← Chapters

ကမာနတ်ဆိုးမျိုးနွယ် ချေမှုန်းခံရပြီ

Vol. 37 Ch. 482

ကမာနတ်ဆိုးမျိုးနွယ် ချေမှုန်းခံရပြီ

Vol. 37 Ch. 482

တိုက်ပွဲအပြီးတွင် အားလုံးသည် ဒေါင်လိုက် နှစ်ခြမ်း ကွဲ သေဆုံးနေသော ကောင်းကင်အင်မော်တယ်၏ အလောင်းကို ငေးကြည့်နေရင်း လေးလေးနက်နက် တိတ်ဆိတ်ငြိမ်သက်သွားကာ တုန်လှုပ်လွန်းသဖြင့် ဆွံ့အနေကြသည်။ အချိန်တစ်ခုအကြာတွင် ကာကွယ်သူများဘက်မှ အောင်ပွဲခံသံများ တခဲနက် ထွက်ပေါ်လာပြီး ရှေးဟောင်းကျောင်းတော်၏ ကျောင်းအုပ် ယွီချန်နှင့် သိုင်းဧကရာဇ် မျိုးနွယ် လက်ရှိမျိုးဆက် ရှန်ချန်းတို့ပင် ဝမ်းသာမျက်ရည်ဝဲ၍ စိတ်၏ အနက်ရှိုင်းဆုံးအထိ လှုပ်ခတ်ကုန်သည်။ ယွမ်ရှောင်သည် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ရန်သူတော်ကြီးများ ဖြစ်သော ဂူကျင့်ကြံသူ နှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီး အားနည်းသူ ဟူသော သံသယများ ကင်းစင်သွား၏။

"ဒီနှစ်ယောက် သေသွားတော့ ရှေးဟောင်းအပျက်အစီးနယ်မြေ လွတ်လပ်ဖို့ လမ်းစ ပေါ်လာပြီ။ ကမ္ဘာပေါင်းများစွာလည်း မျှော်လင့်ချက် ရှိလာတယ်"

ယွီချန်က ခပ်တိုးတိုး ရေရွတ်ရင်း မျက်ဝန်းများ စိုစွတ်နေကာ လူသားအင်မော်တယ် တစ်ယောက်တည်းသာ ကျန်ရစ်သဖြင့် ကြောက်စိတ်များ စိုးရိမ်စိတ်များ လွင့်ပြယ်စပြုလာသည်။

"အံ့သြစရာကောင်းလိုက်တဲ့ ကျင့်ကြံသူ။ လန်ရီလေးက တကယ်ကို လူရွေးတော်တာပဲ"

ဖုန်းချင်းက ရယ်ရယ်မောမောဖြင့် ချီးကျူးနေ၏။

"ယွမ်ရှောင်ကို ကျောင်းတော်ဆီ ငါ ခေါ်လာတာပဲ။ မြင်မြင်ချင်း သူက ထူးခြားတယ်ဆိုတာ သိလိုက်ရတယ် ဟား ဟား"

ယွမ်တဟဲသည်လည်း ကတုံးပြောင်ပြောင်ကို ပွတ်သပ်၍ အားရပါးရ ရယ်မောနေသည်။ အရေအတွက် များစွာ သာလွန်သော ရန်သူများကို ရင်ဆိုင်ရသော်လည်း ယွမ်ရှောင်သည် အောင်ပွဲယူဆောင်ပေးခဲ့ပြီး မောဟိုက်နေသော လူသားကာကွယ်သူများက ဒဏ်ရာများ ရထားသော်လည်း စိတ်ဓာတ်တက်ကြွနေကြ၏။ ဆန့်ကျင်ဘက်တွင် စိတ်ဓာတ် ပျက်ပြားနေသော ကမာနတ်ဆိုးများမှာမူ အသက်ရှင်လိုသောကြောင့် အသည်းအသန် ကြိုးစားသည့်အနေဖြင့် လူသား မိန်းမလှလေးများ အသွင်ပြောင်းကာ ဒူးထောက်၍ သနားစဖွယ် တောင်းပန်လာကြသည်။

"သခင်လေးယွမ် ငါတို့ကို ကောင်းကင်အင်မော်တယ်က နောက်ခံအားကိုးနဲ့ အကျပ်ကိုင်ခဲ့တာပါ။ ဒီနေ့ ငါတို့ကြောင့် လူသားတစ်ယောက်မှ မထိခိုက်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး သနားညှာတာပေးပါ။ တောင်းပန်ပါတယ်"

