ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အပြောင်းအလဲ
Vol. 37 Ch. 485
"အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့ကွာ။ သူ ပျောက်သွားတုန်းက မင်း အသက် ခြောက်နှစ်လောက်ပဲ ရှိဦးမယ်"
ယွမ်ရှောင်နှင့် လုအန်း အတူတကွယ် ရယ်မောရင်း ပန်းချီစာအုပ်ကို တဖြတ်ဖြတ်လှန်လိုက်ရာ ခမ်းနားထည်ဝါပြီး ရင်သပ်ရှုမောဖွယ် လောကကြီးတစ်ခု မြင်လိုက်ရကာ တစ်ပုံချင်းစီမှာ ဖမ်းစားနိုင်စွမ်းကောင်းလှသည်။ ၎င်းက မဟာတာအိုနယ်မြေ၏ ပုံတူပန်းချီများ ဖြစ်ကာ မိုးကြိုးဌာန၏ အိမ်တော်၊ တိုက်ပွဲဌာန၏ နန်းတော်၊ နတ်ဘုရားတံခါးပေါက် စသဖြင့် သိလိုက်ရသောကြောင့် ယွမ်ရှောင်၏ မျက်ဝန်းတွင် လိုလားတောင့်တမှုများ ပြည့်နှက်လာ၏။
"စိတ်မပူနဲ့။ မင်းရဲ့ ပါရမီနဲ့ဆိုရင် အတားအဆီးကို ဖောက်ထွက်ဖို့ ကံပါလာတယ်"
သတိထားမိသော လုအန်းက အားပေးလိုက်ပြီး အပြာရောင် ကြယ်လောကမှ တက်လှမ်းသူ မရှိသည်မှာ ကြာနေပြီဖြစ်သော်လည်း ယွမ်ရှောင်မှာ စောင့်ကြည့်ရမည့် ပါရမီရှင် ဖြစ်လာနိုင်သောကြောင့်ပင်။
"ဒီပန်းချီစာအုပ်ကို ငှားလို့ရမလား"
"ရတယ်။.ဒါပေမယ့် ညီလေးရဲ့ ကိုယ်ရေးမှတ်တမ်းကိုတော့ မဖတ်ရဘူး"
"ကျေးဇူးတင်ပါတယ်။ ကျုပ် သူရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားပါမယ်"
သူက လေးနက်စွာ ကတိပေး၍ ပန်းချီစာအုပ်ကို ယူကာ အခန်းအပြင်သို့ ထွက်လာခဲ့၏။ ထိုအချိန်တွင် လုအန်းက အနားယူနေပြီဖြစ်ကာ အဆိပ်ပိုးကောင်များ ကုန်စင်သွားသဖြင့် ဒဏ်ရာပျောက်ကင်းနှုန်း သိသိသာသာ မြန်ဆန်နေသည်။ တစ်ရက်အကြာတွင် သူက တက်ကြွလန်းဆန်းသော အမူအရာဖြင့် ထွက်ပေါ်လာပြီး ငွေရောင်ချပ်ဝတ်ကို ပြင်ဆင်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေထံ လမ်းပြရန် အားလုံးကို ညွှန်ကြားလိုက်သည်။
"ဒါက နောက်ယောင်ခံမှန်လို့ ခေါ်တယ်။ ချီစွမ်းအင်နဲ့ အသက်သွင်းလိုက်ရင် ပုံရိပ်တွေကို မှတ်တမ်းတင်ပေးပြီး သက်သေအထောက်အထား စုဆောင်းပေးနိုင်တယ်"
လုအန်းက မှန်တစ်ချပ်စီ ဝေပေးလိုက်ပြီး ပုံရိပ်ဖမ်းပုလဲများနှင့် ယှဥ်လျှင် မြင်ကွင်း ကြည်လင်ပြတ်သားသည့်အပြင် အသံကိုပါ ဖမ်းယူထားနိုင်သည်။ ထို့နောက် အားလုံးက ပြဿနာ ပြေလည်သွားသော ငရဲကိုးထပ်ကမ္ဘာမှ ပျံတက်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ပျံသန်း၍ ဦးတည်ခဲ့ကြ၏။ လူသားအရေအတွက် သုံးပုံတစ်ပုံက