← Chapters

အခန်း (၂၂၂)

Vol. 22 Ch. 222

အခန်း (၂၂၂)

Vol. 22 Ch. 222

ယွင်ရှန်းသည် ယီပိုင်မင်းကို တွဲကူထားရာ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်နှင့် ယီပိုင်မင်း၏ ထွားကြိုင်းမြင့်မားသော အရပ်အမောင်းမှာ ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း ဆည်းဆာနေရောင်အောက်တွင်မူ တစ်ဦးကိုတစ်ဦး အပြန်အလှန် ပံ့ပိုးပေးနေသည့် မြင်ကွင်းမှာ ကြည့်ရသည်မှာ အလွန်ပင် လိုက်ဖက်လှပေသည်။

ယွင်ရှန်းသည် စိတ်လှုပ်ရှားမှုကြောင့် သူမဖခင်၏ အထောက်အထားကို ယန်ပါးဟိုအား ချက်ချင်းဖွင့်ပြောမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းဆိုသည့် စကားလုံးမှာ သူမနှင့် မသက်ဆိုင်ဟု အမြဲယူဆခဲ့သော်လည်း ယနေ့တွင်တော့ သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ချေ။

သူမ၏ အပေါ်မှနေ၍ စူးစိုက်ကြည့်နေသော ယီပိုင်မင်း၏ အကြည့်ကြောင့် ယွင်ရှန်း၏ နားရွက်လေးများ နီရဲလာကာ သူ့ကို တွန်းထုတ်လိုက်မိသည်။

ဒီမြေခွေးသေကတော့... ယောက်ျားနဲ့ မိန်းမကြားမှာ ရှိရမယ့် အနေအထိုင် စည်းကမ်းတွေကို လုံးဝမသိဘူးလား။ ငှက်ပျောရွက်ကျေးရွာတုန်းကလည်း ဒီလိုပဲ။ အခု အချိန်အတော်ကြာပြီးမှ ပြန်တွေ့တာတောင် အကျင့်က မပြင်သေးဘူး။

သို့သော် ယွင်ရှန်းက ယီပိုင်မင်းကို တွန်းထုတ်ရန် ကြံစည်နေစဉ်မှာပင် သူ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

"အ... နာလိုက်တာ"

ယီပိုင်မင်းက တကယ်ပင် နာကျင်နေသည့်အလား ညည်းတွားလိုက်သည်။

"ဒဏ်ရာကို ထိသွားလို့လား"

ယွင်ရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ယန်ပါးဟို၏ သိုင်းဝိညာဉ်ကျားကြီး၏ အင်အားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ယီပိုင်မင်းသည် သူမကို ကယ်တင်ရန် မည်သည့်ကာကွယ်မှုမျှ မလုပ်ဘဲ သူ၏ အသားနှင့်သွေးဖြင့် ထိုတိုက်ကွက်ကို တိုက်ရိုက်ခုခံခဲ့ခြင်း ဖြစ်သည်။ သူသည် သူမကြောင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်သလို အခုအချိန်မှာ လမ်းမပေါ်တွင် ရပ်နေခြင်းဖြစ်ရာ ဒဏ်ရာကို စစ်ဆေးရန် မသင့်တော်ပေ။ ထို့ကြောင့် ယွင်ရှန်းသည် သူ၏ ဝူရွှမ်းဝူကျီခန်းမအတွင်းရှိ ဆေးခန်းသို့သာ ပြန်လည်တွဲ၍ ခေါ်လာခဲ့တော့သည်။

ဆေးခန်းအတွင်းသို့ ရောက်ရှိသောအခါ ယွင်ရှန်းသည် ယီပိုင်မင်း၏ အဝတ်အစားများကို ဖယ်ရှားလိုက်ရာ သူ၏ကျောပြင်ထက်တွင် ကြောက်မက်ဖွယ်ကောင်းလှသော ဒဏ်ရာကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုဒဏ်ရာမှာ ကျောပြင်တစ်ခုလုံးကို ဖြတ်ကျော်လျက် အရိုးများပင် မြင်နေရလုနီးပါး နက်ရှိုင်းလှသည်။

သာမန်အားဖြင့် ယီပိုင်မင်းကဲ့သို့ သန်မာသော ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသူအတွက် ဒဏ်ရာတစ်ခုမှာ ဤမျှအထိ ပြဿနာမရှိနိုင်သော်လည်း ထိုဒဏ်ရာအသစ်၏ အောက်တွင် ယခင်က ရရှိခဲ့ဖူးသော အမာရွတ်ဟောင်း အမြောက်အမြားကိုပါ ယွင်ရှန်း သတိထားမိလိုက်သည်။

