← Chapters

အခန်း (၇၈)

Vol. 8 Ch. 78

အခန်း (၇၈)

Vol. 8 Ch. 78

“ဒီဇွန်ဘီတွေ ဘာဖြစ်နေကြတာလဲ။ ဘာကြောင့် ငါတို့နေထိုင်တဲ့ အဆောက်အအုံဆီကိုပဲ အကုန်လုံး ပြေးဝင်နေကြတာလဲ”

အဆောက်အအုံ ၅ ၏ အောက်ခြေတွင် စုရုံးရောက်ရှိနေသော ဇွန်ဘီအုပ်ကြီးကို ကြည့်ရှုရင်း ကျိရုရွှယ်သည် လွန်စွာမှ ဇဝေဇဝါ ဖြစ်သွားရသည်။ နေရောင်ခြည်ရပ်ကွက်အတွင်းရှိ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများနှင့် သာမန်ဇွန်ဘီများအားလုံးသည် အမှောင်ထုအတွင်း ပုန်းကွယ်နေသည့် ဇွန်ဘီဘုရင်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိကြသည်ဟု သူမ ယူဆထားသည်။

လက်ရှိအခြေအနေအရ ဇွန်ဘီများသည် အန္တရာယ်ကြုံလာပါက ၎င်းတို့၏ အရှင်သခင်ဖြစ်သော ဇွန်ဘီဘုရင်ကိုသာ ဦးစားပေးကာကွယ်ရမည်ဖြစ်သည်။ ကျိရုရွှယ်၏ မှတ်သားချက်အရ ဇွန်ဘီဘုရင်များသည် ဇွန်ဘီများကို စေခိုင်းနိုင်သည့် စွမ်းအားရှိသော်လည်း ၎င်းတို့ကိုယ်တိုင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာမူ အားနည်းလှပေသည်။ ထို့ကြောင့် လူသားစွမ်းအားရှင်များနှင့် ထိပ်တိုက်တွေ့ဆုံပါက အသက်အန္တရာယ် အလွန်နီးကပ်နိုင်သဖြင့် ဇွန်ဘီဘုရင်တိုင်းသည် သေဘေးကို ကြောက်ရွံ့ကြပြီး ဇွန်ဘီအုပ်ကြီး၏ အကာအကွယ်မပါဘဲ မည်သည့်အခါမျှ အပြင်မထွက်ကြပေ။

“ဒါဟာ တကယ်ကို ထူးဆန်းတဲ့ကိစ္စပဲ။ ငါကိုယ်တိုင် အဆောက်အအုံ ၅ ထဲက အခန်းတိုင်းကို စစ်ဆေးပြီးပြီလေ။ အဲဒီမှာ ဇွန်ဘီဖေဖေ သယ်ယူလာတဲ့ ရိက္ခာတွေပဲ ရှိတာကို။ ဒီဇွန်ဘီတွေက ဘာရည်ရွယ်ချက်နဲ့ အဲဒီနေရာကို သွားစုနေကြတာလဲ”

ကျိရုရွှယ် တွေးတောမရ ဖြစ်နေစဉ်မှာပင် ကျောက်လင်းသည် သူမ ပေးပို့ထားသော လမ်းညွှန်ချက်များအတိုင်း ဇွန်ဘီများ စုဝေးရာ အဆောက်အအုံ ၅ ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်သည်။ အဆောက်အအုံကို တံတိုင်းသဖွယ် ဝိုင်းရံကာကွယ်ထားသည့် ဇွန်ဘီအုပ်ကြီးကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်ဝန်းများတွင် ပြတ်သားသော သန္နိဋ္ဌာန်များ ပေါ်ပေါက်လာတော့သည်။

“ကိုယ်ပျောက်ကျွမ်းကျင်သူ ပြောပြခဲ့သလိုပဲ။ ဇွန်ဘီဘုရင်ဟာ အန္တရာယ်ကို ရိပ်မိလို့ ဇွန်ဘီတပ်သားတွေကို တစ်နေရာတည်းမှာ အကုန်စုစည်းထားတာပဲ ဖြစ်ရမယ်”