ကမာဘုရင်သည် ကောက်ကြောင်းများ ပေါ်လွင်အောင် ဒူးထောက်၍ ယွမ်ရှောင်၏ ဝတ်ရုံစကို ဆွဲကိုင်ကာ ညုတုတု မိန်းမသံဖြင့် အသနားခံနေ၏။

"လူသားတစ်ယောက်မှ မသတ်ခဲ့လို့ မင်းကို ကျေးဇူးတင်ရမှာလား"

သူက အေးစက်စက် ငုံ့ကြည့်ပြီး သိပ်သည်းသော နတ်ဆိုးအရှိန်အဝါကြောင့် အလွန်ကြောက်စရာကောင်းလှသည်။

"မဟုတ်ပါဘူး။ ငါတို့ မှားသွားပါတယ်။ ကမာနတ်ဆိုးမျိုးနွယ်က သခင်လေးကို ထာဝရ အစေခံအဖြစ် ခစားချင်မိပါတယ်"

ကမာဘုရင်က ရှိုက်ကြီးတငင် ငိုကြွေး၍ ဝပ်တွားခယနေ၏။

"သေချာလား"

"သေချာပါတယ်"

"ဒါဆိုရင် ငါ့ဓားမှာ ဓားစက်ကွင်းအဖြစ် အမှုထမ်းလိုက်လေ"

မျှော်လင့်ချက် ရောင်ခြည် သန်းလာသောကြောင့် ကမာဘုရင်၏ မျက်နှာ ဝင်းလက်သွားသော်လည်း မိုးပြာရောင် ဓားဖျားက နှလုံးသားတည့်တည့် ထိုးဖောက်လာသည်။

"သခင်...သခင်လေးယွမ်"

တုန်ရီနေသော လက်နှစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ရင်း မယုံကြည်နိုင်ဟန်ဖြင့် မော့ကြည့်လိုက်ပြီး စိုးရိမ်စိတ်များနေသော လူသားကာကွယ်သူများ စိတ်အေးသွားကြ၏။ မူလတွင် ယွမ်ရှောင်၏ နတ်ဆိုးအရှိန်အဝါ ပြင်းထန်လွန်းသောကြောင့် သူတို့ ပူပန်ခဲ့မိသော်လည်း ကမာဘုရင်ကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်လိုက်သဖြင့် ထိုစိတ်များ လွင့်ပါးပျောက်ကွယ်ကုန်သည်။ သူက ဓားကို တစ်ချက်လှည့်လိုက်ရာ ကမာဘုရင်၏ နှလုံးသား စုတ်ပြတ်သွားစဥ် ကာကွယ်သူများအား အမိန့်ပေးလိုက်၏။

"ကမာနတ်ဆိုးတွေ အကုန်သတ်ပစ်ပြီး သွေးကျောက်အဖြစ် ပြောင်းလဲလိုက်"

"အမိန့်အတိုင်းပါ"

စိတ်အားထက်သန်၍ တက်ကြွနေသော ကျင့်ကြံသူများက ဒူးထောက်နေသော ကမာနတ်ဆိုးများထံ ချက်ချင်း ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။

"နတ်ဆိုးအရှိန်အဝါ ရှိနေတာတောင် ဘာကြောင့် နတ်ဆိုးတွေကို သတ်ရတာလဲ"

တဖြည်းဖြည်း အသက်ရှူရခက်လာသော ကမာဘုရင်က နားမလည်ဟန်ဖြင့် မေးခွန်းထုတ်သည်။

"ငါက ဘာဖြစ်ဖြစ် အရေးမကြီးဘူး။ အရေးကြီးတာက မင်းက ရန်သူဖြစ်ဖို့ ရွေးချယ်လိုက်တာပဲ။ ရွေးချယ်မှုတွေက အရေးကြီးတယ်"