ဒဏ်ရာဟောင်းတွေပေါ်မှာ ဒဏ်ရာသစ်တွေ ထပ်ဆင့်သွားတာကြောင့် အခြေအနေကတော့ သိပ်ပြီး အကောင်းမမြင်နိုင်တော့ပေ။

"ရှင်ကလည်း... ဘာလို့ ဘာအချက်ပြမှမပေးဘဲ ဝုန်းခနဲ ပြေးထွက်လာပြီး ကယ်ရတာလဲ။ ရှင့်ကိုယ်ရှင် ဘယ်သူမှတ်နေလို့လဲ လေ့ဖုန်းလား"

ယွင်ရှန်းက စိတ်တိုတိုနဲ့ ပြောလိုက်မိသည်။ သူမသည် တစ်ပါးသူ၏ အကြွေးကို တင်နေရသည်ကို မနှစ်မြို့သူဖြစ်ရာ ယခုကဲ့သို့ ယီပိုင်မင်း၏ အသက်စွန့်ကာကွယ်မှုအတွက် သူမ ဘယ်လိုလုပ် ပြန်ဆပ်ရမှာလဲ။

"လေ့ဖုန်း ဆိုတာ ဘာလဲ"

ယီပိုင်မင်းက ယွင်ရှန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများက အနည်းငယ် မှေးစင်းနေပြီး ပျင်းရိနေသော ကျားသစ်တစ်ကောင်၏ ဟန်ပန်မျိုး ပေါက်နေသည်။ သူ၏ ခန့်ညားလှသော မျက်ခုံးထူထူများကို အနည်းငယ် ပင့်တင်လိုက်ရင်း "မင်းက မိန်းကလေးတစ်ယောက်ပဲ... အမာရွတ်တွေနဲ့ဆိုရင် ကြည့်လို့မကောင်းဘူးလေ"

သူ၏ အသံမှာ နိမ့်ဆင်းကာ ဆွဲဆောင်မှုရှိလှသည်။ သူ ထိုသို့ပြောလိုက်ချိန်တွင် ယွင်ရှန်း၏ နှလုံးခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားရသည်။

"ကြည့်ကောင်းတာ မကောင်းတာက ကျွန်မကိစ္စပါ"

"အဲဒါ ငါ့ကိစ္စလည်း ဖြစ်တယ်။ ငါတစ်ယောက်တည်းကပဲ ဂရုစိုက်ရမယ့်ကိစ္စ။ ဘာပဲဖြစ်ဖြစ် နောင်ကျရင် ငါတစ်ယောက်တည်းပဲ မြင်ရမှာဆိုတော့လေ..."

ဤကျိုးကြောင်းမဆီလျော်လှသော စကားများကို ယီပိုင်မင်း၏ ပါးစပ်မှ ပြောထွက်လာသောအခါ ရင်းနှီးနွေးထွေးမှု အရိပ်အယောင်လေးများ ပါဝင်နေသည်။ ကျဉ်းမြောင်းလှသော ဆေးခန်းလေးအတွင်းမှာပင် ယီပိုင်မင်း၏ စကားများကြောင့် သိသိသာသာ ပို၍ နွေးထွေးလာသလို ခံစားလိုက်ရသည်။

ယွင်ရှန်းသည် ယီပိုင်မင်း အဝတ်အစားချွတ်သည်ကို ယခင်ကလည်း မြင်ဖူးခဲ့သော်လည်း လွန်ခဲ့သော နှစ်နှစ်နှင့် နှိုင်းယှဉ်ပါက ယီပိုင်မင်းသည် ယခုအခါတွင် ယောကျ်ားပီသစွာ အပြည့်အဝ ကြီးထွားလာခဲ့ပြီဖြစ်သည်။ သူ၏ အသားအရည်မှာ ကြေးညိုရောင် တောက်ပြောင်နေပြီး ကြွက်သားများမှာလည်း ကျစ်လျစ်သန်မာလှသည်။ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဟောင်း၊ ဒဏ်ရာသစ်များမှာ သူသည် ငှက်ပျောရွက်ကျေးရွာမှ အထီးကျန်ဆန်သော ဆယ်ကျော်သက်ကောင်လေး မဟုတ်တော့ကြောင်း သက်သေပြနေသည်။

"စကားမများနဲ့တော့ ဟိုဘက်လှည့်လိုက်... ဒဏ်ရာကို ကြည့်ရမယ်"

ယွင်ရှန်းသည် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် စိတ်တိုချင်ယောင် ဆောင်လိုက်သည်။