ယခင်က သူမကို တိုက်ခိုက်ခဲ့သည့် ဆင့်ကဲဇွန်ဘီ လေးကောင်သည်ပင် အခြားသော သာမန်ဇွန်ဘီများနှင့်အတူ တညီတညွတ်တည်း ရောနှောလျက် အဆောက်အအုံကို ကာကွယ်နေကြသည်ကို ကျောက်လင်း အံ့ဩဖွယ် မြင်တွေ့နေရသည်။

“ဇွန်ဘီတွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ဇွန်ဘီဘုရင်ဟာ ဒီအဆောက်အအုံ ၅ ထဲမှာ ပုန်းအောင်းနေတာ သေချာပြီ”

ထိုစဉ် လုချွမ်း၏ ထိန်းချုပ်မှုအောက်ရှိ ဇွန်ဘီများသည် ဒေါသတကြီးဖြင့် ကြောက်မက်ဖွယ်ရာ သတိပေးဟိန်းဟောက်သံများကို ဆက်တိုက် ထုတ်လွှတ်လိုက်ကြတော့သည်။

တိတ်ဆိတ်ငြိမ်သက်လှသော လရောင်လွှမ်းသည့်ညတွင် ထိုဇွန်ဘီတို့၏ အူဟောက်သံများမှာ အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည်။

သို့သော် ဤဇွန်ဘီဘုရင်သာ ဆက်လက်ရှင်သန်နေပါက လူသားမျိုးနွယ်အပေါ် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်ဟူသော အတွေးက ကျောက်လင်း၏ စိတ်ကို ပိုမိုပြတ်သားစေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ယနေ့ညတွင် ဇွန်ဘီဘုရင်ကို အပြီးတိုင် နှိမ်နင်းရမည်

ဖြစ်ကြောင်း သို့မှသာ ကျန်းဟိုင်မြို့ရှိ လူသားများအတွက် အေးချမ်းမှု ရရှိနိုင်မည်ဖြစ်ကြောင်း သူမ ယုံကြည်ထားသည်။

“ဒီနေ့တော့ ဇွန်ဘီဘုရင်ကို ငါ့လက်နဲ့ အဆုံးသတ်ရမယ်”

ကျောက်လင်းသည် ဒေါသတကြီး ဟစ်အော်လိုက်ပြီးနောက် သူမ၏ စစ်သုံးဓားမြှောင်ကို ဝှေ့ယမ်းလျက် အဆောက်အအုံ ၅ ဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်တိုက်ခိုက်တော့သည်။

“ဒီမိန်းမ ဘာဖြစ်နေတာလဲ။ ဘာကြောင့် အဆောက်အအုံ ၅ ဘက်ကိုမှ ဦးတည်ပြီး တိုက်ခိုက်နေရတာလဲ”

“သူ သေရာက ပြန်ရှင်လာပြီးတော့ ဦးနှောက်များ ထိခိုက်သွားတာလား။ ဘာဖြစ်လို့ ငါ့ကိုပဲ တစိုက်မတ်မတ် လိုက်နှောင့်ယှက်နေရတာလဲ”

အဆောက်အအုံ ၅ ရှေ့တွင် ရပ်နေသော လုချွမ်းသည် ကျောက်လင်း အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို မြင်သောအခါ အံ့ဩတုန်လှုပ်မှုနှင့်အတူ ဒေါသလည်း အလိပ်လိုက် ထွက်ပေါ်လာသည်။ မူလက သူသည် နေရောင်ခြည်ရပ်ကွက်တစ်ခုလုံးကို စောင့်ရှောက်ရန် ရည်ရွယ်ခဲ့သော်လည်း အမှောင်ထဲမှ လျှို့ဝှက်စွမ်းအားရှင်၏ စွမ်းရည်မှာ အလွန်ထူးဆန်းနေသဖြင့် သူ မတတ်နိုင်ခဲ့ပေ။ မိမိကိုယ်ကို ကျောက်ရုပ်ကဲ့သို့ အေးခဲသွားစေနိုင်သည့် ထိုစွမ်းအားကြောင့် လုချွမ်းသည် စိုးရိမ်ထိတ်လန့်မှုကို အကြီးအကျယ် ခံစားနေရသည်။

