အခန်း (၆၂)
Vol. 7 Ch. 62
ကျိရုရွှယ်သည် ဤအစီအစဉ်မှာ အမှန်တကယ်ပင် အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေရှိသည်ဟု ပို၍တွေးတောမိလာသည်။
ကမ္ဘာပျက်ကပ် အစောပိုင်းကာလတွင် ဤကိုးကြိမ်သေ နတ်ဆိုးရဲမေသည် ပတ်ဝန်းကျင်အသစ်နှင့် အသားမကျသေးသည့်အပြင် သူမ၏ အသိဉာဏ်မှာလည်း အလွန်အမင်း ထက်မြက်ပုံမရသေးပေ။ သို့သော်လည်း သူမ၏ ပြန်လည်ရှင်သန်နိုင်မှုနှင့် ခွန်အားတိုးမြင့်မှု ပါရမီမှာ အလွန်တရာ အားကောင်းလွန်းလှသဖြင့် အခြားအချက်များကို လျစ်လျူရှု၍ ရပေသည်။ ကျိရုရွှယ်၏ အမြင်အရ ဤရဲမေသည် ကောင်းကင်ဘုံကပင် အထူးတလည် မျက်နှာသာပေးထားသည့် ပါရမီရှင်မျိုး ဖြစ်သည်။
သူမသည် သေရာမှ ပြန်လည်ရှင်သန်နိုင်ရုံမျှမက အင်အားကိုပါ နှစ်ဆတိုးပွားစေနိုင်သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပါရမီမျိုးကို သူမ၏ အတိတ်ဘဝ ကမ္ဘာပျက်ကပ် တစ်လျှောက်လုံးတွင်ပင် တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ချေ။
ယခုမှာ ကမ္ဘာပျက်ကပ်၏ အစောပိုင်းကာလသာ ရှိသေးသော်လည်း နတ်ဆိုးရဲမေသည် ဆင့်ကဲဇွန်ဘီ တစ်ကောင်တည်း၏ လက်ချက်ဖြင့် နှစ်ကြိမ်တိုင်တိုင် အသတ်ခံခဲ့ရသည်။ ဤသည်မှာ အမှန်တကယ်ပင် ဖြစ်ခဲလှသော အဖြစ်အပျက်ဖြစ်သော်လည်း သူမ၏ ဆန်းကြယ်လှသော ပါရမီကြောင့် နှစ်ကြိမ်သေဆုံးခဲ့ခြင်းကပင် သူမ၏ခွန်အားကို အဆပေါင်းများစွာ မြှင့်တင်ပေးခဲ့ရာ ပထမအဆင့် ဆင့်ကဲဇွန်ဘီတစ်ကောင်၏ အင်အားကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူမသည် ယခုအခါ ဒုတိယအဆင့်စွမ်းအားရှင်တစ်ဦး၏ အင်အားကိုပင် ပိုင်ဆိုင်နေပြီ ဖြစ်တော့သည်။
အကယ်၍ ကျိရုရွှယ် တစ်ဦးတည်းသာဆိုပါက ဆင့်ကဲဇွန်ဘီအများအပြားကို ထိန်းချုပ်နိုင်
သည့် ဇွန်ဘီဘုရင်နှင့် ရင်ဆိုင်ရန်မှာ စွန့်စားရာ ရောက်ပေလိမ့်မည်။ သို့သော် ဒုတိယအဆင့် အင်အားရှိသည့် ဤမသေနိုင်သော ရဲမေနှင့်သာ ပူးပေါင်းလိုက်ပါက အောင်မြင်မှုနှုန်းမှာ များစွာ မြင့်မားသွားပေလိမ့်မည်။