တစ်ဖက်လူကို သွေးကျောက်အဖြစ် သန့်စင်ရင်း ယွမ်ရှောင်က ပြန်ဖြေလိုက်သောအခါ ကမာဘုရင်သည် အဖြေကို သဘောပေါက်နားလည်၍ အသက်ပျောက်သွားကာ ဓားစက်ကွင်းအဖြစ် တပ်ဆင်ခံလိုက်ရ၏။ သူက ယန်နယ်ပယ် ကျင့်ကြံသူ နတ်ဆိုးတစ်ကောင် ဖြစ်သောကြောင့် ကိုယ့်နည်းကိုယ့်ဟန် အစွမ်းထက်သည်ဖြစ်ရာ ဓားဝိညာဥ်အတွက် လိုက်ဖက်ညီနေသည်။ ထို့နောက် ယွမ်ရှောင်က ဓားဝိညာဥ်ကို ဓားမြှောင်အသွင်ပြောင်းကာ ထွက်ပြေးနေသည့် ကမာနတ်ဆိုးများထံ ပစ်ခတ်ခဲ့သည်။ ပုံရိပ်ယောင်များကို လျစ်လျူရှုထားနိုင်စွမ်းရှိသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူက ကမာနတ်ဆိုးများကို မျိုးဖြုတ်နိုင်စွမ်း ရှိနေ၏။ မူလတွင် ယွမ်ရှောင်ကို ထောင်ချောက်ဆင်ရန် ပြင်ဆင်ထားသည့် နားခိုရာဂိုဏ်းအတွင်း အလှည့်အပြောင်း ဖြစ်သွားကာ ကမာနတ်ဆိုးမျိုးနွယ် ကပ်ဆိုက်လေသည်။

"သေစမ်း"

ယွမ်ရှောင်၏ မျက်ဝန်းများက အေးစက်စက် တောက်ပနေပြီး တဖြတ်ဖြတ် လှုပ်ရှားနေသော ဓားသွားအောက်တွင် များပြားလှသော အသက်များကို ချွေယူနေ၏။

"သူက ရက်စက်ပေမယ့် ပုံသွင်းလို့ရလောက်တယ်"

"နီယန်တောင် သူ့အစာ ဖြစ်သွားပြီ"

"မာနကြီးတာကို အခွင့်ကောင်းယူပြီး လှည့်စားနိုင်လောက်တယ်"

"ငါတို့ သူ့ကို ရွေးကြမလား"

"ဒါက ၁၈ထပ်က ကောင်ရဲ့ ဆန္ဒအပေါ် မူတည်တယ်"

နားခိုရာဂိုဏ်း၏ နက်ရှိုင်းသော မြေအောက်တွင် စကားသံများ ထူးထူးခြားခြား ထွက်ပေါ်နေသော်လည်း မည်သူမျှ မကြားနိုင်ခဲ့ပေ။ ယွမ်ရှောင်သည် လျင်မြန်သော ဓားမြှောင်သိုင်းကွက်ဖြင့် နားခိုရာဂိုဏ်း ထွက်ပေါက်သို့ ရောက်ရှိနေသော ကမာနတ်ဆိုးများ၏ နှလုံးသားတစ်ခုချင်းစီ ထိုးဖောက်ပစ်လိုက်ရာ မြေပြင် သွေးစွန်းသွားသည်။ အမေ့ခံနတ်ဆိုးပင်လယ်၏ အရှင်သခင် ဖြစ်သော ကမာနတ်ဆိုးမျိုးနွယ်ဝင်များ မျက်နှာအထက်တွင် ကြောက်စိတ်တို့ နက်နက်ရှိုင်းရှိုင်း ထင်ဟပ်နေ၏။ နောက်ဆုံး ကျန်ရစ်သော ကမာနတ်ဆိုးသည် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေရင်း သွေးအိုင်အတွင်း လဲကျသေဆုံးသွားသည်။

နားခိုရာဂိုဏ်းတွင် ရန်သူများကို ဖျက်ဆီးပြီးနောက် မြေပြင်တစ်ခုလုံး သွေးများ ဖုံးလွှမ်းနေကာ မီးတောက်များအောက်တွင် ကမာနတ်ဆိုးများသည် ဓားစက်ကွင်းများအဖြစ် ပြောင်းလဲခံလိုက်ရ၏။ သူတို့ ပိုင်ဆိုင်သော အရင်းအမြစ်များမှာ ကာကွယ်သူများ၏ လက်အတွင်း ရောက်ရှိလာကာ ယွီချန်သည် သိုလှောင်အိတ်အများအပြား ပြသရင်း ပြောလိုက်သည်။

"ဒါက ကမာနတ်ဆိုးမျိုးနွယ် သယ်လာတဲ့ အရင်းအမြစ်တွေပါ"