ထို့ကြောင့် သူသည် အခြားနေရာများကို လက်လွှတ်ကာ အဆောက်အအုံ ၅ ပတ်ဝန်းကျင်တွင်သာ အင်အားစုစည်းပြီး ခုခံကာကွယ်ရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။ သူ့အတွက် ဤရပ်ကွက်တစ်ခုလုံးမှာ အရေးမကြီးလှပေ။ သူ လုံးဝသည်းမခံနိုင်သည့် အချက်မှာ ဤလူသားစွမ်းအားရှင် နှစ်ဦးက သတ္တမထပ်တွင် ရှိနေသော ချီချီလေးကို နှောင့်ယှက်ဖျက်ဆီးမည့် အရေးပင်။ သမီးဖြစ်သူ ဘေးကင်းနေသရွေ့ အခြားအရာအားလုံးကို ထိုစွမ်းအားရှင် နှစ်ဦး စိတ်ကြိုက် လွှတ်ပေးထားရန် သူ အလျှော့ပေးခဲ့ပြီးဖြစ်သည်။

သို့သော် လုချွမ်း မမျှော်လင့်ထားသည့်အချက်မှာ သူက အလျှော့ပေးပါသော်လည်း တစ်ဖက်လူများက ရန်လိုစွာဖြင့် အတင်းအကျပ် တိုက်ခိုက်လာခြင်းပင်။

“တောက်... သောက်ကောင်မ…”

“ငါ့ကို ဘာလို့ ဒီလောက်အထိ အကျပ်ကိုင်နေကြတာလဲ”

“ငါက မင်းတို့ကို ရပ်ကွက်တစ်ခုလုံးကိုတောင် ပေးထားပြီးပြီလေ။ အခုထိ ထပ်ပြီး ဖိအားပေးနေဦးမှာလား။ ဒါဆိုရင်တော့ ဒီနေ့ ငါနဲ့ မင်းတို့ သေပွဲရှင်ပွဲ ဆင်နွှဲကြတာပေါ့”

လုချွမ်း၏ သွေးရောင်လွှမ်းနေသော မျက်ဝန်းအစုံမှ အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေပြီး ပိန်းပိတ်အောင် မှောင်နေသည့် ညဉ့်နက်သန်းခေါင်တွင် သူ၏မျက်လုံးများသည် အနီရောင်ဖျော့ဖျော့ အလင်းတန်းများသဖွယ် တောက်ပနေတော့သည်။

“လာကြစမ်း။ ငါ့ကို ဒီလောက်တောင် အတင်းအကျပ် ဖိအားပေးနေမှတော့ အဆုံးထိ တိုက်ကြတာပေါ့”

“ငါက တစ်ကြိမ်သေဖူးပြီးသားကောင်ပဲ။ ဒီနေ့ ငါ့အသက်ကို ရင်းရမယ်ဆိုရင်တောင် မင်းတို့ကို အဆောက်အအုံ ၅ ထဲ ခြေတစ်လှမ်းမှ အဝင်မခံနိုင်ဘူး”

ယနေ့တွင် ဤလူသားစွမ်းအားရှင် နှစ်ဦးသည် လုချွမ်း၏ အထိမခံသော စည်းကို ပြင်းထန်စွာ ကျူးကျော်လိုက်ကြပြီဖြစ်သည်။ လုချွမ်းသည် သတ္တမထပ်ဆီသို့ မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအစုံတွင် နူးညံ့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထိုနေရာလေးသည် ဤထူးဆန်းသော ကမ္ဘာသစ်သို့ ရောက်ရှိလာပြီးနောက် သူ၏ စိတ်ဝိညာဉ်အတွက် တစ်ခုတည်းသော နှစ်သိမ့်ရာ နေရာလေးပင်။

လုချွမ်း၏ စေခိုင်းမှုအောက်တွင် တာဖန်းသည် သူ၏ ဧရာမတူနှစ်စင်းကို ဝှေ့ယမ်းလျက် ရှေ့ဆုံးမှ အရှိန်အဟုန်ဖြင့် ပြေးထွက်လာသည်။

