အခန်း (၆၁)
Vol. 7 Ch. 61
လုချွမ်းမှာ အံ့ဩလွန်း၍ ဆွံ့အသွားရတော့သည်။
ရပ်ကွက်ဂိတ်ဝအပြင်ဘက်တွင် သူ အစုံသုပ်ဖြစ်အောင် ထောင်းပစ်ထားသော အလောင်းမှာ သွေးနီရောင်အလင်းတန်းများအောက်တွင် တဖြည်းဖြန်း ပြန်လည်ပုံဖော်လာပြီး သွယ်လျသော လူသားပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအလင်းတန်းများ ကွယ်ပျောက်သွားချိန်တွင် ကျောက်လင်းသည် လမ်းမပေါ်၌ ဒဏ်ရာအနာအဆာမရှိ အကောင်းအတိုင်း ပြန်လည်ပေါ်ပေါက်လာခဲ့ကာ လုချွမ်းမှာ သူ၏ဦးနှောက်ပင် အလုပ်မလုပ်တော့သကဲ့သို့ ခံစားလိုက်ရသည်။
“ဟေ့လူ... ဘယ်သူကများ တကယ့်ဇွန်ဘီလဲဗျာ”
“မင်းကို ငါက အသားဖတ်ဖြစ်အောင် ချေမွပစ်တာတောင် ပြန်ရှင်နိုင်သေးတာလား”
လုချွမ်းသည် သူ၏ကမ္ဘာအမြင်များ အစဉ်တစိုက် ရိုက်ချိုးခံနေရသည်ဟု ခံစားနေရသည်။ ဤကမ္ဘာကြီး၌ အကန့်အသတ်ဟူသည် မရှိတော့ဘဲ လူတစ်ယောက် သေဆုံးသွားလျှင်ပင် အကြိမ်ကြိမ် ပြန်လည်ရှင်သန်နိုင်သည်မှာ အမှန်ပဲလား။ နာကျင်မှုကို မသိသော ဇွန်ဘီများပင်လျှင် ဤမျှအထိ ချေမှုန်းခံရပါက သေသည်ထက်ပင် ပိုသေသင့်လှသည်။ ယခုမူ ပြန်လည်ရှင်သန်နိုင်လာရုံမျှမက ခြေဆုံးခေါင်းဆုံး ဒဏ်ရာတစ်စက်မျှ မရှိသည်မှာ မတရားသဖြင့် အခွင့်ထူးခံနေရခြင်းပင်။
တစ်ဖက်တွင်လည်း အိပ်ခန်းထဲ၌ အိပ်ချင်ဟန်ဆောင်နေသော ကျိရုရွှယ်သည် ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားရောက်ကာ အပေါက်ငယ်လေးမှတစ်ဆင့် အောက်
ထပ်မှ အခြေအနေကို အကဲခတ်နေခဲ့သည်။ ကျိရုရွှယ်သည် အတိတ်ဘဝကတည်းက ကိုးကြိမ်သေ နတ်ဆိုးရဲမေ ဘယ်လိုမျိုး ပြန်လည်ရှင်သန်နိုင်ခြင်း သို့မဟုတ် ပြန်လည်ရှင်သန်နိုင်ရန်အတွက် အထူးကန့်သတ်ချက်များ ရှိမရှိကို အမြဲတမ်း သိလိုစိတ် ပြင်းပြခဲ့သူ ဖြစ်သည်။
ဥပမာအားဖြင့် အလောင်းရဲ့ အခြေအနေ ဒါမှမဟုတ် သေဆုံးပုံအပေါ် မူတည်တာလား။
အကယ်၍ နတ်ဆိုးရဲမေ၏ ခန္ဓာကိုယ်မှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့လျှင်ပင် ပြန်လည်ရှင်သန်နိုင်ဦးမည်လောဟူသော အချက်ကို သူမ စမ်းသပ်ရန် အခွင့်အရေး မရရှိခဲ့ပေ။
