← Chapters

အခန်း (၂၂၀)

Vol. 22 Ch. 220

အခန်း (၂၂၀)

Vol. 22 Ch. 220

"ဟူးးးးး"

ပုကျိုရှောင်နှင့် ချန်ပိုင်တို့မှာ တစ်ပြိုင်နက်တည်း အေးစက်သော လေကို ရှူသွင်းလိုက်မိကြသည်။

ဒီမိန်းကလေး ရူးသွားတာလား။ ဒါမှမဟုတ် တုံးအသွားတာလား။ သူမက တကယ်ပဲ ယန်ပါးဟိုနဲ့ လက်ရည်ယှဉ်ဖို့ သဘောတူလိုက်တာလား။ ယန်ပါးဟိုဆိုတာ မဟာကျိုးနိုင်ငံရဲ့ ကျော်ကြားလှတဲ့ နံပါတ်တစ် သိုင်းသူတော်စင်ပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ယန်ပါးဟိုက လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့ပေမဲ့ မဟာကျိုးမြို့တော်ထဲမှာ သူ့အကြောင်း ဒဏ္ဍာရီတွေက တစ်ခါမှ မရပ်တန့်ခဲ့ဖူးဘူး။

သိုင်းသူတော်စင်အဆင့်ဆိုတာ ဘယ်လိုအဆင့်မျိုးလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ယန်ပါးဟိုသာ တော်ဝင်မှော်အကယ်ဒမီကို သဘောမကျလို့ ဖျက်ဆီးချင်တယ်ဆိုရင် သူ့ရဲ့ သိုင်းကွက်တစ်ခုတည်းနဲ့တင် အကယ်ဒမီတစ်ခုလုံးကို မြေလှန်ပစ်နိုင်စွမ်းရှိတယ်။

ယီပိုင်မင်းမှာမူ မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားရင်း ယွင်ရှန်းကို စိုက်ကြည့်နေမိသည်။ သူမ၏ မျက်နှာပေါ်တွင် ကြောက်လန့်ရိပ်ဆိုသည်မှာ အစအနမျှပင် မရှိပေ။

"မင်း..."

ယန်ပါးဟို၏ စကားလုံးများသည် လည်ချောင်းအတွင်း၌ တစ်ဆို့သွားရသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ သားကြီးဖြစ်သူ ယန်ခန်းဟိုင်က ယခုကဲ့သို့သော လေသံမျိုးဖြင့်ပင် သူနှင့် အဆက်အသွယ်ဖြတ်တောက်ရန် ပြောဆိုခဲ့သည်ကို ပြန်လည်မြင်ယောင်လာသောကြောင့်ပင်။ အဘယ်ကြောင့် သူတို့အားလုံးက အပေးအယူပြုလုပ်ရန် နေရာလေးတစ်ချက်မျှပင် ချန်လှပ်မထားကြတာလဲ။

"ကောင်းပြီ... ပထမဆုံး တိုက်ကွက်ပဲ သေသေချာချာ ကြည့်ထားပေတော့"

ယန်ပါးဟို တစ်စုံတစ်ဦးနှင့် တိုက်ခိုက်ခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ ပြိုင်ဘက်မှာ မိန်းကလေးငယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ယန်ပါးဟို၏ ခန္ဓာကိုယ် မျက်နှာပြင်ထက်တွင် ရွှေနီရောင် သိုင်းဝိညာဉ်စွမ်းအားများ စီးဆင်းလာပြီး ပဲလှော်လှော်နေသကဲ့သို့ တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာပြီးနောက် ယန်ပါးဟိုက ပြင်းထန်စွာ ဟိန်းဟောက်လိုက်တော့သည်။ ထိုစဉ်မှာပင် သူ၏ လက်သီးဆုပ်

အတွင်းမှ အားကောင်းလှသော သိုင်းဝိညာဉ်လှိုင်းတစ်ခု ပေါက်ကွဲကာ ထွက်ပေါ်လာ၏။

အဆိုပါ သိုင်းဝိညာဉ်၏ အရောင်မှာ ယွင်ရှန်း ထုတ်လွှတ်ခဲ့သည့် မီးလုံးကြီးကဲ့သို့ပင် တောက်ပနေသည်။ သို့ရာတွင် ထိုသိုင်းဝိညာဉ်စွမ်းအား၏ ရွေ့လျားနှုန်းမှာမူ မီးလုံးထက် အဆပေါင်းများစွာ ပိုမိုလျင်မြန်နေပြီး ယွင်ရှန်းအတွက် ရှောင်တိမ်းရန် အခွင့်အရေး လုံးဝမပေးတော့ပေ။

