သေခြင်းတရား
Vol. 37 Ch. 481
ကောင်းကင်အင်မော်တယ်သည် ထိန်းချုပ်နိုင်စွမ်းမဲ့ကာ အရှိန်အဟုန်ဖြင့် ယွမ်ရှောင်ထံ ပြေးဝင်လာသောအခါ ရွှေနဂါးတုတ်များတွင် စွမ်းအင်မုန်တိုင်း ရစ်ဝဲနေသည်။ ရွှေခန္ဓာနှင့် ထိုလက်နက်များ ပေါင်းစပ်လိုက်သောအခါ ထိတွေ့သမျှ အရာရာတိုင်း လေးလံသွားကာ နားခိုရာဂိုဏ်း၏ ကျောက်နံရံများပင် လက်နက်များ ဖြစ်လာသည်။ သို့သော် သူက ခြောက်ခြားစရာကောင်းလောက်အောင် ကျယ်လောင်စွာ ရယ်မော၍ ဓားရှည်ဖြင့် ထိုးသွင်းကာ ထိပ်တိုက်ရင်ဆိုင်ခဲ့၏။
"ဘုန်း"
ရိုးရိုးရှင်းရှင်း ထိုးသွင်းလိုက်သော်လည်း ဓားချက် အလှည့်အပြောင်းမှာ ရှုပ်ထွေး၍ ကြယ်တာရာများ လွှမ်းခြုံထားသည့် မီတာတစ်ထောင်ကျော် ဓားအလင်းကြီး မွေးဖွားလာစေသည်။ နဂါးငွေ့တန်းထက်ပင် ပို၍ တောက်ပသော ဓားချက်တွင် ဓားဝိညာဥ်၏ စွမ်းအားများကို စုစည်းထားကာ စကြဝဠာ၏ အမှောင်ထုအား ထိုးခွင်းသွားသည့် ကြယ်စင်စုအလားပင်။ မိုးပြာရောင် ဓားအလင်းသည် ရွှေရောင် စွမ်းအင်မုန်တိုင်းကို ဟန့်တားမရနိုင်သော စွမ်းအားဖြင့် ထိုးဖောက်ကာ ရွှေနဂါးတုတ်များပင် ကန်ထွက်၍ ကောင်းကင်အင်မော်တယ်၏ ဝမ်းဗိုက်သို့ စိုက်ဝင်သွားခဲ့၏။
"ချွင်"
သတ္တုပမာ မာကျောသော ရုပ်ခန္ဓာသည် မျက်တောင်တစ်ခတ်အတွင်း စုတ်ဖြခံလိုက်ရပြီး ရွှေရောင်သွေးများ ပန်းထွက်နေသည့် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသောအခါ အော်သံနက်ကြီး မြည်ဟီးလာသည်။
"ဘုန်း ဘုန်း ဘုန်း"
ကောင်းကင်အင်မော်တယ်က အလန့်တကြား နောက်ဆုတ်လိုက်သောအခါ ခြေလှမ်းတိုင်းသည် ပတ်ဝန်းကျင်ကို တုန်ခါသွားစေပြီး မာကျောလှသော ရုပ်ခန္ဓာမှာ ဓားချက် ထိသွား၏။ ထိပ်တိုက်ရင်ဆိုင်ရာတွင် ဓားတစ်ချက်တည်းဖြင့် ဒဏ်ရာရသွားသောကြောင့် တစ်ဖက်လူ၏ သိုင်းပညာက များစွာ သာလွန်ကြောင်း သိနိုင်သည်။ ကမာနတ်ဆိုးများရော လူသားကာကွယ်သူများပါ မင်သက်သွားကြပြီး လူသားများမှာမူ မျှော်လင့်ချက်မဲ့နေရာမှ ဝမ်းသာမျက်ရည်များ ကျဆင်းလာ၏။ အင်မော်တယ်သုံးပါးကို အနိုင်ယူခြင်းသည် သူတို့၏ ပန်းတိုင်ဖြစ်ကာ ခက်ခဲလွန်းလှသော်လည်း လူသားတစ်ယောက်က ဓားသိုင်းသက်သက်ဖြင့် ရင်ဆိုင်နိုင်မည်ဟု မျှော်လင့်မထားပေ။
