အခန်း (၇၅)
Vol. 8 Ch. 75
သူ၏ တိုက်ကွက်များ ရန်သူ့ထံသို့ ကျရောက်တော့မည့် အချိန်တိုင်းတွင် တစ်စုံတစ်ခုသော ဆန်းကြယ်သည့် စွမ်းအားက သူ၏ တိုက်စစ်ကို တန့်သွားစေရုံသာမက သူ၏ ခန္ဓာကိုယ်ကိုပင် လေထဲ၌ အေးခဲသွားစေသကဲ့သို့ ခံစားနေရသည်။
ဤထူးဆန်းသော အခြေအနေကြောင့် လုချွမ်း အလွန်အမင်း မျက်မှောင်ကြုတ်သွားမိသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီရဲမေနဲ့ တိုက်တုန်းကလည်း ဒီလိုပဲ ဖြစ်ခဲ့တာ။ ဒါက ဘယ်လို စွမ်းအားမျိုးလဲ။ ငါ့ရဲ့ လှုပ်ရှားမှုတွေကိုတောင် သက်ရောက်မှု ရှိနေတယ်”
လုချွမ်းသည် အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေပြီး ဇွန်ဘီများကို စေခိုင်းကာ ကျောက်လင်းအား တိုက်ခိုက်နေသော်လည်း သူ၏ မျက်လုံးများကမူ ပတ်ဝန်းကျင်ကို အမြဲမပြတ် ဝေ့ဝဲကြည့်ရှုနေသည်။ သူ မည်မျှပင် ရှာဖွေပါစေ အနီးအနားတွင် မည်သည့် စွမ်းအားရှင်၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ပေ။
“အမှောင်ထဲမှာ ပုန်းနေတဲ့ စွမ်းအားရှင်က ဘယ်လို စွမ်းရည်မျိုးကို ရထားတာလဲ။ မမြင်ရဘဲနဲ့တောင် ငါ့ရဲ့ လှုပ်ရှားမှုတွေကို လွှမ်းမိုးနိုင်နေတာလား”
“ကျောက်လင်းဆီကို ငါ့ရဲ့ တိုက်ကွက်တွေ ရောက်ခါနီးတိုင်း ပတ်ဝန်းကျင်က အချိန်တွေ ရပ်တန့်သွားသလိုမျိုး ခံစားရတယ်... ဒါဆို အမှောင်ထဲကလူက အချိန်ရပ်တန့်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတာများလား”
ဤဒုက္ခပေးတတ်သော ရဲမေနှင့် မတွေ့ဆုံမီကဆိုလျှင် ဤအတွေးမျိုးမှာ ရယ်စရာကောင်းသည်ဟု လုချွမ်း ထင်မိပေလိမ့်မည်။ သို့သော် သေပြီးပြန်ရှင်လာခြင်းကပင် သူ၏ ရှေ့မှောက်တွင် အမှန်တကယ် ဖြစ်ပျက်နေပြီဖြစ်ရာ အချိန်ကို ထိန်းချုပ်နိုင်သော စွမ်းအားရှင်တစ်ဦး ရှိနေခြင်းမှာလည်း မဖြစ်နိုင်သည့် အရာမဟုတ်တော့ပေ။
ဤသို့ တွေးမိသည်နှင့် လုချွမ်းသည် ပို၍ပင် သတိကြီးစွာ ထားလိုက်တော့သည်။ သူသည် ရပ်ကွက်အတွင်းရှိ ဇွန်ဘီရုပ်သေးအဖွဲ့များအားလုံးကို ဂိတ်ဝရှိရာသို့ စုရုံးစေလိုက်ပြီး သူကိုယ်တိုင်လည်း ထိုဇွန်ဘီအုပ်ကြီးထဲတွင် ရောနှောကာ ပုန်းကွယ်လိုက်သည်။ တစ်ဖက်လူတွင် မည်သို့သော ထူးခြားသည့် စွမ်းရည်ရှိနေပါစေ ထိုစွမ်းအားရှင်မှာ အနီးအနားတွင် ရှိနေမည်မှာ သေချာလှရာ မိမိကိုယ်ကို လူသားတစ်ယောက်အဖြစ် အလွယ်တကူ အသိမခံလိုခြင်းပင်။
သူ၏ သံသယများကို စမ်းသပ်ရန်အတွက် လုချွမ်းသည် ဆင့်ကဲဇွန်ဘီ သုံးကောင်ကို အဆက်မပြတ် တိုက်ခိုက်ရန် စေခိုင်းလိုက်ပြီး ယခင်ကထက် ပိုမို ရက်စက်ပြင်းထန်သော တိုက်စစ်များကို ဆင်နွှဲစေလိုက်သည်။ ဤအခြေအနေမှာ ရုန်းကန်နေရသော ကျောက်လင်းအတွက် အသက်အန္တရာယ်နှင့် အနီးကပ်ဆုံး အခြေအနေသို့ ဆိုက်ရောက်သွားစေတော့သည်။