ဦးနှောက်ဆေးခြင်းမှ မလွတ်မြောက်နိုင်သေးရာ သူတို့၏ အပြုအမူများနှင့် ရူးသွပ်နေပုံများကို မှတ်တမ်းတင်ထားလိုက်လျှင် ကောင်းကင်ရုံးတော်သို့ သက်သေအဖြစ် တင်သွင်းနိုင်ပေလိမ့်မည်။ နယ်မြေဓာတ်လုံးနှင့် ပတ်သက်၍လည်း အစီအရင်ခံပြီးလျှင် ကျင့်ကြံသူများ စိတ်အေးလက်အေး နေနိုင်ရန် အသစ်တစ်ခု ပြန်လည် တောင်းဆိုပေးမည်ဟု သူက အာမခံထားသည်။ ယွမ်ရှောင်သည် သွေးမိစ္ဆာနယ်မြေတွင် နယ်မြေဓာတ်လုံးအသစ်တစ်ခု တွေ့ထားကြောင်း ဖုံးကွယ်ခဲ့သောကြောင့် ထိုအာမခံချက်သည် လူတိုင်းကို မျှော်လင့်ချက် ကြီးမားစေ၏။ ဂူကျင့်ကြံသူများ သေဆုံး၍ လူသားများ ပြန်လည် လွတ်မြောက်လာတော့မည်ဟူသော အတွေးက ကာကွယ်သူများကို စိတ်ဓာတ် အင်မတန် တက်ကြွလာစေခဲ့သည်။
"ရှေ့ဆို ရောက်ပြီ"
ယွမ်ရှောင်က ရှေးဟောင်းအပျက်အစီးနယ်မြေသို့ လှမ်းကြည့်လိုက်သောအခါ နိမိတ်မကောင်းသော ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ ယိုယွင်းနေသော ချီများက နယ်မြေတစ်ခုလုံး ဖုံးအုပ်သွားပြီး အဆောက်အအုံများကိုပင် မမြင်နိုင်တော့ဘဲ ကြီးမားသော မုန်တိုင်းများ အဆက်မပြတ် တိုက်ခတ်နေ၏။
"ယိုယွင်းမှုက ဒီလောက်တောင် အားကောင်းနေပြီလား။ အချိန် သိပ်မကျန်တော့ဘူး"
လုအန်းက အရေးတကြီး မှတ်ချက်ပေးကာ အသိစိတ်ဝင်လာသူများကို နေရာပြောင်းရွှေ့ပေးရန် ကာကွယ်သူများအား တာဝန်ခွဲပေးသည်။ သူတို့က ပျံသန်းနေရာမှ ဖြည်းဖြည်းချင်း နီးကပ်လာသော ရှေးဟောင်းအပျက်အစီးနယ်မြေထံ ဆင်းသက်လိုက်သောအခါ ရုတ်တရက် ရင်ထိတ်သွားကြ၏။ ကျောက်စိမ်းအင်မော်တယ် မျှော်စင်အနားတွင် လူများ ပြည့်နှက်နေပြီး မျက်လုံးများ ပြူးထွက်လာသည့်တိုင်အောင် တက်ကျမ်းကို ကျင့်ကြံနေဆဲပင်။ ၎င်းကို ကျင့်ကြံသူများ ရှိနိုင်သော်လည်း ကျင့်ကြံသူအားလုံး ချွင်းချက်မရှိ လေ့ကျင့်နေခြင်းမှာ ပုံမှန်မဟုတ်သည့်အပြင် မျက်လုံးအတွင်း အသက်စားဂူကောင်များ တွားသွားနေကြသည်။
"ကောင်းကင်အင်မော်တယ် သေရင် သုံးပုံနှစ်ပုံ လွတ်မြောက်မယ်လို့ မင်းတို့ ပြောခဲ့တယ်။ ဘာကြောင့် အားလုံး ကူးစက်ခံထားရသလို ဖြစ်နေတာလဲ"
"ကျွန်မလည်း မသိတော့ဘူး"
လုအန်းက မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သောအခါ ယွီချန် စိတ်လေးလေးဖြင့် ခေါင်းယမ်းပြသည်။ ထို့နောက် ယွမ်ရှောင်သည် ရှေးဟောင်းကျောင်းတော်ရှိ ဆန်းကြယ်ဘုရားကျောင်းသို့ ဆက်လက် ထွက်ခွာလာရာ ရင်ပြင်၌ လူငယ်ပေါင်းသိန်းချီ စုဝေး၍ တက်ကျမ်းကို အားကြိုးမာန်တက် ကျင့်ကြံနေကြောင်း မြင်လိုက်ရပြန်သည်။
