ဝမ်းသာစရာ သတင်းကောင်းတစ်ခု
Vol. 37 Ch. 487
ယွမ်ရှောင်သည် ထာဝရဓားအကျဥ်းထောင်သို့ ရောက်သောအခါ ဓားပျံတစ်စင်းတလေပင် မတွေ့ရသဖြင့် ထိတ်လန့်သွားကာ ဓားကျင့်ကြံသူများက တောင်ထိပ်များတွင် ဒူးထောက်၍ လက်အုပ်ချီကာ သွေးရောင်လွှမ်းနေသော မျက်ဝန်းများဖြင့် ကောင်းကင်သို့ မော့ကြည့်နေကြ၏။ သို့သော် မျက်နှာတိုင်းက ကြက်သီးထစရာကောင်းလောက်အောင် ထူးထူးဆန်းဆန်း ပြုံးနေကြ၏။ သူက ဓားအပျက်အစီးနယ်မြေသို့ ရောက်သောအခါ မုကျန်းတန်းကိုယ်တိုင်လည်း ဒူးထောက်၍ အသက်ဓာတ်များ စိမ့်ထွက်နေကြောင်း တွေ့လိုက်ရသည်။
"ကျင့်ကြံတာ ရပ်လိုက်"
သူက ပြောပြောဆိုဆိုနှင့် တစ်ဖက်လူကို လှမ်းဆွဲကာ တားမြစ်လိုက်သည်။
"ကောင်းကင်က ငါတို့ကို သနားကရုဏာ ချီးမြှင့်ပေးနေတယ်။ ဒါကို မဖြုန်းတီးနဲ့။ ယွမ်ရှောင် လူမိုက် မင်းလည်း ကျင့်ကြံစမ်း"
မုကျန်းတန်းက ဒေါသတကြီးဖြင့် ပုတ်ထုတ်လိုက်ကာ သူ့ကို မှတ်မိနေဆဲ ဖြစ်သော်လည်း အပိုပင်။ ဓားအစောင့်အရှောက်သည် ကျင့်ကြံဆင့်များ တက်လှမ်းရန် အခွင့်အရေး ရှိသော်လည်း ယိုယွင်းချီများကြောင့် အသက်ဓာတ်များ ယုတ်လျော့ကုန်သည်။ နောက်ဆုံးတွင် သူက နောက်ဆုံးနည်းလမ်းအဖြစ် အသက်တံဆိပ်ကို ထုတ်ယူကာ တစ်ဖက်လူ၏ နဖူးသို့ အမြန်ကပ်ပေးလိုက်၏။ ငရဲကိုးထပ်ကမ္ဘာတွင် ပျံ့နှံ့နေသာ ဂူကောင်ပမာဏက အမှန်တကယ်တွင် နည်းပါးလွန်းသောကြောင့် ခဏကြာသောအခါ မုကျန်းတန်း၏ မျက်လုံးအတွင်းမှ အနီရောင် အရည်များ စီးထွက်လာခဲ့သည်။ ထိုအချက်သည် ရုန်းပေါင်းကိုးသန်းကျော် ပိုင်ဆိုင်ထားသော ထောင်စောင့်နဂါးတံဆိပ်က ယခင်ထက် များစွာပို၍ အစွမ်းထက်လာကြောင်း သိသာ၏။
"ယွမ်ရှောင် ဘာတွေ ဖြစ်သွားတာလဲ"
မုကျန်းတန်က ဇဝေဇဝါ ဖြစ်နေရာမှ မေးခွန်းထုတ်လိုက်ပြီး ခန္ဓာကိုယ် ထိခိုက်ထားကြောင်း သတိပြုမိလိုက်သည်။
"ရှေးဟောင်းအပျက်အစီးနယ်မြေ ပြဿနာတက်နေပြီ။ အထက်နယ်မြေက အင်မော်တယ်တစ်ယောက် ဆင်းသက်လာပြီး ခင်ဗျားတို့ရဲ့ အသက်ဓာတ်တွေကို ဒီနည်းလမ်းနဲ့ စားသုံးနေတယ်။ နာကျင်မှုကို ခဏလောက် တောင့်ခံထားပြီး မကျင့်ကြံနဲ့ဦး"
"ဒါက အင်မော်တယ်လား မကောင်းဆိုးဝါးလား"
အခြေအနေက ယုံကြည်ချင်စရာ မကောင်းသော်လည်း မုကျန်းတန်းသည် ယွမ်ရှောင်ကို အလုံးစုံ ယုံကြည်သည်။
"ငါတို့ဆိုတော့ ငရဲကိုးထပ်ကမ္ဘာတစ်ခုလုံးလား"
"ဒီအတိုင်းဆက်ဖြစ်နေရင် ကမ္ဘာပေါင်းများစွာ အထိ ပြန့်သွားပြီး လူတိုင်းက သူတို့အသက်နဲ့ တရားခံကို လုပ်ကျွေးနေရလိမ့်မယ်"