သို့သော်လည်း လုချွမ်း သတိပြုမိသည်မှာ ထုံးစံအတိုင်း သူ၏တိုက်ကွက်များ ကျောက်လင်းထံသို့ ကျရောက်တော့မည့် အချိန်တိုင်းတွင် သူစေခိုင်းထားသော ဇွန်ဘီရုပ်သေးများမှာ အကြောင်းရင်းမရှိဘဲ တောင့်ခဲသွားခြင်းပင်။
ထိုသို့ရပ်တန့်သွားမှုမှာ တိတိကျကျ တစ်စက္ကန့်မျှသာ ကြာမြင့်ပြီး ကျောက်လင်းအဖို့ ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် လုံလောက်သော အချိန်ဖြစ်နေသည်။ တစ်ကြိမ်တစ်ခါဆိုလျှင် တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း ယခုအချိန်အထိ အကြိမ်ပေါင်း တစ်ဒါဇင်ကျော် ဖြစ်ပွားခဲ့ပြီဖြစ်ရာ ၎င်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်သည်မှာ အသေအချာပင်။
"တောက်... ဒီနှစ်ယောက်က ဘာဖြစ်လို့ ငါ့ကိုပဲ မဲပြီး ဒုက္ခပေးနေကြတာလဲ"
ယခုအခါ နေရောင်ခြည်ရပ်ကွက်ပတ်ဝန်းကျင်တွင် အမှောင်ရိပ်ခိုကာ အစဉ်အမြဲ ပုန်းအောင်းနေသည့် အခြားသော စွမ်းအားရှင်တစ်ဦး ရှိနေကြောင်း လုချွမ်း အခိုင်အမာ အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်က ထိုရဲမေနှင့် ဧရာမဇွန်ဘီတို့ တိုက်ခိုက်စဉ်က ရဲမေတွင် ဧရာမဇွန်ဘီကို ရပ်တန့်စေနိုင်သော စွမ်းအားမျိုး ရှိမနေခဲ့ပေ။ ဤအချက်ကပင် အချိန်ကို ထိန်းချုပ်နိုင်သော သို့မဟုတ် သူ၏လှုပ်ရှားမှုများကို ကန့်သတ်နိုင်သော ထိုလျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားရှင်မှာ ရဲမေမဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသည်။
လုချွမ်း ဒေါသတော တောက်လောင်နေချိန်တွင် ကျောက်လင်းမှာမူ အတော်လေး စိတ်လှုပ်ရှားကာ တက်ကြွနေသည်။ ရန်သူသုံးဦးကို တစ်ယောက်တည်း ရင်ဆိုင်ရသည်မှာ အလွန်ဖိအားများသော်လည်း အန္တရာယ်နှင့် ကြုံတိုင်း အမှောင်ထဲမှ စွမ်းအားရှင်က ဝင်ရောက်စွက်ဖက် ကူညီပေးနေသည်။ ယခုအချိန်အထိ သူမသည် ထိုသူ၏ ကျေးဇူးကြောင့် အသက်ဘေးမှ တစ်ဒါဇင်ကျော်မျှ လွတ်မြောက်ခဲ့ပြီဖြစ်သည်။
"ကိုယ်ပျောက်လို့ အမည်ပေးထားတဲ့ ကျွမ်းကျင်သူကြီးက ငါ့ကို လိမ်ပြောခဲ့တာ မဟုတ်ဘူးပဲ။ သူ အခု တိုက်ပွဲအနားမှာ ရှိနေတာ သေချာတယ်"
"ငါ အကြိမ်ကြိမ် အန္တရာယ်က လွတ်နေတာဟာ သူက ကိုယ်ပျောက်စွမ်းရည်ကို သုံးပြီး ဇွန်ဘီတွေရဲ့ လှုပ်ရှားမှုကို လျှို့ဝှက်နှောင့်ယှက်ပေးနေလို့ပဲ ဖြစ်ရမယ်"
လုချွမ်းကဲ့သို့ပင် ကျောက်လင်းသည်လည်း အမှောင်ထဲတွင် ပုန်းကွယ်နေသော စွမ်းအားရှင်၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် စွမ်းရည်များကို ခန့်မှန်းနေမိသည်။
"ကိုယ်ပျောက်နိုင်စွမ်းက အရေးကြီးတဲ့ အချိန်မျိုးမှာ ဒီလောက်အထိ အသုံးဝင်လိမ့်မယ်လို့ တကယ်ကို မထင်ထားမိဘူး..."