"ပါရမီရှင်ကို ပေးသနားတဲ့ ကောင်းကင်ဘုံကို ကျေးဇူးတင်ပါတယ်။ ဘိုးဘေးတွေ စောငံရှောက်တော်မူပါ"
တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေသော ယွီချန်က ဘိုးဘေးများကို တိုင်တည်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော်လည်း ကောင်းကင်အင်မော်တယ်၏ ရယ်သံ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။ အရိုင်းဆန်ပြီး ရူးသွပ်သွားပုံရသော ဂူကျင့်ကြံသူက ဓားဒဏ်ရာကို ဆုပ်ကိုင်ရင်း ချောင်ပိတ်မိနေသော သားရဲတစ်ကောင်အလား မျက်လုံးများ မီးဝင်းဝင်းတောက်နေ၏။
"ကောင်းကင်ရုံးတော်မှာ ငါ နေခဲ့တဲ့ သက်တမ်းတလျှောက်လုံး မင်းလို ကျင့်ကြံသူမျိုး မတွေ့ဖူးဘူး။ လောကကြီးက လက်ခံနိုင်စရာ မရှိဘူး။ မင်းက ပုံမှန် မဟုတ်ဘူး"
"ငါက ဘာကို စောက်ဂရုစိုက်ရမှာလဲ။ လောကကြီးက လက်မခံရင် ကိုယ့်လောကနဲ့ကိုယ် နေရုံပဲ"
ယွမ်ရှောင်က အေးစက်စက် စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောသည်။
"ငါတို့တွေ နှစ်ပေါင်းများစွာ ကြံစည်လာတဲ့ အရာကို မင်းတစ်ယောက်တည်း ဖျက်ဆီးနိုင်မယ် ထင်နေတာလား"
"မင်းတို့ ဂူကျင့်ကြံသူတွေက ပိုးကောင်တွေလို အားနည်းတယ်။ ဘာလို့ မဖျက်ဆီးနိုင်ရမှာလဲ"
ထိုစကားက ကောင်းကင်အင်မော်တယ်၏ အရှိုက်ကို ထိသွားသဖြင့် ဒေါသတကြီးဖြင့် ပုလင်းတစ်လုံး ဆွဲထုတ်ကာ ဆေးရည်များကို တစ်ကျိုက်တည်း မျိုချပစ်လိုက်သည်။
"စိတ်မကောင်းဘူး။ ဒါပေမယ့် မင်း သေရတော့မယ်"
သူက အဓိပ္ပါယ်ပါပါ ပြုံး၍ ကြွေးကြော်လိုက်သောအခါ ကြောက်စရာအကောင်းဆုံး နောက်ဆုံးရွှေ့ကွက် ဖြစ်နိုင်သဖြင့် ကာကွယ်သူများ ရင်ထိတ်သွားကာ အော်ဟစ်သတိပေးလိုက်ကြ၏။
"ဒါက ဒဏ္ဍာရီလာ ရွှေကျိုင်းကောင်အဆီအနှစ်တွေလား"
သူ၏ မျက်လုံးများ အဆမတန် ပြူးထွက်၍ လျှာတစ်ချောင်းလုံး ထုံကျင်နေစဥ် ခန္ဓာကိုယ်သည် အိုမင်းသော အသွင် ပြန်လည် ဖြစ်ပေါ်လာသော်လည်း ခဏအတွင်း ရွှေရောင်အကြေးခွံများ စတင် ဖြစ်တည်လာသည်။ ဘုန်းခနဲ အက်ကွဲသံနှင့်အတူ နံရိုးများ ရုတ်တရက် ကွဲထွက်သွားကာ ရှည်လျားထက်ရှသော