← Chapters

အကူအညီခေါ်ရဲတယ်ပေါ့

Vol. 1 Ch. 3

အကူအညီခေါ်ရဲတယ်ပေါ့

Vol. 1 Ch. 3

စောင့်ကြည့်ကင်မရာရှေ့မှ သရဲနှင်အရာရှိမှာ အံ့အားသင့်သွားကာ သရဲနှင်ကိရိယာ၏မျက်နှာပြင်ကို အလိုအလျောက် စစ်ဆေးလိုက်မိသည်။

ချင်းရှန်းစိတ်ရောဂါဆေးရုံ၏ ဝင်ပေါက်တွင် အနီရောင် အစက်နှစ်စက် ပေါ်လာလေပြီ။

တံခါးဘက်ရှိ ကင်မရာကိုပြန်ကြည့်လိုက်သည်။

စောင့်ကြည့်ကင်မရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏အရိပ်နှစ်ခုကို ပြသနေလျက်။ ထိုအမျိုးသမီးမှာ မနေ့ညက လာခဲ့သော သရဲမဖြစ်ပြီး ထိုအမျိုးသားကတော့ မျက်နှာတစ်ခုလုံး ရေညှိများပြည့်နေကာ ဖြူဖျော့ရောင်ရမ်းနေလေသည်။

ဖြတ်~

စောင့်ကြည့်ကင်မရာ၏စခရင်မှာ မည်းမှောင်သွားချေပြီ။

"မဟုတ်သေးဘူး၊ ဘာလို့ နှစ်ကောင် ဖြစ်နေတာလဲ"

"ကိစ္စတော့ကြီးပြီ၊ သရဲမက အကူအညီခေါ်လာပြီပဲ"

"ကြည့်ပါဦး၊ သူတို့ ငါတို့ရဲ့ နေရောင်ခြည် အခင်းအကျင်းထဲကို ဝင်လာတော့မယ်"

နေရောင်ခြည် အခင်းအကျင်းဟူသည်မှာ အမည်နှင့်လိုက်အောင်ပင် သရဲများက နေရောင်ခြည်ကိုကြောက်သည်ဟူသော နိယာမကို အခြေခံပြီး နေရောင်ခြည်ကိုတုပ၍ ပြုလုပ်ထားသော သရဲနှင်ကိရိယာဖြစ်သည်။

သရဲထီးက နေရောင်ခြည် အခင်းအကျင်း၏ အစွန်းသို့ လျှောက်သွားပြီးနောက် ရပ်လိုက်ပြီး စက်ရုပ်သဖွယ် ခေါင်းယမ်းပြကာ သရဲမကို ဦးစွာသွားရန် အချက်ပြလိုက်သည်။

သရဲမသည် မနေ့ညကကဲ့သို့ ကြောက်ရွံ့နေပြီး နေရောင်ခြည် အခင်းအကျင်းထဲသို့ မဝင်ချင်ဝင်ချင်ဖြင့် ခြေချလိုက်သည်။

ထိတွေ့လိုက်သည့်အခိုက်အတန့်မှာပင် နေရောင်ခြည် အခင်းအကျင်းမှ အဖြူရောင်အလင်းတန်းများထွက်ပေါ်လာကာ သရဲမကို ထိမှန်သွားပြီး အလင်းစက်တစ်ခုစီတိုင်းက မီးတောက်သေးသေးလေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

သရဲထီးဟည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ သရဲမကို သူ့နောက်ပို့ကာ ကာကွယ်ပေးလိုက်သည်။ ထိုအခါမှ သရဲမလည်း မီးလောင်ကျွမ်းခြင်းဒဏ်မှ ကင်းဝေးသွားလေ၏။

အလင်းစက်များက သရဲထီးကိုယ်ပေါ်သို့ တစ်ခုပြီးတစ်ခု ထိမှန်ခဲ့သော်ငြား ဘာမှမဖြစ်သွားခဲ့ချေ။

