လုယောင်
Vol. 37 Ch. 484
ယွမ်ရှောင်သည် မြို့ပြင်တွင် ကာကွယ်သူများနှင့် ပြန်လည် တွေ့ဆုံခဲ့ပြီး ခြံဝန်းအတွင်း ဆင်းသက်လိုက်သောအခါ လန်ရီက ကြိုဆိုရန် အပြေးတစ်ပိုင်း ထွက်လာ၍ အားလုံး ဘေးကင်းကြောင်း မြင်သောအခါတွင်မှ သက်ပြင်းချလိုက်နိုင်သည်။ ကောင်းကင်အင်မော်တယ် သေပြီဆိုသော သတင်းကောင်းကို သိလိုက်ရသောအခါ ဝမ်းသာမှုကြောင့် မျက်နှာလေး ဝင်းလက်သွားသော်လည်း သွေးစွန်းနေသော ဒဏ်ရာကိုယ်စီကြောင့် စိတ်မကောင်း ဖြစ်သွား၏။
"တစ်သက်လုံး ကျွန်ဖြစ်မှာထက်စာရင် ဒီဒဏ်ရာတွေက ဘာမှမဖြစ်ပါဘူး။ စီရင်သူကော အခြေအနေ ဘယ်လိုလဲ"
ယွီချန်က သူမကို နှစ်သိမ့်ပေး၍ လုအန်းအကြောင်း မေးလိုက်သည်။ သတိပြန်လည်လာပြီး ပိုးကောင် ကူးစက်မှု ခံနေရဆဲဖြစ်သော်လည်း စိတ်ကြည်လင်သောကြောင့် ဂူကျင့်ကြံသူများ ကိစ္စကို အတိုချုံး ပြောပြထားသည်ဟု လန်ရီထံမှ သိလိုက်ရသောအခါ ယွမ်ရှောင်နှင့် သူမ အကြည့်ချင်း ဖလှယ်ခဲ့ကြ၏။
"သူက အစ်ကိုနဲ့ တွေ့ချင်နေတယ်"
လန်ရီက အခန်းတစ်ခုထံ ညွှန်ပြ၍ ပြောလိုက်သောအခါ အားလုံးကို နှုတ်ပိတ်ထားရန် သူ အချက်ပြခဲ့ပြီး ဦးဆောင်လိုက်သည်။ သတင်းစကားဆိုသည်မှာ တစ်ညီတညွတ်တည်း ထွက်မလာလျှင် သံသယဝင်စရာ ကောင်းသည် မဟုတ်ပါလော။
"စီရင်သူ ကျုပ် တွေ့ခွင့်တောင်းပါတယ်"
"ဝင်ခဲ့ပါ"
အခန်းတံခါးကို ခေါက်လိုက်သောအခါ အတွင်းမှ ကြံ့ခိုင်သန်မာသော အသံမျိုး ပြန်လည် ထွက်ပေါ်လာ၏။ သူက တံခါးကို တွန်းဖွင့်၍ ဝင်သွားသောအခါ ကုတင်တိုင်ကိုမှီကာ ထိုင်နေရင်း အကဲခတ်နေသော တစ်ဖက်လူအား မြင်လိုက်ရသည်။
"ကျောက်စိမ်းလို တောက်ပပြီး ရုပ်ရည်က မြင့်မြတ်တယ်။ ကောင်းကင်ရုံးတော်မှာတောင် မရှိနိုင်တဲ့ မျက်နှာမျိုးပါလား"
"အရာအားလုံးက ခဏတာပါ။ နောက်ပိုင်းကျရင် ဖုန်ဖြစ်သွားမှာပါပဲ"
လုအန်း၏ ချီးကျူးစကားကို သူက လက်မခံဘဲ ဖြေလိုက်၏။
"အပြောကတော့ ကောင်းပါတယ်။ မင်းရဲ့ မိန်းမသာ သရဲတစ်ကောင်လို ရုပ်ဆိုးနေရင် လက်ထပ်နိုင်ပါ့မလား"
တစ်ဖက်လူ၏ စကားကြောင့် လန်ရီသည် သူတို့၏ ဆက်ဆံရေးကို မည်သို့ ဖော်ပြထားကြောင်း နားလည်လိုက်သည်။
"တစ်ခုတော့ ထူးဆန်းနေတယ်။ မင်းမှာ အင်မော်တယ် အဆင့်လည်း မရှိဘူး။ ဘယ်လိုလုပ်ပြီး သတ်နိုင်ခဲ့တာလဲ။ ဓားယာဥ်ကို ထိုးဖောက်ခဲ့တာရောပဲ"
"အကြီးအကဲတွေရဲ့ အကူအညီနဲ့ပါ။ ဓားယာဥ်က ပျက်စီးကာနီး ဖြစ်နေလို့ သိပ်ပြီး အားမစိုက်ခဲ့ရပါဘူး"