မသေနိုင်သော ဤရဲမေက ရှေ့တန်းမှနေ၍ ခုခံတိုက်ခိုက်ပေးပြီး သူမကိုယ်တိုင်က အရိပ်ထဲမှနေ၍ စွမ်းရည်များကို အသုံးပြုကာ အလစ်အငိုက် တိုက်ခိုက်မည်ဆိုပါက ဤဇွန်ဘီဘုရင်ကို တစ်ချက်တည်းဖြင့် အပြတ်သုတ်သင်နိုင်မည့် အခွင့်အရေး ရှိနေသည်။ နေရောင်ခြည်ရပ်ကွက်အတွင်းရှိ ဇွန်ဘီဘုရင်သည် ကျိရုရွှယ်အပေါ် များစွာသော ဖိအားများကို ပေးနေခဲ့သည်။ ကမ္ဘာပျက်ကပ် စတင်ရုံမျှသာ ရှိသေးသော်လည်း ဤဇွန်ဘီဘုရင်၏ အခြားဇွန်ဘီများကို ထိန်းချုပ်၍ တိုက်ခိုက်သည့် စစ်ဗျူဟာများမှာ အလွန်ပင် ကျွမ်းကျင်လှသောကြောင့် ဖြစ်သည်။
အတိတ်ဘဝက သူမ ကြုံတွေ့ခဲ့ဖူးသော ဇွန်ဘီစစ်သည်တပ်မဟာကြီးများကို ထိန်းချုပ်နိုင်သည့် ဇွန်ဘီဘုရင်များထက်ပင် ဤတစ်ဦးက ပိုမိုသာလွန်နေပေသည်။ အကယ်၍သာ ဤဇွန်ဘီဘုရင်သည် ဆက်လက်ကြီးထွားခွင့် ရရှိသွားပါက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အင်အားမျိုးကို ပိုင်ဆိုင်လာမလဲဆိုသည်ကို ကျိရုရွှယ် မတွေးရဲအောင်ပင်။
ထို့ပြင် သူမ၏ ဇွန်ဘီဖခင်သည်လည်း နေရောင်ခြည်ရပ်ကွက်အတွင်း၌ပင် နေထိုင်နေပြီး ဤဇွန်ဘီဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ဤဇွန်ဘီဘုရင်ကို အမြန်ဆုံး သုတ်သင်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်သာ ဖြစ်သည်။ သို့သော် ကိုးကြိမ်သေ နတ်ဆိုးရဲမေနှင့် ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဟူသော အချက်က ကျိရုရွှယ်ကို ပြန်လည်စဉ်းစားရကျပ်စေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အတိတ်ဘဝကကဲ့သို့ မဟုတ်ဘဲ လက်ရှိတွင် ကလေးငယ်တစ်ဦး၏ ခန္ဓာကိုယ်ဖြင့်သာ ရှိနေခြင်းကြောင့် ဖြစ်သည်။
တစ်ဖက်တွင်မူ နေရောင်ခြည်ရပ်ကွက်၏ ဂိတ်ဝအပြင်ဘက်၌ လုချွမ်းသည် နတ်ဆိုးရဲမေနှင့် အပြင်းအထန် တိုက်ခိုက်နေရဆဲပင်။ သို့သော် တိုက်ပွဲကြာလာလေလေ လုချွမ်း၏ ရင်ထဲတွင် ဖိအားများ ပိုမိုကြီးမားလာလေလေ ဖြစ်နေသည်။ ဤအမျိုးသမီး၏ ခွန်အား တိုးတက်လာမှုမှာ ပုံမှန်မဟုတ်လောက်အောင်ပင် ထူးခြားဆန်းပြားနေသည်ကို သူ တွေ့ရှိလိုက်ရသည်။
ဗုန်း... ဗုန်း... ဗုန်း…
လုချွမ်းသည် တာဖန်းကို ထိန်းချုပ်ကာ ဧရာမသံတူကြီးများကို တရစပ် လွှဲယမ်းနေသဖြင့် ဂိတ်ဝရှိ မြေပြင်တစ်ခုလုံးမှာ ကြေမွပျက်စီးနေပြီ ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် လုချွမ်း မည်သို့ပင် တိုက်ခိုက်စေကာမူ ကျောက်လင်းသည် တစ်ချက်မလွဲဘဲ တိကျစွာ ရှောင်တိမ်းနိုင်နေသည်။
