သရဲစာချုပ်ချုပ်ဆိုခြင်း
Vol. 1 Ch. 7
ချန်ကျိုးသည် အံတင်းတင်းကြိတ်၍ အားကုန်ထုတ်သုံးကာ သရဲလေး ဦးခေါင်းထိပ်မှ သစ်သားတုတ်အား ဆွဲထုတ်လိုက်၏။
[စနစ်သတိပေးချက် - အငြိုးကြီးသရဲက ပိုကြမ်းလာနေပြီး သူ ကြမ်းကြုတ်တစ္ဆေအသွင်တိုးမြင့်တော့မယ်နော်]
"အား!"
သရဲလေး၏မျက်လုံးများမှာ နီရဲလာပြီး အော်ဟစ်သံသည် နှလုံးအိမ်အား တုတ်ဖြင့်ထိုးစဉ်ကထက် အဆပေါင်းများစွာ ပို၍ပြင်းထန်ကာ ယင်စွမ်းအင်များသည် ပေါက်ကွဲပျံ့နှံ့သွားပြီး အနက်ရောင်လေလှိုင်းများကို ထုတ်လွှတ်နေတော့သည်။
ချန်ကျိုးသည် သရဲလေးကိုယ်မှ ပေါက်ကွဲထွက်လာသော လေလှိုင်းဖြင့် ထိမှန်ပြီး ပြတင်းပေါက်မှနေ အပြင်သို့ လွင့်ထွက်သွား၏။
ရှိနေသော ဝန်ထမ်းများသည် ခိုင်ခံ့သော အရာဝတ္ထုများအား ဆုပ်ကိုင်သူကကိုင် သူတို့ကိုယ်သူတို့ ဟန်ချက်ထိန်းနိုင်သည်အထိ သူတို့၏လုပ်ဖော်ကိုင်ဖက်များအား တွဲထားသူကတွဲဖြင့်ပင်။
အဆောက်အဦးအပြင်ဘက် ကောင်းကင်ယံတွင် ချန်ကျိုးမှာ သူ့ခြေထောက်အောက်ရှိ လေထုကို ကြည့်နေရာမှ ကမ္ဘာမြေ၏ဆွဲအားဖြင့် အောက်သို့ တည့်တည့်ကျသွားသည်။
[စနစ်သည် ကာကွယ်ရေးဒိုင်းကာကို လုပ်ဆောင်လိုက်သည်]
"အားးး....."
ရုတ်ချည်းဆိုသလို အနက်ရောင်မီးခိုးငွေ့တန်းတစ်ခုမှာ ပေါ်ထွက်လာပြီး ကြိုးတစ်ချောင်းကဲ့သို့ ချန်ကျိုး၏ ခြေထောက်များကို ချည်နှောင်ကာ သူ့ကို ပြန်ဆွဲလိုက်သည်။
အိမ်ထဲသို့ ပြန်ရောက်လာသော ချန်ကျိုးသည် ပြတင်းပေါက်ဘောင်ရှိ လက်ရန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့ခြေ ထောက်များမှာလည်း တုန်ယင်နေကာ မြေပြင်မှအမြင့်အား ကြောက်လန့်စွာ ကြည့်နေ၏။
အမလေး ဘယ်လိုလုပ် ဒီလောက်မြင့်နေရတာလဲ။
လေထဲတွင် လွင့်မျောနေသော သရဲလေးသည် ယင်စွမ်းအင် ထုတ်လွှတ်ခြင်းအား ထိန်းချုပ်ကာ သူ့ခြေထောက်များကို အပြိုပြိုအလဲလဲဖြစ်နေသည့် ကြမ်းပြင်ထက်ချလိုက်သည်။
ကြမ်းပြင်ထက်ပြန့်ကျဲနေသော music box လေးကို ကောက် ယူကာ ချန်ကျိုးကဲ့သို့ သံပတ်အားလှည့်လိုက်၏။
Music box မှနေ ရင်းနှီးသော သံစဉ်တစ်ခု ထွက်ပေါ်လာသည်။