ကျိုင်းကောင် ခြေထောက်များစွာ ထွက်ပေါ်လာသကဲ့သို ဦးခေါင်းခွံအတွင်းမှ ရွှေရောင် ကျိုင်းကောင်ဦးမင်နှစ်ချောင်း အတင်းတိုးထွက်လာ၏။ ထို့နောက် သူက နာကျင်စွာ အော်ဟစ်ရင်း အသွင်ပြောင်းနေကာ ကြောက်မက်ဖွယ်အရှိန်အဝါ ထွက်ပေါ်လာ၍ အင်းဆက်နှင့် လူသား ပေါင်းစပ်သတ္တဝါကောင် ဖြစ်လာသည်။ အင်အားများ ပြန်လည်ကောင်းမွန်လာ၍ မူလပုံစံထက် ပိုမို ရက်စက်ကြမ်းကြုတ်ပုံရသော ရွှေရောင်ကျိုင်းကောင်ကြီးမှာ ရွှေနဂါးတုတ်များကိုပင် သိမ်းဆည်း၍ လက်ချည်းသက်သက် တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။
"ဒါကမှ မင်းရဲ့ တကယ့်အသွင် ဖြစ်ရမယ်"
ယွမ်ရှောင်၏ လှောင်ရယ်သံကြောင့် ကျိုင်းကောင်ကြီးမှာ ရှူးရှူးရှားရှား ဒေါသထွက်သွားကာ အသံကုန် အော်ဟစ်ပြီး ပြေးဝင်လိုက်သည်။ ခန္ဓာကိုယ်က ကြီးထွား၍ လှုပ်ရှားမှုများသည် တောင်တန်းများကို ချေမွ၍ မြေပြင်အား အက်ကွဲစေကာ နားခိုရာဂိုဏ်းတွင် နီအန် သောင်းကျန်းစဥ်ကထက် မလျော့ပေ။ လှံရှည်များနှင့် တူသော ကျိုင်းခြေထောက်များက သေစေနိုင်သော လက်နက်များ ဖြစ်သော်လည်း ယွမ်ရှောင်သည် မိစ္ဆာကြီးတစ်ကောင်မှ အင်းဆက်တစ်ကောင်ကို ငုံ့ကြည့်နေသကဲ့သို့ မထီမဲ့မြင် ရပ်နေ၏။ သူက ကောင်းကင်အင်မော်တယ်ကို ကိုးကွယ်သူများအား သက်သေပြလိုသဖြင့် ပုံရိပ်ဖမ်းယူထားရန် လူသားကာကွယ်သူများကို ညွှန်ကြားလိုက်သည်။
"ငါ့ဓားချက်က ဘယ်လောက်ခမ်းနားသလဲဆိုတာ ပြပေးမယ်"
သူက ဓားဝိညာဥ်ကို ဓားပျံအသွင်ပြောင်းလဲကာ လေပေါ် ပျံတက်၍ ဒေါင်လိုက်ဝိညာဥ်မျက်လုံးမှ ခရမ်းရောင်ရုန်းများ ထွက်လာပြီး နဂါးတစ်ကောင်ပမာ တစ်ကိုယ်လုံး ရစ်ပတ်လိုက်၏။ ရွှေရောင်ကျိုင်းကောင်ထံ ပျံသန်းဝင်ရောက်သွားသောအခါ မိုးပြာရောင် အလင်းတန်းကိုသာ မြင်နိုင်ပြီး လက်ဟန်များ ပြုလုပ်လိုက်သောအခါ ကောင်းကင်မှ စစ်တုရင်ခုံကြီးတစ်ခု ပြုတ်ကျလာသည်။ ၎င်းသည် အလွှာပေါင်း ကိုးဆယ်ကျော် ပြန့်ပွားကာ စစ်တုရင်ရုပ်များအစား ကြယ်တာရာမျိုးစုံ လင်းလက်တောက်ပနေကြ၏။ စစ်တုရင်ခုံကြီးသည် ရန်သူအပေါ် ပြိုကျလာသောအခါ တောင်တန်းပေါင်းများစွာဖြင့် ဖိချလိုက်သကဲ့သို့ ကျောကုန်းအကြေးခွံများ ကြေမွကာ သွေးများ တရစပ် ပန်းထွက်ပြီး ခြေထောက်ရှစ်ချောင်းလုံး ကျိုးသွားသောကြောင့် အထက်စီး ရယူထားလိုက်နိုင်သည်။
