← Chapters

ပူးပေါင်းတိုက်ခိုက်ခြင်း

Vol. 37 Ch. 489

ပူးပေါင်းတိုက်ခိုက်ခြင်း

Vol. 37 Ch. 489

ယွမ်ရှောင်သည် ရန်သူက အစစ်အမှန် အင်မော်တယ် ဖြစ်နေသောကြောင့် ဆုတ်ခွာရန် ဓားပျံကို ထိန်းချုပ်လိုက်သော်လည်း မိန်းကလေးက အေးစက်စက် လှောင်ရယ်ရင်း လိုက်လံဖမ်းဆီးခဲ့သည်။

"ဘယ်ပြေးမလို့လဲ။ အသက်တွေ ထားခဲ့စမ်း"

သူမ၏ ခန္ဓာကိုယ်က သေးငယ်သော်လည်း ပေါက်ကွဲထွက်လာသော စွမ်းအားမှာ ကြောက်စရာကောင်းလွန်းသဖြင့် လေထုကို ဓားတစ်လက်ပမာ ထိုးဖောက်၍ လိုက်မီလာခဲ့၏။ သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရသောကြောင့် သေးငယ်သော လက်သီးမှ စွမ်းအားသည် ကောင်းကင်အင်မော်တယ်နှင့်ပင် ယှဥ်နိုင်နေသည်။

"ထွက်ပြေး"

လန်ရီကလည်း သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် နောက်ပြန်လှည့်ကာ ရန်သူနှင့် ရင်ဆိုင်ပစ်လိုက်၏။ ယွမ်ရှောင် လက်ဆောင်ပေးထားသော ရွှေနဂါးတုတ်များ ထုတ်ဖော်၍ လက်သီးချက်နှင့် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့သောကြောင့် မီးပွားများ တဖွားဖွား ဖြာကုန်သည်။

"ဘုန်း"

အဖြူရောင် လျှပ်စီးကြောင်းများဖြင့် ပစ်ခတ်လိုက်သော်လည်း ကျင့်ကြံဆင့် ကွာခြားမှုကြောင့် လန်ရီ နောက်ပြန်လွင့်သွား၏။ သို့သော် တစ်ဖက်လူသည်လည်း သူမကို လက်သီးတစ်ချက်ဖြင့် သတ်ပစ်နိုင်မည်ဟု စိတ်ကြီးဝင်နေသော်လည်း လက်သီးများမှ သွေးများ ရဲခနဲ စီးကျနေသည်။ အသေအချာ ကြည့်လိုက်လျှင် ဒဏ်ရာကင်းစင်နေသော လန်ရီက ကြမ်းတမ်းရက်စက်စွာ ခုန်အုပ်လာပြီး ကျားတစ်ကောင်ပမာ ရဲရင့်နေ၏။ သူမ၏ ရွှေနဂါးတုတ်များနှင့် သိုင်းဧကရာဇ် ချပ်ဝတ်ကို မြင်သောအခါ မိန်းကလေး၏ မျက်ဝန်း၌ လောဘရိပ်များ အထင်းသား ထွက်ပေါ်လာသည်။

"ရှေးဟောင်းမျှော်စင်နဲ့ ပေါင်းစပ်ပြီးတော့ တိုက်ခိုက်ရေးစွမ်းအားက အများကြီး တိုးတက်လာတာပဲ"

ယွမ်ရှောင်က အဝေးသို့ ထွက်ပြေးရမည့်အစား ဓားပျံကို ရပ်တန့်၍ စောင့်ကြည့်နေခဲ့၏။ လက်ရှိတွင် လန်ရီ၏ ခွန်အားက ကျောင်းအုပ်ယွီကိုပင် သာလွန်သွားပြီး မိန်းကလေးနှစ်ယောက်၏ တိုက်ပွဲ ဖြစ်သော်လည်း တိုက်ကွက်တိုင်းမှာ ကြမ်းတမ်းရက်စက်၍ မုန်တိုင်းတိုက်ခတ်နေသည့်အလားပင်။ ရန်သူမိန်းကလေးသည် ကျင့်ကြံဆင့်အားကိုးကြောင့် လက်ဗလာဖြင့် တိုက်ခိုက်နေသော်လည်း အပျော့နှင့် အမာ ပေါင်းစပ်ထားသောကြောင့် ရိုးရှင်းစွာ ဆန်းကြယ်နေ၏။ လန်ရီကမူ စွမ်းအားချင်း မယှဥ်သာသော်လည်း မဆုတ်မနစ်သော ဇွဲလုံ့လနှင့် လက်နက်ကြောင့် အံ့မခန်း တိုက်ပွဲ ဝင်နိုင်နေသည်။ အချီပေါင်းများစွာ ရင်ဆိုင်ခဲ့သော်လည်း အင်မော်တယ်နယ်ပယ် မရောက်သေးသူတစ်ယောက်ကိုပင် အနိုင်မယူနိုင်သဖြင့် ရန်သူက ဒေါသထွက်လာ၏။ လန်ရီက အောက်စည်းသို့ ရောက်သွားသော်လည်း မျက်လုံးမှ အလင်းရောင်များ ဖြာထွက်လာသည်နှင့် တပြိုင်နက် ရင်ဘတ်မှ အလင်းတန်းတစ်ခု ပစ်ခတ်လိုက်သည်။ ကျားဖြူလေးသည် မျှော်စင်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားကာ ရန်သူအပေါ် ရုတ်တရက် ဖိချပစ်လိုက်ရာ တစ်ကိုယ်လုံး စုတ်ပြတ်သွားစေသည်။