ယီပိုင်မင်းသည်လည်း လိမ္မာသော သိုးငယ်လေးတစ်ကောင်အလား အလိုက်သင့် ကိုယ်ကို လှည့်ပေးလိုက်သည်။ အာဏာရှိလှသော ပိုင်မင်းဧကရာဇ်ကို ဤမျှအထိ နိုးနိုးကြားကြား နာခံအောင် လုပ်နိုင်သူမှာ ယွင်ရှန်းတစ်ဦးတည်းသာ ရှိပေလိမ့်မည်။

"မင်း ဘာလို့ ငါ့ကို မမှတ်မိခဲ့တာလဲ"

စားသောက်ဆိုင်တွင် ယွင်ရှန်းက လွန်ခဲ့သော နှစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြခဲ့သော်လည်း သူမကဲ့သို့ ကလေးငယ်တစ်ဦးက ဖခင်၏ ဝေဒနာနှင့် စစ်သူကြီးအိမ်တော်မှ နှင်ထုတ်ခံရမှုတို့ကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ရသည်ကို တွေးမိတိုင်း ယီပိုင်မင်းရင်ထဲတွင် မချိအောင် နာကျင်ရသည်။ ငှက်ပျောရွက်ကျေးရွာမှာ ရှိနေစဉ်ကတည်းက ဤကြောင်ရိုင်းလေးမှာ စရိုက်ပြင်းထန်သူဖြစ်ကြောင်း သူသိသော်လည်း နောက်ဆုံးတွင်တော့ သူမမှာ ကလေးတစ်ယောက်သာ ရှိသေးသည်မဟုတ်ပါလား။

"ရှင်လည်း ယွီကျင်မြို့မှာ ရှိနေမယ်လို့ ဘယ်သူက သိမှာလဲ။ ပြီးတော့ ရှင့်နဲ့ကျွန်မက ဆွေမျိုးတွေလည်း မဟုတ်ကြဘူးလေ"

ယွင်ရှန်းက နှုတ်ခမ်းလေးစူကာ ပြန်ပြောလိုက်သည်။

"ငါ့မျက်လုံးတွေ ပြန်ကောင်းလာတဲ့တစ်နေ့ကျရင် မင်းရဲ့ အစေခံဖြစ်လာပေးမယ်လို့ ငါတစ်ခါက ပြောခဲ့ဖူးတယ်မလား"

ယီပိုင်မင်းသည် ရုတ်တရက် ကိုယ်ကိုလှည့်လိုက်ပြီး ဆေးထည့်ပေးနေသော ယွင်ရှန်း၏လက်ကို ဖမ်းကိုင်လိုက်သည်။ သူ၏ လျင်မြန်စွာခုန်လှုပ်နေသော နှလုံးခုန်သံမှာ အသားချင်းထိတွေ့မှုမှတစ်ဆင့် ယွင်ရှန်း၏ နှလုံးသားအနက်ရှိုင်းဆုံးအထိ ရိုက်ခတ်သွားတော့သည်။

အစေခံ ဟုတ်လား ဒီလူကြီး နောက်နေတာတော့ မဟုတ်ပါဘူးနော်။

ယွင်ရှန်း မှတ်မိသလောက်ဆိုလျှင် အစေခံဆိုသည့် စနစ်မှာ ဖုန်းလိုင်နိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဆင့်ခေါ်သူများပိုမိုတိုးတက်ကြီးထွားလာစေရန်အတွက် ဖုန်းလိုင်နိုင်ငံသည် ဆင့်ခေါ်သူတိုင်းကို ကျွမ်းကျင်သော သိုင်းပညာရှင် သို့မဟုတ် အစွမ်းထက်သော မှော်ဆရာတစ်ဦးစီအား အစေခံအဖြစ် သတ်မှတ်ပေးလေ့ရှိသည်။ ထိုအစေခံများသည် သူတို့၏ ဆင့်ခေါ်သူသခင်ကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးကြရသည်။

ယီပိုင်မင်းက သူမ၏ အစေခံဖြစ်ချင်သည်ဟု ဆိုခြင်းမှာ သူသည် မှော်ကျောင်းတော်မှ ဟိုကောင်လေးဘဝမှာဆိုလျှင် ဖြစ်နိုင်ကောင်းပါလိမ့်မည်။ သို့သော် ယခုမူ သူ၏အဆင့်အတန်းမှာ မဟာကျိုးနိုင်ငံ၏ ပိုင်မင်းဧကရာဇ်မဟုတ်ဘူးလား။

