← Chapters

အခန်း (၂၂၈)

Vol. 22 Ch. 228

အခန်း (၂၂၈)

Vol. 22 Ch. 228

ဦးလေးနှင့် တူမနှစ်ဦး လမြစ်ကို ဖြတ်ကျော်လာချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ညအမှောင်ထု၏ လွှမ်းမိုးခြင်းကို ခံနေရပြီဖြစ်သည်။ လမြစ်မှ ယွီကျင်မြို့တော်သို့ ရောက်ရှိရန်မှာ အတော်လေး ခရီးကွာဝေးလှပြီး ကြားထဲတွင် လူသူပြတ်လပ်လှသော သုသာန်ဟောင်းတစ်ခုကိုလည်း ဖြတ်သန်းသွားကြရမည် ဖြစ်သည်။

ညမှောင်မှောင်တွင် ထိုသုသာန်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ခြောက်ခြားနေတော့သည်။

ယွင်ရှန်းနှင့် ယန်ချန်းလန်တို့မှာ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် တစ်ပြိုင်နက်တည်းမှာပင် ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ တစ်ဦးမှာ စစ်မြေပြင်တွင် အတွေ့အကြုံများစွာရှိသော စစ်သည်ဟောင်းဖြစ်ပြီး နောက်တစ်ဦးမှာ ရှန်းနုန်၏ မျက်လုံးများကို ပိုင်ဆိုင်ထားသူဖြစ်ရာ နှစ်ဦးလုံး၏ အာရုံခံစားနိုင်စွမ်းမှာ သာမန်လူများထက် များစွာ သာလွန်နေကြခြင်းပင်။

"ဦးလေး... သုသာန်ထဲမှာ တစ်ခုခုရှိနေတယ်"

ယွင်ရှန်းက ပြောလိုက်သည်။ သူမ ဆိုလိုသည်မှာ မြေစာပုံများ သို့မဟုတ် မသန့်ရှင်းသောအရာများကို ပြောခြင်းမဟုတ်ပေ။

ဖိသိပ်ထားသော အသက်ရှူသံ ၅ ခု သို့မဟုတ် ၆ ခုခန့်ကို သူမ ရှင်းလင်းစွာ ကြားနေရသည်။ ဤသုသာန်အတွင်း၌ ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေသူများ ရှိနေခြင်းပင်။

"ဖြတ်သွားဖြတ်လာတွေကို လုယက်ချင်တဲ့ ခိုးသားအသေးအဖွဲတွေ ဖြစ်မှာပါ။ သူတို့ဆီက ထွက်နေတဲ့ လူသတ်ငွေ့က သိပ်မပြင်းထန်လှဘူး။ သူတို့ကို သင်ခန်းစာလေးတစ်ခု ပေးလိုက်တာပေါ့"

ယန်ချန်းလန်က သက်ပြင်းချရင်း ပြောလိုက်သည်။ သူ၏ စူးရှသော မျက်လုံးများက ရှေ့နားရှိ သံသယဖြစ်ဖွယ် အရိပ်အချို့ဆီသို့ စိုက်ကြည့်နေသည်။

ဤနှစ်များအတွင်း မဟာကျိုးနိုင်ငံမှာ အေးချမ်းသာယာနေသော်လည်း သွေးတိမ်သားရဲများနှင့် အမျိုးမျိုးသော မိစ္ဆာသားရဲများ ရံဖန်ရံခါ ပေါ်ထွက်လာလေ့ရှိသဖြင့် အချို့ဒေသများတွင် မတည်ငြိမ်မှုများ ရှိနေဆဲဖြစ်သည်။ အလုပ်အကိုင်မရှိ အခြေမဲ့အနုမဲ့ဖြစ်သွားသော နိုင်ငံသားအချို့မှာ ဝမ်းစာရှာရန်အတွက် လုယက်သူများအဖြစ် ပြောင်းလဲသွားကြခြင်းပင်။

"ကျွန်မကိုပဲ ကြည့်နေလိုက်ပါ"

ယွင်ရှန်းက တည်ငြိမ်စွာ ဆိုလိုက်ပြီး နှုတ်မှ မှော်ဂါထာများကို ခပ်သွက်သွက် ရွတ်ဆိုလိုက်တော့သည်။