"ဒါ..ဒါက ရတနာတစ်ခုလား"

သူမ၏ လောဘစိတ်က ပို၍ များပြားလာကာ ယွမ်ရှောင်ကို ရုတ်တရက် သတိပြုမိသွား၏။

"ဒီကောင်က ထွက်မပြေးဘူးလား"

သူမက လန်ရီထံ ချီစွမ်းအင်ဖြင့် ပစ်ခတ်လိုက်ပြီး အောက်တန်းကျသော အကြံဖြင့် အကြပ်ကိုင်ရန် ယွမ်ရှောင်ထံ ပြေးဝင်သွားခဲ့သည်။

"ရတနာတွေနဲ့ သူ့အသက်ကို လဲခိုင်းရမယ်"

ကလေးတစ်ယောက်၏ ရုပ်ဆင်းသွင်ပြင်နှင့် ကောက်ကျစ်လောဘကြီးသော မျက်နှာက လုံးဝ အပ်စပ်ချေ။

"ယွမ်ရှောင်"

ရန်သူက တရားမျှတစွာ တိုက်ခိုက်မည်ဟု ထင်ထားသောကြောင့် လန်ရီအနေဖြင့် သူ့ကို ကယ်တင်ရန် အချိန်နှောင်းနေပြီ ဖြစ်၏။

"သေကာနီးမှာတောင် ပြုံးနေတာလား။ အား..."

ယွမ်ရှောင်က အေးစက်စွာ ပြုံး၍ ကြည့်နေသောကြောင့် ရန်သူမိန်းကလေးသည် ပိုမို ဒေါသထွက်လာကာ ဖမ်းဆီးရန် လက်လှမ်းလိုက်သော်လည်း သွေးနီရောင် နဂါးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာ၍ ကိုက်ပစ်လိုက်သဖြင့် သွေးများ ဖြာထွက်ကုန်သည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းမျှော်စင်က ဦးခေါင်းအထက်သို့ ပြုတ်ကျလာသောကြောင့် သွေးသံရဲရဲဖြင့် ဒူးထောက်ကျသွား၏။ သွေးနဂါးက အခွင့်အရေးကို လက်လွှတ်မခံဘဲ မရေမတွက်နိုင်သော ဆူးများဖြင့် သူမ၏ ခန္ဓာကိုယ်အား ထိုးဖောက်ကာ နှစ်ပိုင်းခွဲပစ်လိုက်သည်။

"သခင်....သခင်"

နောက်ဆုံးထွက်သက်ရောက်နေသော မိန်းကလေးငယ်က အသက်ကို ခပ်ပြင်းပြင်းရှူရင်း မယုံနိုင် ဖြစ်နေ၏။ ထို့နောက် သွေးနဂါးက တစ်ကိုယ်လုံးရှိ သွေးများကို စုပ်ယူသွားသောကြောင့် ခါးတွင် ချည်ထားသည့် ကျောက်စိမ်းပုလင်းမှာ ယွမ်ရှောင်၏ လက်အတွင်း ရောက်ရှိသွားခဲ့သည်။ သွေးနဂါးက ချောမောလှပသော စစ်မင်းသမီးအဖြစ် ပြောင်းလဲသွားချိန်တွင် ရန်သူမိန်းကလေးမှာ စကားတစ်ခွန်းဆိုရင်း အသက်ပျောက်သွားတော့သည်။

"မိစ္ဆာ"

ယွမ်ရှောင်၊ လန်ရီနှင့် စစ်မင်းသမီး၏ အကွက်ကျကျ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အစစ်အမှန် အင်မော်တယ် တစ်ယောက် အသတ်ခံလိုက်ရ၏။

"အစ်ကို"

စိုးရိမ်စိတ်ကြောင့် မျက်ရည်ဝဲနေသော လန်ရီက သူ၏ ရင်ခွင်အတွင်း တိုးဝင် ဖက်ထားလိုက်သည်။

"အဆင်ပြေသွားပါပြီ။ စိတ်မပူနဲ့တော့"

ယွမ်ရှောင် နှစ်သိမ့်နေစဥ် သူမသည် သွေးနဂါးအကြောင်း သတိရလိုက်သဖြင့် နောက်လှည့်ကြည့်လိုက်ရာ ပြုံးပြနေသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရ၏။