သူမ၏ သွယ်လျသော ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဟုန်နှင့် ခွန်အားမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။ ကိုယ်ဟန်အနေအထား ထိန်းညှိမှုမှာလည်း အလွန်ပင် ကောင်းမွန်လှသဖြင့် လုချွမ်း၏ သံတူချက်များသည် သူမ၏ အဝတ်စကိုပင် မထိနိုင်ဘဲ ရှိနေသည်။
ယခုအခါ ကျောက်လင်းသည် တာဖန်း၏ အနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာနိုင်ရုံမျှမက သံတူချက်များကို ရှောင်တိမ်းရင်း ပြန်လည်တိုက်စစ်ဆင်ရန်ပါ အခွင့်အရေး ရရှိလာခဲ့ပြီ ဖြစ်သည်။ သူမ၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့် ခံစစ်အလွန်ကောင်းလှသည့် တာဖန်း၏ ခန္ဓာကိုယ်ကြီးပင် တုန်ရင်သွားရသည်။ အဆစ်အမြစ်များကို အထိုးခံရချိန်တိုင်းတွင် တာဖန်းမှာ ဒူးတစ်ဖက် ထောက်ကျသွားရပြီး လုချွမ်းမှာလည်း သံတူနှစ်လက်ကို အဆက်မပြတ် ဝှေ့ယမ်းကာ သူမနှင့် အကွာအဝေးတစ်ခု ရရှိရန်သာ ကြိုးစားနေရတော့သည်။
သူ၏ ရှေ့မှောက်တွင်ရှိသော သွယ်လျသည့် ရဲမေကို ကြည့်ရင်း လုချွမ်း၏ မျက်ဝန်းများတွင် လေးနက်မှုများ အပြည့်ဖုံးလွှမ်းသွားသည်။
တစ်ရက်မပြည့်သော အချိန်အတောအတွင်း သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ အရှိန်၊ ခွန်အား၊ လျင်မြန်မှုနှင့် တုံ့ပြန်နိုင်စွမ်းတို့မှာ ဘက်ပေါင်းစုံမှ သိသိသာသာ မြင့်မားလာခဲ့ခြင်း ဖြစ်သည်။ မနေ့ကအထိ သူမအား အချိန်မရွေး အနိုင်ယူနိုင်ခဲ့သော်လည်း ယခုအခါ ဤအမျိုးသမီး၏ စွမ်းအားမှာ တာဖန်းကိုပင် ကျော်လွန်သွားပြီဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် ရူးသွပ်စရာ ကောင်းလှပေသည်။
လုချွမ်းသည် ဤအမျိုးသမီး၏ ဖြစ်နိုင်ခြေမရှိသော စွမ်းအားများကြောင့် အံ့အားသင့်နေမိသည်။ အသတ်ခံရသော်လည်း မသေဆုံးနိုင်ခြင်းမှာ တစ်ကြောင်း သေဆုံးပြီးနောက်တွင်လည်း ခွန်အားများ သိသိသာသာ တိုးလာခြင်းမှာ တစ်ကြောင်းဖြစ်ရာ ဤကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် သူ ဘယ်လိုမျိုး ဆက်ပြီး ရင်ဆိုင်ရမလဲ။
သူသည် ကမ္ဘာပျက်ကပ်အတွင်းသို့ ကူးပြောင်းရောက်ရှိလာပြီး ဇွန်ဘီတစ်ကောင် ဖြစ်နေသည့်တိုင် လူသားအသိစိတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမှာ အလွန်ထူးခြားသည်ဟု လုချွမ်း အမြဲတွေးခဲ့ဖူးသည်။ အတိတ်ဘဝက သူဖတ်ခဲ့ဖူးသော ဝတ္ထုများထဲမှ ဇာတ်လိုက်