သရဲလေးသည် ချန်ကျိုးဆီသို့ လျှောက်သွားပြီး ချန်ကျိုး၏ လက်တစ်ဖက်ကို ပြတင်းပေါက်ဘောင်မှ ဖယ်လိုက်ပြီး ချန်ကျိုး လက်မအားကိုင်ကာ သူ့နဖူးပေါ် ဖိထားလိုက်သည်။
"ဟိုးအရင် ငါတွေ့ခဲ့ဖူးတဲ့ အဘွားတစ်ယောက်က သရဲတွေအနေနဲ့ လူတွေရဲ့ကံကောင်းခြင်းကို မထိခိုက်စေဘဲ လူတွေနဲ့အတူနေချင်ရင် သရဲစာချုပ်ချုပ်ဆိုတဲ့ နည်းလမ်းကို သုံးနိုင်တယ်လို့ ပြောခဲ့တယ်၊ ငါက နင့်ရဲ့သရဲအရာရှိဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင် နင် သူတို့ကိုလွှတ်ပေးလို့ရမလား"
ချန်ကျိုးသည် ပြုတ်ကျသွားသည့်ကြောက်ရွံ့မှုထဲတွင် နစ်မြုပ်နေဆဲပင်။
[စနစ်သတိပေးချက် - သရဲက hostနဲ့ သရဲစာချုပ်ချုပ်ဆိုချင်နေပါတယ်]
[စနစ်သတိပေးချက် - သရဲက hostနဲ့ သရဲစာချုပ်ချုပ်ဆိုချင်နေပါတယ်]
[စနစ်...... ချန်ကျိုး မင်းသောက်ရူးကြီးရဲ့]
"ဘယ်သူလဲ ဘယ်ကောင်ငါ့ကို ဆဲတာလဲကွ"
ချန်ကျိုးမှာ စိတ်တည်ငြိမ်သွားလေ၏။
ကြမ်းပြင်ပေါ်ရှိ ဖန်စတစ်စသည် လေထဲတွင် ပျံဝဲလာပြီး ချန်ကျိုး၏လက်မကို ရှသွားစေသည်။
အို မဟုတ်ဘူးလေ......
"အမလေး!"
ချန်ကျိုးက အော်ဟစ်လိုက်မိပြီး သူ့လက်မမှ နီရဲသောသွေးများ စီးကျလာသည်။
ဤသည်အားမြင်သော် ကလေးမလေးသည် သူ၏နဖူးပေါ်သွေးစက်တင်လိုက်၏။
သွေးများသည် သရဲလေး၏နဖူးထက်မှနေ ပျံ့နှံ့သွားရာ သူ့တစ်ကိုယ်လုံးပေါ်ရှိ အနက်ရောင်သွေးကြောများမှာ ဖြည်း ဖြည်းချင်း ပျောက်ကွယ်သွားတော့၏။
"သောက်ကျိုးနည်း ဘယ်ကောင်လုပ်တာလဲကွ"
ချန်ကျိုးသည် သူ့လက်မအားထောင်ပြ၍ အာကျယ်အာကျယ်ဖြင့် မေးလိုက်သည်။
ကလေးမလေး : "သမီးမဟုတ်ပါဘူး"
တခြားသူများသည် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေကြပြီး အိမ်ထဲရှိ ပစ္စည်းများမှာလည်း သူတို့ပစ္စည်းများဟုပင် မပြောနိုင်တော့သည်ထိ ကောက်ကွေးကုန်လေ၏။
[စနစ်သည် host၏ ဒဏ်ရာများကို ကုသပေးနေပြီး host အားအမှန်ကန်ဆုံးဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးနေခြင်းသာဖြစ်သည်]
ချန်ကျိုးသည် စိတ်ဓာတ်ကျဟန်ဖြင့် ဒဏ်ရာကို ထိလိုက်ရာ ဒဏ်ရာသည် သူ့ဘာသာသူ ပြန်လည်ကောင်းမွန်လာ၏။
ပါးစပ်ထဲထည့်လိုက်ရမလား ?
