အခန်း (၈၀)
Vol. 8 Ch. 80
“တောက်... ဒီလူဟာ တကယ့်ကို နားမလည်နိုင်အောင် တုံးအလွန်းတာပဲ”
ကျိရုရွှယ်၏ ခြိမ်းခြောက်မှုသံပါသော စကားများကို ကြားလိုက်ရချိန်တွင် ကျောက်လင်း၏ စိတ်ထဲ၌ ဒေါသများ အလိပ်လိုက် တက်လာတော့သည်။
“ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပါလျက်နဲ့ ဘာလို့ ဒီလောက်တောင် ဝေခွဲမရ ဖြစ်နေရတာလဲ။ ဒီကိုယ်ပျောက်စွမ်းအားရှင်က သူ့ရဲ့ အတိတ်က အမှတ်တရတွေနဲ့ပဲ ထာဝရ အတူယှဉ်တွဲ နေထိုင်သွားဖို့ ကြံစည်နေတာလား”
ကျောက်လင်းသည် စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေမိသည်။ သူမ၏ အပြစ်ဆိုဖွယ်မရှိသော မူလအစီအစဉ်ကြီးမှာ အသင်းဖော်ဖြစ်သူ၏ ပြတ်သားမှုမရှိခြင်းကြောင့် လမ်းကြောင်းလွဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ယခင်က ရဲစခန်းတွင် တာဝန်ထမ်းဆောင်စဉ်က လုပ်ဖော်ကိုင်ဖက်များက သူမအား စိတ်ထားနူးညံ့လွန်းပြီး ရိုးအလွန်းကြောင်း၊ ဤကမ္ဘာပျက်ကပ်ကြီးအတွင်း သူမသည် အမြဲတမ်း တုံ့ဆိုင်းနေတတ်ကြောင်း ပြောဆိုလေ့ရှိကြသည်။ သို့သော် ယနေ့တွင်မူ သူမထက်ပင် ပို၍ ဝေခွဲမရဖြစ်နေသည့်သူမျိုးနှင့် တွေ့ဆုံရလိမ့်မည်ဟု ကျောက်လင်း မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
“ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားခဲ့တာ ဒီလောက်တောင် ကြာနေပြီကို ဒီငတုံးကောင်က ဘာလို့ အခုထိ နားမလည်သေးတာလဲ”
“ဇွန်ဘီဆိုတာ ဇွန်ဘီပဲလေ။ သူတို့ဟာ အရင်က လူသားတွေနဲ့ ဘာမှမပတ်သက်တော့ဘူး။ ရုပ်ချင်းတူနေရင်တောင် သူတို့ဟာ လုံးဝခြားနားတဲ့ သက်ရှိတွေ ဖြစ်သွားကြပြီ”
ထိုစဉ် ကျောက်လင်း၏ မျက်ဝန်းအစုံမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး သူမရှေ့မှ လုချွမ်းကို အပြတ်ရှင်းပစ်ချင်နေမိသည်။ သူမ ရင်ဆိုင်ခဲ့ရသော ဇွန်ဘီများအနက် ရုပ်ရည်အသာမန်ဆုံးဖြစ်သည့် ဤဇွန်ဘီမှာ အန္တရာယ်အရှိဆုံး ဖြစ်နေသည်။ သူ၏ ထူးကဲလှသော တိုက်ခိုက်ရေးစွမ်းရည်မှာ ရဲအရာရှိတစ်ဦးဖြစ်သည့် ကျောက်လင်းကိုပင် ဖိအားအကြီးအကျယ် ပေးနိုင်စွမ်းရှိသည်။
ရန်သူကို သတ်ဖြတ်နိုင်မည့် အခွင့်အရေးများစွာ ရရှိခဲ့သော်လည်း သူမ၏အသင်းဖော်မှာ တာဝန်မကျေပွန်ခဲ့ပေ။ ကိုယ်ပျောက်စွမ်းအားရှင်က အမှောင်ထဲမှနေ၍ အစဉ်တစိုက် နှောင့်ယှက်နေသရွေ့ သူမရှေ့မှ ဇွန်ဘီကို သတ်ရန်မှာ မဖြစ်နိုင်ကြောင်း ကျောက်လင်း သိလိုက်သည်။