လုအန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သောအခါ ယွမ်ရှောင်အနေဖြင့် အမှန်အတိုင်း မပြောခဲ့ပေ။
"စိတ်မရှိပါနဲ့။ မင်းရော လန်ရီရော ပါရမီကောင်းကြပါတယ်။ ငါက အောက်နယ်မြေကို မျှော်လင့်ချက်ကြီးကြီး ထားမိလိုက်တာပဲ။ မင်း အခြေအနေ ကောင်းတယ်ဆိုတော့ ကောင်းကင်အင်မော်တယ် ဘယ်လိုဖြစ်သွားပြီလဲ"
"သူ သေပါပြီ"
"ဘယ်သူ သတ်လိုက်တာလဲ"
"ကမာနတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းပြီး သတ်ခဲ့တာပါ"
"ဥပဒေအရ နတ်ဆိုးတွေနဲ့ ပူးပေါင်းတာက အပြစ်ကြီးတယ်"
"ကမ္ဘာပေါင်းများစွာ နှိပ်စက်ခံရပြီး လူသားတွေ အန္တရာယ်ဖြစ်နေလို့ နောက်ဆုံးလမ်းကြောင်းကို ရွေးချယ်လိုက်ရတာပါ"
ယွမ်ရှောင်က ပြတ်ပြတ်သားသား ကြေညာသည်။
"ငါ နားလည်ပါတယ်။ ဒါပေမယ့် ကမာနတ်ဆိုးမျိုးနွယ်နဲ့ ဝေးဝေးနေရမယ်"
လုအန်းက ခေါင်းညိတ်ကာ သတိပေး၏။
"သူတို့က ဘယ်လိုမှ အန္တရာယ်မပေးနိုင်တော့ပါဘူး။ ကောင်းကင်အင်မော်တယ်နဲ့ တိုက်ပွဲမှာ တစ်ယောက်မကျန် သေကုန်ပါပြီ"
ထိုစကားကြောင့် သူသည် ယွမ်ရှောင်ကို ထူးဆန်းသော မျက်နှာထားဖြင့် အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့၏။
"ကမ္ဘာပေါင်းများစွာမှာ ဖြစ်နေတဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး လူသားအင်မော်တယ်တစ်ယောက်တည်း တရားခံ ကျန်တော့တာလား"
"ဟုတ်ပါတယ်"
"သူ့ကို ငါ့တာဝန်ထားလိုက်။ မင်းတို့ အနားယူကြတော့။ နာမည်ကောင်း ရဖို့အတွက်တော့ မစဥ်းစားနဲ့။ ငါ ကောင်းကင်ရုံးတော်ကို ပြန်ဝင်နိုင်ဖို့ ဒါကို အားကိုးနေရလို့ပါ"
သူက ငြင်းချက်ထုတ်ခွင့် မပေးလိုသော လေသံမျိုးဖြင့် ညွှန်ကြားကာ စကားဝိုင်းမှတဆင့် ယွမ်ရှောင်သည် တစ်ဖက်လူအကြောင်း ပိုမို နားလည်လာခဲ့သည်။
"ခင်ဗျားရဲ့ ကိုယ်ထဲမှာ ပိုးကောင်တွေ ကျန်နေပါသေးတယ်။ လူသားတွေကို ကယ်တင်နိုင်ဖို့ ဒါတွေကို အရင်ရှင်းရပါမယ်"
"ဒါဆိုရင် မင်းကိုပဲ အားကိုးရတော့မယ်။ ငါ့အတွက် အသက်သခင် ကျေးဇူးရှင်ပါ။ မင်း လိုချင်တာ တစ်ခုခုများ ရှိသလား"
"အတားအဆီးကို ဖောက်ထွက်တာအပြင် မဟာတာအိုနယ်မြေကို စောစော သွားလို့ရလား"
"မရဘူး"