ကျောက်လင်း ပြန်လည်ရှင်သန်နိုင်လာသည့် မြင်ကွင်းကို ကျိရုရွှယ်သည် အလေးအနက် အကဲခတ် မှတ်သားထားလိုက်သည်။ ကျိရုရွှယ်သည် အတိတ်ဘဝက ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့သူဖြစ်သော်လည်း ယခုမြင်ကွင်းကို မြင်တွေ့ရချိန်တွင် ထိတ်လန့်တုန်လှုပ်ရဆဲပင်။ ဤပါရမီမှာ ရယ်စရာကောင်းလောက်အောင်ပင် အစွန်းရောက်လွန်းလှသည်။ ရိုးရိုးရှင်းရှင်း ပြန်လည်ရှင်သန်နိုင်ခြင်းထက် ပိုမိုလွန်ကဲလှပြီး ကျိုးကြေသွားသော အရိုးများနှင့် အသားစိုင်များမှာ ပြန်လည်ပေါက်ဖွားလာနိုင်စွမ်း ရှိပေသည်။
သွေးသားများ ပြန်လည်ပေါက်ဖွားခြင်းဟူသည်မှာ ရိုးရှင်းသော ကိစ္စမဟုတ်ဘဲ သက်ရှိတို့၏ နိယာမစွမ်းရည်နှင့် ဆက်နွယ်နေသည်။ ကျိရုရွှယ်၏ မှတ်ဉာဏ်များအရ ဤကဲ့သို့သော လောကနိယာမ စွမ်းရည်မျိုးကို ဧကရာဇ်အဆင့်ရှိ ပညာရှင်များသာ နားလည်သဘောပေါက်နိုင်ကြခြင်း ဖြစ်သည်။
သို့သော်လည်း ကမ္ဘာပျက်ကပ် အစောပိုင်းကာလမှာပင် ဤနတ်ဆိုးရဲမေသည် နိယာမအဆင့်ရှိ စွမ်းအားကို ပိုင်ဆိုင်နေပြီဖြစ်ရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ကျိရုရွှယ်အနေဖြင့် ဤစွမ်းအားမှာ ကျောက်လင်းအတွက် အလိုအလျောက် ဖြစ်ပေါ်နေသောစွမ်းအားဖြစ်ကြောင်း သိရှိသော်လည်း ၎င်းကပင် ကျောက်လင်း၏ ထူးကဲသော ပါရမီကို သက်သေပြနေခြင်းပင်။
“သိမ်းသွင်းရမယ်။ ဒီအမျိုးသမီးကို ငါ့ဘက်ပါအောင် မဖြစ်မနေ သိမ်းသွင်းရမယ်”
အောက်ထပ်ရှိ ကျောက်လင်းကို ကြည့်ရင်း ကျိရုရွှယ်၏ မျက်ဝန်းများမှာ တောက်ပလာခဲ့သည်။ ဤကဲ့သို့သော အစွန်းရောက် ပါရမီရှင်မျိုးကို သူမ၏အနားသို့ ခေါ်ဆောင်ထားနိုင်ရမည်။ အကယ်၍ ကောင်းမွန်စွာ လေ့ကျင့်ပေးနိုင်ပါက ဤနတ်ဆိုးရဲမေ၏ အနာဂတ်မှာ မှန်းဆ၍မရနိုင်လောက်အောင် ဖြစ်လာမည်ဖြစ်ပြီး ကမ္ဘာပျက်ကပ်အတွင်း သူမအတွက် အားကိုးရဆုံးသော လက်ရုံးတစ်ခု ဖြစ်လာပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် လုချွမ်းနှင့် ကျိရုရွှယ်တို့ကို အံ့အားသင့်သွားစေသော ကျောက်လင်းကိုယ်တိုင်မှာလည်း မှင်တက်လျက် ကျန်ရစ်နေခဲ့သည်။ ကျောက်လင်းသည် ဒဏ်ရာအနာအဆာမရှိသော သူမ၏ ခန္ဓာကိုယ်ကို ကြည့်ရင်း မယုံကြည်နိုင်ဘဲ ဖြစ်နေတော့သည်။
သူမသည် သူမကိုယ်သုမ အာရုံချောက်ခြားမှုများ ဖြစ်ပေါ်နေတာလား သို့မဟုတ် ဤအရာအားလုံးမှာ ရှည်လျားလှသော အိပ်မက်တစ်ခုသာ ဖြစ်နေသလောဟုပင် သံသယဝင်မိတော့သည်။