"ဒါက ဘယ်သူလဲ။ ကောက်ကြောင်းတွေက လှလိုက်တာ။ နေပါဦး။ မိစ္ဆာမျိုးနွယ်လား"

သူမက တစ်ဖက်လူကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ အလိုလို နောက်ဆုတ်လိုက်မိသည်။

"တောင်းပန်ပါတယ် သခင်။ ကျွန်မ နောက်ကျသွားလို့ အပြစ်ပေးရင်တော့ ညှင်ညှင်သာသာလေး လုပ်ပေးပါနော်"

ယွမ်ရှောင် ရှင်းမပြရသေးခင်မှာပင် စစ်မင်းသမီးက ညုတုတု အသံမျိုးဖြင့် ပြောရင်း ကြိမ်လုံးတစ်ချောင်း ကမ်းပေးလာသည်။ ထိုအပြုအမူကြောင့် လန်ရီ၏ မျက်စောင်းက ယွမ်ရှောင်ထံ တည့်တည့်ကြီး ရောက်ရှိသွား၏။

"တော်ပြီ။ သရုပ်ဆောင်မနေနဲ့။ ဒီအလောင်းကို ယူပြီး လစ်လိုက်တော့"

သူက အရှက်ပြေ ချောင်းဟန့်၍ ခပ်တင်းတင်း အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့။ သခင်က အချစ်သစ် တွေ့သွားလို့ ကျွန်မကို ပစ်ထားခဲ့တာပေါ့။ ဖြူစင်ရိုးသားတဲ့ ပုံစံလေး လိုချင်ရင်လည်း ပြောင်းပေးနိုင်တာကို"

စစ်မင်းသမီးက ဝမ်းနည်းသွားဟန်ဖြင့် မျက်ရည်လေးများ ဝဲတက်လာ၏။

"အရူးမ သွားပါတော့ဟ"

သူမက ကျောပေး၍ ထွက်ခွာလာသောအခါ ယွမ်ရှောင်ကို ကောင်းကောင်းကြီး ဒုက္ခပေးလိုက်နိုင်သောကြောင့် ကျေနပ်စွာ ပြုံးနေခဲ့သည်။ မိန်းကလေးများ၏ သဝန်တိုစိတ်ကား ဆန်းကြယ်ပေစွ။

"အချစ်သစ် ဟုတ်လား။ ဒါဆိုရင် သူက..."

လန်ရီက သစ္စာဖောက်ခံလိုက်ရသလို ခံစားနေရသဖြင့် ဖြေရှင်းချက်တောင်းရင်း မျက်ရည်ကျနေပြီ ဖြစ်သည်။

"ဒီအရူးမက လျှောက်ပြောနေတာ။ သူက သူငယ်ချင်းတစ်​ယောက်ပါ။ နည်းနည်းဆိုးတာမို့ ငါတို့နှစ်ယောက်ကြားထဲ လိုက်နှောင့်ယှက်နေတာပါ"

ယွမ်ရှောင်က နှစ်သိမ့်လိုက်သော်လည်း သူမ၏ နောက်ထပ်မေးခွန်းမှာ ဆွံ့အသွားစေလောက်အောင် ပြင်းထန်၏။

"ဒါဆိုရင် အစ်ကိုက လူပျိုလား"

"ဘယ်ကလာ လူပျိုရမှာလဲ။ ဒီကောင်က ကလေးအဖေ ဖြစ်တော့မှာ"

ကြယ်ပြာက ခေါင်းပြူထွက်လာ၍ အချွန်နှင့် မပေးလိုက်သောကြောင့် လန်ရီသည် ဒေါကြီးမောကြီးဖြင့် ငရဲကိုးထပ်ကမ္ဘာထံ ချက်ချင်း ဆင်းပြေးသွားရာ လိုက်မမီတော့ပေ။

"နှင်းလုံးလေး ငါ အလိမ်ခံလိုက်ရတယ်"

"ဘာလုပ်ကြမလဲ"

သည်းထန်စွာ ငိုကြွေးနေသော မိန်းကလေးတစ်ယောက်ကို နှစ်သိမ့်မပေးတတ်သဖြင့် ကျားဖြူလေးလည်း မျက်လုံးလေး ကလယ်ကလယ် ဖြစ်နေ၏။

"ငါ.လက်စားချေမယ်။ ဒီယောကျ်ားကို အကုန်စုပ်ယူပစ်မယ်"

သူမက နောက်မှ လိုက်လာသော ယွမ်ရှောင်ထံ မျက်စောင်းတစ်ချက် ထိုးကာ မကျေမနပ် အော်ဟစ်နေသည်။

"ဒါက ကလဲ့စားချေတာလား။ လခွမ်းထဲမှ အရူးကို အမဲသားကျွေးသလို ဖြစ်ကုန်မှာပေါ့"

ကျားဖြူလေးမှာ သူမ၏ လက်စားချေမှုကြောင့် ပြောစရာ စကားပင် ရှာမတွေ့နိုင်လောက် ဖြစ်သွားလေသည်။

All Chapters