သူမ၏ ခန္ဓာကိုယ်သည် ဘုန်းခနဲ အသံနှင့်အတူ နောက်သို့ လွင့်စင်သွားပြီး နံရံနှင့် အရှိန်အဟုန်ပြင်းစွာ ရိုက်မိတော့သည်။

ချက်ချင်းပင် နံရံထက်တွင် နှစ်မီတာမှ သုံးမီတာခန့်ရှိသော လူပုံသဏ္ဌာန် အချိုင့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ယွင်ရှန်းသည် ကြမ်းပြင်ပေါ်သို့ ပြန်လည်ကျဆင်းလာချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်၌ လတ်ဆတ်သော သွေးစလေးတစ်ခု စီးကျနေလေပြီ။

အပေါ်ထပ်ရှိ သီးသန့်ခန်းအတွင်း၌ ယီပိုင်မင်းသည် သူ၏ရင်ဘတ်ကို တစ်စုံတစ်ဦးက အင်အားသုံး၍ ထိုးနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုနာကျင်မှုမှာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားပြီး ယွင်ရှန်းအစား သူကိုယ်တိုင် အထိုးခံလိုက်ရသကဲ့သို့ ပြင်းထန်လှသည်။

ငါ ဘာလို့ ဒီလို ခံစားနေရတာလဲ။

ယီပိုင်မင်းသည် သု့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် သံသယဝင်သွားမိသည်။

သိုင်းလောကတွင် သိုင်းသူတော်စင်အဆင့်ရှိသူတစ်ဦးအတွက် သိုင်းကွက်အထူးများကို နောက်ဆုံးလက်နက်အဖြစ်သာ သုံးလေ့ရှိသည်။ ယန်ပါးဟိုအနေဖြင့် သာမန် လက်သီးတစ်

ချက် ခြေကန်ချက်တစ်ချက်ဖြင့်ပင် လူတစ်ယောက်ကို အသက်ပျောက်စေနိုင်သည်။ သူ၏ ရည်ရွယ်ချက်မှာ ရှင်းပါသည်။ ယွင်ရှန်းကို အမြန်ဆုံး အနိုင်ယူရန်ပင်။

ဤမျှအထိ ပြင်းထန်သော ရိုက်ခတ်မှုမျိုးသည် သာမန်မှော်ဆရာတစ်ဦး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရဆိုလျှင် အရိုးအားလုံး ကြေမွသွားပြီး သွေးကြောများ ပေါက်ထွက်ကာ အနည်းဆုံး နာတာရှည်အိပ်ရာပေါ်တွင် ခြောက်လခန့် လဲနေရမည့် အခြေအနေမျိုးဖြစ်သည်။

တောက် တကယ်ကို နာတာပဲ။ အဘိုးကြီးရဲ့ အရှိန်နဲ့ သိုင်းဝိညာဉ်စွမ်းအားက တကယ်ပဲ အံ့သြဖို့ကောင်းတယ်။

ယွင်ရှန်း စိတ်ထဲမှ ကြိတ်ညည်းရင်း ဖြည်းညင်းစွာ ပြန်လည်ထိုင်ထလိုက်သည်။ သူမသည် မှော်မန္တန်ကိုပင် ရွတ်ဆိုခွင့်မရမီမှာပင် အထိနာသွားခဲ့ခြင်း ဖြစ်သည်။

"မိန်းကလေး... မင်းရဲ့ မှော်ဝိညာဉ်ကို ဒီအဘိုးကြီး ဖျက်ဆီးတာကိုပဲ အသာတကြည် လက်ခံလိုက်ပါတော့"

