← Chapters

နဖူးတွေ့ ဒူးတွေ့

Vol. 37 Ch. 488

နဖူးတွေ့ ဒူးတွေ့

Vol. 37 Ch. 488

ငရဲကိုးထပ်ကမ္ဘာ အတွင်း တစ်ချိန်က ကြည်လင်ခဲ့ဖူးသော ကန်ရေပြင်များမှာ ဝါကျင့်ကျင့် နောက်ကျိ၍ သေခြင်းတရားများ ကိန်းအောင်းနေသည်။ ရေနေသက်ရှိများနှင့် အပင်များသည် ယိုယွင်းမှုကြောင့် အသက်ပျောက်ကာ ရေထဲတွင် ပေါလောမျောနေကြပြီး မြက်တစ်ပင်လျှင် အသက်ရှင် မကျန်ရစ်ပေ။ ၎င်းက ဥပမာတစ်ခုသာ ဖြစ်၍ ကပ်ဘေးကြီးသည် ကမ္ဘာပေါင်းများစွာ ပျံ့နှံ့သွားပြီး ရောက်လေရာရာ သတ္တဝါတိုင်း ဒုက္ခရောက်ကုန်သည်။ နီအန်သားရဲ သောင်းကျန်းစဥ်ကထက် ပို၍ ကြောက်စရာကောင်းပြီး အောက်တန်းကျလွန်းသော အကြံအစည်မှာ ကောင်းကင်ရုံးတော်၏ အဆင့်အတန်းမြင့် အင်မော်တယ်တစ်ယောက် ဖန်တီးထားခြင်းဖြစ်ရာ ယုံနိုင်စရာ မရှိပေ။

ရေကန်တစ်ခုနံဘေးရှိ ကျောက်ပြားအထက်တွင် လန်ရီ ထိုင်နေပြီး ရေနေသတ္တဝါ အသေများကို မျက်ဝန်းဗလာဖြင့် စိုက်ကြည့်နေမိသည်။ လုအန်းထွက်ပြေးသွားသော ပုံစံအရ ငကြောက်တစ်ကောင် ဖြစ်ကြောင်း သိသာနေကာ မျှော်လင့်ထား၍ မရချေ။

"သူ ကြောက်နေတာက တရားခံရဲ့ စွမ်းအားကိုလား အဆင့်အတန်းကိုလား"

"အဆင့်အတန်းကို ကြောက်တာဆိုရင်တော့ ပြဿနာ မရှိလောက်ဘူး။ ကောင်းကင်ရုံးတော်မှာလည်း အာဏာလုပွဲတွေ ရှိနိုင်တယ်။ စွမ်းအားကို ကြောက်တာဆိုရင်တော့ ဒုက္ခရောက်ပြီ"

နှင်းလုံးလေးက သူမ၏ အမေးကို သက်ပြင်းချကာ ရှင်းပြ၏။ သို့သော် တရားခံက စွမ်းအားရော အဆင့်အတန်းပါ ကြောက်စရာကောင်းနေလျှင် အဆိုးဆုံးသတင်း ဖြစ်ပေလိမ့်မည်။ ကမ္ဘာပေါင်းများစွာ ပျက်စီးသွားရန် အလွန်နီးကပ်နေပြီ ဖြစ်သောကြောင့် မဟုတ်လျှင် ကြောက်နေစရာမလိုပေ။

"ဒီရေကန်ကို မြင်တယ်မလား။ ကပ်ဘေးက လောကတစ်ခွင် ခန့်မှန်းမရလောက်အောင် သေကြေပျက်စီးစေလိမ့်မယ်။ စီရင်သူတစ်ယောက်ကို အားကိုးမရဘူး။ သက်ရှိတွေရဲ့ ပြဿနာကလည်း အရမ်းကြီးမားနေပြီ။ နည်းလမ်းတစ်ခုတည်း ကျန်တော့တယ်။ လန်ရီ မင်း ဘာတွေ အတွေးများနေလဲဆိုတာ ငါ နားမလည်တော့ဘူး"