ထိုအချိန်တွင် သုသာန်အတွင်း၌ ညဘက် ဖြတ်သန်းလာသူ နှစ်ဦးအား လုယက်ရန် ချောင်းမြောင်းနေသော ခိုးသားအုပ်စုမှာ နောက်ထပ် မည်သို့လုပ်ဆောင်ရမည်ကို တိုင်ပင်နေကြသည်။ ဤအုပ်စုမှာ အသက် ၁၅ နှစ်မှ ၂၀ ကျော်ဝန်းကျင်အရွယ် လူငယ်များဖြစ်ကြပြီး ကျိုးချွမ်အမည်ရှိသော လူငယ်က ခေါင်းဆောင်နေခြင်း ဖြစ်သည်။ အုပ်စုဝင်အများစုမှာ လက်ဝှေ့သိုင်း အခြေခံရှိကြပြီး သိုင်းဆရာအဆင့်ရှိသည့် ကျိုးချွမ်မှာ အစွမ်းအထက်ဆုံး ဖြစ်သည်။

သဋတို့သည် သုသာန်အတွင်း၌ ချောင်းမြောင်းနေသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်ပြီး ရံဖန်ရံခါ ဖြတ်သန်းသွားလာသော ခရီးသည်အချို့ကို ကံကောင်းထောက်မစွာဖြင့် လုယက်နိုင်ခဲ့ကြသည်။

ရုတ်တရက်ဆိုသလို ကျိုးချွမ်သည် သူ၏နောက်ဘက်မှ တစ်ခုခု လောင်ကျွမ်းနေသော အနံ့ကို ရရှိလိုက်သဖြင့် သံသယဝင်သွားသည်။

"အစ်ကိုကျိုး... အစ်ကို့နောက်မှာ"

သူ၏ အဖော်ဖြစ်သူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ကျိုးချွမ် လှည့်ကြည့်လိုက်သောအခါ သူ၏ဦးခေါင်း နောက်ဘက်တွင် မီးလုံးတစ်လုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဝဲပျံနေသည်ကို တွေ့လိုက်ရသဖြင့် သေလုမတတ် လန့်သွားတော့သည်။ သူ လှုပ်ရှားလေ မီးလုံးက လိုက်လေပင်။ သူ ခြေလှမ်းအနည်းငယ် လှမ်းလိုက်လျှင်လည်း မီးလုံးက သူ၏ခြေလှမ်းနှင့်အညီ လိုက်ပါနေသည်။

ဒါ... ဒါ ဘာကြီးလဲဟ။

"ဘုန်း"

ချက်ချင်းဆိုသလိုပင် သုသာန်ဟောင်းအထက်၌ မီးလုံး ငါးလုံး၊ ခြောက်လုံးခန့် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ထိုမီးလုံးများသည် မျက်လုံးပါနေသကဲ့သို့ပင် ခိုးသားများနောက်သို့ အရူးအမူး လိုက်လံတိုက်ခိုက်ကြသည်။

"သရဲ သရဲတွေဟေ့"

ခိုးသားများသည် သုသာန်ထဲတွင် ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ရှေ့သို့ အလုအယက် ပြေးထွက်ခဲ့ကြသည်။

လမ်းမပေါ်သို့ ရောက်ရှိချိန်တွင်မူ သူတို့သည် အရပ်ရှည်ရှည်တစ်ဦးနှင့် အရပ်ပုပုတစ်ဦး လူရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသည်။

အရပ်ရှည်သော အမျိုးသားမှာ လက်မောင်းတစ်ဖက် ဆုံးရှုံးထားသော်လည်း သူ၏စူးရှသော အကြည့်မှာ လူကို သတ်နိုင်လောက်သည့်အရှိန်အဟုန် ရှိနေသည်။ အရပ်ပုသော မိန်းကလေးငယ်မှာမူ သူတို့ကို ချိုသာစွာ ပြုံးပြနေသည်။

မီးအလင်းရောင်အောက်တွင် ထိုမိန်းကလေး၏ မျက်နှာမှာ အလွန်တရာ လှပလွန်းလှပြီး ပါးချိုင့်လေးများမှာလည်း သေလောက်အောင်ပင် ချိုမြိန်နေတော့သည်။ သူမသည် လက်ထဲတွင် မှော်တုတ်တံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် လိုက်လံနှောင့်ယှက်နေသော မီးလုံးများမှာ အလိုအလျောက် ပျောက်ကွယ်သွားခဲ့သည်။

"နင် အေးလေ... ကြည့်ရတာ ဒါတွေအားလုံးက နင်တို့လက်ချက်ပဲပေါ့။ နင်က မှော်ဆရာမဆိုရုံနဲ့ ငါက ကြောက်မယ် ထင်နေလား။ ချန်ဇီ... ထွက်ခဲ့စမ်း ငါတို့ဆောင်ပုဒ်ကို အော်လိုက်"

