ထာဝရ ပူဇော်ကိုးကွယ်ရမယ်
Vol. 37 Ch. 491
ယွမ်ရှောင်၏.ခန္ဓာကိုယ်က နုပျိုသွားလိုက်၊ အိုမင်းမစွမ်း ဖြစ်သွားလိုက်ဖြင့် သဘာဝတရား၏ နိယာမကို အထပ်ထပ်အခါခါ ဆန့်ကျင် ဖြစ်ပျက်နေသည့် မြင်ကွင်းအား လန်ရီမှာ စုန်းပြုစားခံထားရသည့်အလား ငေးကြည့်နေမိသည်။ စတုတ္ထအကြိမ် အပြီးတွင် သူ၏ အသားအရေက အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားကာ ကိုယ်လက်အကြောဆန့်ရင်း ဖြတ်ခနဲ ထထိုင်လိုက်၏။
"ဒီအတိုင်းနဲ့ ငါက ယိုယွင်းမှုနယ်ပယ်ရဲ့ ယိုယွင်းမှုငါးမျိုးကို ဖောက်ထွက်နိုင်ခဲ့ပြီ။ မြင့်မြတ်ချီကို စုစည်းပြီး ပြောင်းလဲနိုင်ရင် ယင်နယ်ပယ်ကို တက်ရောက်နိုင်ပြီ"
ယိုယွင်းမှုကို ချိုးဖျက်သည့်အကြိမ်တိုင်း အသက်စွမ်းအားက အဆမတန် တိုးတက်လာတတ်ပြီး မက်မွန်းဆေးရည်ကိုပင် အသုံးပြုခဲ့သောကြောင့် အလွန် တက်ကြွနေ၏။ မရေမတွက်နိုင်သော ဖန်ဆင်းရှင်မျိုးစေ့များကို စုပ်ယူထားသည့် ဖန်ဆင်းရှင်လူဝင်စား ဖြစ်သောကြောင့်လည်း အဆင့်တက်နှုန်း အရှိန်အဟုန်မှာ လူတိုင်းထက် များစွာ သာလွန်ပေသည်။ တစ်ချိန်က ယိုယွင်းမှုကြောင့် တစ်ဆို့နေခဲ့သော သူ၏ လမ်းကြောင်းသည် သတ္တိကြောင့် ပွင့်သွားပြီဖြစ်ကာ အဆုံးအစ ခန့်မှန်းမရလောက်အောင် ကျယ်ပြန့်သွား၏။ နေကိုးစင်းဒန်တန်နှင့် ကြယ်သွေးကြောများလည်း နိုးထလာပြီး အပြောင်းအလဲအနေဖြင့် ရုပ်ရည်သွင်ပြင်၌ အလွန်ထင်ရှားနေပြီး အရှိန်အဝါ ပိုမို နက်ရှိုင်းဆန်းကြယ်လာသည်။
"အားရစရာပဲ ဟား ဟား"
အရေးကြီးသော အဆင့်ကို ချိုးဖျက်နိုင်ခဲ့သောကြောင့် ယွမ်ရှောင်က အားပါးတရ ရယ်မောနေပြီး ဖန်ဆင်းရှင် ရုပ်ခန္ဓာနှင့် ယိုယွင်းချီကို တန်ပြန်နိုင်သော အသက်တံဆိပ်ရှိသဖြင့် မက်မွန်ဆေးရည် အန္တရာယ်ပေးမည်ကို မှုစရာ မလိုခဲ့ပေ။ သို့သော် အနားတွင် ရှိနေသော လန်ရီကမူ အကြီးအကျယ် ထိတ်လန့်ခဲ့ရပြီး ခံစားချက် အတက်အကျပေါင်းစုံ ဖြစ်ပေါ်ခဲ့ရသည်။
"အဲ့တာ...ပြီးသွားပြီလား"
ဒူးထောက်၍ မျက်ရည်ဝဲနေဆဲ ဖြစ်သော သူမသည် အသံတုန်တုန်ရီရီဖြင့် မေးလိုက်၏။
"ပြီးသွားပြီ။ ကြည့်လိုက် ငါ တကယ် ကျန်းမာသန်စွမ်းလာပြီ"
ယွမ်ရှောင်က အညောင်းပြေအညာပြေ အကြောလျှော့ရင်း ပြုံးပြသည်။
"မယုံနိုင်ဘူး။ တကယ် သေချာလို့လား"
သူမသည် ဝတ်ရုံတစ်ခုလုံး စိုရွှဲသွားလောက်အောင် ငိုရှိုက်ခဲ့ရပြီး အစစ်အမှန် ခံစားချက်များဖြစ်ကာ သူ့အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကို မျက်ရည်စက်တိုင်း သက်သေခံလျက်ရှိ၏။
"တကယ် သေချာပါတယ်။ ငါ ကတိပေးတယ်"