နှင်းလုံးလေးဆိုလိုသည်မှာ ယွမ်ရှောင်၏ သိုင်းမီးဖိုစွမ်းအားကို လုယူရန် ဖြစ်ပြီး စစ်မှန်သော အင်မော်တယ်တစ်ယောက်အဖြစ် အတားအဆီးကို ချိုးဖျက်၍ ကပ်ဘေးကို ဖြေရှင်းစေလိုသည်။ သူမက ယန်နယ်ပယ် ပြည့်စုံအဆင့်သို့ ရောက်နေသောကြောင့် အဆင့်တက်ရန် များစွာ မလိုတော့ပေ။ သို့သော် ယွီချန်၏ အဆိုအရ ယွမ်ရှောင်သည် ကောင်းကင်အင်မော်တယ်ကို တစ်ကိုယ်တော် အနိုင်ယူခဲ့သောကြောင့် သူ၏ စွမ်းအားအပေါ် လန်ရီက ယုံကြည်ထားသဖြင့် ငြင်းဆန်နေ၏။

"ငါ...ငါ မလုပ်နိုင်ဘူး"

"ငါပြောတာ နားလည်စမ်းပါ။ မင်းက ကယ်တင်ရှင်ဖြစ်ဖို့ မွေးဖွားလာတာ။ ယွမ်ရှောင် မဟုတ်ဘူး"

"သက်ရှိတိုင်းကို ကယ်တင်နိုင်သရွေ့ ဘယ်သူဖြစ်ဖြစ် အရေးမကြီးပါဘူး"

"သေချာနားထောင်စမ်း။ သူ့မှာ အကန့်အသတ် ရှိတယ်။ ဒါပေမယ့် မင်းကတော့ အဆင့်တက်နိုင်ရင် ရှေးဟောင်းမျှော်စင်ကို ရာနှုန်းပြည့် အသုံးချနိုင်လိမ့်မယ်။ မင်းရဲ့ အလားအလာက အဆပေါင်းများစွာ သာလွန်ပြီး တရားခံကို ရင်ဆိုင်နိုင်မယ့် တစ်ယောက်တည်းသော ကျင့်ကြံသူပဲ"

"ငါ နားလည်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း ငြင်းခွင့် ရှိတယ်လေ။ ငါတို့ တိုင်ပင်ကြည့်လိမ့်မယ်"

လန်ရီက မျှော်လင့်ချက် ထားနေသော်လည်း နှင်းလုံးလေး၏ အမြင်တွင် အတ္တကြီးသော ယွမ်ရှောင်အနေဖြင့် ကိုယ့်ကိုကိုယ် စတေးမည် မဟုတ်ချေ။

"မဖြစ်နိုင်ဘူး"

"သူက နင် ထင်ထားသလို မဟုတ်ပါဘူး။ ကြင်နာတတ်ပြီး စိတ်ကောင်း ရှိတယ်"

"တော်စမ်း။ သူက ရက်စက်ပြီး အဆင်အခြင် မရှိတဲ့ လူဆိုးတစ်ယောက်ပဲ"

လန်ရီက နှင်းလုံးလေး၏ မှတ်ချက်များကို မကြားဟန်ဆောင်ရင်း အတွေးများနေစဥ် မိုးပြာရောင်အလင်းတစ်ချက် ရောက်ရှိလာကာ ယွမ်ရှောင် ဖြစ်နေသည်။

"လန်ရီ ဒီလောကကြီးရဲ့ သက်ရှိတွေက အသာယာဆုံး အလှတစ်ခုပဲ။ ဒီလိုအရာတွေကြောင့် တည်ရှိမှုတရားက အဓိပ္ပါယ်ရှိနေတာပဲ။ အခုတော့ အင်မော်တယ်ဆိုတဲ့ လူယုတ်မာကောင်တွေက မာန်တက်ပြီး သေမျိုးလောကကို ကိုယ်ကျိုးအတွက် ဝါးမျိုနေကြတယ်"