ယွမ်ရှောင်က လေးနက်စွာ ပြော၍ အခြားသူများကို ကယ်တင်ရန် ဆက်လက် ထွက်ခွာလာပြီး ခြံဝန်းအတွင်း ဒူးထောက် ကျင့်ကြံနေသည့် မုတလုံနှင့် မုရှောင်လုံထံ ရောက်ရှိလာခဲ့သည်။ သူက အသက်စားဂူကောင်များကို ထုတ်ယူ၍ အသက်တံဆိပ်၏ စွမ်းအားအချို့ ထည့်သွင်းပေးလိုက်သောအခါ ၎င်းကို ရက်အနည်းငယ်လောက် ခုခံထားရန် ပြဿနာ မရှိတော့ချေ။
"ငါတို့ ဘာဖြစ်ခဲ့တာလဲ"
"ဓားအစောင့်အရှောက် ရှင်းပြပါလိမ့်မယ်"
မုတလုံ၏ အမေးကို သူက အကြမ်းဖျင်းသာ ဖြေကြားပေးခဲ့ပြီး အခြေအနေကို စစ်ဆေးရန် ကောင်းကင်သို့ မြင့်နိုင်သမျှ ပျံတက်လာခဲ့၏။ အသက်စားဂူကောင်နှင့် ယိုယွင်းချီက ခဏအတွင်း သက်ရှိ သန်းပေါင်းများစွာ အထိ ပြန့်သွားနိုင်သောကြောင့် ထောင်စောင့်နဂါး တံဆိပ်တစ်ခုတည်းဖြင့် တစ်ယောက်ချင်းစီ လိုက်လံကယ်တင်ရန်မှာ မဖြစ်နိုင်ပေ။
"နေဦး"
ကြီးမားသော အန္တရာယ်ကြောင့် သူက အသက်ကို ပြင်းပြင်းရှူ၍ ဖြေရှင်းနည်းကို စဥ်းစားနေစဥ် ယိုယွင်းချီများနှင့် အသက်စားဂူကောင်များ တစ်နေရာသို့ ဦးတည်နေကြောင်း တွေ့လိုက်ရသည်။
"အစ်မကျောက်"
ယွမ်ရှောင်က ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ မိုးပြာရောင်အလင်းတန်းအဖြစ် ကပ်ဘေး ကျူးကျော်စ ဖြစ်နေသည့် နတ်ဘုရား တိုက်ကြီးသို့ ပြေးထွက်လာခဲ့သည်။
"ကံကောင်းတယ်။ ကပ်ဘေးက အခုမှ စတာဆိုတော့ နတ်ဘုရားတိုက်ကြီး ဘာမှ မဖြစ်သေးဘူး"
သို့သော် ကပ်ဘေးပျံ့နှံ့သော အမြန်နှုန်းအရ နတ်ဘုရားတိုက်ကြီး တစ်ခုလုံး ကပ်ဆိုက်ရန် မလိုတော့ချေ။ သူ ကျင့်ကြံလာသော ဘဝတလျှောက် ရန်သူများကို ဒေါသထွက်ဖူးသော်လည်း ယခုကဲ့သို့ ဒေါသနှင့် ရွံရှာမုန်းတီးစိတ်များ ပြင်းထန်စွာ မဖြစ်ခဲ့ပေ။ အင်မော်တယ်သုံးပါး၏ နောက်ကွယ်မှ တရားခံသည် ကပ်ဘေးကို ဆယ်ဆအထိ ကြီးမားလာစေကာ သတ္တဝါများ၏ အသက်ကို အလေးမထားပေ။ သူက ဒေါသထွက်လွန်း၍ လည်ချောင်းတလျှောက် ပူလောင်နေကာ ကျောက်ရန်ရန်ကို စိုးရိမ်သောကြောင့် ပေါက်ကွဲမတတ် ဖြစ်နေ၏။ သူ၏ ကျင့်ကြံရေး လမ်းစဥ် စတင်ခဲ့သော အသူရာတောင်တန်းရှိ ဓားအိမ်တော်သို့ အလျင်အမြန် ရောက်ရှိလာကာ သူမကို တကြော်ကြော် အော်ခေါ်ရင်း ခြံဝင်းအတွင်း ဆင်းသက်သွားသည်။
"ဘာတွေ ဒီလောက် အသည်းအသန် ဖြစ်နေရတာလဲ"
တိတ်ဆိတ်အေးချမ်း၍ အခြားကမ္ဘာတစ်ခုအလား ဖြစ်နေသော ခြံဝန်း အတွင်းမှ နူးညံ့သိမ်မွေ့သော စကားသံတစ်ခု ထွက်ပေါ်လာသည်။ သူက မော့ကြည့်လိုက်ရာ ပန်းပင်ကြီးအထက်တွင် မီးအိမ်လေးများ ချိတ်ဆွဲနေရင်း ချစ်ခြင်းမေတ္တာ အပြည့်ပါဝင်သည့် မျက်ဝန်းများနှင့် တွေ့ဆုံသွား၏။