ကျိုးချွမ်သည် သူ အလှည့်စားခံလိုက်ရမှန်း ချက်ချင်း သဘောပေါက်သွားသည်။ အသက် တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်အရွယ် ဝပိန်ပိန် ညိုညိုကောင်လေးတစ်ဦး ထွက်လာပြီး "ဒီသစ်ပင် ငါစိုက်ခဲ့ ဒီလမ်း ငါဖောက်ခဲ့ ဖြတ်ချင်တယ်ဆိုရင်..." ဟု ဘုရားစာရွတ်သလို ခပ်သွက်သွက် အော်ဆိုလိုက်တော့သည်။

"ယန်မိသားစုစစ်တပ် ကျိုးချွမ် ဝမ်ချန်ဇီ"

ယန်ချန်းလန်က အေးစက်သော အသံဖြင့် အမိန့်ပေးသံသဖွယ် ဟိန်းဟောက်လိုက်သည်။

"ရှိပါတယ်"

"ရှိပါတယ် ခင်ဗျာ"

အမိန့်ပေးသံကို ကြားသည်နှင့် ကျိုးချွမ်နှင့် ချန်ဇီတို့သည် မသိစိတ်၏ လှုံ့ဆော်မှုဖြင့်ပင် ကိုယ်နေဟန်ထားကို တည့်တည့်မတ်မတ် ပြင်လိုက်ကြပြီး ရှေ့တည့်တည့်ကိုသာ ကြည့်လျက် အလေးပြုလိုက်ကြသည်။

"ယန်မိသားစုစစ်တပ်... ချန်ရွှီ နီခွန်"

"ရှိပါတယ်"

"ရှိပါတယ် ခင်ဗျာ"

ယန်ချန်းလန်၏ ဟိန်းဟောက်သံနှင့်အတူ ထိုခိုးသားအုပ်စုမှာ လမ်းပေါ်တွင် အစီအရီ တန်းစီလျက်သား ဖြစ်သွားကြတော့သည်။

ခဏအကြာတွင်မှ ခိုးသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အားသင့်သွားကြသည်။

"အစ်ကိုကျိုး... တစ်ခုခုတော့ မှားနေပြီ။ အဲဒီလူက ငါတို့နာမည်တွေကို ဘယ်လိုလုပ် သိနေတာလဲ။ စောစောက မှောင်နေလို့ သူ ဘယ်သူလဲဆိုတာ သေချာမမြင်ရဘူး။ အစ်ကိုပဲ အနားသွားပြီး ကြည့်လိုက်ပါဦး"

ယန်ချန်းလန်၏ စစ်ဗိုလ်ချုပ်တစ်ဦးကဲ့သို့ရှိသော အရှိန်အဝါအောက်တွင် ခိုးသားများမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြသည်။ သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တွန်းထိုးနေကြရင်း နောက်ဆုံးတွင် ကျိုးချွမ်ကို ရှေ့ဆုံးသို့ တွန်းထုတ်လိုက်ကြသည်။

အကယ်၍သာ ပတ်ဝန်းကျင်က မမှောင်နေပါက ယန်ချန်းလန်၏ မျက်နှာမှာ အိုးမဲသုတ်ထားသည့်အလား မည်းမှောင်နေသည်ကို ယွင်ရှန်း အသေအချာ မြင်တွေ့ရပေလိမ့်မည်။ ဂုဏ်သိက္ခာကြီးမားလှသော ယန်မိသားစုစစ်တပ်မှ အဖွဲ့ဝင်များမှာ လမ်းဘေးဓားပြများအဖြစ် လုယက်နေကြသည့်အပြင် သူမ၏ရှေ့တွင်ပင် ဤကဲ့သို့ အရှက်မရှိ ပြုမူနေကြခြင်းကြောင့် သူ အလွန်ပင် ဒေါသထွက်နေမိသည်။

ကျိုးချွမ်သည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ယန်ချန်းလန်အနားသို့ လျှောက်သွားလိုက်သည်။ သေရမှာကြောက်သော ထိုလူစားမှာ မီးစာချောင်းကို ထွန်းညှိလိုက်ပြီး ယန်ချန်းလန်၏ မျက်နှာနားသို့ ကပ်၍ သေသေချာချာ ကြည့်လိုက်မိသည်။

ထိုမျက်ခုံးများ ထိုအမူအယာများ...