မတတ်သာသည့်အဆုံး ကျောက်လင်းသည် ထိုဇွန်ဘီများကို ဆက်လက်မတိုက်ခိုက်တော့ရန် ဆုံးဖြတ်လိုက်ပြီး အဆောက်အအုံ ၅ ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ အနည်းဆုံးတော့ ယနေ့ညတွင် ဇွန်ဘီဘုရင်ကို အပြီးတိုင် သတ်ဖြတ်နိုင်မှသာ သူမ ကြိုးစားခဲ့သမျှ အရာထင်မည်ဖြစ်သည်။
ကျောက်လင်းက အဆောက်အအုံ ၅ အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ လုချွမ်းသည် ဓားကိုဝှေ့ယမ်းကာ သူမ၏လမ်းကို ချက်ချင်း ပိတ်ဆို့လိုက်သည်။ အဆောက်အအုံ ၅ သည် သူ၏ နောက်ဆုံးစည်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ရောက်ခွင့်ပေးရန် လုချွမ်း၌ အစီအစဉ်မရှိပေ။
သို့သော် လုချွမ်းက သူ၏ဓားကို လေထဲတွင် ခုတ်ပိုင်းလိုက်သည့် ခဏမှာပင် ထိုထူးဆန်းသော အင်အားသည် နောက်တစ်ကြိမ် ကျရောက်လာပြီး လုချွမ်း၏ ခန္ဓာကိုယ်ကို ထပ်မံတောင့်ခဲသွားစေပြန်သည်။
“တောက်... မင်းတို့အားလုံးကို ငါ အသေသတ်ပစ်မယ်”
“ရပ်လိုက်စမ်း”
“မင်းတို့မှာ သတ္တိရှိရင် ငါ့ကို လွှတ်ပေးလိုက်စမ်းပါ။ ပြီးရင် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ကြတာပေါ့”
ဂါးးးးးး...
လှုပ်ရှား၍မရဘဲ ပိတ်မိနေသဖြင့် လုချွမ်းသည် ဒေါသတကြီး ဟိန်းဟောက်နေရုံသာ တတ်နိုင်တော့သည်။ သူ၏ မျက်နှာမှာလည်း ကြောက်မက်ဖွယ်ရာ ရှုံ့မဲ့နေတော့သည်။ လုချွမ်း၏ ထိတ်လန့်ဖွယ် အော်ဟစ်သံများကြောင့် ပတ်ဝန်းကျင်ရှိ ဇွန်ဘီများမှာပင် မထိန်းချုပ်နိုင်အောင် တုန်လှုပ်နေကြရသည်။
ကံကောင်းထောက်မစွာဖြင့် ကျိရုရွှယ်၏ စိတ်အာရုံစွမ်းအားမှာ အကန့်အသတ်ရှိနေသဖြင့် ကြာရှည်စွာ ထိန်းထားနိုင်ခြင်း မရှိပေ။ ခေတ္တမျှ အချုပ်အနှောင်မှ လွတ်မြောက်သွားသည်နှင့် လုချွမ်းသည် ကျောက်လင်းနောက်သို့ အပြေးအလွှား လိုက်လံတားဆီးတော့သည်။
“ငါ ပြောပြီးပြီလေ... ဘယ်သူ့ကိုမှ အဝင်မခံဘူးလို့”
သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် လုချွမ်းသည် ကျောက်လင်းအား ဓားမကြီးဖြင့် ဆက်တိုက် ခုတ်ပိုင်းနေတော့သည်။ ကျောက်လင်းသည် အဆောက်အအုံ တံခါးဝသို့ ရောက်လုနီးပါး ဖြစ်နေသော်လည်း လုချွမ်း၏ ပြင်းထန်သော တိုက်စစ်ကြောင့် လှည့်၍ ခုခံလိုက်ရပြန်သည်။
ဂျုန်း…
ယခုတစ်ကြိမ်တွင်မူ လုချွမ်း၏ တိုက်ကွက်မှာ အလွန်ပြင်းထန်လှသဖြင့် ကျောက်လင်းမှာ ခေတ္တမျှ ခုခံရန် ပျက်ကွက်သွားပြီး အဆောက်အအုံ တံခါးမကြီးဆီသို့ အရှိန်ဖြင့် လွင့်စင်ကာ ရိုက်မိသွားတော့သည်။
ကျွီ...
