ကမာဘုရင်က ခေါင်းညိတ်၍ ရွှေရောင် ဧရာမ ကမာကောင်ကြီးအဖြစ် ပြောင်းလဲကာ ကျောင်းအုပ်ယွီထံ ချီတက်သွားသည်။ ကြာပန်းက ဝင်ဆောင့်ခံလိုက်ရသဖြင့် အက်ကြောင်းထင်၍ ကျောင်းအုပ်ယွီ လွင့်ထွက်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာ၏။
"အားနည်းတယ်"
ကမာဘုရင်က လှောင်ပြောင်လိုက်ပြီး ထိုအစွမ်း၏ လှုံ့ဆော်မှုကြောင့် နောက်လိုက်များကို တိုက်ခိုက်လိိုစိတ် တိုးတက်လာစေသည်။ သို့သော် တစ်ဖက်လူသည် အဆိပ်တစ်သောင်းဆေးလုံးများ ထပ်မံသောက်သုံး၍ နီရဲသော မျက်လုံးအစုံဖြင့် စိုက်ကြည့်ကာ တိုက်ပွဲဝင်လိမ့်မည်ဟု မျှော်လင့်မထားပေ။
"အရေအတွက် နှစ်ရာလောက်နဲ့ ငါတို့ကို ဆန့်ကျင်ချင်တာလား။ စစ်ရထားကို နှံကောင်က တားချင်နေတယ်။ ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့"
သူက အေးစက်စက် ရယ်မောကာ ကမာကောင်များကို ဦးဆောင်၍ ထပ်မံတိုက်ခိုက်လိုက်သောကြောင့် ပုံရိပ်ယောင်စွမ်းအား ပြင်းထန်လာပြီး အဆိပ်တစ်သောင်းဆေးလုံးများပင် အသုံးမဝင်စပြုလာ၏။ ကာကွယ်သူနှစ်ရာသည် တစ်ချက်ကလေးပင် ညည်းညူခြင်းမရှိဘဲ ဆက်လက်တောင့်ခံထားကာ မျှော်လင့်ချက် မရှိသော တိုက်ပွဲမှ ထွက်ပြေးခြင်း မရှိပေ။
"လူသားမျိုးနွယ် ကျရှုံးရမယ်ဆိုရင် ငါတို့ အရင်ဆုံး သေပေးမယ်"
ယွီချန်၏ ကြွေးကြော်သံက သူတို့ကို စည်းလုံးစေကာ နတ်ဆိုးများကို သေသည်အထိ တိုက်ခိုက်ရန် တွန်းအားဖြစ်စေခဲ့ပြီး မြေပြင်တစ်ခုလုံး သွေးများ အိုင်ထွန်းနေသည်။ ကောင်းကင်အင်မော်တယ်ကမူ ယွမ်ရှောင်ကို ပိတ်ဆို့ထားပြီး ကမာကောင်များနှင့် မတိုက်ခိုက်နိုင်စေရန် ရည်ရွယ်ထားသည်။
"သုံးရက်အတွင်း မင်းက ဒီလောက်အားနည်းသွားရအောင် ဘာတွေ လုပ်နေတာလဲ"
ယွမ်ရှောင်က အေးစက်စက်ဖြင့် မထီမဲ့မြင် လှောင်ပြောင်နေသဖြင့် ကောင်းကင်အင်မော်တယ် မျက်မှောင်ကြုတ်မိသွား၏။
"သေချင်နေတာလား"
"ကမာနတ်ဆိုးသုံးထောင်နဲ့ ပျော်ပါးခဲ့ပေမယ့် အသက်ကြီးနေတော့ အင်အား မရှိတော့ဘူးမလား။ ရယ်စရာကောင်းလိုက်တာကွာ ဟား ဟား"
"ပါးစပ်ပိတ်ထားစမ်း"