ကောင်းသွားပြီပေါ့လေ ?
ငါ့ရဲ့စွမ်းရည်တွေက ပိုပြီးအစွမ်းထက်လာတာများလား ?
အိမ်နီးချင်းကောင်မလေး၏ ပုံစံသို့ ပြန်လည်ရောက်ရှိသွားသော သရဲလေးသည် လှည့်ပတ်ကြည့်ပြီး အုပ်စုဖွဲ့စုဝေးနေသော သရဲနှင်ရဲများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ကျိုးအိုက်ကော်မှာ တံထွေးမျိုချလိုက်ပြီး သူ့ခြေထောက်များသည် အမိန့်မနာခံတော့ဘဲ ဖိနပ်သွားရာနောက်ပါသွားတော့သည်။
(စိတ်ကမသွားချင်ပေမယ့် ကိုယ်ကအလိုလိုနောက်ဆုတ်တာကိုပြောခြင်းပါ)
သရဲလေးမှာ ခါးနည်းနည်းညွှတ်၍သာ နှုတ်ဆက်လိုက်၏။
လူတိုင်းမှာ သရဲလေး၏နဖူးထက်ရှိ ဆံပင်များကြားမှ 'ကျိုး' ဟူသော စကားလုံး ပေါ်လာသည်ကို သတိထားမိလိုက်ကြေပသိ နှစ်ကြိမ်ခန့်လင်းသွားပြီးနောက် ထိုစကားလုံးမှာ ပျောက်ကွယ်သွားသည်။
သရဲလေးသည် အနက်ရောင်အငွေ့အသက်အဖြစ် ချက်ချင်းပြောင်းလဲကာ ချန်ကျိုးခန္ဓာကိုယ်ထဲသို့ဝင်သွားလေ၏။
ရှည်ကြာသော အချိန်တစ်ခုကုန်လွန်သွားလေပြီပင်။
ကောင်းကင်မှ ရောင်နီပျိုးလာပါမှ လူတိုင်းမှာ သက်ပြင်းရှည်ကြီးချ၍ ကြမ်းပြင်ပေါ်နွမ်းလျစွာဖြင့်ထိုင်ချလိုက်ကြကာ တက်နေဝန်း၏နေခြည်နွေးနွေးကို ရှူရှိုက်လိုက်ကြ၏။
မနက်အစောပိုင်းတွင် ချန်ကျိုးအားသရဲနှင်ရဲစခန်း၏ လုပ်ငန်းခွင်ဖြင့် ရင်းနှီးစေရန်နှင့် သရဲနှင်ရဲများအပေါ် သူ၏စိုးရိမ်ပူပန်မှုများအား ဖယ်ရှားပစ်ရန်အတွက် ကျိုးအိုက်ကော်သည် ချန်ကျိုးအား သရဲနှင်ရဲစခန်းသို့ မလိမ့်တစ်ပတ်ဖြင့်ခေါ်သွားကြလေသည်။
ဒါရိုက်တာရုံးခန်းထဲတွင် ကျိုးအိုက်ကော်သည် သူ့စားပွဲ၌ ထိုင်နေပြီး "ကလေးသရဲ အမှုပိတ်ဖိုင်" ဟု ရေးထားသည့်
ဖိုင်အိတ်တစ်အိတ်ကို ကိုင်ထားလေ၏။
ရုံးခန်းရှိ ဆိုဖာထက်တွင်တော့ တစ်ညလုံး မအိပ်ဘဲနေခဲ့ရသော ချန်ကျိုးမှာ သူ့ကိုယ်ပျောက်စောင်အား ကိုယ်ပေါ်ခြုံကာ ဟောက်နေတော့သည်။
အချိုးမကျဟန်ဖြင့် အိပ်နေသော်လည်း ထိုပုံစံမှာကျိုးအိုက်ကော်အား အလွန်ကျေနပ်စေ၏။