ကျိရုရွှယ်၏ စာကြောင့် ကျောက်လင်းသည် အမှောင်ထဲမှ စွမ်းအားရှင်မှာ ကိုယ်ပျောက်စွမ်းရည်ရှင်ဖြစ်ကြောင်း ပို၍ပင် ယုံကြည်သွားခဲ့သည်။ တစ်ဖက်တွင်မူ လုချွမ်းမှာ ကျိရုရွှယ်၏ နှောင့်ယှက်မှုကြောင့် အကြံကုန်သလောက် ဖြစ်နေပြီဖြစ်သည်။ ထိုရဲမေကို သူ သိသိသာသာ အသာစီးရနေသော်လည်း မမြင်ရသော စွမ်းအားတစ်ခုကြောင့် သူမကို အပြီးတိုင် အနိုင်ယူရန် ခဲယဉ်းနေရသည်။
အကြိမ်ကြိမ် အနှောင့်အယှက် ခံနေရသဖြင့် လုချွမ်းသည်လည်း စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီး ဖြစ်လာခဲ့သည်။
“နင်က လူကယ်ရတာ ဒီလောက်တောင် ဝါသနာပါနေမှတော့... နင့်ရဲ့အရှိန်က ကျည်ဆန်တွေထက် ပိုမြန်မမြန် ကြည့်ကြသေးတာပေါ့”
အနီးကပ်တိုက်ခိုက်မှုများမှာ ကန့်သတ်ခံထားရသဖြင့် လုချွမ်းသည် သူ၏ ဇွန်ဘီစနိုက်ပါအဖွဲ့ကို တိုက်ရိုက်ဆင့်ခေါ်လိုက်တော့သည်။ ဇွန်ဘီအချို့သည် သေနတ်များကို ကောက်ကိုင်ကာ ကျောက်လင်းကို ချိန်ရွယ်ပြီး စတင်ပစ်ခတ်ကြလေသည်။
ကျောက်လင်းမှာမူ ဆင့်ကဲဇွန်ဘီ သုံးကောင်၏ ဖိအားပေးမှုကို ခံနေရသဖြင့် သူမကို သေနတ်ဖြင့် ချိန်ရွယ်နေသော ဇွန်ဘီများကို သတိပင်မထားမိလိုက်ချေ။
ဒိုင်း…ဒိုင်း…ဒိုင်း…
သေနတ်သံများကို ကြားလိုက်ရချိန်တွင်မှ ကျောက်လင်း အန္တရာယ်ကို သတိပြုမိလိုက်သော်လည်း တုံ့ပြန်ရန် အချိန်မရှိတော့ပေ။ သူမသည် စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့သော်လည်း သူမ၏ လက်ရှိအရှိန်မှာ မည်မျှပင်မြန်စေကာမူ ကျည်ဆန်ထက် မမြန်နိုင်ကြောင်း ကောင်းစွာသိရှိထားသည်။ ထို့ပြင် ဆင့်ကဲဇွန်ဘီ သုံးကောင်က သူမ၏ လှုပ်ရှားမှုများကို ပိတ်ဆို့ထားသဖြင့် သူမမှာ မတ်တတ်ပစ်မှတ်တစ်ခုကဲ့သို့ အားနည်းနေခဲ့ပြီဖြစ်သည်။
