← Chapters

ကြယ်တာရာ ဓားသိုင်း

Vol. 37 Ch. 480

ကြယ်တာရာ ဓားသိုင်း

Vol. 37 Ch. 480

လူသားကျင့်ကြံသူများ ဘဝတွင် စိတ်ပျက် အားအငယ်ဆုံးသော အချိန်တွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်၍ နှလုံးခုန်သံ မိုးချုန်းသည့်အလား မြည်ဟီးကာ တိုက်ပွဲဝင်ရန် နောက်တွန့်မနေခဲ့ပေ။ ဤတိုက်ပွဲဝင်စိတ်ဓာတ်သည် ကမာနတ်ဆိုးများ၏ ပုံရိပ်ယောင်ကို တွန်းလှန်ရန် စွမ်းအား ဖြစ်လာခဲ့ပြီး ချောင်ပိတ်ခံနေရသည့်တိုင်အောင် ရူးရူးမိုက်မိုက် ပြန်လည် တိုက်ခိုက်လာကြသောအခါ ကမာဘုရင်ပင် တုန်လှုပ်သွားကာ အကြံတောင်းလိုဟန်ဖြင့် ကောင်းကင်အင်မော်တယ်ထံ လှမ်းကြည့်လိုက်သည်။

"ဒီယင်ကောင်တွေကို ထားလိုက်။ ယွမ်ရှောင်ကို အရင်သတ်"

သူက အမိန့်ပေး၍ ရွှေနဂါးတုတ်များ ဆွဲကိုင်ကာ လျင်လျင်မြန်မြန် တိုက်ခိုက်ခဲ့ပြီး ယွမ်ရှောင်၏ မယုံနိုင်လောက်စရာ စွမ်းအားကြောင့် တိုက်ပွဲအလှည့်အပြောင်း ဖြစ်သွားကာ ကမာနတ်ဆိုးအားလုံး၏ ပစ်မှတ် ပြောင်းလဲသွားခဲ့၏။ အရေအတွက် များစွာသာလွန်သော ရန်သူများက လူတစ်ယောက်တည်းကြောင့် ဖိအားကြီးစွာ ခံစားနေရသည်။

"တိုက်ခိုက်ကြ"

ကမာဘုရင် အမိန့်ပေးလိုက်သောအခါ နောက်လိုက် နှစ်ထောင်ကျော်သည် မြေပြင်တွင် နေရာယူ၍ ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန် တုန်ခါလာကာ အဖြူရောင် ပုံရိပ်ယောင် စွမ်းအင်စီးကြောင်းကြီးကို ယွမ်ရှောင်ထံ ပစ်ခတ်လိုက်၏။ ၎င်းသည် ဧရာမ အဖြူရောင် စွမ်းအင်လုံးကြီးအဖြစ် စုဝေးကာ ယွမ်ရှောင်နှင့် ကောင်းကင်အင်မော်တယ်ကို အတွင်း၌ ပိတ်လှောင်ပစ်ခဲ့သည်။ ကမာနတ်ဆိုး နှစ်ထောင်ကျော်၏ ပစ်မှတ်ထားခြင်းခံရလျှင် အစစ်အမှန် အင်မော်တယ်တစ်ယောက်ပင် လွတ်မြောက်နိုင်မည် မဟုတ်ဟု သူတို့က ယုံကြည်ထား၏။

"ဝုန်း"

အဖြူရောင် ပုံရိပ်ယောင်စွမ်းအားက လှိုင်းလုံးကြီးပမာ တိုးဝင်လာသောအခါ ကောင်းကင်အင်မော်တယ်လည်း ယွမ်ရှောင်ထံ ပြေးဝင်၍ ရွှေနဂါးတုတ်ဖြင့် ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလိုက်သည်။ ပုံမှန်ဆိုလျှင် ဤပူးပေါင်းတိုက်ကွက်အောက်တွင် မည်သည့် ကျင့်ကြံသူမျှ ရှောင်တိမ်းရန် မဖြစ်နိုင်သော်လည်း ရုန်းအရေအတွက်ကိုးသန်းကျော် ရှိသည့် ဝိညာဥ်မျက်လုံး တောက်ပလာသည်။ ယွမ်ရှောင်က မျက်လုံးအစုံ ပိတ်ထားလိုက်ပြီး ပုံရိပ်ယောင်ကို ဖြိုခွဲရန် ၎င်းကိုသာ အားကိုးအားထားပြု၏။ ကွက်ကွက်ကွင်းကွင်း ထင်ရှားသော ပုံရိပ်ယောင် လှည့်စားချက်များသည် ၎င်းကြောင့် ပျက်စီးကုန်ပြီး ရန်သူများ၏ လှုပ်ရှားမှုကို သူက ထင်ထင်ရှားရှား မြင်နိုင်လာသည်။