ဘုရားသခင်မှာ သူ့မျက်လုံးများအား ဖွင့်ပေးခဲ့ပြီး အဖိုးတန်လေးကို အမှန်တစ်ကယ်ကောက်ယူခွင့်ပေးခဲ့လေသည်။
ထိုအချိန်မှစ၍ သရဲနှင်ရဲစခန်း၏ဒါရိုက်တာအနေဖြင့် သူသည် နေရာတိုင်း၌ ဒေါသထွက်နေစရာ မလိုတော့ပေ။
ကျိုးအိုက်ကော်သည် ဖုန်းကိုယူ၍ ဖုန်းနံပါတ်တစ်ခုဆီခေါ်လိုက်ကာ လေးနက်သောဟန်ပြုပြီး
"ဟယ်လို ကျွန်တော်က သရဲနှင်ရဲစခန်းရဲ့ ဒါရိုက်တာ ကျိုးအိုက်ကော်ပါ၊ ကျွန်တော်တို့ လွန်ခဲ့တဲ့ငါးရက်ကတည်းက စိတ်ဝိညာဉ်ငြိမ်သက်ရေးဌာနအတွက် အထောက်အပံ့တွေကူပေးဖို့ တောင်းဆိုခဲ့တာ မနေ့ညမှာပဲ သရဲကို ချေမှုန်းနိုင်ခဲ့ပါပြီ။ အခု ကျွန်တော်တို့တွေ ခင်ဗျားတို့ကုမ္ပဏီရဲ့အထောက်အပံ့ကို မလိုတော့လို့ လျှောက်လွှာက အကျုံးမဝင်တော့ပါဘူး ကျေးဇူးတင်ပါတယ်"
ဖုန်းချပြီးနောက် ကျိုးအိုက်ကော်သည် လက်သီးနှစ်ဖက်ဆုပ်၍ တိုးတိုးလေးအော်လိုက်မိသည်။
"အိုး ဟုတ်ပြီကွ"
ယခင်ကဆိုလျှင် စိတ်ဝိဥာဉ်ငြိမ်သက်ရေးဌာနထံ သူ အကူ အညီတောင်းခံခဲ့ဖူးပေသိ ဌာနခွဲအကြီးအကဲတစ်ဦးဖြစ်သော်ငြား လုပ်ရိုးလုပ်စဥ်အတိုင်း ပြည်သူများ၏အမှုအခင်းတို့ဖြင့်သာ တန်းစီစောင့်ဆိုင်းခဲ့ရပေသည်။
လက်ရှိအချိန်တွင်တော့ အရင်လိုမဟုတ်တော့ဘဲ သူတို့သည်လည်း ထိုအကူအညီကို သရဲနှင်ရဲစခန်း၌ မလိုအပ်တော့ပေ။
ငါ မင်းတို့ကောင်တွေကို မလိုတော့ဘူးကွ။
အကူအညီတောင်းစရာမလိုတဲ့ ခံစားချက်က အရမ်းမိုက်တာပဲ။
ဒီကမ္ဘာပေါ်ရှိ သရဲများအား အဆင့်ကိုးဆင့်ဖြင့်ခွဲထားလေသည်။ ၎င်းတို့မှာ လေလွင့်ဝိညာဥ်များ၊ အငြိုးကြီးတစ္ဆေများ၊ကြမ်းကြုတ်သောသရဲများ၊ နတ်ဆိုးဝိညာဥ်များ၊ သရဲစစ် သူကြီးများ၊ သရဲမိစ္ဆာများ၊ သရဲဘုရင်များ၊ သရဲဧကရာဇ်များနှင့် သရဲဧကရီများ ဖြစ်သည်။
အဆင့်တိုင်းတွင် အဆင့်သုံးဆင့်စီထပ်ခွဲထား၏။ အစောပိုင်းအဆင့်မှာ အားအနည်းဆုံးဖြစ်ပြီး နောက်ပိုင်းအဆင့်မှာ အားအကောင်းဆုံးဖြစ်သည်။
