အခန်း (၆၈)
Vol. 7 Ch. 68
ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ နှစ်လကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ဤကမ္ဘာပေါ်တွင် ကျောက်လင်းကဲ့သို့သော လူမျိုးများ ရှိနေသေးလိမ့်မည်ဟု လုချွမ်း မထင်မှတ်ထားခဲ့ပေ။
ကမ္ဘာပျက်ပြီးနောက်ပိုင်းတွင် လူသားဆန်မှုဆိုသည်မှာ လူတိုင်းက စွန့်လွှတ်ခဲ့ကြပြီးသား အရာဖြစ်ပြီး၊ ဤရက်စက်ကြမ်းကြုတ်သော လောကတွင် ရှင်သန်နိုင်ရေးသည်သာ အဓိကဖြစ်လာသည်။ ဇွန်ဘီတစ်ကောင်အနေဖြင့် လုချွမ်းသည် အသက်ရှင်ကျန်ရစ်သူများမှာ အသက်ရှင်နိုင်ရေးအတွက် မည်သည့်အရာကိုမဆို လုပ်ဝံ့ကြသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
သူ့ရှေ့မှ ကျောက်လင်းမှာမူ သူမကိုယ်သူမ အသုံးချခံနေရသည်ကိုပင် သတိမထားမိသော လူအတစ်ယောက်သာ ဖြစ်သည်။ ရဲစခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများသည် ဤရဲအရာရှိများ၏ တန်ဖိုးကို အဆက်မပြတ် စုပ်ယူနေကြသည့် သွေးစုပ်ဖုတ်ကောင်များနှင့် မခြားနားကြောင်း လုချွမ်း မြင်နေရသည်။
ရဲစခန်းအတွင်း၌ အသက်ရှင်ကျန်ရစ်သူ အတော်များများ ရှိနေသည်ကိုလည်း လုချွမ်း သတိပြုမိသည်။ အကယ်၍ မနေ့ကသာ ထိုလူအားလုံး စုပေါင်းတိုက်ခိုက်ခဲ့လျှင် သူ၏ရပ်ကွက်သည် ထိုမျှများပြားသော လူအုပ်ကြီးကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဤယုတ်ညံ့ပြီး လောဘကြီးသော လူသားများသည် ဘာမှမလုပ်ဘဲ အကျိုးအမြတ်ကိုသာ လိုချင်ကြပြီး ယခုအချိန်အထိ ကျောက်လင်း၏ အသက်ကို အနည်းငယ်မျှပင် ဂရုမစိုက်ကြချေ။
ဤကဲ့သို့သော စရိုက်လက္ခဏာမှာ အလွန်စက်ဆုပ်ဖွယ်ကောင်းသော်လည်း ကမ္ဘာပျက်ကပ်အတွင်းတွင်မူ ထိုသို့သော အတ္တကြီးသူများကသာ ပိုမိုအသက်ရှည်နိုင်ကြသည်မှာ အမှန်ပင်။ ကျောက်လင်းကဲ့သို့သော မိန်းမအသည် ယခုကဲ့သို့ ကိုယ်ကျိုးစွန့်လိုစိတ်ကိုသာ ဆက်လက်ဆုပ်ကိုင်ထားပါက ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ယခုအချိန်တွင် ကျောက်လင်းသည် သူမ၏ ယုံကြည်ချက်အတွက် ဒုတိယအဆင့် ဇွန်ဘီကို ဆွဲဆောင်ရန် သူမ၏ အသက်ကိုပင် အသုံးချရန် ဆုံးဖြတ်လိုက်သည်။ လူသားတစ်ဦး ဖြစ်ခဲ့ဖူးသူ လုချွမ်းအနေဖြင့် သူမ၏ ထိုစိတ်ဓာတ်ကို စိတ်ထဲမှ အနည်းငယ် လေးစားမိသည်မှာ အမှန်ပင်။ လုချွမ်းသည် သူ့ကိုယ်သူ ပြန်လည်မေးခွန်းထုတ်ကြည့်သည်။ သူသည် သူစိမ်းများအတွက် သူ၏အသက်ကို ပေးနိုင်လောက်အောင် ကိုယ်ကျိုးစွန့်နိုင်သူ မဟုတ်ပေ။ ထိုသို့သော အပြုအမူမှာ သူ့အတွက်တော့ အလွန်အမင်း မိုက်မဲလွန်းလှသည်။
"တုံးအတဲ့ မိန်းမ... ငါ မင်းကို အရင်က ကယ်ခဲ့ရတာ အလကားမဖြစ်အောင် ဒီဒုတိယအဆင့် ဇွန်ဘီကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ပေးနိုင်ပါစေလို့ပဲ ငါ မျှော်လင့်တယ်..."