ယွမ်ရှောင်က သူမကို ရင်ခွင်အတွင်း ဆွဲသွင်း၍ တင်းတင်းကြပ်ကြပ် ဖက်ထားကာ ခပ်တိုးတိုး နှစ်သိမ့်ပေးလိုက်သည်။ ထိုစကားကြောင့် တင်းမာနေသော ခန္ဓာလေးက ပြေလျော့သွားကာ ခံစားချက် ပြင်းထန်ခဲ့သောကြောင့် ချစ်သူ၏ ရင်ခွင်အတွင်း ယုန်လေးတစ်ကောင်ပမာ ခွေဝင်၍ ငိုကျွေးနေခဲ့ပြန်၏။
"ဝမ်းနည်းစရာပဲ။ သံယောဇဥ်တွေ သိပ်ကြီးလွန်းနေပြီ"
"ငါတောင် မျက်ရည်ကျတော့မယ်"
ကြယ်ပြာက ကောင်းကင်သို့ မော့ကြည့်၍ သက်ပြင်းချသကဲ့သို့ လနီလည်း ခံစားနေရသည်။
"ငါ့မျက်နှာနဲ့ မျက်ရည် မကျနဲ့ကွ။ မင်းမှာလည်း မျက်လုံးရှိတာပဲ"
ကြယ်ပြာသည် မကျေမနပ်ဖြင့် လှမ်းရိုက်လိုက်သောကြောင့် လနီလည်း မခံချင်စိတ်ဖြင့် တုံ့ပြန်လိုက်သောအခါ ရုန်းရင်းဆန်ခတ်ဖြင့် အနက်ရောင် သားရဲလေးမှာ ရေကန်အတွင်း ပြုတ်ကျသွား၏။ ထိုအချိန်တွင် သေခြင်းရှင်ခြင်း အကြား စမ်းသပ်ချက်ကြောင့် ပိုမို နီးစပ်လာသည့် ချစ်သူနှစ်ယောက်သည် တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားကာ နက်ရှိုင်းသော ခံစားချက်မှတဆင့် အချစ်မီးတောက်လောင်စပြုလာသည်။
"ညီမ ဘယ်လိုလုပ်ရမလဲ မသိဘူးနော်"
ယွမ်ရှောင်၏ အကြည့်မှ သဘောထားကို ရိပ်မိသောအခါ လန်ရီ ခေါင်းလေး ငုံ့သွားကာ အကြီးအကျယ် ရှက်သွေးဖြာနေ၏။
"အစ်ကိုက သင်ပေးမှာပေါ့"
သူက နားသို့ နှုတ်ခမ်းဖြင့် ဖိကပ်ကာ တိုးတိုးလေး ပြောလိုက်သောအခါ သူမ၏ ရင်ခုန်သံ တဒိန်းဒိန်း မြန်လာ၍ မျက်လုံးများ ဝေဝါးကုန်သည်။ ယွမ်ရှောင်သည် ရင်ခွင်ထဲရှိ အပြစ်ကင်းစင်၍ ချစ်စရာကောင်းသော မိန်းကလေးကို ငုံ့ကြည့်လိုက်ရာ ဆွဲဆောင်အားကို မခုခံနိုင်တော့ပေ။ သူမနှင့် ချန်ရီက တစ်ယောက်တည်း ဖြစ်ရလောက်အောင် တူညီပြီး ဤအနေအထားမှာ သူ့အတွက် အစိမ်းသက်သက် မဟုတ်ချေ။ လန်ရီက ချန်ရီထက် ပို၍ သူ့ကို ချစ်မြတ်နိုးပုံရသောကြောင့် ကပ်ဘေးလူဝင်စားများမှာ တစ်ယောက်တည်း ဖြစ်ကာ ခံစားချက်များ မျှဝေနိုင်သည်ဟု ယုံကြည်မှု တိုးလာခဲ့သည်။
"လန်ရီ အိပ်မက်တွေကို ဘာကြောင့် မက်နေရလဲ သိလား"
သူက မျက်ဝန်းထောင့်ရှိ မျက်ရည်စလေးများကို ကြင်နာစွာ သုတ်ပေး၍ လေးနက်စွာ ပြောသည်။
"ဘာလို့လဲဟင်"
လန်ရီသည် ထိုမေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်နေသော်လည်း ယွမ်ရှောင်ကမူ အဖြေမပေးတော့ဘဲ ဝတ်ရုံခါးစည်းကြိုးအား ဖြေလျှော့လိုက်သည်။