ယန်ပါးဟိုက သက်ပြင်းချလျက် ပြောလိုက်သည်။

ထိုစဉ်မှာပင် ယွင်ရှန်း၏ လက်ကောက်ဝတ်ရှိ ရှန်းနုန်ဆေးဘက်ဆိုင်ရာ လက်ကောက်အတွင်းမှ နတ်ဘုရားစွမ်းအားများမှာ အရှိန်အဟုန်ဖြင့် စီးထွက်လာပြီး ယွင်ရှန်း၏ ကြေမွသွားသော အရိုးများကို အသည်းအသန် ပြန်လည်ပြုပြင်ပေးနေတော့သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သိုင်းဝိညာဉ်စီးဆင်းရာ သွေးကြော ၃ ခုသာ မပျက်မစီး ကျန်ရှိတော့သည်။

ယွင်ရှန်းသည် ယိုင်တိယိုင်တိုင်ဖြင့် နောက်ဆုံးတွင် မတ်မတ်ရပ်နိုင်သွားသည်။ သူမသည် နှုတ်ခမ်းထက်မှ သွေးများကို လျှာဖြင့်သပ်လိုက်ပြီး ငိုတာထက်ပင် ကြည့်ရဆိုးသော အပြုံးတစ်ခုကို ဖန်တီးကာ…..

"ဒုတိယ တိုက်ကွက်... လာစမ်းပါ"

"ကောင်းပြီ... ဒုတိယ တိုက်ကွက်"

ယန်ပါးဟိုတစ်ယောက် အံ့သြမှုကို မဖုံးဖိနိုင်တော့ပေ။

စစ်မြေပြင်နှင့် ဝေးကွာနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့တွင် သူ့ထက် ကျင့်စဉ်အဆင့်အတန်းများစွာ နိမ့်ကျသည့် မျိုးဆက်သစ်လူငယ်လေးတစ်ဦးက သူ၏ တိုက်ခိုက်လိုစိတ်ကို ပြင်းပြင်းထန်ထန် နိုးကြားလာစေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။ ပြင်းထန်သော ရိုက်ခတ်မှုကို ခံယူပြီးနောက် ယွင်ရှန်း ပြန်လည်မတ်တပ်ရပ်နိုင်ခြင်းမှာ ယန်ပါးဟိုအတွက်မူ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင်။

ယန်ပါးဟို၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သိုင်းဝိညာဉ်စွမ်းအားများ ဝဲကရက်အလား လည်ပတ်လာပြီး သူ၏ကိုယ်ထည်မှာ လေထိုးသွင်းထားသကဲ့သို့ ဖောင်းကားလာသည်။ ထို့နောက် သူသည် မြေပြင်ကို အားကုန်သုံး၍ တစ်ချက် နင်းချလိုက်တော့သည်။

ထိုနင်းချက်၏ အင်အားမှာ ပြင်းအား ၉ အဆင့်ရှိ ငလျင်တစ်ခုအလား ပြင်းထန်လှပြီး စားသောက်ဆိုင်တစ်ခုလုံး၏ ကြမ်းပြင်မှာ ဘုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ နှစ်ပေါင်းရာချီ သက်တမ်းရှိပြီဖြစ်သော ဤစားသောက်ဆိုင်မှာ ယနေ့တွင်တော့ ပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့ရလေပြီ။ ဆိုင်ရှင်မှာလည်း ဤမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကျကာ နေရာမှာတင် မူးလဲသွားရှာသည်။

ယန်ပါးဟို၏ ခြေတစ်ချက် နင်းလိုက်သော အားမှာ ပေါင်ချိန်သောင်းချီ၍ လေးလံသော်လည်း ထူးဆန်းသည်မှာ ကြမ်းပြင်မှာ ကြေမွမသွားဘဲ အပိုင်းပိုင်းအပြတ်ပြတ် ကွဲအက်သွားခြင်းပင်။ ထို့နောက် မြေပြင်အောက်မှနေ၍ အလျား ၃ မီတာ၊ အနံ ၂ မီတာခန့်ရှိပြီး ပေါင်ချိန် နှစ်ရာခန့် လေးလံသော ကျောက်တုံးကြီးများစွာမှာ မြေပြင်မှ ထိုးထွက်လာသည်။ ၎င်းတို့သည် ကြီးမားလှသော မြေစူးများအလား ယွင်ရှန်းကို အလယ်မှာထား၍ ကျောက်တုံးထောင်ချောက်ကြီးတစ်ခုအသွင် ဝန်းရံပိတ်ဆို့လိုက်တော့သည်။