ဧရာမဇွန်ဘီကြီးသည် ကျောက်လင်း၏ တိုက်ခိုက်မှုကြောင့် အောင်မြင်စွာ ဆွဲဆောင်ခံလိုက်ရပြီး သူမရှိရာသို့ ပြင်းထန်စွာ ပြေးဝင်လာတော့သည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီး လမ်းမပေါ်တွင် ပြေးလာသည့်အရှိန်ကပင် ကျောက်လင်းအပေါ် ကြီးမားသော ဖိအားများကို ပေးနေပြီ ဖြစ်သည်။ သူမသည် ဒုတိယအဆင့် စွမ်းအားရှင် ဖြစ်နေသော်လည်း ဤဧရာမဇွန်ဘီမှာ သူမထက်ပင် ဖိအားပိုပေးနိုင်သည်ကို ကျောက်လင်း ခံစားနေရသည်။
ဖုန်း…
စတင်ရင်ဆိုင်လိုက်သည်နှင့် ကျောက်လင်းမှာ လွင့်ထွက်သွားရပြီး သူမ၏ လှပသော မျက်ဝန်းအစုံမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
“တောက် ဒီဆင့်ကဲဇွန်ဘီက ဘယ်လိုလုပ် ဒီလောက်ထိ သန်မာနေရတာလဲ”
မနေ့ညက နေရောင်ခြည်ရပ်ကွက်ရှိ ခေါင်းသုံးလုံးဆင့်ကဲဇွန်ဘီကို ရင်ဆိုင်စဉ်က သူမ အသာစီးမရခဲ့သော်လည်း ယခုကဲ့သို့ အားနည်းမသွားခဲ့ပေ။ ယနေ့တွင်မူ ဤဇွန်ဘီတစ်ကောင်တည်းကိုပင် ရင်ဆိုင်ရန် အလွန်ခက်ခဲနေသည်ကို သူမ သတိထားမိလိုက်သည်။
ဒီကောင်က မူလအခြေခံကနေ နောက်ထပ်တစ်ဆင့် ထပ်ပြီး ဆင့်ကဲပြောင်းလဲသွားတာလားဧရာမဇွန်ဘီ
၎င်း၏ခွန်အားမှာ သာမန်ဆင့်ကဲဇွန်ဘီများ လုံးဝနှိုင်းယှဉ်၍မရနိုင်သော အဆင့်တွင် ရှိနေသည်။ ကျောက်လင်းမှာ အကြီးအကျယ် တုန်လှုပ်သွားရပြီးနောက် တိုက်ခိုက်မှုကို ရှောင်လွှဲရန် သူမ၏ လျင်မြန်သော ကိုယ်ကာယနှင့် ကြွယ်ဝသော တိုက်ခိုက်ရေး နည်းစနစ်များကိုသာ အားကိုးနေရတော့သည်။
ဗုန်း... ဗုန်း... ဗုန်း..
ဧရာမဇွန်ဘီ၏ ကြောက်မက်ဖွယ် လက်သည်းကြီးများမှာ လှံတစ်စင်းကို ထိုးသွင်းလိုက်သကဲ့သို့ လေထုကို ခွဲထုတ်ကာ ဝှေ့ယမ်းလာသည်။ ကျောက်လင်း၏ မျက်ခုံးများမှာ လှုပ်ခတ်သွားသည်။ ထိုလက်သည်းကြီးများမှာ သူမ၏ ခန္ဓာကိုယ်ကို သီသီလေးလွဲသွားသော်လည်း သူမနောက်ကွယ်ရှိ ကားမှာမူ တို့ဖူးကို လှီးလိုက်သကဲ့သို့ အလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်။
ကျောက်လင်း ရင်ထိတ်သွားရသည်။ အကယ်၍ ထိုလက်သည်းများသာ သူမကို ထိမှန်သွားပါက ခဏချင်းအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ အပေါက်ကြီးဖြစ်သွားမည်မှာ အသေအချာပင်။ သူမသည် အခွင့်အရေးကို အမိအရဖမ်းကာ ဇွန်ဘီ၏ ခန္ဓာကိုယ်ကို ပြင်းထန်သော လက်သီးချက်တစ်ချက်ဖြင့် ထိုးနှက်လိုက်သော်လည်း မမျှော်လင့်ဘဲ ထိုဆင့်ကဲဇွန်ဘီ၏ ကြွက်သားများမှာ အလွန်တရာ ကျစ်လျစ်ခိုင်မာနေသဖြင့် သူမ၏ တိုက်ခိုက်မှုက ထိရောက်သော ထိခိုက်ဒဏ်ရာကို မပေးနိုင်ခဲ့ပေ။
အားကိုးရာမဲ့စွာဖြင့် ကျောက်လင်းသည် နောက်ပြန်ဂျွမ်းပစ်ကာ လက်သည်းများကြားမှ ရှောင်ထွက်လိုက်ပြီး ကားခေါင်မိုးကို အရှိန်ယူ၍ မီတာအတော်ကြာအောင် ခုန်ထွက်လိုက်သည်။ ထို့နောက် ချက်ချင်းပင် လှည့်ကာ ဧရာမဇွန်ဘီကို သေနတ်ဖြင့် တရစပ် ပစ်ခတ်တော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း..