ဟောင်းနွမ်းနေသော သံတံခါးမကြီးမှာ နားမခံသာသော အသံကြီး ထွက်ပေါ်လာပြီး တံခါးရှိ သံပြားပင် ကွေးညွတ်သွားရသည်။
“တောက်... ဒီဇွန်ဘီက တကယ့်ကို ဒုက္ခပေးလွန်းတာပဲ”
ကျောက်လင်း၏ မျက်နှာမှာ ဖြူလျော်သွားပြီး ပြင်းထန်သော ရိုက်ခတ်မှုဒဏ်ကြောင့် သူမ၏ အတွင်းကလီစာများပင် တုန်ခါသွားရသည်။ သို့သော် ကျောက်လင်းသည် ထိုဒဏ်ရာကို ဂရုမစိုက်ဘဲ နောက်သို့ လက်လှမ်းကာ တံခါးကို အတင်းဆွဲဖွင့်လိုက်တော့သည်။
ဝုန်း….
ရုတ်တရက် လေထုကို ခွဲထွက်လာသော အသံတစ်ခု နောက်ကျောဘက်မှ ထွက်ပေါ်လာသဖြင့် ကျောက်လင်းသည် ဗီဇအရ ဘေးသို့ ရှောင်တိမ်းလိုက်ရသည်။ သူမ ရှောင်လိုက်သည်နှင့် တစ်ပြိုင်နက် သံမဏိဓားတစ်ချောင်းသည် သူမ၏ ဘေးနားမှ ဝဲပျံသွားပြီး တံခါးချပ်ကို တည့်တည့်မတ်မတ် စိုက်ဝင်သွားကာ မီးပွင့်များပင် ထွက်ပေါ်သွားတော့သည်။ တံခါးပေါ်ရှိ သံပြားပင် ထိုဓားဒဏ်ကြောင့် သိသိသာသာ အက်ကွဲပျက်စီးသွားရသည်။
“တောက်... နင်တို့က မပြီးနိုင်သေးဘူးလား”
ကျောက်လင်းမှာ ပြောစရာ စကားပင် မရှိတော့ပေ။ မူလက ယနေ့ည၏ ဇွန်ဘီဘုရင်နှိမ်နင်းရေး အစီအစဉ်သည် အဆင်ပြေချောမွေ့လိမ့်မည်ဟု သူမ ယုံကြည်ခဲ့သော်လည်း သူမ၏ ကိုယ်ပျောက်အသင်းဖော်မှာ ဤမျှအထိ ဝေခွဲမရဖြစ်ကာ ဇွန်ဘီတစ်ကောင်ကိုပင် အပြတ်မရှင်းနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ အဆုံးတွင် သူမသည် အဆောက်အအုံ အပြင်ဘက်၌သာ ပိတ်မိနေပြီး ရှေ့ဆက်ရမည့် တာဝန်ကိုလည်း မထမ်းဆောင်နိုင် ဖြစ်နေရသည်။
ယခုအချိန်တွင် သူမသည် စောစောက လုချွမ်း ခံစားခဲ့ရသော အားရှိသော်လည်း ထုတ်သုံး၍မရသည့်ခံစားချက်မျိုးကို အပြည့်အဝ နားလည်သွားခဲ့ပြီဖြစ်သည်။ တိုက်ခိုက်ရမည်လား မတိုက်ခိုက်ဘဲ နေရမည်လား မဝေခွဲနိုင်ဘဲ ကျောက်လင်းမှာ အကြပ်ရိုက်နေတော့သည်။ ဇွန်ဘီကို သတ်ရန် ကြိုးစားသော်လည်း လူသားစွမ်းအားရှင် အချင်းချင်းက ပြန်လည်တားဆီးနေသဖြင့် သူမမှာ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်နေရသည်။