"ပုံရိပ်ယောင်နဲ့ ကပ်ပါးပိုးကောင် ငါ့လမ်းကြောင်းပေါ်မှာတော့ မင်းတို့က အမှိုက်သရိုက်ပဲ"

သူက လက်နှစ်ဖက်နောက်ပစ်၍ အေးစက်စက် စိုက်ကြည့်နေရာမှ အသာအယာ လှုပ်ရှားကာ လူသားတစ်ယောက် မစွမ်းနိုင်လောက်သော အရှိန်မျိုးဖြင့် တုတ်ချက်ကို ရှောင်တိမ်းလိုက်သောအခါ ကမာနတ်ဆိုးဘုရင် ရင်ထိတ်သွား၏။

"ပုံရိပ်ယောင်က အလုပ်မဖြစ်ဘူးလား"

ထိုအချိန်တွင် ယွမ်ရှောင်သည် လှောင်ပြုံးတစ်ချက်ဖြင့် မိုးပြာရောင် ဓားမြှောင်တစ်လက်ကို ပစ်ထုတ်လိုက်သောအခါ စူးရှရှ လေခွင်းသံက အားလုံး၏ နားစည်ကို ထိုးဖောက်သွားခဲ့သည်။ ပျက်စီးနတ်ဆိုးခန္ဓာ၊ ကပ်ဘေးမိစ္ဆာသွေးနှင့် ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ် စွမ်းအား၊ အားလုံးသည် ဓားတစ်ချောင်းတည်းတွင် စုစည်းသွားကာ ကမာနတ်ဆိုးများထံ ကြယ်တာရာများ ယူဆောင်လာသကဲ့သို့ ထင်မှတ်ရသည်။ ဓားချက်၏ အလှည့်အပြောင်းတိုင်း ကောင်းကင်မှ ကြယ်များပမာ ထွန်းလင်းနေပြီး လမ်းကြောင်းတွင် ရှိနေသမျှ ရန်သူအားလုံးကို သွေးမှုန်များအဖြစ် ပေါက်ကွဲစေ၏။

"အား"

"မဖြစ်နိုင်ဘူး"

ကမာနတ်ဆိုးဘုရင်သည် ကြယ်တာရာများ ကြွေကျလာသည်ဟု အမြင်မှားနေစဥ် နောက်လိုက်များ ဓားမြှောင်ဖြင့် ထိုးဖောက် သတ်ဖြတ်ခံနေရသည်။ အမှန်တကယ်တွင် ကြယ်တာရာများ မဟုတ်ဘဲ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်၏ ဓားအော်ရာ ဆယ်သန်းကျော်သည် ကမာနတ်ဆိုးများကို သေခြင်းတရားနှင့် မိတ်ဆက်ပေးနေခြင်းပင်။ မျက်တောင်တစ်ခတ်အတွင်း ပုံရိပ်ယောင် လုံးဝ ပျက်စီးကာ ကမာနတ်ဆိုးများ သေသူသေ၊ ဒဏ်ရာရသူရဖြင့် သွေးပင်လယ်ဝေကုန်သည်။ တစ်ဖက်လူသည် ပုံရိပ်ယောင်ကို လျစ်လျူရှုကာ အုပ်စုတစ်ခုလုံး မျိုးဖြုတ်နိုင်သည့် ဓားချက်မျိုး ထုတ်ဖော်ခြင်းမှာ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေ၏။ ခေတ်အဆက်ဆက် လောကကြီးတွင် ပုံရိပ်ယောင်ကို ဂရုမစိုက်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်စွမ်းရှိသော ကျင့်ကြံသူမျိုးမှာ ကမာမျိုးနွယ်အတွက် အိပ်မက်ဆိုး၊ တကယ့်ကပ်ဘေး ဖြစ်ပေသည်။ ဓားမြှောင်သည် နောက်ဆုံးတွင် ကမာဘုရင်ထံ ဝင်ရောက်လာသဖြင့် ရွှေရောင်အခွံကို ကမန်းကတန်း ဖုံးအုပ်ကာ ကာကွယ်လိုက်ရသော်လည်း နာကျင်သွားပြီး ဓားခုတ်ရာများ ပြည့်နှက်သွားခဲ့သည်။