ကြည့်နေသူအားလုံးမှာ ယွင်ရှန်းအတွက် ချွေးပြန်သွားကြသည်။ သူမကဲ့သို့ သေးငယ်သော ခန္ဓာကိုယ်နှင့် ဤမျှလေးလံသော ကျောက်တုံးကြီးများ၏ ဖိအားကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။ ယွင်ရှန်းအနေဖြင့် မြေမှော်အတတ်ကို အသုံးပြုလျှင်ပင် ဤကျောက်တုံးကြီးများကို ချေဖျက်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

ဂျင်းအိုလေလေ စပ်လေလေဆိုသကဲ့သို့ပင် ယန်ပါးဟိုသည် သူ၏ဘဝသက်တမ်းတစ်လျှောက် စစ်မြေပြင်မှသည် တစ်ဦးချင်း တိုက်ခိုက်မှုများအထိ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသူဖြစ်သည်။ ယနေ့ကဲ့သို့ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိလာခြင်းမှာ ရိုးရိုးရှင်းရှင်း လေ့ကျင့်ရုံဖြင့် ရရှိလာခြင်း မဟုတ်ပေ။ သူသည် ပြိုင်ဘက်၏ အားနည်းချက်ကို အချိန်တိုအတွင်း ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသူ ဖြစ်သည်။

ယွင်ရှန်းသည် မီးနှင့် မြေဓာတ်နှစ်မျိုးလုံးကို အသုံးပြုနိုင်သော မှော်ဆရာကြီးအဆင့်ရှိသူဖြစ်ကြောင်း သူသိထားသည်။ သို့သော် သူမ မြေစူးအတတ်ကို အသုံးပြုလျှင်ပင် ဤကျောက်တုံးကြီးများကို ချေဖျက်နိုင်မည်မဟုတ်ကြောင်း သူ ယုံကြည်ချက်အပြည့်ရှိနေသည်။

ယန်ပါးဟိုသည် အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောလိုက်ပြီး "မိန်းကလေး... အသနားခံလိုက်တာက ပိုကောင်းပါလိမ့်မယ်။ မဟုတ်ရင်တော့ မင်းဟာ ဒီကျောက်တုံးကြီးတွေအောက်မှာ ပိတ်မိပြီး သေသွားလိမ့်မယ်" ဟု ပြောလိုက်သည်။

ယန်ပါးဟို အောင်နိုင်ပြီဟု ထင်မှတ်နေချိန်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော မှောင်ရိပ်အလွှာတစ်ခုမှာ ကျောက်တုံးကြီးများပေါ်သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။

သီးသန့်ခန်းအတွင်းရှိ ယီပိုင်မင်းသည် ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။ သူသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ထိုကျောက်ပုံကြီးကို စိုက်ကြည့်နေမိသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်ဝိညာဉ်မှာ ဂနာမငြိမ် ဖြစ်လာသည်။ ဤခံစားချက်မျိုးမှာ သူနှင့် မစိမ်းပေ။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော အရာတစ်ခုကို ပြန်လည်တွေ့ရှိလိုက်ရသကဲ့သို့ပင်။

"ဘုန်း"

ကျောက်တုံးကြီးများမှာ တုန်ခါသွားပြီးနောက် ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ သားရဲတစ်ကောင်၏ အစွယ်များပမာ ထက်မြက်လှသော မြေစူးများမှာ မယုံနိုင်လောက်သော အရှိန်နှင့် ခွန်အားတို့ဖြင့် ကျောက်တုံးကြီးများကို တစ်စစီ ချေဖျက်ပစ်လိုက်တော့သည်။

ကျောက်တုံးများ ကြေမွသွားသည့် အချိန်မှာပင် ကြွေလွင့်လာသော ကြယ်တံခွန်များအလား မီးလျှံပေါက်ကွဲခြင်းမန္တန်အချို့မှာ ယန်ပါးဟိုထံသို့ တိုးဝင်သွားသည်။