ဗုန်း…ဗုန်း….ဗုန်း…
ဤအခွင့်အရေးကို အသုံးချကာ လုချွမ်းသည် ကျောက်လင်းထံသို့ တိုက်ရိုက် ချဉ်းကပ်လာသည်။ သူ၏ လက်ထဲတွင် လက်နက်မရှိတော့သော်လည်း လေ့ကျင့်ထားသော တိုက်ခိုက်ရေးစွမ်းရည်များကြောင့် ကျောက်လင်းနှင့် ရင်ဆိုင်ရာတွင် အသာစီးရနေဆဲဖြစ်သည်။ တစ်ဖက်လူကို အနာတရမဖြစ်အောင် ရှောင်နေရသဖြင့် ကျောက်လင်းမှာ တိမ်းရှောင်နေရုံသာ တတ်နိုင်ပြီး လုချွမ်း၏ လက်သီးချက်များမှာမူ သံတံခါးပေါ်သို့ တစ်ချက်ပြီးတစ်ချက် ကျရောက်နေကာ လက်သီးရာများပင် ထင်ကျန်နေတော့သည်။
ဝေးရာအရပ်မှ စောင့်ကြည့်နေသော ကျိရုရွှယ်သည် သူမ၏ ဇွန်ဘီဖေဖေ ယခုကဲ့သို့ အသည်းအသန် တိုက်ခိုက်နေသည်ကို မြင်သောအခါ အလွန်အမင်း ဇဝေဇဝါ ဖြစ်သွားရသည်။
“ဖေဖေ ဒီနေ့ ဘာဖြစ်နေတာလဲ။ ပုံမှန်ဆိုရင် ဖေဖေက ဇွန်ဘီအုပ်ကြားထဲမှာ အေးအေးဆေးဆေးပဲ နေတတ်တာလေ။ ဘာလို့ ဒီနေ့မှ စွမ်းအားရှင်တွေကို ဒီလောက်အထိ အပြင်းအထန် တိုက်ခိုက်နေရတာလဲ”
လုချွမ်း၏ ယနေ့ ထူးခြားသော အပြုအမူများက ကျိရုရွှယ်ကို လုံးဝ စဉ်းစားမရ ဖြစ်စေသည်။
“ဒါဆို ဇွန်ဘီဘုရင်က တကယ်ပဲ အဆောက်အအုံ ၅ ထဲမှာ ရှိနေတာလား”
“ငါ အဆောက်အအုံ ၅ ထဲက အထပ်တိုင်း၊ အခန်းတိုင်းကို ရောက်ဖူးပါတယ်။ ရိက္ခာတွေကလွဲရင် ဇွန်ဘီဘုရင်ရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ပါဘူး”
“ဒါမှမဟုတ် ဒီဇွန်ဘီတွေက ဖေဖေ စုဆောင်းထားတဲ့ ရိက္ခာတွေကို ကာကွယ်ပေးနေတာလား။ အဲဒီပစ္စည်းတွေက ဇွန်ဘီတွေအတွက် တကယ်ပဲ အရေးပါလို့လား”
ကျိရုရွှယ်သည် သူမ၏ဆံပင်များကို စိတ်ပျက်လက်ပျက်ဖြင့် ထိုးဖွေလိုက်မိသည်။ သူမ၏ အပြစ်ဆိုဖွယ်မရှိသော အစီအစဉ်ကြီးမှာ မည်သည့်နေရာတွင် မှားယွင်းသွားသည်ကို သူမ လုံးဝ စဉ်းစားမရနိုင်အောင် ဖြစ်နေရသည်။
“ဇွန်ဘီဘုရင်က အန္တရာယ်ကို အာရုံခံမိလို့ ဇွန်ဘီတွေကို ဒီကို ဆင့်ခေါ်လိုက်တာလား”
“တကယ်တော့ အဆောက်အအုံ ၅ ထဲမှာ ဘာရှိလို့လဲ”
“ဒါမှမဟုတ်... ငါ့အတွက်ကြောင့်များလား”
နေပါဦး...