"ရှင်က ကျွန်မရဲ့ အစေခံဖြစ်ချင်တယ်ပေါ့... အဲဒါကို မဟာကျိုးဧကရာဇ်မင်းမြတ်ဆီက ခွင့်ပြုချက် ရပြီးပြီလား မမေ့ပါနဲ့ဦး... ကျွန်မက ယန်အိမ်တော်က အချစ်တော်သမီးလေးမဟုတ်ဘူး။ သာမန်မှော်ဆရာမလေး တစ်ယောက်ပါပဲ"

ယွင်ရှန်းက သူမကိုယ်သူမ နိမ့်ချစွာ ပြောလိုက်သည်။

ဝူကျိတိုက်ကြီးတွင် နှစ်အနည်းငယ်ကြာ နေထိုင်ခဲ့ပြီးနောက် သူမသည် ဤလောကအကြောင်းကို ကောင်းစွာနားလည်လာခဲ့ပြီဖြစ်သည်။ ခေတ်သစ်ကမ္ဘာနှင့် နှိုင်းယှဉ်ပါက ဝူကျိတိုက်ကြီးတွင် လူတန်းစားခွဲခြားမှုမှာ အလွန်ပြင်းထန်လှသည်။ အထူးသဖြင့် အိမ်ထောင်ရေးကိစ္စများတွင် ဂုဏ်ရည်တူခြင်းမှာ အလွန်အရေးကြီးပြီး မဟာကျိုးတော်ဝင်မိသားစု၏ မြင့်မြတ်သော သွေးမျိုးဆက်အတွက်ဆိုလျှင် ပို၍ပင် ပြောစရာမလိုတော့ပေ။

ယနေ့တွင် ယန်ပါးဟိုနှင့် အဆက်အသွယ်ဖြတ်လိုက်ခြင်းမှာ ယန်အိမ်တော်နှင့် မပတ်

သက်တော့ခြင်းကို ဆိုလိုရာ ယီပိုင်မင်း၏ အစေခံဖြစ်လိုသည်ဟူသော စကားမှာ သူမအတွက်တော့ ပြက်လုံးတစ်ခုသဖွယ် ဖြစ်နေတော့သည်။

"ငါ တစ်စုံတစ်ယောက်ရဲ့ အစေခံဖြစ်တာ မဖြစ်တာဟာ မဟာကျိုးဧကရာဇ်နဲ့ ဘာမှမဆိုင်ဘူး"

ယွင်ရှန်း၏ တုံ့ပြန်မှုကြောင့် ယီပိုင်မင်းသည် အလွန်ပင် စိတ်မကျေမနပ် ဖြစ်သွားတော့သည်။

ပိုင်မင်းမင်းသားတစ်ဦးအနေဖြင့် မျက်စိပြန်လည်အားကောင်းလာပြီးနောက် မဟာကျိုးနိုင်ငံတွင် သူ၏ရေပန်းစားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်ကို ထည့်သွင်းစဉ်းစားပါက သူသည် သူ၏အဆင့်အတန်းကို နှိမ့်ချ၍ ဤမိန်းကလေး၏ အစေခံဖြစ်ခွင့် တောင်းဆိုနေခြင်းပင်။ သို့သော် သူမ၏ တုံ့ပြန်မှုမှာမူ ရွံရှာဖွယ်ရာ ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ ဖြစ်နေသည်။

"ကျွန်မ သဘောမတူဘူး။ ကျွန်မမှာ မဲမဲလေးနဲ့ ဘိုဘိုရှိတယ်။ ဘယ်သူ့ရဲ့ ကာကွယ်မှုကိုမှ မလိုဘူး။ ပြီးတော့ ရှင် ဒီနေ့ ကျွန်မကို တစ်ခါ ကယ်ထားပြီးပြီဆိုတော့ ကျွန်မတို့ ကျေသွားပြီ"

ယခုအခါ ယွင်ရှန်းသည် လှံတံဆင့်ခေါ်သူတစ်ဦးဖြစ်ရုံမက သွေးကြော ၃ ခုကိုလည်း ပွင့်စေခဲ့ပြီဖြစ်သည်။ သူမတွင် မြို့တစ်မြို့လုံးကို ဖျက်ဆီးနိုင်စွမ်းရှိသော နယ်ပယ်အဆင့် ပုရွက်ဆိတ်ဘုရင်ကို ဆင့်ခေါ်နိုင်သည့် ဆင့်ခေါ်သူမိစ္ဆာလက်ပင် ရှိနေသည်မဟုတ်ပါလား။ သူမအနေဖြင့် အစေခံတစ်ဦး အမှန်တကယ် မလိုသည်မှာ သေချာသည်။

