အခန်း (၇၀)
Vol. 7 Ch. 70
နေရောင်ခြည်ရပ်ကွက်ရှိ ခုနစ်လွှာ အိပ်ခန်းအတွင်း၌...
“ဖေဖေ ထွက်သွားတာ ကြာလှပြီ။ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”
“တစ်ခုခုများ ဖြစ်နေလို့လား”
ကျိရုရွှယ်သည် လသာဆောင်တွင် မှန်ပြောင်းတစ်လက်ကို ကိုင်ကာ အဝေးသို့ လှမ်းကြည့်နေရင်း စိုးရိမ်တကြီး မျက်မှောင်ကြုတ်နေမိသည်။ မလှမ်းမကမ်းရှိ ဓာတ်ဆီဆိုင်မှာ မီးလောင်နေခဲ့ရာ နေရောင်ခြည်အိမ်ရာနှင့် အတော်လေး ဝေးသော်လည်း ထွက်ပေါ်လာသော မီးတောက်များနှင့် မည်းနက်နေသော မီးခိုးလုံးကြီးများကို အတိုင်းသား မြင်တွေ့နေရသည်။
ထိုမီးလျှံများကို ကြည့်ရင်း ကျိရုရွှယ်သည် သူမ၏ ဇွန်ဘီဖေဖေကို အလိုအလျောက် သတိရသွားမိသည်။
ဓာတ်ဆီဆိုင်က ရုတ်တရက် မီးလောင်တာ ဖေဖေနဲ့များ ပတ်သက်နေမလား။
ထိုအတွေး ဝင်လာသည်နှင့် ကျိရုရွှယ်က ခေါင်းကို အမြန်ခါယမ်းလိုက်သည်။ သူမ၏ ဇွန်ဘီဖေဖေသည် အရာရာကို အမြဲတမ်း တည်တည်ငြိမ်ငြိမ် ကိုင်တွယ်တတ်သူ ဖြစ်သည်။
ဇွန်ဘီဘုရင်ရဲ့ အမိန့်ကို နာခံရရင်တောင်မှ ဖေဖေက အနောက်မှာပဲ ပုန်းနေတတ်ပြီး ရှေ့တန်းက အမြောက်စာအဖြစ် ဘယ်တော့မှ အသေခံမယ့်သူ မဟုတ်တာကြောင့် ဘာမှဖြစ်မှာ မဟုတ်ဘူးဟု သူမ တွေးလိုက်မိသည်။
ဂွီ..ဂွီ…
လုချွမ်း ပြန်မလာသည်မှာ ကြာနေပြီဖြစ်ရာ ကျိရုရွှယ်၏ ဗိုက်မှာ ဆာလောင်မှုကြောင့် မြည်ဟီးလာတော့သည်။ သူမသည် ဆင့်ကဲပြောင်းလဲမှုကြောင့် ပိုမိုသန်မာလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်အတွက် လိုအပ်သော အင်အားမှာလည်း ပိုမိုတိုးပွားလာခဲ့သည်။ သူမ၏ ဇွန်ဘီဖေဖေ ပြန်မလာသေးသည်ကို မြင်သောအခါ ကျိရုရွှယ်သည် အောက်ထပ်သို့ဆင်းကာ စားစရာရိက္ခာများကို ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။
ကံကောင်းထောက်မစွာပင် သူမ၏ ဇွန်ဘီဖေဖေက ရိက္ခာအတော်များများ စုဆောင်းထားခဲ့သဖြင့် ကျိရုရွှယ်သည် ဘီစကစ်အချို့ကို ထုတ်ယူကာ စားသောက်လိုက်သည်။
စားသောက်နေရင်းဖြင့် ကျိရုရွှယ်သည် မနေ့ညက သေခြင်းကိုးခါကြုံ နတ်ဆိုးရဲမေနှင့် ချိန်းဆိုထားသည်ကို ပြန်လည်တွေးတောမိသည်။
“အဲဒီတုံးအတဲ့ မိန်းမက သိပ်ပြီးတော့ ဉာဏ်ကောင်းတာ မဟုတ်ဘူး။ ဒီတစ်ခါတော့ သူမ ငါ့ကို ချိန်းချက်ပျက်ကွက်တာမျိုး မလုပ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ...”