ကောင်းကင်အင်မော်တယ် ဒေါသထွက်လာသဖြင့် မျက်လုံးများ တောင်လောင်ကာ ဟိန်းဟောက်လိုက်သဖြင့် အရှိန်အဝါ ဝုန်းခနဲ ပြန့်ထွက်လာသည်။ သူ့ကို မျက်နှာသာပေးရန်အတွက် ကမာနတ်ဆိုးငါးရာကျော်သည် ပုံရိပ်ယောင်ထုတ်လွှတ်ကာ ယွမ်ရှောင်ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြ၏။ သို့သော် နဖူးတွင် ရှိနေသော ခရမ်းရောင် ဒေါင်လိုက်မျက်လုံးမှ အလင်းများ ဖြာထွက်ကာ တွန်းလှန်နေသဖြင့် ပုံရိပ်ယောင်မှာ အကျိုးမရှိပေ။
"ညီနှစ် ဒီလိုပုရွက်ဆိတ်လက်ထဲမှာ မင်းက ဘယ်လို သေသွားတာလဲ"
ကောင်းကင်အင်မော်တယ်၏ ခြေလှမ်းတိုင်း မြေပြင်အက်ကွဲ၍ နားခိုရာဂိုဏ်း တစ်ခုလုံး တုန်ခါသွား၏။ တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ အားနည်းဟန်ရှိသော ရုပ်ခန္ဓာသည် နှစ်ဆ ကြီးမား၍ ရွှေဖြင့် ပြုလုပ်ထားသော သားရဲကြီးပမာ တုတ်ခိုင်သန်မာလာသည်။ ပိန်လှီသော အဘိုးအိုတစ်ယောက်က မျက်တောင်တစ်ခတ်အတွင်း ရွှေရောင် သံချပ်ကာဝတ် လူသန်ကြီးအဖြစ် ပြောင်းလဲကာ ထိပ်တန်းကျင့်ကြံသူတစ်ယေက်၏ ခွန်အားမျိုး ပြသနေသဖြင့် သာမန်ကျင့်ကြံသူတိုင်း ကြောက်လန့်သွားပေလိမ့်မည်။
"ကောင်းကင်ဘုံက အပြစ်ပေးမှာကို မကြောက်ဘူးလား"
သူက တစ်ချက်ပြုံး၍ ရွှေရောင်အလင်းနှစ်ခုကို တုတ်နှစ်ချောင်းအဖြစ် စုစည်းကာ လက်နှစ်ဖက်တွင် ဆုပ်ကိုင်လိုက်သည်။ ၎င်းတို့က အရှည်ခြောက်ပေခန့် ရှိပြီး လေးလံခိုင်ခံ့ကာ ရုန်းများ ဖုံးလွှမ်းထားသော နဂါးကျောရိုးအလား ထင်မှတ်ရသောကြောင့် သတ်ဖြတ်နိုင်စွမ်း မြင့်မားပေလိမ့်မည်။
"ရွှေနဂါးတုတ်"
ယွမ်ရှောင်သည် ဤလက်နက်အကြောင်း.ကြားဖူးထားပြီး သိုင်းဧကရာဇ် ချပ်ဝတ်ထက်ပင် ပို၍ စွမ်းအားကြီးမားသည်။ သာမန်လောကတွင် မရှိသင့်သော ထိုလက်နက်များကို ကောင်းကင်အင်မော်တယ် ကိုယ်တိုင် အထက်မှ တောင်းယူလာခြင်းဖြစ်ကာ ပြိုင်ဘက်ကင်း စွမ်းအားမျိုး ပိုင်ဆိုင်ထား၏။
"ပုံစံပြောင်းပြီး တုတ်နှစ်ချောင်းကိုင်လိုက်တာနဲ့ ကြောက်မယ်ထင်နေတာလား"