"ခွန်အားကို ထပ်တိုးလိုက်၊ အမြင့်ဆုံးအထိ တင်လိုက်တော့"

နေရောင်ခြည် အခင်းအကျင်းထဲ၌ အလင်းတန်းပြင်းအားမှာ ပိုမိုမြင့်တက်လာကာ မရေမတွက်နိုင်သော အလင်းစက်များစွာက သရဲထီး၏ခန္ဓာကိုယ်ကို ထိမှန်သွားတော့သည်။ သရဲထီးကိုယ်မှ မီးပွားများ ထွက်ပေါ်လာသည်ကို မှုန်ဝါးဝါးမြင်နိုင်ပေသည်။

ရုတ်တရက် အလင်းတန်းများ ထုတ်လွှတ်သည့် ကိရိယာအားလုံးက တစ်ပြိုက်နက်တည်းပေါက်ကွဲကုန်ကာ အနက်ရောင် မီးခိုးများ ထွက်လာတော့သည်။

သူတို့ သွားရာလမ်းတစ်လျှောက်ရှိ ကင်မရာများအပါအဝင် ကိရိယာအားလုံး ဆက်တိုက်ပျက်စီးသွားခဲ့ပြီ။

"ဝင်လာပြီ၊ ဝင်လာပြီ"

သရဲနှစ်ကောင်သည် အတွင်းလူနာဆောင် အောက်ထပ်ရှိ သံတံခါးကြီးကို အလွယ်တကူ တွန်းပစ်လိုက်၏။ သရဲနှင်ရဲအရာရှိများက သူတို့ရှေ့ရှိ ကင်မရာများမှသာ အခြေအနေကို စောင့်ကြည့်စစ်ဆေးနိုင်တော့သည်။

သူတို့က မည်သည့်အခန်းမှာမှ မရပ်ခဲ့ဘဲ သရဲမတောက် လျှောက် လမ်းပြကာ ချန်ကျိုးရှိသော အထပ်သို့ တိုက်ရိုက်တက်လာခဲ့ကြပြီး ချန်ကျိုး လူနာဆောင် တံခါးရှေ့သို့ ရောက်လာခဲ့ကြသည်။

လက်ဖဝါးတစ်ချက် ရိုက်လိုက်သည်နှင့် တံခါးတစ်ချပ်လုံး အတွင်းသို့ ပြိုကျသွားတော့သည်။

တင်ပျဥ်ခွေထိုင်နေသော ချန်ကျိုးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်၏။

"နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ၊ ဌာနချုပ်က ငါ့ကို လာခေါ်ပြီပေါ့"

ချန်ကျိုး စိတ်အေးလက်အေး ပြုံးကာခေါင်းမော့လိုက်သည်။

တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

"ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေရတာလဲ၊ ငါ့ရဲ့ ဂြိုလ်သားသူငယ်ချင်းလေးရော"

ချန်ကျိုး ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ့ဖိနပ်ကို ဆွဲယူကာ တံခါးဝသို့ လျှောက်သွားပြီး ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။

ကြမ်းပြင်ပေါ်မှာ အနက်ရောင်ရေကလွဲပြီး ဘာမျှမရှိပေ။

"မဟုတ်သေးဘူး၊ ဌာနချုပ်က ငါ့ကို ဒီညလာခေါ်မယ်လို့ ညွှန်ကြားထားပြီးသားလေ"

ချန်ကျိုးက ကုတင်ဘေးသို့ ပြန်ပြေးလာပြီး ခေါင်းအုံးအောက်မှ ဆက်သွယ်ရေးကိရိယာဖြစ်သော သူ့ဖိနပ်ကြီးကို ထုတ်ကာ ဌာနချုပ်သို့ ဖုန်းခေါ်လိုက်သည်။