"ခင်ဗျားတို့ ယူလိုက်ပါ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ လက်မခံနိုင်ကြောင်း ငြင်းဆန်သည်။

"ငါတို့နဲ့ မထိုက်တန်ပါဘူး။ ဒီနေ့တိုက်ပွဲမှာ ငါတို့က ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ မင်းကိုတောင် အနှောင့်အယှက် ဖြစ်စေခဲ့တာပဲ"

သူမက ခေါင်းငုံ့၍ ရှက်ရွံ့သော အမူအရာဖြင့် ပြောသည်။

"ခင်ဗျားတို့အားလုံးက ပုံရိပ်ယောင်ကို တွန်းလှန်ဖို့ တုံ့ဆိုင်းမနေဘဲ အဆိပ်သောက်ကြတယ်။ ကျုပ် တကယ်ကို လေးစားမိပါတယ်။ ကျုပ်လို လူစားမျိုးနဲ့ ယှဥ်ရင် ​သေဘေးနဲ့ တွေ့ရတာတောင် နောက်မတွန့်ကြတဲ့ ဒီလိုလူတွေကို လောကကြီးက လိုအပ်ပါတယ်"

သူက လေးစားရိုသေသော အမူအရာဖြင့် ချီးကျူးလိုက်သောကြောင့် ရှန်ချန်းကို ခါးသက်သက် ပြုံးသွားစေ၏။

"ငါတို့က အဲ့လောက် အရေးပါလို့လား"

"စစ်မှန်တဲ့ တရားမျှတမှုအတွက် လောကကြီးက အကြီးအကဲတို့လို လူတွေ အများကြီး လိုအပ်တယ်။ ကျုပ်တစ်ယောက်တည်းက ဘာမှ သိပ်မပြောင်းလဲနိုင်ပါဘူး။ မျိုးဆက်သစ်တွေကို လမ်းကြောင်းအမှန် ပြသပေးဖို့ တောင်းဆိုချင်ပါတယ်"

"ဒါဆိုရင် အရင်းအမြစ်တွေကို ငါတို့ လက်ခံလိုက်ပါမယ်"

ယွမ်ရှောင်က လေးလေးစားစား ပြန်ဖြေလိုက်သောအခါ ကာကွယ်သူများသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်၍ အသစ်ပြန်လည် ဖြစ်တည်လာသော ဆုံးဖြတ်ချက်ကြောင့် မျက်ဝန်းများ ပိုမိုတောက်ပလာသည်။

"လန်ရီက မင်းအကြောင်း အများကြီး ပြောဖူးတယ်။ သူပြောတာ မှန်ပါတယ်။ မင်းလှုပ်ရှားရင် အထိန်းအကွပ် မရှိပေမယ့် ဖြူစင်တဲ့ လူသားတစ်ယောက်ရဲ့ နှလုံးသားမျိုး ရှိတာပဲ။ ရွေးချယ်မှုက မမှားခဲ့ပါဘူး"

ယွီချန်က နူးညံ့ညင်သာသော အကြည့်မျိုးဖြင့် လေးစားစွာ ချီးကျူးပြန်သည်။

"ဒါဆိုရင် ဘယ်သူက မှားနေတာလဲ"

"လောကကြီးက မှားနေတယ်"

ထိုအဖြေကြောင့် ယွမ်ရှောင် သက်ပြင်းတစ်ချက်ချကာ နားခိုရာဂိုဏ်းမှ ပြန်ကြရန် ဆော်သြောလိုက်၏။ တံခါးဝသို့ ရောက်သောအခါ သူက လေးနက်စွာ လှည့်ကြည့်လိုက်မိပြီး မျက်လုံးပေါင်းများစွာ စောင့်ကြည့်နေသည်ဟူသော ခံစားချက်မျိုး ရနေသည်။ ပထမအလွှာရှိ နီယန်တွင် လှည့်ကွက်များ ရှိသောကြောင့် အောက်အထပ်များရှိ အကျဥ်းသားများ ပို၍ အစွမ်းထက်မည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

"နားခိုရာဂိုဏ်းကို ငါ ဘယ်အချိန် ယူသွားနိုင်မလဲ"

"သူတို့ သဘောတူ မတူ အပေါ်မှာ မူတည်လိမ့်မယ်လို့ ငါ ထင်တယ်"