ဤဇွန်ဘီမှာ အလွန်လျင်မြန်သဖြင့် ကျောက်လင်းသည် တွန့်ဆုတ်မနေဘဲ ကျည်ကတ်တစ်ခုလုံး ကုန်အောင် ပစ်ချလိုက်သည်။ ကံကောင်းသည်မှာ သူမသည် ဒုတိယအဆင့် စွမ်းအားရှင် ဖြစ်နေပြီဖြစ်ရာ သူမ၏ သေနတ်ပစ်စွမ်းရည်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ဇွန်ဘီသည် ကျည်ဆန်အတော်များများကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း အချို့မှာမူ ၎င်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျောက်လင်း မှင်တက်သွားရသည်။ သူမ ပစ်လိုက်သော ကျည်ဆန်များသည် ထိုဇွန်ဘီ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။ မကြာမီမှာပင် ဧရာမဇွန်ဘီ၏ ကိုယ်ပေါ်ရှိ ကြွက်သားများမှာ စတင် လှုပ်ရှားလာသည်ကို သူမ သတိထားမိလိုက်သည်။
သူမ ပစ်သွင်းလိုက်သော 9mm ကျည်ဆန်များသည် ၎င်း၏ ကြွက်သားများ၏ တွန်းထုတ်မှုကြောင့် အပြင်သို့ ပြန်လည် ထွက်ကျလာခြင်း ဖြစ်သည်။ သွေးထွက်နေသော ဒဏ်ရာများသည်လည်း မျက်မြင်ကိုယ်တွေ့ပင် ပြန်လည် ကျန်းမာလာပြီး မကြာမီမှာပင် လုံးဝ ပိတ်သွားတော့သည်။
"တောက် ဒါ ဘယ်လို မိစ္ဆာမျိုးလဲ"
နှစ်ကောင်စလုံးက ဇွန်ဘီတွေပဲကို ဘာလို့ ဒီဆင့်ကဲဇွန်ဘီကမှ ဒီလောက်အထိ အစွမ်းထက်နေရတာလဲ။ ပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိရုံတင်မကဘဲ အံ့မခန်း ကိုယ်တိုင်ကုသနိုင်စွမ်းပါ ရှိနေတာလား။
ကျောက်လင်း၏ လှပသော မျက်ဝန်းအစုံမှာ အံ့ဩထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတော့သည်။
"တောက် ဒီကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်တော့ဘူး"
သူတို့နှစ်ဦးကြားရှိ အင်အားကွာခြားချက်ကို သဘောပေါက်သွားပြီးနောက် ကျောက်လင်းသည် ပြန်လည်မတိုက်ခိုက်တော့ဘဲ လှည့်၍ ထွက်ပြေးတော့သည်။ ယခု သူမလုပ်နိုင်သည်မှာ ဝေးနိုင်သမျှဝေးအောင် ပြေးရင်း ဤဇွန်ဘီကြီးကို လူနေထူထပ်ရာနှင့် ဝေးရာသို့ ဆွဲထုတ်သွားရန်သာ ဖြစ်သည်။ ဤမျှကြီးမားသော ခွန်အားရှေ့တွင် သူမအနေဖြင့် ဆက်လက်ရင်ဆိုင်ရန် ယုံကြည်မှု မရှိတော့ပေ။
ဧရာမဇွန်ဘီကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ လမ်းဘေးတွင် လျှောက်သွားနေသော သာမန်ဇွန်ဘီများပင် တုန်ရင်သွားကြသည်။ ဧရာမဇွန်ဘီသည် ကျောက်လင်းနောက်သို့ တဟုန်ထိုး လိုက်တော့သည်။ ထိုဒုတိယအဆင့် စွမ်းအားရှင် နှစ်ဦး၏ နောက်ကွယ်တွင်မူ လျင်မြန်ဖြတ်လတ်သော ပထမအဆင့် ဆင့်ကဲဇွန်ဘီတစ်ကောင် ကပ်ပါလာသည်။ ၎င်းမှာ လုချွမ်း ထိန်းချုပ်ထားသော လျှပ်စီး ၁ ပင်.