"သုန်းသုန်းယောင် ခေါ်နေတာပါ၊ ဌာနချုပ်ကနေ ငါ့ကိုလာကြိုဖို့လွှတ် လိုက်တဲ့သူတွေ မရောက်သေးဘူး၊ လမ်းမှာ တစ်ခုခုဖြစ်နေလို့လား၊ သုန်းသုန်းယောင် ခေါ်နေတာပါ၊ ဌာနချုပ်ကနေ ငါ့ကို လာကြိုဖို့ လွှတ်လိုက်တဲ့သူတွေ မရောက်သေးဘူး၊ လမ်းမှာ တစ်ခုခုဖြစ်နေလို့လား၊ အို အို အို အို"

သူ့ဖိနပ်ကြီးကို ချလိုက်ပြီးနောက် ချန်ကျိုး သရဲမအားဒေါသတကြီး ကြည့်လိုက်သည်။

"မင်းက ဒီမှာ ဘာလုပ်နေတာလဲ၊ ငါ့အလုပ်တွေကိုလာဖျက်ဆီးနေတာပဲ"

သရဲမက သရဲထီး နောက်မှာ ကြောက်လန့်တကြားပုန်းကွယ်နေခဲ့သည်။

[သရဲထီး၊ ဒုတိယအဆင့် အလယ်အလတ် ရန်ငြိုးကြီးသရဲ၊ ရေနစ်သေဆုံးခြင်း။

သူ့အလောင်းမှာ နှစ်ပေါင်းထောင်ချီကြာ ရေအောက်တွင် နစ်မြုပ်နေခဲ့တာကြောင့် သူ့ဝိညာဉ်မှာ အလောင်းတွင် ပိတ်မိနေပြီး သရဲအဖြစ်ပြောင်းလဲသွားခြင်း။]

သရဲထီးသည် ဒေါသတကြီးဖြင့် ကြမ်းပြင်တစ်ခုလုံးပေါ် အနက်ရောင်ရေများကို စီးဆင်းစေလိုက်သည်။ အနက်ရောင်ရေများ ဖြတ်သန်းသွားရာတစ်လျှောက်လုံး ထိုနေရာတွင်ရှိသော ပစ္စည်းများအားလုံး ဆွေးမြည့်သွားလေပြီ။

[စနစ်က ကာကွယ်ရေးဒိုင်းကို ဖွင့်လိုက်ပါပြီ]

အနက်ရောင်ရေများက ချန်ကျိုး၏ခြေထောက်တစ်ဝိုက်တွင် လှည့်ပတ်စီးဆင်းသွားကာ သူ့ကုတင်၊ သူ့စောင်၊ သူ့ခေါင်း အုံး၊ သူ့ရေချိုးခန်းသုံးပစ္စည်းများနှင့် ဌာနချုပ်နှင့် ဆက်သွယ်ရန် တစ်ခုတည်းသော ကိရိယာကိုပါဆွေးမြည့်သွားစေခဲ့သည်။

ဘန်း~

ဘန်း~

ဘန်း~

တံခါးဝမှ သေနတ်သံများ ထွက်ပေါ်လာပြီး သရဲနှင်ရဲအရာရှိများ ရောက်လာလေပြီ။

သရဲထီးမှ ဖြည်းညှင်းစွာလှည့်လာပြီး အနက်ရောင်ရေများကို လေထဲ ပျံ့နှံ့စေလိုက်ကာ သရဲနှင်ရဲအရာရှိများထံတည့်တည့်တိုးဝင်သွားပြီး သူတို့၏သေနတ်ကိုင်ထားသော လက်များကို ရစ်ပတ်လိုက်ကာ အမြင့်တစ်နေရာသို့ ပစ်လိုက်သဖြင့် သရဲနှင်ရဲအရာရှိ တော်တော်များများက မျက်နှာကျက်ကိုထိမှန်၍ မြေပြင်ပေါ် ပြုတ်ကျလာကြသည်။

ချန်ကျိုးမှာ ထိုအဖြစ်အပျက်ကို ကြည့်ရင်း စိုးရိမ်ပူပန်နေမိလျက်~

ဌာနချုပ်ကို ဆက်သွယ်ဖို့ တစ်ခုတည်းသော ကိရိယာက မရှိတော့ဘူးလား ?