သရဲနှင်ရဲစခန်းသည် သာမန်သရဲတစ္ဆေများအားကိုင်တွယ်ရသည့်ဌာနဖြစ်ပြီး ၎င်းတို့ရင်ဆိုင်ရသော အန္တရာယ်အဆင့်သည် နိမ့်ပါးပြီး ဖြေရှင်းနိုင်မည့် အမြင့်ဆုံးအဆင့်မှာ သရဲအဆင့်သာဖြစ်၏။
စိတ်ဝိညာဉ်ကွပ်ကဲမှုသည် သရဲနှင်ရဲစခန်းနှင့် ကွဲပြားကာ ၎င်းတို့သည် ကြမ်းကြုတ်တေစ္ဆအဆင့်အထက် သရဲများကိုသာ ပစ်မှတ်ထားရန် အထူးဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး တစ်ခါတစ်ရံ တစ်နေ့တာအသုံးပြုငွေသည် ညွှန်ကြားရေးမှူး၏ တစ်နှစ်တာအသုံးစရိတ်ကိုပင် ကျော်လွန်သွားတတ် သည်။
ပြီးခဲ့သည့်ည၊ ပြီးခဲ့သည့်အပတ်က မျိုးချစ်ခေါင်းဆောင်အဖွဲ့သည် ယင်စွမ်းအင်တန်ဖိုးအား စုဆောင်းပြီးနောက် စိတ်ဝိညာဉ်ငြိမ်သက်ရေးဌာနသို့ သရဲ၏ခွန်အားပေါ်မူတည်၍ လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်ကာ အစီရင်ခံစာစောင့်ဆိုင်းချိန်ကို တိုတောင်းစေခဲ့၏။
-
ချန်ကျိုးသည် နေ့လည် ယရောက်သည်ထိ အိပ်လိုက်ပြီး နိုးလာသောအခါ သူ့ဗိုက်သည် ဆာလောင်မှုကြောင့် တဂွီဂွီမြည်နေပြီဖြစ်သည်။
ကော်ဖီစားပွဲထက်တွင် နေ့လယ်စာဘူးတစ်ဘူးရှိပြီး ထိုဗူး အဖုံးပေါ်တွင် စာရွက်တစ်ရွက်ရှိနေသည်။
"သုန်းသုန်းချီ(ခုနစ်)ထားခဲ့တာပါ၊သုန်းသုန်းချီက ဌာနချုပ်ကပေးထားတဲ့ အလုပ်ကို လုပ်ဖို့သွားပါပြီ၊ ဒါနဲ့ဌာနချုပ်က သုန်းသုန်းယောင်ကို အရမ်းချီးမွမ်းနေတာနော်"
ထိုစကားလုံးဆယ်လုံးသည် ချန်ကျိုးအားပျော်ရွှင်သွား စေ၏။
ဌာနချုပ်က သုန်းသုန်းယောင်ကို အထူးတလှယ်ချီးကျူးတယ်
ဌာနချုပ်က ငါ့ကို တစ်ကယ်ကြီးချီးကျူးနေတယ်
ဒါကပဲ ကမ္ဘာမြေပေါ်က အရဲရင့်ဆုံးသော စစ်သည်တော်ဖြစ်တဲ့ သုန်းသုန်းယောင်လုပ်သင့်တဲ့အရာလေ။
စိတ်လှုပ်ရှားသွားပြီးနောက် ချန်ကျိုးသည် နေ့လယ်စာဘူးကို ဖွင့်လိုက်ရာ အထဲတွင် အညိုရောင်တောက်တောက်ဝက်သားနှပ်နှင့် ထမင်းပေါ်ဆမ်းထားသော စွပ်ပြုတ်ပျစ်ပျစ်တို့မှ ချန်ကျိုးအား သွားရည်ယိုအောင်လုပ်နေတော့၏။
ကမ္ဘာမြေပေါ်က အရဲရင့်ဆုံးသော စစ်သည်တော်၊ သုန်းသုန်းယောင်!