ဗုန်း….ဗုန်း…ဗုန်း…

လုချွမ်း၏ ပြင်းထန်သော ဒေါသကြောင့် တာဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပုံမှန်ထက်ပင် ပိုမိုမြင့်မားနေပြီး တိုက်ကွက်တိုင်းမှာ အစွမ်းကုန် ပါဝင်နေသည်။ တစ်ဖက်တွင်လည်း ပိုမိုရက်စက်ကြမ်းကြုတ်လာသော ဇွန်ဘီများကို ရင်ဆိုင်နေရသည့် ကျောက်လင်းသည် မည်သည့်ကြောက်ရွံ့မှုကိုမျှ ပြသခြင်းမရှိပေ။

ရွှတ်... ရွှတ်... ရွှတ်

သူမ၏ စစ်သုံးဓားမြှောင် တစ်စုံမှာ ပျံသန်းနေသော ပျားပုတီးများနှင့် လိပ်ပြာများအလား လျင်မြန်စွာ လှုပ်ရှားနေပြီး ဓားသွားများပေါ်တွင် ဇွန်ဘီသွေးများ စွန်းထင်နေတော့သည်။ တာဖန်းသည် ဒဏ်ရာများ ရနေသော်လည်း သူ၏ တူကြီးများမှာ ပြင်းထန်စွာ ကျရောက်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ကွန်ကရစ်မြေပြင်များပင် အက်ကွဲကုန်ရသည်။

ရွှစ်... ရွှစ်…

လေခွဲသံများနှင့်အတူ ဇွန်ဘီအုပ်ကြားထဲမှ သွယ်လျသော ပုံရိပ်နှစ်ခုမှာ ဝုန်းခနဲ ပြေးထွက်လာကြသည်။ လရောင်အောက်တွင် သူတို့၏ ဓားသားများမှာ ငွေရောင်တလက်လက် တောက်ပနေသည်။ ကျောက်လင်းသည် အလျှင်အမြန် နောက်ဆုတ်လိုက်သော်လည်း တာဖန်းက ဇွဲမလျှော့ဘဲ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်ရာ ဧရာမတူကြီးမှာ ကျောက်လင်း၏ ဝမ်းဗိုက်ဆီသို့ တည့်တည့်မတ်မတ် ကျရောက်လာတော့သည်။

ထိုအခိုက်အတန့်တွင် လုချွမ်းသည် ထိုဆန်းကြယ်သော စွမ်းအား ထပ်မံရောက်ရှိလာသည်ကို ခံစားလိုက်ရပြန်သည်။ တာဖန်း၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားသဖြင့် ကျောက်လင်းသည် ဧရာမတူကြီး၏ အန္တရာယ်မှ ကပ်သီးကပ်သတ် ရှောင်တိမ်းနိုင်ခဲ့သည်။ ချက်ချင်းဆိုသလိုပင် လျှပ်စီး ၁ နှင့် လျှပ်စီး ၂ တို့သည် ၎င်းတို့၏ ဓားနှစ်စင်းကို ဝှေ့ယမ်းကာ ကျောက်လင်း၏ နောက်ဆုတ်လမ်းကြောင်းကို ပိတ်ဆို့ရန် ဝိုင်းရံလိုက်ကြတော့သည်။

သို့သော် လုချွမ်း အောင်မြင်ခါနီးအချိန်တိုင်းတွင် ထိုဆန်းကြယ်သော အင်အားသည် လျှပ်စီး ၁ ထံသို့ ထပ်မံသက်ရောက်လာပြန်သည်။ ကျောက်လင်းသည် လှုပ်ရှား၍မရတော့သော လျှပ်စီး ၁ ၏ ညာဘက်နောက်ခြမ်းမှတစ်ဆင့် အခွင့်ကောင်းယူကာ ထိုသေစေနိုင်သော တိုက်ကွက်ကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။

အမှောင်ထဲမှ လျှို့ဝှက်စွမ်းအားရှင်၏ အကြိမ်ကြိမ် တားဆီးမှုကို ခံရသဖြင့် လုချွမ်းသည် ဒေါသအလိပ်လိုက် ထွက်ပေါ်လာတော့သည်။

ဂါးးး…….