ယွမ်ရှောင်နှင့် လန်ရီ အကြည့်ချင်းဆုံသွားကာ မျက်ဝန်းများ၌ အဆုံးမဲ့ဒေါသများ ပြည့်နှက်နေကာ ယွမ်ရှောင်၏ အကြည့်တွင် သတ်ဖြတ်လိုစိတ်ကြောင့် အေးစက်နေသကဲ့သို့ လန်ရီ၏ အကြည့်၌ သက်ရှိများအတွက် ပေးဆပ်လိုစိတ်ကြောင့် ဒေါသများ ဖြစ်တည်လာသည်။ လုအန်းက မျှော်လင့်နေစရာ မကောင်းသော ကိန်းရှင်တစ်ခု ဖြစ်သောကြောင့် သူ့အနေဖြင့် ငြိမ်ငြိမ်လေး ထိုင်စောင့်နေရန် အကြောင်း မရှိသဖြင့် အစီအစဥ်ကို ရှင်းပြလိုက်သည်။ သူက ယိုယွင်းမှုနယ်ပယ်တွင် ပိတ်ဆို့နေသောကြောင့် ပျက်စီးယိုယွင်းနေသော နယ်မြေဓာတ်လုံး၏ ချီများကို စုပ်ယူကာ ဒန်တန်ကို ဖျက်ဆီးပြီး ဖောက်ထွက်ရန် စဥ်းစားထား၏။

"ဒါက အန္တရာယ်မများဘူးလား။ နယ်မြေဓာတ်လုံးနဲ့ ယိုယွင်းမှုက ကပ်ဘေးတစ်ခုလေ"

လန်ရီက စိုးရိမ်တကြီး ရေရွတ်လိုက်၏။

"တစ်ခုခုကို အသစ်ဖန်တီးဖို့ ဖျက်ဆီးရမယ်။ လောကကြီးတောင် ဒီလိုအခြေအနေ ရောက်နေပြီ။ ငါ ဆုံးဖြတ်ထားလို့ သွားတော့မယ်"

ယွမ်ရှောင်က လက်လှမ်း၍ သူမ၏ ပါးပြင်ကို ကြင်နာစွာ ပွတ်သပ်ရင်း နှုတ်ဆက်သည်။ လန်ရီလည်း တားမရနိုင်မှန်း သိသောကြောင့် လက်ခံလိုက်ရသော်လည်း အတူလိုက်လာရန် ဆုံးဖြတ်ထား၏။ ထိုအချိန်တွင် သူ၏ သိုလှောင်အိတ်အတွင်းမှ ကောင်းကင်အင်မော်တယ်၏ လက်နက်ဖြစ်သော ရွှေနဂါးတုတ် နှစ်ချောင်းကို လက်ဆောင်အဖြစ် ထုတ်ပေးလိုက်သည်။ သူမက နူးညံ့သိမ်မွေ့သော အသွင် ရှိသော်လည်း အံ့မခန်း ခွန်အားမျိုး ပိုင်ဆိုင်ထားသောကြောင့် သာမန်လက်နက်များထက် များစွာ လေးလံသည့် တုတ်နှစ်ချောင်းမှာ လိုက်ဖက်လွန်းနေ၏။

"အင်မော်တယ် လက်နက်တွေလား။ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ ဒါတွေကို တစ်သက်လုံး သိမ်းထားပါမယ်"

လှပသော မိန်းကလေးတစ်ယောက်သည် အရပ်ထက် ပို၍ ရှည်လျားသည့် ရွှေရောင်တုတ်နှစ်ချောင်း ဝှေ့ယမ်းနေသည်မှာ ထူးဆန်းသော်လည်း အရှိန်အဝါ ကြီးမား၏။ အလွန် ဝမ်းသာနေသည့် ချစ်သူကို ကြည့်ရင်း ကပ်ဘေးလူဝင်စားများ၏ ကံတရားကို သိထားသည့် ယွမ်ရှောင်၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ငါ သွားတော့မယ်။ အန္တရာယ်များလို့ မလိုက်ခဲ့ပါနဲ့"