ရှေးဟောင်းအပျက်အစီးနယ်မြေ၊ ဓားအိမ်တော်၌ တည်ရှိနေသော မက်မွန်အစီအရင်ထံ မက်မွန်းပန်းတစ်ခက် ဆုပ်ကိုင်ထားကာ မျက်နှာထား အလွန်တင်းမာနေသော မုရှို့ ဝင်ရောက်လာ၏။ ဆန်းကြယ်သော နေရာတစ်ခု၏ အဝင်တွင် ဓားကျင့်ကြံသူ ဝတ်ရုံနက် အဘိုးအိုတစ်ယောက် စောင့်ကြပ်နေကာ သူ့ကို မြင်သောအခါ လေးလေးစားစား ဦးညွှတ်ခဲ့သည်။
"ကြိုဆိုပါတယ် အရှင်"
သို့သော် သူ အစောင့်ကို လျစ်လျူရှုကာ အတွင်းသို့ အရေးတကြီး ပြေးဝင်သွားသည်။
"အင်မော်တယ်ကို အစီအရင် ခံစရာ ရှိပါတယ်။ ထောင်ရှို့ တစ်ခုခု ဖြစ်သွားပါတယ်"
သူက မက်မွန်ပန်းများ ပြည့်နှက်ဖုံးလွှမ်းနေသည့် ကျောင်းဆောင်တစ်ခုရှေ့တွင် ဒူးထောက်၍ လေးစားစွာ ပြောလိုက်သည်။ ပါးလွှာသော လိုက်ကာဖြင့် ခြားထားသည့် တံခါးအတွင်း၌ သွယ်လျပိန်ပါးသော ပုံရိပ်တစ်ခုကို မသဲမကွဲ မြင်နေရ၏။ ကျောင်းဆောင်အထက်တွင် အသက်ဓာတ်များက အဖြူရောင်မြူခိုးအဖြစ် ထူထပ်သိပ်သည်းစွာ စီးဝင်နေသည်။ မုရှို့၏ စကားကြောင့် အသက်ဓာတ်များကို စုပ်ယူနေသည့် မိန်းမက စိတ်အပြောင်းအလဲ ဖြစ်သွားရာ လေထဲတွင် မျောလွင့်နေသော မက်မွန်ပန်းများအား ဓားသွားပမာ တဝီဝီ လည်ပတ်သွားစေသဖြင့် အားလုံး ကြောက်လန့်ကုန်၏။
"ဘာဖြစ်တာလဲ"
သူမ၏ အသံက ခံစားချက်လုံးဝ မရှိသော ခြောက်ကပ်ကပ် အသံမျိုးပင်။
"တိုက်ခိုက်သံတွေ ကြားရလို့ ကျုပ်သွားကြည့်တော့ ထောင်ရှို့ မရှိတော့ဘူး။ မက်မွန်ဆေးရည်လည်း အခိုးခံလိုက်ရပြီး ပန်းတစ်ခက်ပဲ ကျန်ရစ်တယ်။ သေသွားတာ ဖြစ်နိုင်ပါတယ်"
မုရှို့က လက်ထဲမှ မက်မွန်ပန်းခက်ကို မြှောက်ပြသည်။
"ဘယ်သူ သတ်တာလဲဆိုတာကို သိလား"
"သေမျိုးတွေထဲမှာ ယွမ်ရှောင်တစ်ယောက်သာ ဒီလိုလုပ်နိုင်ပါတယ်။.လန်ရီလည်း ကူညီခဲ့လောက်ပါတယ်။ ဒီလူငယ်နှစ်ယောက်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိလို့ စုံစမ်းသင့်ပါတယ်"
ထိုအချိန်တွင် နောက်ဆုတ်နေသော အဘိုးအိုက ရှေ့တက်၍ အကျိုးအကြောင်း သုံးသပ်ပြကာ စကားအဆုံးတွင် မြေပြင်၌ ဝပ်တွားပြီး မော်ပင်မကြည့်ရဲတော့ပေ။
"သေမျိုးတွေက ငါတို့လို နတ်ဘုရားတွေကို ကိုးကွယ်ဆည်းကပ်ရမှာ ထုံးစံပဲ။ ဒီဓလေ့ကို ဖောက်ဖျက်ချင်တဲ့ မိစ္ဆာတွေ ရှိနေတာလား။ သူတို့ ခေါင်းတွေကို ဖြတ်ယူလာခဲ့စမ်း။ ပြီးရင် ငါ့ကို ထာဝရ ပူဇော်ဖို့ အမွှေးတိုင်အိုးအဖြစ် ပြောင်းလဲလိုက်"
ခဏအကြာတွင် ပတ်ဝန်းကျင်ရှိ မက်မွန်ပန်းများ ပြင်းထန်စွာ လွင့်ထွက်သွားကာ ဓားစံအိမ်တစ်ခုလုံး တဝုန်းဝုန်း တုန်ခါသွားသဖြင့် သူမ အမျက်ထွက်နေကြောင်း သိသာ၏။ ထို့နောက် သူမက ထိုင်နေရာမှ ထရပ်လာပြီး ကိုယ့်ကိုကိုယ် မြင့်မြတ်လွန်းသည့် ဟန်ပန်မျိုးဖြင့် ခက်ထန်စွာ အမိန့်ပေးလိုက်လေသည်။