ဌာနချုပ်ကို ဆက်သွယ်ဖို့ တစ်ခုတည်းသော ကိရိယာက မရှိတော့ဘူးလား ?

ဌာနချုပ်ကို ဆက်သွယ်ဖို့ တစ်ခုတည်းသော ကိရိယာက မရှိတော့ဘူးလား ?

"ငါ အရမ်းစိတ်ဆိုးတယ်၊ အရမ်းစိတ်ဆိုးတယ်နော်"

ချန်ကျိုး ဒေါသတကြီးနှင့် လက်နက်တစ်ခုကို ရှာဖွေလိုက်သော်လည်း အခန်းမှာဗလာနတ္တိဖြစ်နေပြီး ဘာမှရှိမနေတော့ပေ။

သူ ရှာနိုင်သော တစ်ခုတည်းသော ကိရိယာမှာ သူ့လက်သီးပင်ဖြစ်ရာ သူ့လက်သီးကို ပင့်မြှောက်လိုက်၏။

[စနစ်က hostရဲ့ လက်သီးကို သန်မာစေလိုက်ပါပြီ - မီးတောက်နီရွှေလက်သီး]

"ချီးပဲ! မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်တာပဲ ငါ လိုချင်တယ်၊ ကင်းကောင်စွမ်းအားလက်သီး!"

ချန်ကျိုး ဒေါသတကြီးအော်ဟစ်ကာ သရဲထီးဆီသို့ ပြေးသွားလိုက်ပြီး သူ့မေးစေ့ကို ထိုးပစ်လိုက်သည်။

ထိတွေ့လိုက်သည့်အခိုက်အတန့်၌ ဘုရားကျောင်းခေါင်း လောင်းသံ ထွက်ပေါ်လာလေသဖြင့် စိတ်ဝိဥာဥ်ကို တုန်လှုပ်သွားစေခဲ့သည်။

သရဲထီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရလျက်။

ချန်ကျိုး ထခုန်လိုက်ပြီး သူ့ခြေထောက်ကိုမြှောက်လိုက်၏။

[စနစ်က hostရဲ့ ခြေထောက်ခွန်အားကို သန်မာစေလိုက်ပါပြီ - ဗုဒ္ဓ၏ဆင်ခြေတော်]

"ဆင်ခြေထောက်နဲ့ ကန်မယ်!"

ရန်လိုနေသော သရဲထီးကို ကန်ပစ်လိုက်သည်။

တံခါးအပြင်ဘက်ရှိ သရဲနှင်ရဲအရာရှိမှ အလျင်စလိုရှောင် တိမ်းလိုက်သော်လည်း အနက်ရောင်ရေများ ဖျန်းပက်ခံလိုက်ရဆဲပင်။

သရဲထီးမှာ လေထဲတွင်ရှိနေသော ချန်ကျိုးကို မြင်လိုက်ရသည့်အခါ အရှုံးပေးရန် အလျင်စလို လက်ဝှေ့ယမ်းပြလိုက်၏။

သို့ငြား ချန်ကျိုး ဒေါသထွက်နေသဖြင့် တစ်ဖက်သူအား နောင်တရရန် အခွင့်အရေးမပေးဘဲ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

အစောပိုင်းတွင် ချန်ကျိုး လွှတ်ပစ်ထားခဲ့သော ကျီးဇိုသရဲနှင်အဆောင်မှာ ဘောလုံးအသွင်အတိုင်း ရှိနေဆဲဖြစ်ကာ သူ့လက်ဖဝါးထဲသို့ လေထဲမှ ပေါ်ထွက်လာခဲ့သည်။