သို့သော် ကျောက်လင်းကို အံ့အားသင့်သွားစေသည်မှာ သေနတ်သံများ ထွက်ပေါ်လာသော်လည်း ကျည်ဆန်အားလုံးမှာ သူမ၏ ခန္ဓာကိုယ်ကို လွဲချော်သွားခြင်းပင်။
“ဟားဟားဟားအဲဒီလို ရည်ရွယ်ချက်မရှိဘဲ ပစ်နေတာကို ကြည့်ပြီး ငါတော့ ရယ်လို့ သေတော့မှာပဲ”
မိမိကိုယ်ကို သေချာပေါက် အဆုံးစီရင်ခံရတော့မည်ဟု ထင်မှတ်ထားရာမှ မမျှော်လင့်ဘဲ ဇာတ်လမ်းက ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ဤအခြေအနေမှာ ကျောက်လင်းကို စိတ်လှုပ်ရှားမှု ဒီရေအလား တက်ကျမြန်စေခဲ့ပြီး မထိန်းနိုင်ဘဲ အော်ရယ်မိတော့သည်။
“ငါ သိသားပဲ။ ဇွန်ဘီတွေ သေနတ်ပစ်တတ်ရင်တောင် ဘယ်လိုလုပ် ဒီလောက်အထိ တိကျနိုင်ပါ့မလဲ”
လုချွမ်းအတွက်မူ ကျောက်လင်း၏ ရယ်သံမှာ နားခါးစရာ အလွန်ကောင်းနေတော့သည်။ ထိုရဲမေ၏ ကံတရားမှာ ဤမျှအထိ ကောင်းမွန်နေလိမ့်မည်ဟု သူ မခန့်မှန်းထားမိပေ။ သူ၏ ဇွန်ဘီများက ဝိုင်းဝန်း၍ ပစ်ခတ်ခဲ့ကြသော်လည်း အားလုံး လွဲချော်ကုန်ကြသည်။
တစ်ဖက်တွင်လည်း ရပ်ကွက်ဂိတ်ဝအနီးရှိ အဆောက်အအုံ ၁ ၏ ဒုတိယထပ်ပြတင်းပေါက်မှနေ၍ တိုက်ပွဲကို အကဲခတ်နေသော သေးငယ်သည့် အရိပ်ကလေးကို ကျောက်လင်းရော လုချွမ်းပါ သတိမပြုမိကြချေ။
“ယခင်ဘဝက အတွေ့အကြုံရှိလို့ တော်သေးတာပေါ့။ တိုက်ပွဲကို အမြဲမပြတ် စောင့်ကြည့်နေလို့သာပဲ။ မဟုတ်ရင်တော့ ဒီနတ်ဆိုးရဲမေက နောက်တစ်ခါ ထပ်သေဦးမှာ...”
ကျိရုရွှယ်သည် သက်ပြင်းအသာချလိုက်သည်။ ကျည်ဆန်များ ကျောက်လင်းကို လွဲချော်သွားအောင် သူမ၏ စိတ်အာရုံဖြင့် ထိန်းချုပ်နိုင်စွမ်းကို အသုံးပြု၍ လမ်းကြောင်းလွှဲပေးခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လုချွမ်းသည် လက်လျှော့ခြင်းမရှိဘဲ ဇွန်ဘီအချို့ကို ကိုယ်တိုင်ထိန်းချုပ်ကာ ကျောက်လင်းကို သေချာချိန်ရွယ်စေပြီး ကျည်ကတ်ကုန်သည်အထိ ဆက်တိုက်ပစ်ခတ်စေပြန်သည်။
ဒိုင်း…ဒိုင်း…ဒိုင်း….