"ကောင်းကင်ကို ဖြတ်ကျော်
ဓားနဲ့ အရက်ကို အဖော်ပြုလို့
ပိုးကောင်တွေကို သတ်ကြမယ်"
ယွမ်ရှောင်သည် သေရည်တစ်ငုံ သောက်၍ ကဗျာတစ်ခု ခပ်ကြမ်းကြမ်း ရွတ်ဆိုကာ မြင်ရသူအပေါင်း မျက်စိကျိန်းသွားလောက်အောင် လှပသည့် ဓားပျံသိုင်းကွက် ထုတ်ဖော်ခဲ့၏။ ဓားပတ်ပတ်လည်တွင် နဂါးငွေ့တန်းများ တဖိတ်ဖိတ် တောက်ပ၍ ကမ္ဘာပေါင်းများစွာတွင် အထွတ်အထိပ်ဖြစ်သော ဓားသိုင်းပညာ၏ ခမ်းနားမှုကို ပြသလိုက်ခြင်းပင်။ ကြည့်နေသူများ၏ မြင်ကွင်းတွင် သူနှင့် ဓားက တစ်သားတည်း ဖြစ်သွားကာ ဓားပျံသည် ဝိညာဥ် ဖြစ်ပေါ်လာပုံရ၍ ရွှေရောင်ကျိုင်းကောင်ကြီးကို မာန်ဖီနေသည့် သားရဲကြီးပမာ ထင်ယောင်ထင်မှား ဖြစ်ကုန်သည်။
"ရွှစ်"
ဓားပျံက ရုတ်တရက် ဒေါင်လိုက် ဖြစ်သွားကာ ကျိုင်းကောင်၏ ကျောကုန်းတလျှောက် ထိုးခွဲသွားပြီး သွေးများ ပန်းထွက်လာသည်။ ချက်ချင်း နောက်ပြန်လှည့်လာသော ဓားချက်တွင် ၎င်းက နှစ်ခြမ်း ကွဲထွက်သွားကာ တဝုန်းဝုန်း မြည်သံနှင့်အတူ လဲကျသွား၏။ ကောင်းကင်အင်မော်တယ်သည် နောက်ဆုံးထွက်သက် ရောက်သည့်တိုင်အောင် အသံတစ်ချက်ပင် မထွက်နိုင်လိုက်ပေ။ နောက်ဆုံးတွင် ရုပ်ခန္ဓာ နှစ်ပိုင်းပြတ်နေသော အဘိုးအိုတစ်ယောက် ပြန်လည် ထွက်ပေါ်လာကာ မျက်နှာမှာ လူရုပ် ဖမ်းမရလောက်အောင် ပျက်စီးနေပြီ ဖြစ်၏။
ကျက်သရေရှိလှသော ဤအခိုက်အတန့်ကို ပုံရိပ်ပုလဲများတွင် ဖမ်းယူထားသကဲ့သို့ ကမာနတ်ဆိုးများနှင့် လူသားကျင့်ကြံသူများ၏ စိတ်ထဲတွင် စွဲထင်ကုန်သည်။ နားခိုရာဂိုဏ်း တစ်ခုလုံး အချိန်ကြာမြင့်စွာ တိတ်ဆိတ်၍ ယွမ်ရှောင်၏ ရယ်သံ ထွက်ပေါ်လာသောအခါတွင်မှ အားလုံး သတိပြန်ဝင်လာကြ၏။
"မင်းတို့ကို တိုက်ခိုက်ရတာ အတော် ကျေနပ်စရာကောင်းတယ်။ အနည်းဆုံးတော့ ငါ့အတွက် ပြိုင်ဘက် ဖြစ်ပေးခဲ့တာပဲ။ တော်တယ်။ ပြိုင်ဘက်ကင်းနေရတာ တကယ်တော့ အထီးကျန်တယ်ကွ"
သူက တစ်ချက်ပြုံး၍ ရန်သူ၏ သိုလှောင်အိတ်နှင့် ရတနာများကို သိမ်းယူရင်း ချီးကျူးလိုက်လေသည်။