တစ်ဦးများ ဖြစ်နေမလားဟုလည်း ညပေါင်းများစွာ သူကိုယ်သူမေးခွန်းထုတ်ခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခွင့်အလမ်းမျိုးမှာ အလွန်တရာ ရှားပါးလှသောကြောင့် ဖြစ်သည်။
သို့သော် ယခု ဤရဲမေကို မြင်တွေ့လိုက်ရချိန်တွင် လုချွမ်း၏ အတွေးများမှာ ဝေဝါးသွားခဲ့ရသည်။ ဤရဲမေသာလျှင် ကံကြမ္မာ၏ တကယ့်မျက်နှာသာပေးမှုကို ခံရသည့်သူဖြစ်ပြီး သူမနှင့် နှိုင်းယှဉ်ပါက သူမှာ သာမန်ဇာတ်ပို့တစ်ဦးကဲ့သို့သာ ဖြစ်နေသည်ကို သူ သဘောပေါက်သွားတော့သည်။
“ကောင်းပြီလေ... မင်းက စွမ်းရည်တွေနဲ့ လိမ်ကစားနေမှတော့ ငါကလည်း နည်းလမ်းမကျတဲ့ နည်းလမ်းတွေ သုံးရတော့မှာပေါ့”
လုချွမ်းသည် တိုက်ပွဲကို အထောက်အကူပြုရန်အတွက် ကျန်ရှိနေသော သူ၏ ဇွန်ဘီရုပ်သေးများကို စုစည်းလိုက်သည်။ တာဖန်းတစ်ဦးတည်းဖြင့် ကိုင်တွယ်ရန် မလွယ်ကူတော့သည့်အတွက် အုပ်စုလိုက် တိုက်ခိုက်မည့် ဗျူဟာကို အသုံးပြုရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“မင်းရဲ့ ပါရမီက သေပြီးရင် ပိုသန်မာလာတာ ဖြစ်နိုင်ပေမဲ့ ငါ့ရဲ့ ပါရမီကတော့ ဇွန်ဘီတွေကို ထိန်းချုပ်တာပဲ။ အခု ငါ့ရဲ့ အစွမ်းကုန် ခွန်အားကို မင်းကို ပြရသေးတာပေါ့”
ရုတ်တရက်ဆိုသလိုပင် လျှပ်စီး ၁ နှင့် လျှပ်စီး၂ တို့နှင့်အတူ အခြားသော သာမန်ဇွန်ဘီရုပ်သေးတပ်ဖွဲ့များသည် ရပ်ကွက်၏ အရပ်မျက်နှာအသီးသီးမှ ပြေးထွက်လာကြသည်။
ဤအမျိုးသမီး၏ ခွန်အားမှာ များစွာဆင့်ကဲပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း သူ၏ ဆင့်ကဲဗားရှင်း ဇွန်ဘီရုပ်သေး သုံးကောင်နှင့် သာမန်ဇွန်ဘီရုပ်သေး အမြောက်အမြား ပေါင်းစပ်တိုက်ခိုက်မှုကို မတွန်းလှန်နိုင်စရာ အကြောင်းမရှိဟု လုချွမ်း အခိုင်အမာ ယုံကြည်ထားသည်။ လုချွမ်းကိုယ်တိုင်လည်း သတ္တမထပ်မှနေ၍ အောက်ထပ်သို့ အမြန်ဆင်းလာခဲ့သည်။
အဓိကအချက်မှာ လုချွမ်းသည် ဇွန်ဘီများကို ထိန်းချုပ်ရန် သူ၏ စိတ်စွမ်းအင်ကို အသုံးပြုရခြင်းဖြစ်ပြီး ၎င်းမှာ အတိတ်ဘဝက ဝိုင်ဖိုင်သို့မဟုတ် ဘလူးတုသ်စနစ်များနှင့် ဆင်တူသည်။
သူ၏ ဦးနှောက်မှာ အချက်ပြထုတ်လွှတ်ရာ နေရာဖြစ်ပြီး ထိန်းချုပ်ထားသော ဇွန်ဘီရုပ်သေးများမှာ အချက်ပြလက်ခံသည့် စက်ပစ္စည်းများဖြစ်ကြသည်။ အကွာအဝေး ဝေးကွာလေလေ အချက်ပြစနစ် အားနည်းလေလေဖြစ်ပြီး လတ်တလောတွင် လုချွမ်း၏ အမြင့်ဆုံး ထိန်းချုပ်နိုင်စွမ်းမှာ မီတာ ၈,၀၀၀ အထိပင်။ သို့သော် ဤအကွာအဝေးမှာ ထိန်းချုပ်ထားသော ဇွန်ဘီအရေအတွက်နှင့် တိုက်ပွဲ၏ ရှုပ်ထွေးမှုအပေါ် မူတည်၍ ပြောင်းလဲနိုင်ပေသည်။