“ငါ့ကို ကာကွယ်ဖို့လား”
အတွေးထဲ နစ်ဝင်နေသော ကျိရုရွှယ်သည် ရုတ်တရက် ကျောက်ရုပ်ကဲ့သို့ တောင့်ခဲသွားသည်။ တစ်စုံတစ်ခုကို သူမ သတိပြုမိသွားပြီးနောက် ထိုရဲမေကို အသည်းအသန် တားဆီးနေသော သူမ၏ ဇွန်ဘီဖေဖေကို အမြန်လှမ်းကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် သူမ၏ ဖခင်ဖြစ်သူ၏ မျက်နှာမှာ ယခင်က တစ်ခါမျှ မမြင်ဖူးလောက်အောင် ကြောက်မက်ဖွယ်ရာ ရှုံ့မဲ့နေပြီး သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေတော့သည်။
ကျိရုရွှယ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်ကာ မှင်သက်နေမိသည်။
“ဒါဆို... ဖေဖေ ဒဏ်ရာရမှာကိုတောင် ဂရုမစိုက်ဘဲ အသည်းအသန် တိုက်ခိုက်နေတာဟာ ဇွန်ဘီဘုရင်ကို ကာကွယ်ဖို့ မဟုတ်ဘူးပဲ။ တကယ်တော့ သတ္တမထပ်မှာရှိနေတဲ့ ငါ့ကို ကာကွယ်ဖို့အတွက်လား”
“ဖေဖေ ဒီလောက်အထိ ဒေါသထွက်နေရတာက ဇွန်ဘီဘုရင် အန္တရာယ်ရှိလို့ မဟုတ်ဘဲ ငါ့ရဲ့တည်ရှိမှုကို တစ်ဖက်လူတွေ သိသွားမှာ စိုးရိမ်လို့လား”
“ဒီညမှာ သူလုပ်ဆောင်ခဲ့တဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေအားလုံးဟာ ငါ့ကို အထိခိုက်မခံနိုင်လို့ပဲ ဖြစ်ရမယ်”
အမှန်တရားကို နားလည်လိုက်ရသောအခါ ကျိရုရွှယ်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်သွားသည်။ သူမ၏ ဘဝနှစ်ခုစာအတွင်း မည်သူတစ်ဦးတစ်ယောက်ကမျှ သူမအတွက် ယခုကဲ့သို့ အသက်စွန့်ပြီး အပြင်းအထန် တိုက်ပွဲဝင်ပေးခဲ့ဖူးခြင်း မရှိပေ။
“ဒါပေမဲ့ ဖေဖေက ငါ့အတွက်ကြောင့် အဆောက်အအုံ ၅ ကို လာတာဆိုရင် တခြားဇွန်ဘီတွေကကော ဘာလို့ လိုက်လာကြတာလဲ”
“ဖြစ်နိုင်တာက... ဖေဖေကိုယ်တိုင်က သူတို့ရဲ့ လှုပ်ရှားမှုတွေကို စေခိုင်းနိုင်လို့လား”
ကျိရုရွှယ်၏ မျက်ဝန်းအစုံမှာ ရုတ်တရက် ဝိုင်းစက်သွားတော့သည်။ အကယ်၍ ဤအချက်သာ အမှန်ဖြစ်ခဲ့ပါက ဖေဖေသည် သူမနှင့်အတူ အိမ်တွင် နေ့စဉ်ရှိနေပါလျက်နှင့် အဆောက်အအုံတစ်ခုလုံးရှိ ရိက္ခာများကို မည်သို့ စုဆောင်းနိုင်ခဲ့သည်ဟူသော အချက်မှာ ရှင်းလင်းသွားပေလိမ့်မည်။ ရပ်ကွက်အတွင်း ဇွန်ဘီများ တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း ဖေဖေသည် အနီးအနား တစ်နေရာရာ၌ အမြဲတမ်း ပုန်းကွယ်နေတတ်သည်။ အပြင်ထွက်သည့်အခါတွင်လည်း အခြားသာမန်ဇွန်ဘီများကြားထဲတွင် ရောနှောနေတတ်သည်။
အကယ်၍ သူမသာ ဖေဖေ့ဝတ်စုံကို ကြည့်ပြီး မခွဲခြားနိုင်ခဲ့ပါက အခြားဇွန်ဘီများနှင့် ဘယ်လိုမှ ခြားနားလိမ့်မည် မဟုတ်ပေ...။ ဤအချက်များအားလုံးက ဖြစ်နိုင်ခြေတစ်ခုတည်းကိုသာ ညွှန်ပြနေတော့သည်။
“ဒါဆို... ဖေဖေက တကယ်တမ်းကျတော့ ဇွန်ဘီဘုရင် ဖြစ်နေတာလား”