ယန်ပါးဟို၏ မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်မှုများ အထင်းသား ပေါ်ပေါက်လာသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပေါင်ချိန်ထောင်ချီလေးတဲ့ ကျောက်တုံးတွေကို ချက်ချင်းချေဖျက်နိုင်ဖို့ ဘယ်လို မြေစူးအတတ်မျိုးကို သူမ လေ့ကျင့်ထားတာလဲ။ ဒါက ကောင်းကင်ဘုံကို စိန်ခေါ်လိုက်တာပဲ။

အမှန်စင်စစ် ယန်ပါးဟို မသိသည်မှာ ၎င်းမှာ သာမန် မြေစူးအတတ် မဟုတ်ပေ။ ၎င်းမှာ ယွင်ရှန်းသည် မှောင်မိုက်သော စွမ်းအားများနှင့် ပေါင်းစပ်ထားသည့် အလယ်အလတ်အဆင့် မှောင်မိုက်သော ဆူးချွန်ပင်။ အမာဆုံးသော သတ္တုရိုင်းများကိုပင် ချက်ချင်း ထိုးဖောက်နိုင်စွမ်း ရှိသည်။ ၎င်းကို အသုံးပြု၍ ကျောက်တုံးများကို ဖောက်ထွက်ပြီးနောက် သူမသည် မီးလျှံပေါက်ကွဲခြင်းမန္တန်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

၎င်းမှာ အကြွေးရှိလျှင် ပြန်ဆပ်ရမည် ဆိုသော ယွင်ရှန်း၏ စရိုက်အတိုင်းပင်။

သို့သော် ယွင်ရှန်းသည် သိုင်းသူတော်စင် ယန်ပါးဟိုကို အထင်သေးခဲ့မိသည်။ မီးလျှံပေါက်ကွဲခြင်းမှာ သာမန်မီးလုံးထက် ဆယ်ဆမက မြန်ဆန်ပြီး ပြင်းထန်သော်လည်း ယန်ပါးဟိုကို ထိခိုက်စေရန်မှာ မလွယ်ကူပေ။ ယန်ပါးဟို၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေပြားကပ်ထားသကဲ့သို့ ရွှေနီရောင် သိုင်းဝိညာဉ်အလွှာတစ်ခု ပေါ်လာသည်။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ ရင်ဘတ်အတွင်း၌ သိုင်းဝိညာဉ်များကို အရှိန်အဟုန်ဖြင့် ဖိသိပ်လိုက်ပြီးနောက်

"ဟူးးး"

ပါးစပ်မှ မှုတ်ထုတ်လိုက်သော သိုင်းဝိညာဉ်စွမ်းအားမှာ လေထဲတွင် ကြောက်မက်ဖွယ်

ကောင်းသော မျက်စောင်းတစောင်းနှင့် သိုင်းဝိညာဉ်ကျားကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

မှော်ပညာသည် တောက်ပခမ်းနားပြီး သိုင်းပညာမှာ ရိုးရှင်းသည်ဟု ဆိုကြသော်လည်း သိုင်းဝိညာဉ်စွမ်းအားကို အဆုံးစွန်ထိ လေ့ကျင့်ထားပါက မှော်အတတ်များကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများအဖြစ် ဖန်တီးနိုင်ကြောင်း သက်သေပြလိုက်ခြင်းပင်။

ထိုကျားကြီးသည် တောင်ပေါ်မှ ဆင်းလာသော ကျားသစ်တစ်ကောင်အလား မြေပြင်ပေါ်သို့ ခုန်ဆင်းလာသည်။ ကျားကြီးသည် ကောင်းကင်ယံသို့ မော့၍ ဟိန်းဟောက်လိုက်ပြီး တိုးဝင်လာသော မီးလျှံများကို တစ်ချက်တည်းနှင့် ဝါးမြိုပစ်လိုက်တော့သည်။

ဘုန်း…..

သိုင်းဝိညာဉ်ကျားကြီးသည် မီးလျှံများကို ဝါးမြိုပြီးနောက် လူသတ်ငွေ့များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ယွင်ရှန်းထံသို့ ပိုမိုပြင်းထန်စွာ ခုန်ဝင်သွားသည်။ ၎င်း၏ လက်သည်းများမှာ ပုဆိန်ကြီးများအလား ယွင်ရှန်းအား ခုတ်ပိုင်းရန် အောက်သို့ ကျဆင်းလာတော့သည်။

All Chapters