"ဒါက ဘယ်လို ဓားသိုင်းမျိုးလဲ။ တစ်ခါမှ ​မမြင်ဖူးဘူး"

ကြယ်တာရာများ တောက်ပခဲ့သော မြင်ကွင်းသည် ကြက်သီးထနေသော ကမာဘုရင်၏ မှတ်ဉာဏ်အတွင်း ဖျက်မရအောင် စွဲထင်နေသည်။

"ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ ဓားသိုင်းတွေကို စုပေါင်းပြီး ငါ တီထွင်ထားတဲ့ ကြယ်တာရာ ဓားသိုင်း"

ယွမ်ရှောင်က တစ်လုံးချင်း ပြောလိုက်ရင်း ပြန်လည် ရောက်ရှိလာသည့် ဓားမြှောင်ကို ဖမ်းယူလိုက်ကာ လူငယ်လေးတစ်ယောက် ဖန်တီးထားသည့် ဓားသိုင်းသည် ရှေးဟောင်းအပျက်အစီးနယ်မြေရှိ ဓားသိုင်းအားလုံးထက် ကျော်လွန်သွားသဖြင့် ပါရမီရှင်ဆိုသော စကားလုံးမှာ ချီးကျူးရန် မလုံလောက်ချေ။

"စကားများမနေနဲ့။ သေစမ်း"

ဒေါသကြောင့် တုန်ယင်နေသော ကောင်းကင်အင်မော်တယ်က ဟိန်းဟောက်လိုက်သဖြင့် ကမာဘုရင်မှာ ကြောက်လန့်နေသော်လည်း ကောင်းကင်ရုံးတော်ဆိုသည့် ​နောက်ခံကြောင့် ထွက်မပြေးရဲချေ။ သို့သော် ကမာနတ်ဆိုးများမှာမူ အကြောက်လွန်နေပြီး အကြည့်ချင်းဖလှယ်ကာ မလှုပ်ရှားခဲ့ပေ။

"ဘာလို့ တိုက်ခိုက်နေမှာလဲ။ ကောင်းကင်အင်မော်တယ်မှာ နောက်ခံ ရှိတယ်ဆိုရင် အသက်ငယ်ငယ်နဲ့ ဒီလောက်အစွမ်းထက်နေတဲ့ ယွမ်ရှောင်လည်း နောက်ခံရှိနိုင်တာပဲ"

သူတို့က အမေ့ခံနတ်ဆိုးပင်လယ်သို့ ပြန်လည် ထွက်ပြေးရန် တိုးတိုးတိတ်တိတ် တိုင်ပင်နေကြပြီး တစ်ကောင်ချင်းစီသည် သေရမည်ကို ကြောက်လန့်နေကြ၏။ ကျန်တစ်ဖက်တွင် ကာကွယ်သူများသည် အောင်ပွဲ၏ အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် စိတ်ဓာတ် တက်ကြွလာပုံရကာ ပုံရိပ်ယောင်များ မရှိတော့သဖြင့် လက်နက်ကိုယ်စီ ဆွဲကိုင်ရင်း ကမာနတ်ဆိုးများထံ တိုက်ခိုက်လာကြပြန်သည်။

"ငါတို့ နိုင်ရမယ်"

ကျောင်းအုပ်ယွီက တောက်ပသော မျက်ဝန်းများဖြင့် ယွမ်ရှောင်ထံ လှမ်းကြည့်သည်။

"ကောင်းကင်အင်မော်တယ် သေရမယ်။ တိုက်ခိုက်ကြ"

ရှန်ချန်းက တိုက်ပွဲဝင်စိတ်ဓာတ် ပြင်းပြစွာ ကြွေးကြော်၍ အရေအတွက် နည်းပါးသော်လည်း ပုံရိပ်ယောင် စွမ်းအား ကင်းမဲ့နေသည့် ကမာနတ်ဆိုးများအတွက် ထိတ်လန့်စရာပင်။ မုဆိုးက သားကောင်၊ သားကောင်က မုဆိုး ဖြစ်လာသော အလှည့်အပြောင်းမှာ ကိုယ်တိုင်မျက်စိဖြင့် မမြင်ရလျှင် ယုံကြည်နိုင်ဖွယ် မရှိချေ။