"အစ်မကျောက်"
သူမကို မြင်လိုက်ရသောအခါ ယွမ်ရှောင်၏ ဒေါသမီးများ ခဏတာ ငြိမ်သက်သွားကာ စိတ်၏ အေးချမ်းရာကို ရှာတွေ့လိုက်သကဲ့သို့ပင်။
"မင်းက စိတ်တိုစရာကောင်းလိုက်တာ။ ရက်တော်တော်ကြာအောင် ပျောက်သွားပြီး အခုမှ ပေါ်လာတယ်။ လူဆိုးလေး"
ကျောက်ရန်ရန်က ပန်းပင်ကြီးအထက်မှ အသာအယာ ခုန်ဆင်းလာကာ ယွမ်ရှောင်၏ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးလိုက်၏။
"ပြောပါဦး။ ဒီတစ်ခေါက်ရော ဘယ်လိုရန်သူမျိုးနဲ့ တွေ့လာတာလဲ"
"ဒီတစ်ခါက တကယ့်ပြဿနာ။ အန္တရာယ်က အရမ်းကြီးတယ်။ တစ်လောကလုံး ကပ်ဆိုက်နေပြီ"
"စိတ်မပူပါနဲ့။ လောကကြီးမှာ မတရားမှုတွေ ပြည့်နှက်နေပေမယ့် မင်းက ဒါကို အဆုံးသတ်ဖို့ မွေးဖွားလာတာပဲ"
သူမက အံ့သြသွားသော်လည်း ချစ်ရသူ၏ ပါးပြင်ကို လက်ဖဝါးဖြင့် ပွတ်သပ်၍ တောက်ပသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ရင်း အားပေးသည်။
"အစ်မကျောက် မကြောက်ဘူးလား"
"မင်း ရှိနေသရွေ့ ငါ ဘာမှမကြောက်ပါဘူး"
သူမ၏ အေးဆေးတည်ငြိမ်လွန်းသော အမူအရာက ယွမ်ရှောင်ကို ကူးစက်၍ စိတ်လျှော့နိုင်ခဲ့သည်။
"အစ်မကျောက် နောက်ထပ်ရက်နည်းနည်းလောက် ကြယ်မျှော်စင်ထဲကို ဝင်နေလိုက်ပါ။ ကျုပ် ပြန်လာခေါ်မှ ထွက်ခဲ့ပါ"
ချစ်သူနှစ်ဦး အချိန်အတန်ကြာအောင် ငြိမ်းချမ်းစွာ အချင်းချင်း ပွေ့ဖက်ထားပြီးနောက် ယွမ်ရှောင် စကားစလိုက်သည်။
"သွားတော့လေ။ လောကကြီးကို ကယ်တင်ရဦးမယ်မလား။ ဒါပေမယ့် မောင်လေးယွမ် ပြဿနာကို ဖြေရှင်းပြီးသွားရင် မင်းရောက်ခဲ့တဲ့ နေရာတွေဆီ ငါ့ကို လိုက်ပြပေးပါလားဟင်"
ယွမ်ရှောင် ထွက်သွားကာနီးတွင် လှပသော မျက်နှာလေးအထက်တွင် ဝမ်းနည်းရိပ်သန်းနေ၏။
"ဒါက ကျုပ် ရှုပ်ထားတာတွေကို စစ်ဆေးချင်လို့မလား။ အစ်မကျောက် သွားချင်ရင် ကျုပ်ရဲ့ဓားပျံပေါ်မှာ တစ်သက်လုံး တင်ခေါ်သွားနိုင်ပါတယ်"
ယွမ်ရှောင်က လေးနက်စွာ ပြောလိုက်သောအခါ ကျောက်ရန်ရန်သည် အချိန်တစ်ခုကြာ စိုက်ကြည့်နေရင်း အတွေးနက်သွားဟန်ဖြင့် တိတ်ဆိတ်နေသည်။
"မောင်လေးယွမ် ငါ...ငါ"
သူမက ပြောမထွက်ဟန်ဖြင့် ကျောက်စားပွဲအထက်တွင် မှောက်ချလိုက်သည်။
"အစ်မကျောက် ပြောစရာ တစ်ခုခု ရှိနေရင် ပြောပါ"
ယွမ်ရှောင်က ချစ်ခင်စွာ စိုက်ကြည့်ရင်း ခိုင်မာလေးနက်စွာ ပြောလိုက်၏။