“ဟင် ပြန်ရောက်လာပြီလား”
ထိုအချိန်တွင် သူမ၏ ဇွန်ဘီဖေဖေနှင့် ဇွန်ဘီရုပ်သေးအချို့ ရပ်ကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည်ကို ကျိရုရွှယ် သတိပြုမိလိုက်သည်။ ဖခင်ဖြစ်သူ ဘေးကင်းကင်းနှင့် ပြန်ရောက်လာသည်ကို မြင်ရမှသာ သူမ စိတ်အေးသွားတော့သည်။
လုချွမ်းမှာမူ ဒုတိယအဆင့် အမြုတေကို အောင်မြင်စွာ ရရှိလာခဲ့သဖြင့် အလွန်ဝမ်းသာနေသည်။ သူသည် ချီချီလေးအတွက် ထမင်းဟင်းချက်ပေးရင်း ကြက်ဥကြော်တစ်လုံးပင် ပိုထည့်ပေးလိုက်သေးသည်။ ဇွန်ဘီတစ်ကောင်အနေဖြင့် သူ ဆင့်ကဲပြောင်းလဲရန် အမြုတေများကို ဝါးမြိုရသကဲ့သို့ ကလေးငယ်လေး ကြီးထွားရန်အတွက်လည်း အင်အားပြည့်ဝသော အစားအစာများ လိုအပ်သည် မဟုတ်ပါလား။
ကလေးငယ်လေး အားပါးတရ စားသောက်နေသည်ကို ကြည့်ပြီးနောက် လုချွမ်းသည် ကျိရုရွှယ် စာရေးလေ့ကျင့်သည့် စက္ကူနှင့် ခဲတံကို ယူလိုက်သည်။
“အဖေ ဒီနေ့နေ့လယ်မှာ လုပ်စရာကိစ္စလေး ရှိတယ်။ သမီး အိမ်မှာပဲနေပြီး အိမ်စာတွေ လုပ်ထားနော်”
သူမ၏ ဇွန်ဘီဖေဖေ ရေးလိုက်သော စကားလုံးများကို မြင်သောအခါ ကျိရုရွှယ်မှာ အံ့ဩခြင်း မရှိတော့ပေ။ သူမ၏ဖခင်မှာ ဇွန်ဘီအဖြစ် ပြောင်းလဲသွားသော်လည်း လူသားတစ်ယောက်ကဲ့သို့ အသိဉာဏ်ရှိနေဆဲဖြစ်သည်ကို သူမ လက်ခံထားပြီးသားဖြစ်သည်။
“ဟုတ်ကဲ့ပါ ဖေဖေ။ ဖေဖေ့အလုပ်ကို သွားလုပ်ပါ။ သမီးသိပါပြီ”
ကျိရုရွှယ်သည် ထမင်းကို ဝါးမြိုလိုက်ရင်း မော့ကြည့်ကာ လုချွမ်းကို ချစ်စရာကောင်းသော အပြုံးလေးဖြင့် ပြုံးပြလိုက်သည်။ သူမသည် စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယနေ့ညတွင် ကျောက်လင်းနှင့် တွေ့ဆုံရန် ပြင်ဆင်ရဦးမည်ဖြစ်ရာ သူမ၏ ဇွန်ဘီဖေဖေက ယခုကဲ့သို့ အလုပ်ကိစ္စရှိသည်ဟု ဆိုကာ ထွက်သွားခြင်းက သူမ၏ အစီအစဉ်အတွက် အဆင်ပြေစေသောကြောင့် ဖြစ်သည်။
ချီချီလေး အစားအသောက်စားပြီးသွားသောအခါ လုချွမ်းသည် လှည့်ထွက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် ဒုတိယအဆင့် ဧရာမဇွန်ဘီထံမှရရှိသော ပုံဆောင်ခဲအမြုတေကို ဝါးမြိုရန် ရည်ရွယ်ထားသည်။ ဤကဲ့သို့ အဆင့်မြင့်အမြုတေမျိုးကို သူတစ်ခါမျှ မစမ်းသပ်ဖူးသေးသဖြင့် မည်သို့သော ထူးခြားပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို သူကိုယ်တိုင်လည်း မသေချာပေ။
သူ့ထံမှ ထွက်ပေါ်လာမည့် လှုပ်ရှားမှုများက ချီချီလေး၏ စာလေ့လာမှုကို မနှောင့်ယှက်စေရန်အတွက် လုချွမ်းသည် ဘေးကပ်လျက်ရှိ အဆောက်အအုံ ၄ သို့ ပြောင်းရွှေ့ခဲ့သည်။
ချီချီလေးကို ကာကွယ်ရန်အတွက် လျှပ်စီး၂ ကို အဆောက်အအုံ ၅ အောက်တွင် ကင်းစောင့်