"ယွဲ့မိုလင်"
"အင်မော်တယ်သုံးပါးကို ကိုးကွယ်ကြ"
သူက ကလေးတစ်ယောက်ကို ဆွဲထုတ်လိုက်သော်လည်း တစ်ဖက်လူမှာ ရူးသွပ်စွာ ရယ်မောနေခဲ့၏။ လူငယ်တိုင်း၏ မျက်လုံးများမှ သွေးများ စီးထွက်နေသဖြင့် အားလုံး ထိန်းချုပ်ခံလိုက်ရပြီဖြစ်ကြောင်း သိနိုင်သည်။
"မဖြစ်နိုင်ဘူး။ လူသားအင်မော်တယ်က သုံးယောက်ထဲမှာ အားအနည်းဆုံးပဲ။ နှစ်ယောက်သေသွားတာတောင် ထိန်းချုပ်မှုက ဘာလို့ အားကောင်းနေရတာလဲ"
ရှန်ချန်းက အံကြိတ်၍ မကျေမနပ် ပြောလိုက်၏။
"နောက်ထပ် တစ်ယောက် ရောက်လာပြီး သူ့ကို ကူညီနေတာ ဖြစ်နိုင်မလား"
ယွမ်ရှောင်က ကောက်ချက်ချနေစဥ် လုအန်းမှ အသက်စွမ်းအားများ စုဝေးနေသော တစ်နေရာသို့ ညွှန်ပြလာသည်။
"ဒါက ဘယ်နေရာလဲ"
"လူသားအင်မော်တယ်ရဲ့ နယ်မြေ"
"အဲ့ဒီမှာ အဖြေရှိလိမ့်မယ်။ လူခွဲပြီး အနီးကပ် လိုက်လာခဲ့ကြ။ နောက်ယောင်ခံမှန်နဲ့ မြင်သမျှ မှတ်တမ်းယူထား။ ဘာဖြစ်ဖြစ် ဝင်မစွက်ဖက်ကြနဲ့။ အရေးအကြီးဆုံးက ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်။ မင်းတို့ အသက်ရှင်နေမှ ဒီလောကအတွက် မျှော်လင့်ချက် ရှိလာနိုင်တယ်။ မင်းတို့သေသွားရင် အားလုံးပြီးပြီ။ သက်သေလည်း ကျန်မှာ မဟုတ်ဘူး"
လုအန်းက ကာကွယ်သူများကို တစ်ချက်ဝေ့ကြည့်ပြီး လေးနက်စွာ အမိန့်ပေးသည်။
"နားလည်ပါပြီ"
ကာကွယ်သူများက အကြည့်ချင်းဖလှယ်၍ စိတ်လေးလေးဖြင့် တိတ်တဆိတ် လူခွဲလိုက်ကြ၏။
"စီရင်သူလု ခင်ဗျား သတိထားနေတယ်။ ဂူကျင့်ကြံသူတွေမှာ ကောင်းကင်ရုံးတော်က နောက်ခံရှိတယ်ဆိုတာ သေချာနေပြီပေါ့"
ယွမ်ရှောင်က အနားကပ်၍ ခပ်တိုးတိုး မေးသည်။
"ရှိရုံတင်မကဘူး။ ဒီနေရာကိုတောင် ရောက်နေလောက်ပြီ"
"ဘယ်သူဖြစ်နိုင်မလဲ"
"သွားကြည့်လိုက်ရင် သိနိုင်တာပဲ"
ထို့နောက် လုအန်းသည် လစ်ခနဲ ထွက်ခွာသွားကာ ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံး ယိုယွင်းချီများ သိပ်သည်း၍ ရူးသွပ်သော ရယ်သံများအကြား ချောက်ထဲ ကျသွားသည်ဟုပင် မှတ်ယူနိုင်၏။
"အသက်စားပိုးကောင်တွေနဲ့ ယိုယွင်းချီက ကမ္ဘာတွေဆီကို ပျံ့နှံ့နေလောက်ပြီ။ ငရဲကိုးထပ်ကမ္ဘာက အနီးဆုံးပဲ"
ဤအတွေးကြောင့် ယွမ်ရှောင်၏ ရင်ထဲတွင် ဒေါသစိတ်များ အလုံးအရင်းလိုက် တောက်လောင်နေပြီ ဖြစ်လေသည်။