"ငါတို့ချင်း ရင်းနှီးခဲ့တာ အတော်ကြာပြီ။ အခု ငါ ရာသီမလာတော့ဘူး။ ဒီမနက်က ဆေးဆရာကို ပြခဲ့တယ်။ သွေးခုန်နှုန်းအရ ငါ ကိုယ်ဝန် ရှိနေပြီ"
ကျောက်ရန်ရန်က သူ၏.လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ တစ်လုံးချင်း ပြောလိုက်သောအခါ ယွမ်ရှောင်အား ထခုန်လုမတတ် ဝမ်းသာသွားစေသည်။
"ဒါက ဖြစ်နိုင်လို့လား။ တကယ်လား"
"အရူးလေး နင်ကြောင့် ငါရဲ့ နေ့ရက်ကောင်းလေးတွေ ပြီးသွားပြီ။ ကလေးမွေးရတော့မယ်။ စိတ်ရှုပ်စရာကောင်းလိုက်တာ"
ကျောက်ရန်ရန် ရုတ်တရက် မျက်ရည်များ ကျဆင်းလာပြီး ယွမ်ရှောင်ကမူ အဖြစ်အပျက်ကို မယုံနိုင်ဟန်ဖြင့် ရင်သွေးလေးမှာ မြန်မြန်ဆန်ဆန် ရောက်ရှိလာမည်ဟု ထင်မထားပေ။
"ကြယ်ပြာ ဒါက တကယ်လား။ ငါက ဖန်ဆင်းရှင် လူဝင်စား မဟုတ်ဘူးလား"
"ဖန်ဆင်းရှင်က ကလေး မရနိုင်ဘူးလို့ ငါ မပြောဖူးပါဘူးဟ"
သူက ကြယ်ပြာနှင့် ဆက်သွယ်ပြောဆိုပြီးမှ စိတ်ကို ပြန်လည် စုစည်းကာ ကျောက်ရန်ရန်ကို နှစ်သိမ့်ပေးနိုင်ခဲ့သည်။
"ကလေး။ ကျုပ်ရဲ့ ကလေးလေး။ တောင်းပန်ပါတယ်။ ကျုပ် နည်းနည်း ကြောင်တောင်တောင် ဖြစ်သွားလို့ပါ"
"ငါ နားလည်ပါတယ်။ မင်းကိုယ်တိုင်လည်း ကလေးတစ်ယောက်သာသာပဲ။ ဒါကြောင့် စိတ်မပူနဲ့။ ကလေးကို ငါ ကြည့်ရှုစောင့်ရှောက်မှာပါ။ မင်း အဖေ ဖြစ်တော့မယ်ဆိုတာ ပြောရုံပါပဲ"
"ကလေးမွေးဖို့ ဘယ်လောက်ကြာဦးမလဲ"
ရန်သူများကို သတ်ဖြတ်ခြင်းတွင်သာ ကျွမ်းကျင်သော ယွမ်ရှောင်က ထိုကိစ္စနှင့် ပတ်သက်၍ မသိသဖြင့် ခေါင်းကုတ်နေရ၏။
"ကိုးလလောက်တော့ လိုသေးတယ်"
"ဒါဆိုရင် ကောင်းပြီ။ ကျုပ်ကလေး မွေးမလာခင် ငြိမ်းချမ်းသွားအောင် တစ်လောကလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ အချိန်လောက်တယ်"
"ကဲပါ လောကကြီးကို သွားကယ်လိုက်ပါ။ ငါ မီးအိမ်တွေ ချိတ်လိုက်ဦးမယ်"
ကျောက်ရန်ရန်က စိတ်ထဲရှိသည်များ ပြောလိုက်ရသောကြောင့် ပေါ့ပါးသွားကာ စိတ်ကောက်နေသယောင် ထင်မှတ်ရသော်လည်း ရင်ထဲတွင် ပျော်ရွှင်နေ၏။ သူမက ရင်သွေးလေးကို အမှန်တကယ် လိုချင်နေသကဲ့သို့ ယွမ်ရှောင်သည်လည်း ဘဝတွင် ဦးတည်ချက်တစ်ခု ရှိလာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
"အစ်မကျောက်ရဲ့ ရင်ဘတ်က မီးအိမ်လေးတွေရော ကျုပ်ကို လက်ဆောင်ပေးလို့ မရဘူးလား။ ကလေးမွေးပြီးရင်ပေါ့"
"သွား သွား မြန်မြန်ကြွ။ မင်းက တအား စိတ်အနှောင့်အယှက် ပေးတာပဲ"
ယွမ်ရှောင်က ဓားပျံစီးရင်း ထွက်သွားရာမှ အော်ဟစ် စနောက်သွားခဲ့သောကြောင့် ကျောက်ရန်ရန် မျက်စောင်းတစ်ချက် ဝင့်လိုက်မိလေသည်။