ဟိန်းဟောက်သံတစ်ချက်နှင့်အတူ လုချွမ်းသည် ဓားမကြီးကို ဆွဲကိုင်ကာ တိုက်ပွဲထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လာခဲ့သည်။ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည်များ ပိုင်ဆိုင်ထားသော လုချွမ်းသည် ဒေါသတကြီးဖြင့် ကျောက်လင်းကို ချက်ချင်းပင် ဖိနှိပ်တိုက်ခိုက်လိုက်ရာ သူမမှာ ခေါင်းပင်မဖော်နိုင်လောက်အောင် ဖြစ်သွားရသည်။

သို့သော် လုချွမ်း စိတ်ပျက်ရသည်မှာ သူ၏တိုက်ကွက် ကျောက်လင်းထံသို့ ထိမှန်တော့မည့် အချိန်တိုင်းတွင် ထိုထူးဆန်းသော စွမ်းအားက အမြဲတမ်း ကြားဖြတ်နှောင့်ယှက်နေခြင်းပင်။ သူသည် အစွမ်းကုန် ရုန်းကန်သော်လည်း ထိုတားဆီးပိတ်ပင်မှုကို မည်သို့မျှ မကျော်လွှားနိုင်ခဲ့ပေ။

“တောက်... သတ္တိရှိရင် အပြင်ထွက်ခဲ့စမ်း”

လုချွမ်းသည် နောက်တစ်ကြိမ် တောင့်ခဲသွားပြန်ပြီး ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ ထိုအချိန်တွင် ကျောက်လင်းသည် လုချွမ်း လှုပ်ရှား၍မရသည့် အခွင့်အရေးကို အသုံးချကာ သူမ၏ စစ်သုံးဓားမြှောင်ဖြင့် လုချွမ်း၏ လည်ပင်းတည့်တည့်သို့ အလျှင်အမြန် ထိုးသွင်းလိုက်တော့သည်။

“ဒီတစ်ခါတော့ နင် သေဖို့သာ ပြင်ထားတော့”

ကျောက်လင်းက အေးစက်သော အပြုံးဖြင့် တွေးလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူမကိုယ်တိုင်လည်း တစ်နေရာတည်း၌ အေးခဲသွားသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။ ဤအခြေအနေကြောင့် ကျောက်လင်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

ထို့နောက် ကျောက်လင်းသည် တမင်တကာ အားနည်းချက်ပြကာ ဟန်ချက်ပျက်သလိုဖြင့် နောက်သို့ ယိုင်လဲပြလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် လုချွမ်းသည် ဗီဇအရ သူ၏ဓားကို အရှိန်ဖြင့် ခုတ်ချလိုက်တော့သည်။ ကျောက်လင်း ခန့်မှန်းထားသည့်အတိုင်းပင် ကိုယ်ပျောက်ကျွမ်းကျင်သူသည် ထိုဇွန်ဘီကို ထပ်မံတားဆီးလိုက်ပြန်သည်။ ကျောက်လင်းသည် ထိုလွတ်ကွက်ကို အသုံးချ၍ ဓားဖြင့် ထိုးရန် ရှေ့သို့တိုးလိုက်သော်လည်း မမျှော်လင့်ဘဲ သူမသည် ထပ်မံတားဆီးခံရပြန်သည်။

ကျောက်လင်းသည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“တော်ပြီ နင်က ဘယ်ဘက်ကလဲ”

ကျိရုရွှယ်၏ မျက်နှာမှာလည်း မှောင်မှောင်မည်းမည်း ဖြစ်နေပြီး အေးစက်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။

“ငါ ပြောပြီးပြီလေ... ဒီဇွန်ဘီကို နင် လုံးဝ ထိလို့မရဘူး”

တစ်ဖက်လူ၏ လေသံထဲရှိ အေးစက်မှုကို ခံစားလိုက်ရသောအခါ ကျောက်လင်းသည် ထို ကိုယ်ပျောက်ကျွမ်းကျင်သူနှင့် သူမရှေ့ရှိ ဇွန်ဘီတို့အကြား ဘယ်လို ပတ်သက်နေတာလဲဟု မတွေးဘဲ မနေနိုင်တော့ပေ။

“ဒါဟာ... ဒီဇွန်ဘီက အဲဒီကျွမ်းကျင်သူရဲ့ ဆွေမျိုးတော်စပ်နေတာများလား”

All Chapters