← Chapters

ခွေးကျကျပြီး မှောက်ရက်လဲခြင်း

Vol. 1 Ch. 8

ခွေးကျကျပြီး မှောက်ရက်လဲခြင်း

Vol. 1 Ch. 8

ညနေစောင်းလာသည်နှင့်အမျှ အောက်လမ်းနှင်ရဲအရာရှိများ ပိုမိုများပြားစွာ အလုပ်ဆင်းလာကြသည်။

ချန်ကျိုးမှာ ထိုအရာရှိအုပ်စု၏ဝိုင်းရံခြင်းကို ခံထားရပြီး နားနေဆောင်ထောင့်သို့ ရောက်ရှိနေ၏။

နားနေဆောင်အပြင်ဘက်တွင်မူ အရာရှိတစ်ဦးချင်းစီက စက္ကူ၊ ဘောပင်နှင့် မုန့်ထုပ်ကြီးများကိုယ်စီ ကိုင်ဆောင်ကာ အဆောင်လက်ဖွဲ့ တစ်ခုရရှိရန် တန်းစီစောင့်ဆိုင်းနေကြပေသည်။

"ဆရာကြီး... ကျွန်တော့်ကို ငါးခုလောက် လုပ်ပေးပါ"

အရာရှိငယ်တစ်ဦးက ပြောဆိုရင်း သူ့ဈေးဝယ်အိတ်ထဲမှ အစပ်ချောင်းများ၊ အာလူးကြော်များ၊ အသီးခြောက်များ၊ သကြားလုံးများနှင့် ပဲကြီးလှော်များကို ထုတ်လိုက်လေသည်။

ချန်ကျိုးသည် မုန့်အရေအတွက် ကိုက်ညီမှု ရှိ၊ မရှိ သေချာစွာ ရေတွက်ပြီးနောက် ထိုမုန့်အားလုံးကို သူ့ အိပ်ရာခင်းထဲသို့ ထည့်လိုက်၏။ ထို့နောက် လက်ကောက်ဝတ်ကို ခါလိုက်ပြီး စက္ကူပေါ်တွင် ပန်းနှင့် အပင်ပုံများကို ရေးဆွဲပေးလိုက်တော့သည်။

သူ့နောက်တွင် တန်းစီနေသော အရာရှိများကလည်း မျှော် လင့်တကြီးဖြင့် ချောင်းကြည့်နေကြသည်။

ဤအရူး၏ ပုံဆွဲချက်များက တကယ်အလုပ်ဖြစ်မည်လားဆိုသည်ကို သူတို့ အသေအချာမသိကြသော်လည်း မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသောအခါ ကြောက်စိတ်များဝင်လာကြသည်မှာ အမှန်ပင်။ လူတိုင်းက ဤအရူး၏ စွမ်းဆောင်ရည်ကို မျက်မြင်တွေ့ခဲ့ကြပြီးဖြစ်ပေသည်။

ဘာပဲဖြစ်ဖြစ် ဘေးကင်းတာက အကောင်းဆုံးပင်ဖြစ်ပါလိမ့်မည်။

မုန့်ထုပ်ကြီးတစ်ထုပ်မှာ ယွမ်တစ်ရာပင် မပြည့်ပေ။ အကယ်၍ ထိုပုံများက တကယ်အလုပ်ဖြစ်ပါက သူတို့ ကံထူးသွားမည်ဖြစ်ပြီး၊ အလုပ်မဖြစ်ခဲ့လျှင်လည်း စိတ်ဝေဒနာရှင် ချန်ကျိုးကို အသက်ကယ်ခဲ့သည့်အတွက် ကျေးဇူးတုံ့ ပြန်သည်ဟု သဘောထားလိုက်ရုံသာ ဖြစ်သဖြင့် မည်သို့မျှ မရှုံးနိုင်ပေ။

ရဲစခန်းအပြင်ဘက်ရှိ စူပါမားကတ်အသေးလေး၏မုန့်တန်းမှာလည်း လုံးဝ ပြောင်သလင်းခါသွားခဲ့ပြီ ဖြစ်သည်။

မှောင်ရီပျိုးစအချိန်တွင် စခန်းမှူး ကျိုးအိုက်ကော် ရဲစခန်းသို့ ရောက်ရှိလာ၏။

စခန်းအတွင်း၌ ဝန်ထမ်းအားလုံးမှာ စက္ကူအနည်းငယ်စီကိုင်ကာ တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြပေသည်။

"ဒါတွေက တကယ်ရော အလုပ်ဖြစ်ပါ့မလား၊ ငါ့ရဲ့ လက်ဖွဲ့တွေက တစ်ခုနဲ့တစ်ခုတောင် မတူဘူး"