ကြယ်ပြာက မေးခွန်းကို တွေးတွေးဆဆနှင့် ဖြေသည်။

"ဒါဆိုရင် ဂူကျင့်ကြံသူတွေနဲ့ ကမာနတ်ဆိုးတွေ ဒါကို လာယူတာ စိတ်ကူးသက်သက် ဖြစ်နေတာပေါ့"

သူက တစ်ချက် ရယ်မောလိုက်မိသော်လည်း အင်မော်တယ်သုံးပါး၏ နောက်ကွယ်ရှိ အင်အားစုတွင် နည်းလမ်းများ ရှိကောင်းရှိနိုင်၏။ သူက နားခိုရာဂိုဏ်း ယူဆောင်ခံလိုက်ရမည်ကို စိုးရိမ်ခြင်းမရှိဘဲ ငရဲကိုးထပ်ကမ္ဘာ၊ နတ်ဘုရားတိုက်ကြီးနှင့် ကောင်းကင်နယ်မြေအပေါ် ထိခိုက်မှု ရှိလာမည်ကိုသာ စိတ်ပူနေမိသည်။

"ခင်ဗျားတို့ အရင် ပြန်နှင့်လိုက်ပါ။ ကျုပ် လုပ်စရာလေး ရှိသေးတယ်"

နားခိုရာဂိုဏ်း အပြင်သို့ ရောက်သောအခါ ယွမ်ရှောင်က ယွီချန်ကို အသိပေးလိုက်၏။

"ဒီပုံစံကို ပြောင်းလဲမလို့လား။ မြန်မြန်လုပ်ပါ။ စီရင်သူက မိတ်ဆွေလား ရန်သူလား မပြောနိုင်ဘူး။ မင်းဆီမှာ နတ်ဆိုးအရှိန်အဝါ ရှိနေတာကို သူ မသိစေနဲ့။ သူတို့တွေ နှုတ်လုံဖို့ ငါ သတိပေးထားမယ်"

သူမက ဉာဏ်ကောင်းသောကြောင့် ချက်ချင်း နားလည်သွားကာ ခပ်တိုးတိုး ပြောရင်း ခေါင်းညိတ်ပြသည်။ ဤတိုက်ပွဲသည် သူ့အပေါ် သဘောထားကို ပြောင်းလဲသွားစေကာ ကာကွယ်သူများကို သူက တန်ဖိုးထားသကဲ့သို့ သူတို့သည်လည်း သူ့ကို လန်ရီနည်းတူ သဘောထားလာကြ၏။

ကာကွယ်သူများနှင့် ခွဲထွက်လာပြီးနောက် ယွမ်ရှောင်သည် လနတ်သားကို ခွဲထုတ်ကာ စစ်မင်းသမီးကို မြုပ်နှံထားသည့် နေရာသို့ ဦးတည်သွား၏။

"မင်းက ဘာကောင်ကြီးလဲကွာ"

နီယန်၏ အသိစိတ်က သံသယဖြင့် မေးလိုက်သော်လည်း အမှောင်ထုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသော ငွေရောင် မြေခွေးနှင့်အတူ ဝေးကွာသွားသည်။ ကောင်းကင်အင်မော်တယ်ထံမှ အရင်းအမြစ်များ ထပ်မံရရှိလာသောကြောင့် ထိုနတ်ဆိုးကိုယ်ပွားမှာ အဆင့်များစွာ တက်လာနိုင်ဖွယ် ရှိ၏။ သူက မြေအောက်တွင် ရှိနေသော သလင်းကျောက် အခေါင်းကို တူးဖော်လိုက်သောအခါ အတွင်း၌ အသက်ရှူမှားလောက်အောင် ဆွဲဆောင်မှု ပြင်းထန်သည့် စစ်မင်းသမီး အနားယူနေသည်။

"ကဲ အိပ်ပျော်နေတဲ့ အလှလေးကို နှိုးဖို့ အချိန်တန်ပြီ"

ယွမ်ရှောင်၏ စကားအဆုံးတွင် ကပ်ဘေးမိစ္ဆာသွေးသည် ကိုယ်တွင်းမှ စီးထွက်ကာ စစ်မင်းသမီး၏ ခန္ဓာကိုယ်ထံ ဖြည်းဖြည်းချင်း စီးဝင်သွားသဖြင့် တက်ကြွလန်းဆန်းသော အသက်အားများ ပြန်လည် ဖြစ်ပေါ်လာခဲ့လေသည်။

All Chapters