"ဘုန်း"

ကမာဘုရင်နှင့် ကောင်းကင်အင်မော်တယ်သည် ယွမ်ရှောင်ကို ဝိုင်းထားကာ တဝီဝီ လည်ပတ်နေသော ကမာအခွံက ကြောက်စရာကောင်းသော်လည်း ပုံရိပ်ယောင် စွမ်းအား မပါဝင်လျှင် အရေးစိုက်စရာ မဟုတ်ပေ။ ထို့ကြောင့် ယွမ်ရှောင်က သူ့ကို အာရုံစိုက်ရန် မထိုက်တန်သော လူပြက်ပမာ လျစ်လျူရှု၍ ကောင်းကင်အင်မော်တယ်ကိုသာ အာရုံစိုက်ထားသည်။ လက်ထဲတွင် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်သည် သုံးပေအထိ ရှည်ထွက်လာကာ ဓားအော်ရာများ လည်ပတ်၍ ယန်နယ်ပယ် ကပ်ဘေးနတ်ဆိုးစွမ်းရည်များ ဖြာထွက်နေသည့် ဓားစက်ကွင်း ဆယ်ခုမှာလည်း ကြောက်စရာကောင်းလွန်း၏။

"ဝုန်း"

နဖူးတွင် ဒေါင်လိုက်မျက်လုံးနှင့် လူသားမျက်လုံးတစ်စုံအပြင် အက်ကွဲသံနှင့်အတူ တိုက်ပွဲဝင်ရန် ဆာလောင်နေသော နီယန်သားရဲ၏ ဝါကျင့်ကျင့် မျက်လုံးများ ထပ်မံ တိုးထွက်လာသည်။ နတ်ဆိုးအရှိန်အဝါက အထွတ်အထိပ် ရောက်ရှိသွားကာ ကမာနတ်ဆိုးများထက်ပို၍ ပြင်းထန်ပြီး မျက်လုံးငါးလုံး ပါဝင်သော လူသားမျက်နှာသည် ခြောက်ခြားစရာပင်။ ကပ်ဘေးမိစ္ဆာသွေးသည်လည်း သွေးနဂါးများ ထုတ်ဖော်၍ တစ်ကိုယ်လုံး ရစ်ပတ်ထားသောကြောင့် ရိုင်းစိုင်းကြမ်းတမ်းသော မိစ္ဆာ အရှိန်အဝါ ထွက်လာပြန်သည်။ လူသား၊ မိစ္ဆာနှင့် နတ်ဆိုး ပေါင်းစပ်ထားသော အရှိန်အဝါသည် သက်ရှိအားလုံး ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်ပေ၏။

လူသားကာကွယ်သူများ၏ တိုက်ပွဲကို ကျောပေးထားသဖြင့် ယွမ်ရှောင်၏ အသွင်ကို ကောင်းကင်အင်မော်တယ်နှင့် ကမာဘုရင်သာ မြင်နိုင်သည်။ အကယ်၍ လူသားကာကွယ်သူများ မြင်သွားခဲ့လျှင် သေချာပေါက် တုန်လှုပ်သွားနိုင်ပြီး ရာနှုန်းပြည့် ယုံကြည်ပေးရန် တွန့်ဆုတ်သွားနိုင်သည်။

"ဒီမျက်လုံးတွေကို ငါ အရင်က မြင်ဖူးတယ်"

ဤအတွေးကြောင့် ကောင်းကင်အင်မော်တယ်မှာ တုန်ရီသွားကာ ဖြည်းဖြည်းချင်း မှတ်မိလာခဲ့သည်။ မျက်စိငါးလုံးက သူ့ကို စိုက်ကြည့်နေရင်း ယွမ်ရှောင် ပြုံးလိုက်သောအခါ ပါးစပ်မှ အစွယ်များ ဖွေးခနဲ လက်သွား၏။ ဤမြင်ကွင်းသည် တုန်လှုပ်ခြောက်ခြားစရာ ကောင်းလွန်းသောကြောင့် ခေတ်အဆက်ဆက် လူဆိုးလူမိုက် ဖြစ်ခဲ့သော ကောင်းကင်အင်မော်တယ်ကိုပင် ကြောက်ရွံ့သွားစေခဲ့လေသည်။

"မင်း..မင်းက ဒီလောကမှာ အဆိုးဆုံး သတ္တဝါပဲ"

All Chapters