"ဒါကြောင့် ညီမက အစ်ကို့ကို ကာကွယ်ပေးရမှာပေါ့"

"ကောင်းပြီ"

တစ်ဖက်လူ၏ ခိုင်မာပြတ်သားသော အကြည့်ကြောင့် ယွမ်ရှောင်က ခေါင်းညိတ်၍ ပြုံးပြကာ ဓားပျံအထက်၌ နေရာဖယ်ပေးလိုက်၏။ ချစ်သူနှစ်ယောက်က တင်းကြပ်စွာ ဖက်ထားရင်း ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ပျံသန်းသွားကာ တစ်ချိန်က ကမ္ဘာပေါင်းများစွာအတွက် အုပ်စိုးသူ ဖြစ်ခဲ့ဖူးသော နယ်မြေယာဥ်ကြီးမှာ ကပ်ဘေး၏ အကြောင်းအရင်း ဖြစ်နေသည်။

"မင်း ဘယ်လိုလုပ် မိန်းကလေးနှစ်ယောက် ကြားထဲမှာ စိတ်သန့်သန့်နဲ့ နေနိုင်ရတာလဲ"

ကြယ်ပြာက လူသားများ၏ အချစ်ရေးကို နားမလည်သောကြောင့် စပ်စုလိုက်၏။

"မိန်းကလေးတွေက အရမ်းချစ်စရာကောင်းတယ်။ ရွေးချယ်မှုအတွက် စိတ်ရှုပ်မနေနဲ့။ နှလုံးသားရဲ့ ခေါ်​ဆောင်ရာနောက်ကို လိုက်ရမယ်"

"လခွမ်းထဲမှ မင်းက အကုန်လုံးကို သိမ်းပိုက်ချင်နေတာပဲ။ ဒါကိုတောင် စကားလုံးလှလှလေးတွေ သုံးနေသေးတယ်"

ယွမ်ရှောင်က သူ၏ အချစ်ရေးအကြောင်း ရှင်းပြလိုက်သော်လည်း ကြယ်ပြာအတွက် နှာခေါင်းရှုံ့စရာပင်။

"တကယ်လို့ အရင်ဘဝက ဖန်ဆင်းရှင်သာ ဒါကို နားလည်ရင် ကောင်းကင်တစ်ခုလုံး မျိုးဆက်တွေ ပြည့်နှက်နေလောက်ပြီ။ ဘာမှဖန်ဆင်းနေစရာ မလိုတော့ဘူး"

လနီက လေးစားအားကျသော စိတ်မျိုးဖြင့် တက်ကြွစွာ ချီးကျူးနေ၏။

ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ရောက်သောအခါ ဓားပျံ၏ အရှိန်က နှေးကွေးသွားကာ ယွမ်ရှောင်သည် ပျက်စီးယိုယွင်းနေသည့် နယ်မြေဓာတ်လုံးထံ တိတ်တဆိတ် ချဥ်းကပ်သွားသည်။ အနားသို့ ရောက်လေလေ၊ ယိုယွင်းချီများက ပို၍ ပြင်းထန်လေလေ ဖြစ်ကာ အဝေးတွင် မက်မွန်အစီအရင်သည် ပုလဲတစ်လုံးပမာ တောက်ပနေဆဲပင်။ လမ်းများအထက်တွင် သန်းပေါင်းများစွာသော သက်ရှိများက အသက်ဓာတ်များ ထုတ်ပေးရင် အသက်မဲ့စွာ ပြုံးရိပ်သန်းနေကြသည်။

"ယွမ်ရှောင် တစ်ယောက်ယောက် ရှိနေတယ်"