နေ့လယ်စာဘူးကို ကောက်ကိုင်လိုက်ကာ ထမင်းများအား သူ့ပါးစပ်ထဲသို့ထိုးသွပ်လိုက်သည်။
နေ့လယ်စာဘူးအား ချလိုက်ချိန်တွင် ချန်ကျိုးမျက်နှာတစ်ခုလုံးမှာ ဟင်းရည်များ ပေကျံနေပြီး သူ့ပါးစပ်ထောင့်တွင်လည်း ထမင်းစေ့တစ်စေ့ ကပ်ကျန်နေ၏။
ဂေ့~~~~
သူသည် ကျေနပ်စွာ လေချဉ်တက်လိုက်သည်။
အားအင်ပြည့်ဝနေပြီဆိုတော့ ချန်ကျိုး ကဘာလုပ်မှာလဲ။
ဒါပေါ့ သူက မကောင်းဆိုးဝါးတစ်ကောင်လေ။
တစ်ညတာအတူနေခဲ့ပြီးနောက် ချန်ကျိုးသည် ယူနီဖောင်းဝတ်ထားသော ဤလူများအပေါ် ကြောက်ရွံ့မှုများလုံးဝပျောက်ကွယ်သွားသည်။
ဤအုပ်စုသည် အပြင်ပန်းတွင် ကြမ်းတမ်းဟန်ဆောင်သော်ငြား အမှန်တွင်တော့ ငပျော့ကောင် အုပ်စုသာဖြစ်၏။ သူတို့သည် သူနှင့် လုံးဝနှိုင်းယှဉ်မရပေ။
နေ့ဘက်တွင် သရဲနှင်ရဲအချို့သာရှိပြီး တာဝန်ကျဝန်ထမ်းအနည်းငယ်သာရှိသည်။
ချန်ကျိုးသည် စောင်ခြုံပြီး အချိန်အနည်းငယ်ကြာ အရူး လျှောက်ထခဲ့ရာ ပြေးလွှားရ၍ပင်ပန်းသွားပြီး အာခေါင်များခြောက်လာတော့၏။
သူ့မျက်လုံးမှ မြင်နိုင်သမျှအကွာအဝေးတွင်းတွင် ရင်းနှီးနေသော coke တစ်ပုလင်းမှာပေါ်ချလာသည်။
ချန်ကျိုးပစ်မှတ်ထားသော ကိုလာပုလင်းသည် ရဲမေတစ်ဦးဟာဖြစ်၏။
မမေးမမြန်းဘဲ ကိုယ့်သဘောနှင့်ကိုယ်ယူခြင်းမှာ ခိုးယူခြင်းဖြစ်သည်။
စိတ်ရောဂါကုဆေးရုံ၏ ဒါရိုက်တာရုံးခန်းမှလွဲ၍ပင် ထိုကြက်ခြေထောက်များမှာ ပိုင်ရှင်မဲ့ဖြစ်၍ သူယူနိုင်ပြီး သူယူလိုက်ပါက သူသည်ပိုင်ရှင်ဖြစ်သွားမည်ပင်။
ချန်ကျိုးမှာမျက်နှာချိုသွေးကာ ရဲမေ၏စားပွဲထံသို့ ချဉ်းကပ်လိုက်သည်။
"မင်း ဒီကိုလာကို သောက်ဦးမှာလား"
ရဲမေသည် ဝက်သားနှပ်စွပ်ပြုတ်ရည်များပေကျံကာ မဖယ်ပစ်ရသေးဘဲ ကပ်ကျန်နေသည့် ထမင်းစေ့ရှိနေသော ချန်ကျိုးမျက်နှာအား ကြည့်လိုက်၏။
သူမသည် အသန့်ကြိုက်သူတစ်ဦးဖြစ်၍ သည်းမခံနိုင်တော့ရာ ကိုလာအား ချန်ကျိုးလက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒီမှာ ယူသွားလိုက်"
ဒီအားနည်းတဲ့ကြက်ပေါက်တွေက စိတ်ရောဂါကုဆေးရုံကလူတွေထက် စကားပြောရတာ အများကြီးပိုအဆင်ပြေတာပဲ။