ထိုသို့သော ဖိအားကြီးအောက်တွင် သူက ဆက်လက်ရယ်မောနေပြီး စကားဆုံးသည်နှင့်တပြိုင်နက် ရွှေရောင်တုတ်တစ်ချောင်း ကျရောက်လာသည်။ ဤရိုက်ချက်သည် တောင်တန်းကြီးတစ်ခုလုံးကိုပင် အမှုန့်ဖြစ်သွားစေနိုင်လောက်သောကြောင့် ကာကွယ်သူများ တုန်လှုပ်သွားကာ မျှော်လင့်ချက် ဝေဝေဝါးဝါး ဖြစ်လာစေ၏။
"ဘုန်း"
ခေါင်းအထက်မှ မိုး၍ ကျဆင်းလာသော ရိုက်ချက် အရှိန်အကြောင့် မြေပြင်ပင် အက်ကွဲသွားသော်လည်း ပစ်မှတ်ထားခံရသည့် ယွမ်ရှောင်၏ လက်တစ်ဖက် ခပ်ဖြည်းဖြည်း ဆန့်ထွက်လာကာ ၎င်းကို ဖမ်းဆုပ်ပစ်ခဲ့သည်။ တန်ပြန်လှိုင်းများက နားခိုရာဂိုဏ်း တစ်ခွင် ဝုန်းခနဲ ပြန့်ထွက်သွားကာ လူသားတစ်ယောက်သည် အစွမ်းထက် လက်နက်ကို လက်ဗလာဖြင့် ဖမ်းလိုက်သောကြောင့် လူသားကျင့်ကြံသူများ စိုးရိမ်သွားကာ ကမာနတ်ဆိုးများ လှောင်ပြောင်ရယ်မောနေကြ၏။
"မင်း...မင်း"
သို့သော် ကောင်းကင်အင်မော်တယ်၏ အလန့်တကြား အော်သံ ထွက်ပေါ်လာကာ အပျက်အစီးများအကြားတွင် ယွမ်ရှောင်သည် အထိအခိုက်မရှိဘဲ ရွှေနဂါးတုတ်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားသည်။ ဤမြင်ကွင်းသည် အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေကာ လည်ချောင်း၌ တစ်ခုခု တစ်ဆို့နေသည့်အလား ဆွံ့အကုန်၏။
"ကောင်းကင်အင်မော်တယ် မင်းကို ငါ မပြောခဲ့ဘူးလား။ မင်းက အသက်ကြီးလို့ အားနည်းနေပြီ"
ခေါင်းမော့ကြည့်လာသော သူ၏ မျက်နှာထက်တွင် အေးစက်စက် အပြုံးတစ်ခု ရှိနေပြီး ဒေါသထွက်စေရန် ရန်စနေခဲ့သည်။
"ယွမ်ရှောင်"
လူသားကာကွယ်သူများက ဤမြင်ကွင်းကို ကြည့်နေရင်း ဝမ်းသာလုံးဆို့နေကြပြီး တုတ်ချက်ကို တားမြစ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ကောင်းကင်အင်မော်တယ်ကို စိတ်ဓာတ်ပျက်ပြားစေလောက်အောင် သန်မာနေမည်ဟု ထင်မထားချေ။
"ယွမ်ရှောင် ဦးဆောင်ပြီး တိုက်ခိုက်ရန် ငါတို့ ရှုံးမှာ မဟုတ်ဘူး"
ယွီချန်သည် မျက်နှာအထက်ရှိ သွေးများကို သုတ်၍ ခိုင်မာလေးနက်သော အသံမျိုးဖြင့် ခိုင်ခိုင်မာမာ ကြွေးကြော်သည်။ ကာကွယ်သူများက မားမားမတ်မတ် ရပ်လိုက်ကြပြီး ယွမ်ရှောင်ကြောင့် ကြောက်လန့်နေသော ကမာနတ်ဆိုးများအပေါ် သတ်ဖြတ်လိုစိတ် ပြင်းထန်စွာ ထုတ်ဖော်လိုက်ကြလေသည်။
"သတ်"