နယ်မြေဓာတ်လုံး အနားသို့ ရောက်သောအခါ လန်ရီက ခပ်တိုးတိုး သတိပေးလိုက်၏။

ကလေးတစ်ယောက်၏ ပုံရိပ်က နယ်မြေဓာတ်လုံးအနားတွင် ရပ်နေပြီး တက်ကျမ်းကို ကျင့်ကြံနေသူမဟုတ်သောကြောင့် ကြံရာပါတစ်ယောက် ဖြစ်ပေလိမ့်မည်။ ပို၍ နီးကပ်အောင် ချဥ်းကပ်သွားလိုက်သောအခါ မက်မွန်ပန်းထိုး ဝတ်ရုံတိုတို ဝတ်ဆင်၍ ဆံပင်များ စည်းနှောင်ထားသည့် အသက်ဆယ်နှစ်အရွယ် မိန်းကလေးငယ် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ကလေးတစ်ယောက် ဖြစ်သော်လည်း အေးစက်တင်းမာသည့် မျက်ဝန်းများတွင် အပြစ်ကင်းစင်သော စိတ်ထားမျိုး ရှိပုံမရသဖြင့် အသက်အစစ်ကို ခန့်မှန်းမရချေ။

"ဒါက မုရှို့လို နောက်လိုက်တစ်ယောက် ဖြစ်လိမ့်မယ်"

တစ်ဖက်လူက နောက်လိုက် တစ်ယောက် ဖြစ်နေသရွေ့ အန္တရာယ်မများသောကြောင့် စိုးရိမ်စရာ မလိုပေ။ သူမသည် ကျောက်စိမ်းပုလင်းတစ်လုံးအတွင်းမှ ပန်းရောင် အရည်များကို နယ်မြေဓာတ်လုံးသို့ လောင်းထည့်နေကာ ယိုယွင်းချီများ ပိုမို အားကောင်းလာသဖြင့် လန်ရီ ဒေါသတကြီး ဖြစ်သွားကာ ယွမ်ရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။

"တရားခံက ဒီမှာ မရှိဘူး။ ကျောက်စိမ်းပုလင်းကို ဖျက်ဆီးလိုက်ရင် ယိုယွင်းမှု ပျံ့နှံ့တာက နှေးသွားပြီး သက်ရှိတွေကို သက်သာစေလိမ့်မယ်"

"ဒါပေမယ့် ဒီကောင်မက အင်မော်တယ် နယ်ပယ်ကို ရောက်နေပြီဆိုတော့ ကောင်းကင်အင်မော်တယ်ထက် ပိုပြီး ကိုင်တွယ်ရ ခက်ခဲလိမ့်မယ်"

လန်ရီက အကြံပေးလိုက်ပြီး ယွမ်ရှောင်မှာ အကျိုးအပြစ်များ တွက်ချက်နေခဲ့သည်။

"ဒါက အခွင့်အရေးတစ်ခုပဲ။ ရန်သူက ယိုယွင်းမှု အရှိန်မြန်လာအောင် ကြိုးစားနေတယ်။ ဒါကို ဖျက်ဆီးနိုင်ရင် နောက်ထပ် ရက်ပိုင်းလောက် အချိန်ပိုရနိုင်တယ်လေ။ အစ်ကိုက တိုက်ပွဲကြောင့် အားမပြည့်သေးဘူးဆိုရင် ညီမ ကြိုးစားကြည့်လိုက်ပါမယ်"

လန်ရီက သူ၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်၍ တိုက်တွန်းနေသကဲ့သို့ မျက်ဝန်းများတွင် ပြတ်သားမှုများ ပြည့်နှက်လာ၏။

"ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့။ ရယ်စရာကောင်းလိုက်တာ။ အင်မော်တယ်တွေက ဝိညာဥ်ထုတ်ပြီး အရပ်လေးမျက်နှာကို မြင်နိုင်တယ်ဆိုတာ မသိဘူးလား သေမျိုးခွေးနှစ်ကောင်ရဲ့"

သို့သော် လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ရန်သူ မိန်းကလေးမှာ သူတို့ ရှေ့မှောက် ရောက်ရှိနေပြီဖြစ်ကာ အထင်သေးစွာ ငေါက်ငမ်းလိုက်လေသည်။

All Chapters