"ကြောင်ရိုင်းလေး... မင်းက ငါနဲ့ ဝေးဝေးနေဖို့ ကြိုးစားလေလေ။ ငါ့ဆီကနေ ခွာလို့မရလေ ဖြစ်နေမှာပဲ။ ငါ မင်းရဲ့ အစေခံဖြစ်ချင်တာက ကတိတည်ချင်ရုံတင် မဟုတ်ဘူး... ငါတို့တွေ အတူတူရှိနေဖို့ လိုအပ်လို့လည်း ပါတယ်"

ယွင်ရှန်း၏ စိတ်ပျက်နေသော မျက်နှာပေးကြောင့် ယီပိုင်မင်းမှာ အနည်းငယ် စိတ်တိုသွားကာ သူမကို စနောက်လိုက်မိသည်။

"ရှင် ဘာကို ဆိုလိုတာလဲ"

ယွင်ရှန်းသည် သတိထားလျက် ယီပိုင်မင်းနှင့် အလှမ်းဝေးရာသို့ ဆုတ်ခွာလိုက်သည်။

ဤအမျိုးသားနှင့် နီးကပ်လွန်းသောအခါ သူ၏ ပြင်းရှသော ယောကျ်ားပီသသည့် အငွေ့အသက်များက သူမ၏ အသက်ရှူနှုန်းနှင့် နှလုံးခုန်သံကို မမှန်မကန် ဖြစ်စေသည်။ အတိတ်ဘဝက လျိုမင်လန် ပေးခဲ့သော နာကျင်မှုမှာ နက်ရှိုင်းလွန်းလှသဖြင့် ယခုဘဝတွင် ထိုကဲ့သို့သော ဝေဒနာမျိုးကို သူမ ထပ်မံ မခံစားချင်တော့ပေ။ ယီပိုင်မင်းကဲ့သို့သော မင်းသားတစ်ပါးသည် မည်သူနှင့်မျှ မတူသော အရှိန်အဝါ၊ ရုပ်ရည်နှင့် ပါရမီတို့ကြောင့် အမျိုးသမီးများစွာကို ဆွဲဆောင်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထိုအမျိုးသမီးများစွာထဲမှ တစ်ဦးအဖြစ်တော့ သူမ မဖြစ်ချင်သလို မဖြစ်အောင်လည်း နေမည်ဟု ဆုံးဖြတ်ထားသည်။

"ဘာလို့လဲဆိုတော့... မင်းက ငါ့ရဲ့ မှော်ဝိညာဉ်ကို ခိုးယူသွားလို့ပဲ"

ငါ့ရဲ့ နှလုံးသားကိုရောပေါ့...

ယီပိုင်မင်းက စိတ်ထဲမှ ဆိုရင်း ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုဖြင့် သူမကို ရုတ်တရက် ဆွဲဖက်လိုက်တော့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ပိန်ပိန်ပါးပါး ကောင်မလေးနှင့် မတူတော့ဘဲ လက်ရှိ ယွင်ရှန်းမှာ ကျောက်စိမ်းရိုးတွင်းခြင်ဆီကျင့်စဉ်နှင့် မှော်ကျင့်စဉ်များကြောင့် အရပ်ရှည်လာကာ ကိုယ်လုံးကိုယ်ပေါက်မှာလည်း ပြည့်ဖြိုးလာခဲ့ပြီဖြစ်သည်။ သူမကို ဖက်ထားရသည်မှာ ယီပိုင်မင်းအတွက် အလွန်ပင် ကျေနပ်စရာကောင်းလှပြီး ထိုခံစားချက်ကို သူ ချက်ချင်းပင် စွဲလန်းသွားတော့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအင်ဒြပ်စင်များမှာ ယွင်ရှန်း၏ ကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။ ယွင်ရှန်းသည် သူမ၏ မှော်ဝိညာဉ်မှာ တစ်စုံတစ်ဦး၏ ဆင့်ခေါ်မှုကို ခံလိုက်ရသကဲ့သို့ ရုတ်တရက် နိုးကြားတက်ကြွလာသည်ကို ခံစားလိုက်ရသည်။

"ဒင်"

နတ်သံသာ ဂီတသံများကဲ့သို့သော အသံတစ်ခုနှင့်အတူ ဆေးခန်းတစ်ခုလုံးတွင် ရောင်စုံအလင်းတန်းများ ဖုံးလွှမ်းသွားသည်။ ထိုအလင်းတန်းများအလယ်တွင် ယွင်ရှန်းနှင့် ယီပိုင်မင်းတို့ နှစ်ဦးလုံး၏ ငါးရောင်ခြည် မှော်ဝိညာဉ်များမှာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာတော့သည်။

All Chapters