ယခုအခါ လုချွမ်းသည် ဇွန်ဘီအားလုံးကို တစ်ပြိုင်နက် ထိန်းချုပ်နေရခြင်းဖြစ်ရာ ဇွန်ဘီတစ်ကောင်ချင်းစီကို သူ၏ အလိုရှိတိုင်း တိုက်ခိုက်နိုင်စေရန်အတွက် စိတ်စွမ်းအင် အမြောက်အမြား အသုံးပြုနေရသည်။ စိတ်စွမ်းအင်များ မကုန်ခမ်းစေရန်နှင့် ထိန်းချုပ်မှု ပိုမိုအားကောင်းစေရန်အတွက် သူသည် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ပိုမိုနီးကပ်စွာ ရှိနေရန် လိုအပ်သည်။
ကျောက်လင်းသည်လည်း ရပ်ကွက်အတွင်းမှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရပြီး မော့ကြည့်လိုက်သောအခါ သူမထံသို့ ဦးတည်ပြေးဝင်လာနေသော ဇွန်ဘီအုပ်ကြီးကို မြင်လိုက်ရသဖြင့် ကြက်သီးမွေးညင်းများပင် ထသွားရတော့သည်။ ဤရပ်ကွက်အတွင်း၌ ဇွန်ဘီများ ဤမျှအထိ များပြားနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့သလို ၎င်းတို့ထဲတွင် ဆင့်ကဲဇွန်ဘီများပါ ပါဝင်နေသည်ကိုလည်း သတိပြုမိလိုက်သည်။ ဤမျှများပြားသော အရေအတွက်ကို ရင်ဆိုင်ရန်မှာ သူမ၏ တိုးတက်လာသော ခွန်အားဖြင့်ပင် မလွယ်ကူလှပေ။
“ဒုက္ခပဲ။ ရပ်ကွက်ထဲမှာ ဇွန်ဘီတွေ ဒီလောက်တောင် များနေတာဆိုရင် ကျန်တဲ့သူတွေကရော...”
နေ့လယ်ပိုင်းက သော့ရှာရန် ရပ်ကွက်ထဲဝင်သွားသည့် သူမ၏ အဖွဲ့ဝင်များကို တွေးမိရင်း ကျောက်လင်း၏ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ဤမျှများပြားသော ဇွန်ဘီများကို ဆင့်ကဲပြောင်းလဲသူဖြစ်သည့် သူမပင် ခက်ခဲစွာ ရင်ဆိုင်နေရပါက သူမ၏ အဖွဲ့ဝင်များမှာမူ လွတ်မြောက်ရန် လမ်းစရှိတော့မည် မဟုတ်ပေ။ အထူးသဖြင့် ယခုမှာ ညအချိန်ဖြစ်နေပြီဖြစ်ရာ သူတို့အားလုံးမှာ အန္တရာယ်ကြီးစွာ ကျရောက်နေလောက်ပြီ ဖြစ်သည်။
“ဟင် ဖေဖေ အောက်ထပ်ဆင်းသွားတာလား”
အိပ်ခန်းအတွင်း၌ ရှိနေသော ကျိရုရွှယ်သည် လုချွမ်း ထွက်ခွာသွားသည်ကို အာရုံခံမိလိုက်သည်။
“ဇွန်ဘီဘုရင်က ဖေဖေ့ကို နတ်ဆိုးရဲမေနဲ့ တိုက်ခိုက်ဖို့အတွက် ထပ်ပြီး ဆင့်ခေါ်လိုက်တာများလား”
ကျိရုရွှယ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် သူမ၏ဖခင်နောက်သို့ လိုက်၍ အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။