ပြင်းထန်သော သေနတ်သံများ ထပ်မံထွက်ပေါ်လာပြန်ရာ ကျောက်လင်း၏ မျက်နှာပျက်သွားတော့သည်။ ဤတစ်ကြိမ်တွင်မူ ဇွန်ဘီအများအပြားက သူမကို ဝိုင်းချိန်ထားသည်ကို အထင်အရှား မြင်နေရသဖြင့် အချို့ကို အံ့ဖွယ်ရှောင်တိမ်းနိုင်လျှင်ပင် အနည်းဆုံး တစ်ချက်တော့ အမှန်တကယ် ထိမှန်ပေတော့မည်။
သို့သော်လည်း... ထူးဆန်းသော အခြေအနေက ထပ်မံဖြစ်ပေါ်လာပြန်သည်။ ကျိရုရွှယ်သည် စိတ်စွမ်းအားကို အသုံးပြု၍ ကျည်ဆန်အားလုံးကို လမ်းကြောင်းလွဲသွားစေခဲ့သည်။
“ဒါ... ငါ့ကို နောက်နေတာလား”
“ကျည်ဆန်တွေက ကွေ့ဝိုက်ပျံသန်းလို့ ရနေတာလား”
လုချွမ်းတစ်ယောက် ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ပေ။ ထိုရဲမေကို ထိမှန်ရမည့် ကျည်ဆန်များမှာ လေထဲတွင် လမ်းကြောင်းများ ထူးဆန်းစွာ ပြောင်းလဲသွားသည်ကို သူ မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ကျောက်လင်းသည်လည်း ကျည်ဆန်အားလုံး သူမ၏ ခန္ဓာကိုယ်ကို ရှောင်ကွင်းသွားသည်ကို ကြည့်ရင်း အလွန်အမင်း အံ့အားသင့်နေမိသည်။
“ဒါက... ကျည်ဆန်တွေကို ကွေ့သွားအောင် လုပ်နိုင်တာလား။ ကိုယ်ပျောက်နိုင်ရုံတင်နဲ့တော့ ဒီလိုမျိုး မလုပ်နိုင်ဘူး မဟုတ်လား”
“အမှောင်ထဲမှာ ပုန်းနေတဲ့ ဒီကျွမ်းကျင်သူကြီးက ဘယ်အဆင့်အထိတောင် ဆင့်ကဲပြောင်းလဲထားတာလဲ”
လုချွမ်းနှင့် ကျောက်လင်းတို့ နှစ်ဦးစလုံး အံ့အားသင့်နေကြစဉ် နောက်ကွယ်မှနေ၍ တိုက်ပွဲကို လွှမ်းမိုးထားသော ကျိရုရွှယ်မှာမူ ဂုဏ်ယူဝင့်ကြွားနေမိသည်။
“ကံကောင်းလို့ ပြန်လည်မွေးဖွားလာပြီးနောက်မှာ အချိန်ထိန်းချုပ်နိုင်စွမ်းကို ဆက်လက်
ပိုင်ဆိုင်ထားရုံတင်မကဘဲ စိတ်အာရုံဖြင့် ထိန်းချုပ်နိုင်စွမ်းကိုပါ နိုးထလာခဲ့တာ။ မဟုတ်ရင် အချိန်ကိုပဲ ထိန်းချုပ်နိုင်ရုံနဲ့တော့ ဒီလောက်များတဲ့ ကျည်ဆန်တွေကို တားဆီးနိုင်ဖို့ တကယ်မလွယ်ဘူး”
ကျိရုရွှယ်သည် သူမကိုယ်သူမ စွမ်းရည်နှစ်မျိုးပိုင်ဆိုင်ထားသူဖြစ်၍ ကျေးဇူးတင်နေမိသည်။ သို့မဟုတ်ပါက နတ်ဆိုးရဲမေနှင့် ပူးပေါင်းလျှင်ပင် ထိုဇွန်ဘီဘုရင်ကို နှိမ်နင်းနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဤသည်ကို တွေးမိရင်း ကျိရုရွှယ် အသာအယာ ပြုံးလိုက်သည်။
“စိတ်မကောင်းပါဘူး ဇွန်ဘီဘုရင်ကြီးရေ... ငါ့ရဲ့ စိတ်စွမ်းအားနဲ့ အချိန်ထိန်းချုပ်မှု ရှိနေသရွေ့တော့ ငါကာကွယ်ချင်တဲ့လူကို ဘယ်သူမှ ထိလို့မရစေရဘူး”
“စွမ်းရည်နှစ်မျိုး ပိုင်ဆိုင်ထားတဲ့အခါကျတော့လည်း ကိုယ်ဖြစ်ချင်သလို ဖြစ်နေတာပေါ့”