ချန်ကျိုး လက်ဖဝါးမှ မီးတောက်များ ထွက်လာသည်ကို လူတိုင်း မြင်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်၏အပူချိန်မှာ ဒီဂရီပေါင်းများစွာ ရုတ်တရက် အပူချိန်မြင့်တက်လာခဲ့သည်။

တစ်ချက်ရိုက်ရုံဖြင့် သရဲထီး ခန္ဓာကျုယ်မှာကွဲအက်သွားကာ အနက်ရောင်သွေးများ စီးကျလာပြီး ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားတော့သည်။

စင်္ကြံလမ်းတစ်လျှောက်လုံး အနံ့ဆိုးများဖြင့် ဖုံးလွှမ်းသွားရလျက်။

ချန်ကျိုးသည် သရဲထီးကို ရှင်းလင်းပြီးနောက် တုန်ယင်နေသော သရဲမဆီသို့ချဥ်းကပ်သွားလိုက်သည်။

သရဲမကမူ ကြမ်းပြင်ပေါ်တွင် အလျင်စလို ဒူးထောက်ကာ ဦးညွှတ်လိုက်၏။

ချန်ကျိုးက လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ ကျီးဇိုသရဲနှင်အဆောင်၏ ကျန်ရှိနေသော စွမ်းအားမှာ သရဲမအား ရေဆိုးအိုင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။

[hostက သရဲထီးတစ်ကောင်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ဆုအနေနဲ့ hostကို ...... အားကောင်းစေ ...... ထားလိုက်ပါတော့]

ရေဆိုးအိုင်အလယ်တွင် မတ်တပ်ရပ်နေသော ချန်ကျိုး၏ အဝတ်အစားများမှာ နှစ်ပေါင်းရာနှင့်ချီ ဝတ်ဆင်ထားသည့်နှယ် ပုပ်ပွနံစော်နေကာ ပျက်စီးသွားလေပြီ။

"အိုးးးး ငါ့ရဲ့ ဆက်သွယ်ရေးကိရိယာ မရှိတော့ဘူး၊ ငါ့ဂြိုလ်ကို ပြန်လို့မရတော့ဘူး"

ချန်ကျိုးက ရေဆိုးအိုင်ကို ကန်ကျောက်နေကာ ဒေါသတကြီး အော်ဟစ်နေလျက်။

...

နောက်တစ်နေ့တွင် အတွင်းလူနာဆောင်၏ အဆောက်အဦ ၂ ကို ပြုပြင်ရန်အတွက် ပိတ်ထားလေ၏။

ခြံဝင်းအပြင်ဘက်တွင် ရေဆိုးများကြောင့် ခေါင်းပေါ်တွင် ဆံပင်တစ်ပင်မျှ မကျန်တော့သော စိတ်ရောဂါဝေဒနာရှင်များကို နေရာအသစ်သို့ ပြောင်းရွှေ့စီစဥ်ပေးထားခဲ့သည်။

သူတို့က ဆေးရုံဝတ်စုံအသစ်စက်စက်ကို ဝတ်ဆင်ထားကြကာ လက်ထဲတွင်လည်း ရေချိုးခန်းသုံးပစ္စည်းအသစ်များကို ကိုင်ထားကြပြီး သူတို့နောက်တွင်လည်း အိပ်ရာအသစ်စက် စက်များ ရှိနေလေ၏။

"ကြည့်စမ်း၊ ငါ့မှာ မျက်ခုံးမွှေးတစ်ဖက် ကျန်နေသေးတယ်ကွ"

"ငါရောပဲ ငါရောပဲ၊ အောက်ဘက်မှာ အများကြီးကျန်နေသေးတယ်၊ ငါ မင်းကို တိတ်တိတ်လေးပြမယ်"

သူနာပြု: "နင်တို့နှစ်ယောက် ဘာတွေလုပ်နေကြတာလဲ၊ ကိုယ့်ဘောင်းဘီ ကိုယ်ဝတ်ထားကြ၊ နေ့လယ်စာကို အသားမစားချင်ကြတော့ဘူးလား"

All Chapters