သေမျိုးတစ်ယောက်ကို ကောင်းကင်ရုံးတော်ဆီ ခေါ်ဆောင်လာခြင်းကလည်း အပြစ်ဖြစ်၍ လုအန်း ခေါင်းယမ်းသည်။ ထိုနေရာ၌ အင်မော်တယ်အဆင့်အောက် ကျင့်ကြံသူများ ရှိသော်လည်း အင်အားကြီး ကျောထောက်နောက်ခံ ကိုယ်စီ ပိုင်ဆိုင်ထားကြ၏။ ထို့ကြောင့် ယွမ်ရှောင်က နားလည်ကြောင်း ခေါင်းညိတ်ပြကာ အသက်တံဆိပ် ထုတ်ယူ၍ လုအန်း၏ ရင်ဘတ်နှင့် တိုက်ရိုက် ကပ်ထားလိုက်သည်။
"မင်းရဲ့ ရုန်းအရေအတွက်က တော်တော်များတာပဲ"
လုအန်းက အံ့သြတကြီး ရေရွတ်၏။
"ဒါတွေ အားလုံးက အကြီးအကဲတွေရဲ့ စေတနာပါ"
သူက အခန်းအပြင်တွင် ကျန်ရစ်ခဲ့သော ကာကွယ်သူများထံ ညွှန်ပြလိုက်သည်။
"မင်းတို့က တကယ်သစ္စာရှိပြီး ရဲရင့်ကြတယ်။ ဒီလိုလူမျိုးတွေ ရှိနေတာ ဝမ်းသာစရာပါပဲ"
လုအန်းက ချီးကျူးနေရင်း မျက်လုံးများ ပြန်လည် ပြူးကျယ်သွားကာ ရင်ဘတ်အတွင်းမှ ရုပ်ဆိုးအကျည်းတန်သော ပိုးကောင်များ တစ်ကောင်ပြီး တစ်ကောင် ဆွဲထုတ်ခံနေရသောကြောင့် ဖြစ်၏။ ကလီစာ အဆိပ်ပိုးဟု ခေါ်ပြီး ရက်စက်ယုတ်မာလွန်းသောကြောင့် ဥပဒေအရ တားမြစ်ထားသည့် အရာ ဖြစ်နေရာ သူ အံကြိတ်ထားမိသည်။
"ခင်ဗျားကို ဘယ်သူ ဒုက္ခပေးတာလဲ"
"မသိဘူး။ ဒီနေရာကို တာဝန်တစ်ခုနဲ့ ဖြတ်သန်းနေတုန်း အလစ်တိုက်ခိုက်ခံလိုက်ရတယ်။ လူသားအင်မော်တယ်လည်း မဖြစ်နိုင်ဘူး။ မင်းတို့ ပြောသလိုဆိုရင် သူက လူ့လောကမှာ သောင်းကျန်းရဲပေမယ့် စီရင်သူတစ်ယောက်ကို ထိရဲမှာ မဟုတ်ဘူး။ ငါ့ဓားယာဥ်ကိုတောင် သူ ဖောက်ဝင်နိုင်ဖို့ မဖြစ်နိုင်ဘူး"
လုအန်းက ရှင်းပြလိုက်သောအခါ ယွမ်ရှောင် ကောက်ချက်ဆွဲလိုက်၏။
"ကောင်းကင်ရုံးတော်က ရန်သူတစ်ယောက် ဖြစ်နိုင်တယ်မလား"
"ဒါပေါ့။ ငါက အမှုပေါင်းများစွာ စုံစမ်းစစ်ဆေးခဲ့လို့ ရန်သူတွေ မနည်းဘူး။ လက်စားချေဖို့အတွက် ပစ်မှတ် ဖြစ်လာတာ ပုံမှန်ပါပဲ"
လုအန်း၏ မျက်လုံးအကြည့်များ အေးစက်တင်းမာနေသည်။ ထို့နောက် ယွမ်ရှောင်သည် ခဏတာ တိတ်ဆိတ်ပြီးနောက် ဂူကျင့်ကြံသူများတွင် ကောင်းကင်ရုံးတော်၌ နောက်ခံရှိနိုင်သောကြောင့် သတိထားရန် သတင်းပေးလိုက်၏။ သို့သော် လုအန်းက ဖြစ်နိုင်ချေရှိသည်ဟု လက်မခံခဲ့ပေ။ အကြောင်းအရင်းမှာ အောက်နယ်မြေများကို ဝင်ရောက်စွက်ဖက်ခြင်းသည် အင်မော်တယ်များအတွက် အပြစ်ကြီးပြီး နောက်ဘဝရောက်လျှင် တိရိစ္ဆာန် ဘဝ ပြောင်းသွားနိုင်သည်ဟု သတ်မှတ်ယုံကြည်ထားသောကြောင့်ပင်။ တစ်ဖက်လူက နားခိုရာဂိုဏ်း အပေါ် သတိထားမိပုံမရသောကြောင့် ယွမ်ရှောင်အနေဖြင့် ထုတ်မပြောရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ၎င်းနှင့် မပတ်သက်ခင်ကတည်းက ဂူကျင့်ကြံသူများသည် သာမန်လူများကို ဦးနှောက်ဆေးနေခဲ့သောကြောင့် အစပိုင်းတွင် မသက်ဆိုင်ကြောင်း ဖြစ်နိုင်သည်။