ခိုင်းထားပြီး တာဖန်းကိုမူ ၎င်း၏ ဧရာမတူကြီးနှစ်လုံးနှင့်အတူ နေရောင်ခြည်ရပ်ကွက်၏ အဝင်ဝတွင် တံခါးစောင့်နတ်မင်းအလား အားကိုးထိုက်စွာဖြင့် အစောင့်ချထားခဲ့သည်။ လျှပ်စီး ၁ ကမူ လုချွမ်းနှင့်အတူ အဆောက်အအုံ ၄ သို့ လိုက်ပါလာခဲ့သည်။
အမြုတေကို ဝါးမြိုပြီးနောက် သူသည် သတိမေ့မြောသွားနိုင်သည်ဟု ကြိုတင်တွက်ဆထားသဖြင့် သူ့ကိုကာကွယ်ရန် လျှပ်စီး ၁ ကို အနားတွင် ထားရှိခြင်း ဖြစ်သည်။ စောစောက ထွက်ပြေးသွားသော ထူးဆန်းသည့် ရဲမေ၏ သတိပေးစကားကြောင့် သူ၏ရပ်ကွက်အနီးအနားတွင် အစွမ်းထက်သော စွမ်းအားရှင်များချောင်းမြောင်းနေနိုင်ကြောင်း လုချွမ်း သိရှိထားသည်။
လုချွမ်းသည် လသာဆောင်တွင် ရပ်ကာ အပြင်ဘက်သို့ အကြိမ်အနည်းငယ် ကြည့်ရှုစစ်ဆေးပြီးနောက် စွမ်းအားရှင်များ၏ အာရုံခံမှုကို ရှောင်ရှားနိုင်ရန် တံခါးများနှင့် ပြတင်းပေါက်အားလုံးကို တင်းကျပ်စွာ ပိတ်ဆို့လိုက်သည်။
လျှပ်စီး ၁ ထံမှ လိမ္မော်ရောင်သန်းနေသော အနီရောင်အမြုတေကို လက်ခံယူလိုက်ချိန်တွင် လုချွမ်း၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ အမြုတေကို နောက်ဆုံးဝါးမြိုခဲ့သည်မှာ အတော်ကြာပြီဖြစ်ရာ သူသည် ပိုမိုသန်မာလာရန် အလွန်ဆန္ဒပြင်းပြနေသည်။
ထိုအမြုတေမှာ တစ်ခုလုံး သွေးကဲ့သို့ ရဲရဲနီနေပြီး ဘေးပတ်ပတ်လည်တွင် လိမ္မော်ရောင် အလင်းတန်းများ ဝန်းရံနေသည်။ သူသာ တတိယအဆင့်သို့ ရောက်ရှိသွားပါက အမြုတေမှာ လိမ္မော်ရောင်သို့ လုံးဝပြောင်းလဲသွားနိုင်သည်ဟု လုချွမ်း ခန့်မှန်းမိသည်။ အမြုတေမှာ စစ်မှန်သော ကျောက်မျက်တစ်ခုအလား အလွန်လှပလွန်းလှသည်။
၎င်းကို လက်ထဲတွင် ဆုပ်ကိုင်ထားစဉ် လုချွမ်း၏ သွေးရောင်လွှမ်းနေသော မျက်ဝန်းအစုံမှာ ပိုမိုနီရဲလာပြီး အမြုတေကို ဝါးမြိုလိုသည့် ပြင်းထန်သော တောင့်တမှုများဖြင့် ပြည့်နှက်နေတော့သည်။
ဒုတိယအကြိမ် စဉ်းစားမနေတော့ဘဲ လုချွမ်းသည် ထိုလိမ္မော်ရောင်သန်းနေသော အနီရောင်အမြုတေကို မျိုချလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အတွင်း၌ အတိုင်းအဆမရှိသော စွမ်းအားကြီးတစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ ယခင်က သူဝါးမြိုခဲ့ဖူးသမျှ အမြုတေများအားလုံးထက် သာလွန်နေပြီး ပြင်းထန်လွန်းလှသဖြင့် သူ၏ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်လာသည်။
တစ်ချိန်တည်းမှာပင် လုချွမ်းထံမှ မမြင်ရသော ဖိအားတစ်ခု ထွက်ပေါ်လာရာ ဘေးကင်းရေးအတွက် အနားတွင် စောင့်ကြပ်နေသည့် လျှပ်စီး ၁ ပင်လျှင် ထိုစွမ်းအားအောက်၌ တုန်လှုပ်သွားရသည်။ ဒုတိယအဆင့် ဧရာမဇွန်ဘီ၏ အမြုတေတွင် ကြီးမားသော စွမ်းအင်များ ပါရှိမည်ကို သူသိသော်လည်း ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ အထင်သေးမိခဲ့သည်။