ချန်ကျိုးသည် ကိုလာပုလင်းအား ကျေကျေနပ်နပ်ကြီးယူကာ ပုလင်းဖုံးကို လှည့်ဖွင့်၍ တစ်ငုံတည်းဖြင့် ပုလင်းတစ်ဝက်နီးပါးကို သောက်ချလိုက်သည်။
သူ ကျေနပ်စွာ လေချဉ်ပင်တက်လိုက်၏။
"ငါကမင်းရဲ့ပစ္စည်းကို အလကားယူမှာမဟုတ်ဘူး ငါနင့်ကိုပေးမယ်... "
ချန်ကျိုးသည် သူ့ကိုယ်ပေါ်မှ ပစ္စည်းများအား စမ်းလိုက်ရာ ဆေးရုံဝတ်စုံသာရှိပြီး သူပေးနိုင်သည့် တစ်ခုတည်းသော အရာမှာကြယ်သီးတစ်လုံးပင်ဖြစ်၏။ သို့သော် ထိုကြယ်သီးသည် ဌာနချုပ်ဆီ ဆက်သွယ်ရန်ဖြစ်သည်။
ချန်ကျိုးသည် ရဲမေ၏ စားပွဲထက်တွင် စာရွက်နှင့် ဘောပင်အား တွေ့လိုက်ရ၍ လှမ်းယူလိုက်ပြီး စုတ်ချက် နှစ်ချက် သုံးချက်ဖြင့် ငါးကလေးတစ်ကောင် ပူဖောင်းများ မှုတ်ထုတ်နေသည့် ပုံကို ဆွဲလိုက်၏။
"ငါမင်းအတွက် အဆောင်တစ်ခု ဆွဲပေးလိုက်မယ်၊ ဒီအ ဆောင်က ကမ္ဘာမြေကြီးနဲ့ ကောင်းကင်ရဲ့ ဝိညာဉ်စွမ်းအားတွေကို စုပ်ယူပေးနိုင်တယ်"
ချန်ကျိုးသည် ပြောပြီးသည်နှင့် ကိုလာပုလင်းအား ပိုက်ကာထွက်သွားတော့သည်။
ရဲမေသည် မျက်မှောင်ကြုတ်လိုက်ကာ ချန်ကျိုးထွက်သွားသည်အထိ စောင့်ပြီးမှ အဆောင်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်၏။
သူမဘေးရှိ လုပ်ဖော်ကိုင်ဖက်မှာ ထိုသည်အားမြင်လိုက်ရ၍ တိုးတိုးလေး ပြောလိုက်သည်။
"သူ့ကို စိတ်မမှန်ဘူးလို့ မထင်နဲ့ သူကအရမ်းစွမ်းတာနော်၊ သူပေးလိုက်တဲ့ဟာက တစ်ကယ့်အဆောင်လက်ဖွဲ့ဖြစ်နိုင်တယ်"
"ဘယ်သူ့အဆောင်ကများ လွှင့်ပစ်မယ့်စာရွက်ပေါ် ဘောပင်နဲ့ဆွဲတာရှိလို့လဲ"
"ဒါဆို ငါ့ကိုပေး ငါတို့တံခါးမှာ ကပ်ထားမယ်"
ရဲမေသည် သံသယဖြင့် အမှိုက်ပုံးထဲမှ ပြန်ကောက်ကာ လက်လှမ်းနေသော လုပ်ဖော်ကိုင်ဖက်ထံ ပေးလိုက်ရာသူမသည် သေသေချာချာ ခေါက်၍သူမ အိတ်ထဲသို့ ထည့်လိုက်သည်။
လုပ်ဖော်ကိုင်ဖက်သည် ပျင်းလာ၍အံဆွဲအား ဖွင့်ကြည့်လိုက်ရာ မနေ့မှကျန်နေသေးသည့် ဖရဲစေ့အိတ်တစ်ဝက်ကို တွေ့လိုက်ရရာ ဖရဲစေ့ထုပ်အားယူ၍ ချန်ကျိုးကိုသွားရှာလိုက်သည်။