နေ့ခင်းဘက်က အသတ်ခံလိုက်ရသည့် အတွေ့အကြုံမှာ သူမ၏အာရုံထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲဖြစ်ပြီး ထိုခံစားချက်မှာ အတုအယောင် မဖြစ်နိုင်ပေ။ ၎င်းမှာ သူမအပေါ် တကယ်တမ်း သက်ရောက်ခဲ့သည့် ဖြစ်ရပ်မှန်ပင်။
"ငါ... နောက်တစ်ကြိမ် ပြန်ရှင်လာတာလား"
"ငါက တကယ်ပဲ မသေနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလား"
ကျောက်လင်း၏ မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူသံများပင် မြန်ဆန်လာခဲ့သည်။ ၎င်းမှာ သေရာမှ ပြန်လည်ရှင်သန်လာရုံမျှသာ မဟုတ်ပေ။ ကျောက်လင်းသည် သူမ၏ လက်သီးများကို တင်းတင်းဆုပ်ကြည့်လိုက်ရာ ယခုသူမ၏ အင်အားမှာ နေ့ခင်းဘက်ကထက် များစွာ ပိုမိုတောင့်တင်းလာသည်ကို သိရှိလိုက်ရသည်။
နေ့ခင်းဘက်က အခြေအနေနှင့် နှိုင်းယှဉ်ပါက သူမ၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
“ဒါက ဆင့်ကဲပြောင်းလဲသူတစ်ဦးရဲ့ စွမ်းရည်လား။ သေလေလေ ပိုသန်မာလာလေလေဆိုတော့ ဒါက ကံကြမ္မာကို တော်လှန်တဲ့ စွမ်းအားပဲ”
ကျောက်လင်းသည် သူမ၏ ပြုံးယောင်သန်းလာသော နှုတ်ခမ်းကို မထိန်းချုပ်နိုင်တော့ဘဲ အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။ စစ်ရဟတ်ယာဉ်များမှ ကြဲချခဲ့သော လက်ကမ်းစာစောင်များထဲတွင် ထူးခြားဆန်းပြားသော စွမ်းရည်ပိုင်ဆိုင်သည့် ဆင့်ကဲပြောင်းလဲသူများသည် အလွန်တရာ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည် ရှိသည်ဟု ဖော်ပြထားခဲ့သည်။ ယခုမူ ကျောက်လင်းအနေဖြင့် ၎င်းကို အပြည့်အဝ ယုံကြည်သွားခဲ့ပြီဖြစ်သည်။ ဤဆင့်ကဲပြောင်းလဲမှု စွမ်းရည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
"ဟားဟား... သာမန်ဇွန်ဘီတွေက ငါ့ကို ဘာလုပ်နိုင်မှာလဲ"
နှစ်ကြိမ်တိုင်တိုင် အသတ်ခံခဲ့ရသော်လည်း ကျောက်လင်း၏ ယုံကြည်မှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ သဘာဝကျလှပေသည်။ မည်သူပင်ဖြစ်စေ မိမိကိုယ်ကိုယ် သေဆုံးသွားပြီဟု သိလိုက်ရပြီးမှ ပြန်လည်ရှင်သန်လာပါက သူတို့၏ စိတ်နေစိတ်ထားမှာ များစွာ ပြောင်းလဲသွားမည်သာ ဖြစ်သည်။ အထူးသဖြင့် ပြန်လည်ရှင်သန်နိုင်တိုင်းက ခွန်အားကို အဆပေါင်းများစွာ မြှင့်တင်ပေးနေချိန်တွင် ပို၍ပင် ဆိုးပေလိမ့်မည်။