ကျောက်လင်းမှာ ဇွန်ဘီ၏ လိုက်လံမှုကို အသည်းအသန် ရှောင်တိမ်းနေရစဉ် မလှမ်းမကမ်းရှိ ဓာတ်ဆီဆိုင်တစ်ခုကို လှမ်းမြင်လိုက်ရရာ သူမ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
“ဒီမိစ္ဆာကောင်... ဒီနေ့တော့ နင့်ကို ငါ အရှင်လတ်လတ် မီးရှို့သတ်ပြမယ်”
လျှပ်စီး၁ ကို ထိန်းချုပ်ထားသော လုချွမ်းသည် အကွာအဝေးတစ်ခုမှ အကဲခတ်နေသည်။ ကျောက်လင်းတစ်ယောက် ဓာတ်ဆီဆိုင်ရှိရာသို့ တန်းတန်းမတ်မတ် ပြေးသွားသည်ကို မြင်လိုက်ရချိန်တွင် လုချွမ်း၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားတော့သည်။
"ဟေ့လူ... ဒီရူးနေတဲ့ မိန်းမကတော့... ဒါကို ကြံစည်နေတာလား..."
မကြာမီမှာပင် သေနတ်သံတစ်ချက်က လုချွမ်း၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။
ဒိုင်း…
သေနတ်သံနှင့်အတူ မလှမ်းမကမ်းရှိ ဓာတ်ဆီဆိုင်သည် ချက်ချင်းပင် ဟုန်းဟုန်းတောက်သော မီးလျှံများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။ ပြင်းထန်လှသော ပေါက်ကွဲမှုအရှိန်ကြောင့် အဝေးမှ ကြည့်နေသော လုချွမ်းပင် လန့်သွားရပြီး မိုင်အတော်များများအတွင်းရှိ မှန်များအားလုံး ကွဲကြေကုန်သည်။ ကံကောင်းသည်မှာ ဤဓာတ်ဆီဆိုင်မှာ သေးငယ်ပြီး ကမ္ဘာပျက်ပြီးနောက်တွင် ဆီများလည်း ကုန်လုနီးပါး ဖြစ်နေသဖြင့် ပေါက်ကွဲမှုမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပြာကျစေသည်အထိတော့ မပြင်းထန်ခဲ့ပေ။
ကျောက်လင်းသည်လည်း မီးလျှံများအတွင်းမှ လွတ်မြောက်လာခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ မီးခိုးများ ထွက်နေပြီး အဝတ်အစားများမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။ ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး မီးပုံအတွင်းမှ အပြင်သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် မြေပြင်ပေါ်သို့ လဲကျကာ အသက်ကို ပြင်းပြင်းထန်ထန် ရှူနေရတော့သည်။
ဂါးး..ဂါး…ဂါးးးးး
မီးလျှံများအတွင်းမှ ဧရာမဇွန်ဘီ၏ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ဧရာမ ပုံရိပ်ကြီးတစ်ခု မီးထဲတွင် ရုန်းကန်လှုပ်ရှားနေသည်ကို လုချွမ်းနှင့် ကျောက်လင်းတို့ မြင်နေရသည်။ ကျောက်လင်းသည် တောက်လောင်နေသော မီးကိုကြည့်ရင်း အေးစက်သော အပြုံးဖြင့် ရေရွတ်လိုက်သည်။
"နင်က ကိုယ်တိုင်ကုသနိုင်တယ် ဟုတ်လား။ အခုလို မီးလောင်နေတာကိုတောင် မသေဘဲ နေနိုင်မလား ကြည့်ကြသေးတာပေါ့"
ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်မှ ဇွန်ဘီအုပ်ကြီးမှာ စုရုံးလာကြသည်။ ၎င်းတို့ကို မြင်သောအခါ ကျောက်လင်းသည် ဒဏ်ရာရထားသော ခြေထောက်ဖြင့် မနည်းထော့နဲ့ထော့နဲ့နှင့် ထိုနေရာမှ ထွက်ခွာသွားတော့သည်။
ခဏအကြာတွင် ဧရာမ ပုံရိပ်ကြီးတစ်ခု မီးလျှံထဲမှ ဝုန်းကနဲ ထွက်ပေါ်လာသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ မီးကျွမ်းနေပြီး နာကျင်လှသော အော်ဟစ်သံများကို တရစပ် ထုတ်လွှတ်နေတော့သည်။