ရက်ပိုင်းမျှကြာပြီးနောက် ယွမ်ရှောင်သည် လုအန်း၏ ခန္ဓာကိုယ်အတွင်းမှ ကလီစာ အဆိပ်ပိုးကောင်များကို အကုန်အစင် ထုတ်ယူနိုင်ခဲ့သဖြင့် မျက်နှာ သွေးရောင် ပုံမှန်ဖြစ်လာကာ စိတ်ဓာတ်လည်း ပြန်လည် တက်ကြွလာပုံရ၏။
"ငါ ပြန်ကောင်းလာဖို့ တစ်ရက်လောက် ကျင့်ကြံရမယ်။ ခဏလောက် စောင့်ပေးပါ။ ငါ့ကို နှစ်ခါတောင် အသက်ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မဟာတာအိုနယ်မြေဆီ ခေါ်သွားပေးနိုင်ဖို့ နည်းလမ်း ရှာကြည့်လိုက်မယ်"
ဒဏ်ရာ ပြင်းထန်နေသည့်တိုင်အောင် တစ်ရက်အတွင်း ပြန်လည် ကောင်းမွန်မည် ဟူသော ယုံကြည်ချက်သည် လုအန်း၏ စစ်မှန်သော ခွန်အားကို သက်သေပြနေ၏။
"မဟုတ်ပါဘူး။ ကမ္ဘာပေါင်းများစွာကို ကယ်တင်ပေးလို့ ခင်ဗျားကိုသာ ကျေးဇူးတင်ရမှာပါ"
"ရိုးရိုးသားသား ပြောရရင် မင်းက ငါ့ညီလေးနဲ့ နည်းနည်း တူညီတဲ့ အချက်တွေ ရှိတယ်"
ထိုအချိန်တွင် လုအန်းသည် သူ့ကို ဂရုတစိုက် လေ့လာနေပြီး စိတ်လှုပ်ရှားသော ဟန်ပန်မျိုးဖြင့် မှတ်ချက်ပေး၏။
"သူက အင်မော်တယ်တစ်ယောက် ဖြစ်လာချင်ခဲ့ပေမယ့် ကံဆိုးလွန်းတယ်။ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား ကျင့်ကြံပြီး သူ့အိပ်မက်ဆီ ရောက်ကာနီးမှာပဲ ပျောက်ကွယ်သွားခဲ့တယ်။ သတင်းမရတာ ဆယ်နှစ် ရှိပြီ"
"သူ အသက်ရှင်လျက် ရှိနေမှာပါ"
ယွမ်ရှောင်က နှစ်သိမ့်ပေးလိုက်သော်လည်း လုအန်း၏ ခါးသက်သက် မျက်နှာထားအရ ညီဖြစ်သူ အသက်ရှင်နိုင်ချေ အလွန်နည်းကြောင်း ဖော်ပြနေသည်။
"ငါ့ညီက ပန်းချီ ဝါသနာပါတယ်။ သူ့ပုံတူတွေ ရှိတယ်။ မင်းနဲ့ တူမတူ ကြည့်ပါဦး"
သူက သိုလှောင်အိတ်အတွင်းမှ စာအုပ်ထူထူတစ်ခု ဆွဲထုတ်ကာ ကမ်းပေးလိုက်ပြီး စာအုပ်အဖုံးတွင် ရဲရင့်ပြီး သွက်လက်သော စုတ်ချက်များဖြင့် လုရောင်ဟူ၍ ရေးထိုးထားသည်။ ပုံတူပန်းချီများတွင် လူငယ်လေးတစ်ယောက်သည် ပန်းများအကြားတွင် မိုးပြာရောင် ဓားတစ်လက် ကိုင်ဆောင်၍ ပြုံးနေသည်ကို မြင်နိုင်၏။
"ကျုပ်နဲ့ တော်တော်လေး တူတာပဲ။ ဘယ်သူသိမလဲ။ ခင်ဗျားရဲ့ ပျောက်ဆုံးသွားတဲ့ ညီလေးက ကျုပ် ဖြစ်ချင် ဖြစ်နေနိုင်တာပဲ"
ယွမ်ရှောင်က ရုတ်တရက် နောက်ပြောင်လိုက်လေသည်။