ကျိုးချွမ်၏ ဦးနှောက်ထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ခြေထောက်များမှာ ပျော့ခွေသွားကာ ကိုင်ထားသော မီးစာချောင်းမှာ သူ၏မျက်ခုံးကိုပင် လောင်ကျွမ်းလုနီးပါးပင်။

"စစ်သူကြီး ဒါ... ဒါ စစ်သူကြီးငယ်ယန်ပဲ"

အရပ် ၅ ပေ ၉ လက်မအထက်ရှိသော သန်မာထွားကြိုင်းသည့် လူငါးယောက်စလုံးမှာ ဒူးများ ပျော့ခွေသွားကြပြီး ဘုန်းကနဲ မြေကြီးပေါ်တွင် ဒူးထောက်ကျကုန်ကြတော့သည်။

"သေချင်ယောင်ဆောင်မနေနဲ့... အမှန်အတိုင်းပြောစမ်း။ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီမှာ လုယက်နေကြတာလဲ။ ဘယ်နှစ်ကြိမ်ရှိပြီလဲ။ ဘယ်လောက် လုခဲ့သလဲ။ အကုန်လုံးကို ငါ့ကိုပြောပြရမယ်။ တစ်ခွန်းကလေးလောက် လိမ်တာနဲ့ စစ်ဥပဒေအတိုင်း ချက်ချင်း စီရင်မယ်"

ယန်ချန်းလန် ယန်မိသားစုစစ်တပ်ဆီ ပြန်ရောက်လာသည့်သတင်းမှာ အရာရှိအချို့နှင့် ခေါင်းဆောင်အချို့ကြားတွင်သာ ပျံ့နှံ့နေသေးခြင်းဖြစ်သည်။ ယနေ့ည ယွင်ရှန်းတို့အား လုယက်ရန် ကြိုးစားသူများမှာ ယန်မိသားစုစစ်တပ်၏ မတူညီသော တပ်စုများမှ စစ်သည်များဖြစ်ကြပြီး သူတို့၏ စစ်သူကြီးကိုယ်တိုင်ကို ပြန်လည်လုယက်မိလိမ့်မည်ဟု လုံးဝ အိပ်မက်ပင် မမက်ခဲ့ကြချေ။

"စစ်သူကြီး... ကျွန်တော်တို့ တကယ်ပဲ မတတ်သာလို့ လုပ်ခဲ့ရတာပါ"

ထိုစစ်သည်များသည် လွန်ခဲ့သောတစ်လအတွင်း ကျူးလွန်ခဲ့သမျှကို မျက်နှာများ နီမြန်းလျက် အကုန်အစင် ဝန်ခံကြတော့သည်။

ယန်ချန်းရွှယ်က သူတို့၏ လစာရိက္ခာများကို ဖြတ်တောက်လိုက်ကတည်းက ယန်မိသားစုစစ်တပ်ရှိ လူတိုင်းမှာ ထမင်းအိုးတည်ရန်ပင် မတတ်နိုင်လောက်အောင် ဆင်းရဲမွဲတေကုန်ကြသည်။ ယန်ချန်းလန်ကလည်း အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သည်မဟုတ်ပါလော။ ဤလူများအားလုံးမှာ ယန်ချန်းလန်၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြပြီး ယန်မိသားစုစစ်တပ်ကို သစ္စာဖောက်ရန် သော်လည်းကောင်း အခြားအလုပ်ပြောင်းရန်သော်လည်းကောင်း ဆန္ဒမရှိကြသူများ ဖြစ်သည်။

သို့သော် စစ်သည်တိုင်းတွင် အိုမင်းသော မိဘများ၊ ဇနီးမယားများနှင့် ကလေးငယ်များ ရှိကြသည်။ အစွန်းရောက်လာသည့်အခါတွင်မူ အခြားနည်းလမ်းမရှိတော့သဖြင့် ဤကဲ့သို့ တရားမဝင်သော အလုပ်များကို လုပ်ကိုင်မိကြခြင်းပင်။

"ဒါက ဆင်ခြေပဲ၊ အင်ပါယာရဲ့ ဥပဒေကို ချိုးဖောက်တာပဲ"

အမှန်တရားကို သိလိုက်ရသောအခါ ယန်ချန်းလန်က ခက်ထန်စွာ ပြောလိုက်သည်။ သူသည် စစ်စည်းကမ်းကို တင်းကြပ်စွာ ကိုင်တွယ်သူဖြစ်ပြီး စစ်သားများ စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းကို အမုန်းဆုံးဖြစ်သည်။ မိမိ၏ လက်အောက်ငယ်သားများက သိလျက်နှင့် ဥပဒေကို ချိုးဖောက်ခြင်းမှာ လုံးဝ ခွင့်မလွှတ်နိုင်သော ကိစ္စပင်။

စစ်သည်များမှာ တစ်ခွန်းမျှ ပြန်မပြောဝံ့ကြချေ။ ယန်ချန်းလန်ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူ၏ တည်ရှိမှုကပင် စစ်သည်များအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေဆဲ ဖြစ်သည်။