သူမအား နှစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ခဲ့သော တင့်ကားအမျိုးအစား ဇွန်ဘီကြီးကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်ဝန်းများတွင် လူသတ်ငွေ့များ ယှက်သန်းသွားပြီး ၎င်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်တော့သည်။ သူမသည် ပြန်လည်ရှင်သန်လာခဲ့သော်လည်း အသတ်ခံလိုက်ရစဉ်က ခံစားချက်မှာ အစစ်အမှန်ဖြစ်နေခဲ့သည်။ ထိုအဖြစ်အပျက်ကို ပြန်လည်တွေးတောမိတိုင်း ကျောက်လင်း၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲဖြစ်ရာ ၎င်းကပင် သူမ၏ ဒေါသကို ပိုမို လောင်မြိုက်စေခဲ့သည်။
လုချွမ်းသည် ထိုရဲမေ၏ ဇွန်ဘီနှင့်တူသော ပြန်လည်ရှင်သန်နိုင်မှုကြောင့် အံ့အားသင့်နေဆဲ ဖြစ်သော်လည်း သူမက တာဖန်းဆီသို့ ရန်လိုစွာ ပြေးဝင်လာသည်ကို မြင်လိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ဒေါသများ ဟုန်းဟုန်းတောက်သွားတော့သည်။
"မသေနိုင်တဲ့ စွမ်းရည်နဲ့ အခွင့်ထူးခံနေတာပေါ့ ဟုတ်လား။ ပြန်လည်ရှင်သန်နိုင်တယ်ပေါ့လေ"
"တောက် မင်းကို ငါ နှစ်ခါ သတ်နိုင်ခဲ့ရင် သုံးခါ၊ လေးခါလည်း သတ်နိုင်တာပဲ။ မင်း ဘယ်နှခါအထိ ပြန်ရှင်နိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
တိုက်ပွဲပြီးဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း ဤအမျိုးသမီး ပြန်လည်ရှင်သန်လာလိမ့်မည်ဟု လုချွမ်း လုံးဝမမျှော်လင့်ထားခဲ့ပေ။ ကျောက်လင်းနှင့် ပတ်သက်သည့် ဖြစ်ရပ်များက လုချွမ်း၏ ကမ္ဘာအမြင်ကို တိုက်ရိုက်ရိုက်ချိုးဖျက်ဆီးလိုက်သဖြင့် သူသည် အံ့အားသင့်နေရုံမျှမက သတ်ဖြတ်လိုစိတ်များလည်း ပိုမိုပြင်းထန်လာခဲ့သည်။
ဤကဲ့သို့ ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော တည်ရှိမှုကို အမြစ်မှစ၍ သုတ်သင်ပစ်ရမည် ဖြစ်သည်။ မဟုတ်ပါက နောင်တစ်ချိန်တွင် မည်သို့သော ဘေးအန္တရာယ်များ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ လုချွမ်းသည် တာဖန်းကို ထိန်းချုပ်ကာ သံတူနှစ်လက်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်တော့သည်။
“ပြန်လည်ရှင်သန်နိုင်တယ်ပေါ့လေ... ဟုတ်ပြီ မင်းမှာ အသက်ဘယ်နှသက်ရှိလဲဆိုတာ ငါကြည့်ရသေးတာပေါ့”
ဝူး... ဝူး...