လျှံပယ်နေသော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသို့ စီးဝင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများဖြင့် ပြည့်နှက်သွားစေသည်။ လုချွမ်းသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီတစ်ကောင် မဟုတ်သဖြင့် ယခင်က အမြုတေများစွာကို စားသုံးခဲ့သော်လည်း ခန္ဓာကိုယ်တွင် သိသာသော ပြောင်းလဲမှု မရှိခဲ့ပေ။
သို့သော် ယခု ဒုတိယအဆင့် အမြုတေကို စားသုံးလိုက်ချိန်တွင်မူ ထိုကြီးမားလှသော စွမ်းအားကြောင့် သူ၏ သွေးကြောများ ဖောင်းကြွလာပြီး အရိုးများမှာ သံမဏိတုံးများအလား ပြန်လည်သွန်းလောင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ သေဆုံးပြီးသား ဇွန်ဘီတစ်ကောင်
အနေဖြင့် သူလွမ်းဆွတ်နေခဲ့သော အပူဓာတ်ကို ယခုအခါ ပြင်းထန်စွာ ခံစားနေရပြီ ဖြစ်သည်။
ထိုအပူရှိန်အောက်တွင် သူ၏အသားမျှင်များမှာ ပြန်လည်ဖွဲ့စည်းသွားပုံရပြီး ကြွက်သားများမှာ ပိုမိုကျစ်လျစ်ခိုင်မာလာသည်။ အကယ်၍ လုချွမ်းသည် ယခုအချိန်တွင် သူ၏အဝတ်အစားများကို ချွတ်ကြည့်မည်ဆိုပါက သူ၏ကြွက်သားများမှာ သိသိသာသာ ကြီးထွားဖောင်းကြွလာသည်ကို တွေ့ရမည်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပိုမိုသန်စွမ်းလာပြီး ကြွက်သားအမြောင်းမြောင်းမှာ လက်ရာမြောက်သော အနုပညာပစ္စည်းတစ်ခုအလား ပေါ်လွင်နေကာ ပြင်းထန်သော ပေါက်ကွဲအားကို ထုတ်လွှတ်နေတော့သည်။
သို့သော် အကြီးမားဆုံးသော ပြောင်းလဲမှုမှာ ခန္ဓာကိုယ်ပိုင်းမဟုတ်ဘဲ ရုတ်တရက် မြင့်တက်လာသော ကြောက်မက်ဖွယ် စိတ်စွမ်းအားပင်။ ထိုအမြုတေမှ ရရှိသော အစွမ်းသတ္တိများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် လုချွမ်း၏ စိတ်အာရုံအတွင်းသို့ စီးဝင်သွားသည်။ ရုတ်တရက် တိုးပွားလာသော စိတ်ဖြင့် စေခိုင်းနိုင်စွမ်းမှာ ထိန်းချုပ်ရခက်ခဲလွန်းလှသဖြင့် သူ၏ဦးနှောက်မှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ ထိုပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုအောက်တွင် လုချွမ်းသည် သတိကို အစွမ်းကုန် ထိန်းထားသော်လည်း မကြာမီမှာပင် ဝေဝေဝါးဝါးဖြစ်ကာ မေ့မြောသွားတော့သည်။
စိတ်အာရုံစွမ်းအား တိုးတက်လာမှုမှာ အံ့မခန်းပင်ဖြစ်ပြီး ယခင်က သူကြုံတွေ့ခဲ့ဖူးသော ဆင့်ကဲပြောင်းလဲမှုများထက် များစွာ သာလွန်နေသည်။
တစ်ချိန်တည်းမှာပင် အဆောက်အအုံ ၅ ရှိ အိပ်ခန်းအတွင်း၌ စာရေးနေသော ကျိရုရွှယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး ပြတင်းပေါက်ရှိရာသို့ အပြေးအလွှား သွားကြည့်လိုက်သည်။ သူမသည် အံ့ဩတုန်လှုပ်စွာဖြင့် အပြင်သို့ လှမ်းကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ ဇွန်ဘီဖေဖေ အသံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။