"ဦးလေး... ဒီအစ်ကိုတွေက အမှားလုပ်ခဲ့တယ်ဆိုပေမဲ့ သူတို့က ငွေကိုပဲ လုတာပါ။ ဘယ်သူ့အသက်ကိုမှ အန္တရာယ်မပြုခဲ့ဘူးလို့ ပြောနေကြတယ်လေ။ သူတို့ကို ထပ်ပြီး အပြစ်မတင်ပါနဲ့တော့"

ယွင်ရှန်းသည် ထိုစစ်သည်များ၏ သစ္စာရှိမှုကို မြင်ရသောအခါ စိတ်မကောင်း ဖြစ်မိသည်။

"ရှန်းအာ... မင်းက စစ်စည်းကမ်းအကြောင်းကို နားမလည်သေးလို့ပါ။ သိသိကြီးနဲ့ ဥပဒေချိုးဖောက်တာက ကြီးလေးတဲ့ပြစ်မှုပဲ။ သူတို့လုပ်ရပ်ကို နန်းတော်က သိသွားရင် သေဒဏ်ပဲ ရှိတယ်"

ယန်ချန်းလန်က သူ၏တူမဖြစ်သူ၏ သဘောထားပျော့ပျောင်းမှုကို လက်မခံချေ။

"ဦးလေး... ဆာလောင်မွတ်သိပ်နေတဲ့ သာမန်လူတွေက ဥပဒေကို ချိုးဖောက်မိရင် သေရမယ်ဆိုတဲ့ လမ်းပဲ ရှိတာလား။ စစ်ဝန်ကြီးဌာနကလည်း ဒါကို လျစ်လျူရှုထားပြီး ဒီစစ်သည်တွေရဲ့ မိသားစုတွေကို ငတ်ပြတ်သေခိုင်းနေတာကော ဥပဒေနဲ့ ညီညွတ်လို့လား"

ယွင်ရှန်းက ဦးလေးဖြစ်သူ၏ ရှေးရိုးစွဲဝါဒကို ပြန်လည်ချေပလိုက်သည်။

သူမသည် စစ်သည်များအနားသို့ လျှောက်သွားလိုက်သည်။ ထိုသန်မာထွားကြိုင်းသော လူကြီးများသည် သူမ၏ဦးလေးရှေ့တွင်မူ ကြောက်ရွံ့နေသော ဇနီးငယ်လေးများအလား ကျုံ့ကျုံ့လေး ဖြစ်နေကြသည်။ ၎င်းမှာ ယန်ချန်းလန်သည် သူတို့၏ နှလုံးသားထဲတွင် မည်မျှ အရေးပါသည်ကို ပြသနေခြင်းပင်။

"ဦးလေး... ဦးလေးနာမည်က ကျိုးချွမ် ဟုတ်တယ်မလား။ ကျွန်မ တစ်ခုလောက် မေးပါရစေ၊ လစာမရတဲ့အခါမှာ ယန်အိမ်တော်ကို သွားပြီး စုံစမ်းကြည့်သေးလား"

"စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ မောင်းထုတ်ခံခဲ့ရတယ်"

ကျိုးချွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒါဆို စစ်ဝန်ကြီးဌာနကိုကော အကူအညီသွားတောင်းခဲ့လား"

မဟာကျိုးနိုင်ငံ၏ ဥပဒေအရ စစ်သည်များ စားဝတ်နေရေး ခက်ခဲပါက စစ်ဝန်ကြီးဌာနတွင် အကူအညီ တောင်းခံနိုင်သည်။

"စစ်ဝန်ကြီးဌာနက နယ်စားမှူးဝေယွမ်က ပြောတယ်... ကျွန်တော်တို့က ယန်မိသားစုရဲ့ ကိုယ်ပိုင်စစ်တပ်ဖြစ်လို့ သူတို့နဲ့ မဆိုင်ဘူးတဲ့"

"စစ်ဝန်ကြီးဌာနကလည်း ဂရုမစိုက် ယန်အိမ်တော်ကလည်း ပစ်ထားတယ်ဆိုတော့ အဖေကော အမေကောက စွန့်ပစ်ထားတဲ့ အခြေအနေပေါ့။ ဦးလေး... ဦးလေးသာ သူတို့နေရာမှာဆိုရင် ဘာလုပ်မလဲ"

ယွင်ရှန်းက တည်ကြည်သော မျက်နှာထားဖြင့် ဦးလေးဖြစ်သူအား စိုက်ကြည့်ကာ မေးလိုက်သည်။

All Chapters