ဒေါသအဟုန်ပြင်းပြနေသော လုချွမ်းသည် တာဖန်း၏ သံတူကြီးများကို အားကုန်လွှဲယမ်းလိုက်ရာ လေထုကို ဖြတ်သန်းသွားသော အသံမှာ ကြားရသူတိုင်း၏ ကျောရိုးကို စိမ့်တက်သွားစေသည်။
“ဟက်... အရူးကြီး နင် ငါ့ကို နှစ်ခါသတ်နိုင်ခဲ့ပေမဲ့ သုံးခါမြောက်မှာတော့ မအောင်မြင်စေရဘူး”
ကျောက်လင်း၏ မျက်ဝန်းများမှာ အနည်းငယ် နီမြန်းလာပြီး လုချွမ်းကဲ့သို့ပင် သူမ၏ ရင်ထဲ၌လည်း လူသတ်ငွေ့များ လှိုက်တက်လာခဲ့သည်။ နှစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ခဲ့သော်လည်း မသေဆုံးနိုင်ခြင်းက လုချွမ်း၏ ဒေါသကို မီးမွှေးပေးလိုက်သကဲ့သို့ပင်။
ကျောက်လင်း၏ ခံစားချက်မှာလည်း ထိုနည်းတူပင်။ ဇွန်ဘီတစ်ကောင်တည်း၏ လက်ချက်
ဖြင့် နှစ်ကြိမ်တိုင်တိုင် အသတ်ခံရခြင်း အထူးသဖြင့် ဒုတိယအကြိမ်တွင် ခန္ဓာကိုယ်တစ်ခုလုံး ကြေမွပျက်စီးသည်အထိ အရှက်တကွဲ သေဆုံးခဲ့ရခြင်းမှာ သူမအတွက် သည်းခံနိုင်စရာ မရှိပေ။ ကျောက်လင်းသည် သဘာဝအရ ကြင်နာတတ်သူဖြစ်သော်လည်း ယခုမူ သူမ၏ တိုက်ခိုက်မှုတိုင်းမှာ ရက်စက်ကြမ်းကြုတ်လှသည်။
တိုက်ပွဲအတွင်း လုချွမ်း မျက်မှောင်ကြုတ်သွားရသည်။ ထိုရဲမေ၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာသည်ကို သူ သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။ သူမ၏ အရှိန်မှာ နေ့ခင်းဘက်ကထက် ပိုမိုမြန်ဆန်လာရုံမျှမက သူ၏ သံတူချက်များကိုလည်း သူမအား မခြိမ်းခြောက်နိုင်တော့ပေ။
ဗုန်း... ဗုန်း... ဗုန်း…
လုချွမ်း၏ ဧရာမသံတူကြီးများဖြင့် ထိုးနှက်ခြင်း၊ လွှဲယမ်းခြင်းနှင့် ထုရိုက်ခြင်းတို့ကို ကျောက်လင်းက ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့နောက် ကျောက်လင်း၏ ခန္ဓာကိုယ်မှာ သစ်ကျားသစ်တစ်ကောင်အလား အဟုန်ပြင်းစွာ လှုပ်ရှားသွားပြီး တာဖန်း၏ နောက်ကျောဘက်သို့ ဖျတ်ခနဲ ရောက်ရှိသွားတော့သည်။
ဖုန်း…
သူမသည် သူမ၏ခြေထောက်ကို ကြိမ်လုံးတစ်ချောင်းကဲ့သို့ ဝှေ့ယမ်းကာ တာဖန်း၏ ဒူးဆစ်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။ အလွန်အမင်း ပြင်းထန်လှသော ထိုအားပမာဏကြောင့် တာဖန်းမှာ ခဏမျှ ဟန်ချက်မထိန်းနိုင်ဘဲ ဒူးတစ်ဖက် ထောက်ကျသွားရသည်။ လုချွမ်းသည် ကျောက်လင်းအား နောက်သို့ ဆုတ်ခွာသွားစေရန် သံတူများကို အလောတကြီး ပြန်လည်လွှဲယမ်းလိုက်ရသည်။
သတ္တမထပ်မှနေ၍ စောင့်ကြည့်နေသော ကျိရုရွှယ်သည် စိတ်ထဲမှနေ၍ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။
“ကိုးကြိမ်သေ နတ်ဆိုးရဲမေဆိုတဲ့အတိုင်းပဲ... ပြန်လည်ရှင်သန်နိုင်ပြီးနောက်မှာ သူမရဲ့ ခွန်အားတွေက တကယ်ကို တိုးတက်လာတာပဲ”
“ဒီမိန်းမက မိုက်မဲပေမဲ့ အတော်လေးတော့ အစွမ်းထက်သားပဲ။ ဖြစ်နိုင်ရင်တော့ သူမကို အသုံးချပြီး ဒီရပ်ကွက်ထဲက ဇွန်ဘီဘုရင်ကို အပြတ်ရှင်းခိုင်းလို့ ရနိုင်မလား...”