"မင်းဟာတင် မတူတာ မဟုတ်ဘူး၊ ငါတို့အားလုံးရဲ့ လက်ဖွဲ့တွေက တစ်ခုမှ မတူကြတာ၊ အလုပ်ဖြစ်၊ မဖြစ်ဆိုတာက တော့ တာဝန်နဲ့ အပြင်ထွက်တဲ့အခါ သိရမှာပေါ့"

နားနေဆောင်ထဲမှ လူများ ပိုမိုထွက်လာကြပြီး တစ်ဦးချင်းစီက စက္ကူအချို့ကို ကိုင်ထားကြသည်။

"ငါ့ဟာကတော့ မျဉ်းကြောင်း နည်းနည်းပဲ ပါတယ်"

"ကျေးဇူးတင်စမ်းပါကွာ၊ ငါဆိုရင် မျဉ်းကြောင်း နည်းနည်း ပိုဆွဲပေးဖို့ အတင်းတောင်းပန်ယူရတာ"

ဒါ ဘယ်လို အခြေအနေကြီးလဲ။

ကျိုးအိုက်ကော်သည် နားနေဆောင်တံခါးကို ဖွင့်လိုက်၏။ ကြမ်းပြင်ပေါ်တွင် မုန့်များ စုပုံနေပြီး ဆိုဖာမှာလည်း မုန့်များအောက် ရောက်နေသဖြင့် ရှာမတွေ့နိုင်တော့ပေ။

ချန်ကျိုးသည် မုန့်ပုံကြီးကြားတွင် ထိုင်ကာ ပါးစပ်၌ ချိုချဉ်တစ်လုံး ငုံလျက် စက္ကူတစ်ရွက်ပေါ်တွင် စိတ်မရှည်စွာဖြင့် ကောက်ကြောင်းများ ဆွဲနေသည်ကိုတွေ့ရမည် ဖြစ်သည်။

ထွားကျိုင်းသော အောက်လမ်းနှင်အရာရှိတစ်ဦးက ကိုယ်ကိုကိုင်းကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

"မျဉ်းလေး နည်းနည်းလောက် ပိုဆွဲပေးပါဦး၊ မနက်ဖြန်ကျရင် ဘဲလည်ပင်းဝယ်ကျွေးမယ်"

ချန်ကျိုးက မျဉ်းကြောင်းအချို့ကို ခပ်မြန်မြန် ဆွဲပေးလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ မေးလိုက်လေသည်။

"မင်းက ငါ့အရည်အချင်းကို သံသယရှိနေတာလား"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"

ထိုအရာရှိသည် လက်ဖွဲ့များကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အပြင်သို့ နောက်ပြန်ဆုတ်၍ ထွက်လာခဲ့သည်။

ထိုစဉ် သူသည် စခန်းမှူး ကျိုးအိုက်ကော်နှင့် တိုက်မိသွားတော့၏။

ကျိုးအိုက်ကော်က သူ့ကို စိုက်ကြည့်လိုက်သဖြင့် ထိုအရာရှိမှာ ကြောက်လန့်တကြားဖြင့် အမြီးကုပ်ကာ ထွက်ပြေးသွားခဲ့လေသည်။

ကျိုးအိုက်ကော် မျက်နှာပျက်ပျက်ဖြင့် နားနေဆောင်ထဲသို့ လှမ်းဝင်လိုက်ပြီး ကျန်ရှိနေသောသူများကို အမိန့်ပေးလိုက်ပေသည်။

"မင်းတို့အားလုံး အပြင်ထွက်သွားကြတော့"

နားနေဆောင်ထဲရှိ ဝန်ထမ်းများမှာလည်း အသံတစ်ချက်မထွက်ဘဲ ထွက်ခွာသွားကြ၏။

ကျိုးအိုက်ကော်သည် အပြင်တွင် လူရှိ၊ မရှိကို သေချာအောင် နောက်လှည့်ကြည့်ပြီးနောက် သူ၏ လက်ဆွဲအိတ်ထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

သူက ပြုံးလျက် "ဂူအောက်လမ်းဆရာကြီး၊ ကျွန်တော့်အတွက်လည်း အချို့လောက် ဆွဲပေးပါဦး"

ချန်ကျိုးသည် ညောင်းညာနေသော သူ၏လက်များကို ခါလိုက်ပြီး ကျိုးအိုက်ကော်၏ ဗလာဖြစ်နေသော လက်များကို စိုက်ကြည့်လိုက်၏။

သူ့အကြည့်များက "တခြားလူတွေက မုန့်နဲ့ လဲသွားကြတာ မင်းမတွေ့ဘူးလား၊ မင်းက လက်ဗလာနဲ့ လာတာလား" ဟု မေးနေသည့်အလားပင်။

ကျိုးအိုက်ကော်မှာလည်း ပါးနပ်သူဖြစ်သဖြင့် သူ၏အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ဖုန်းတစ်လုံးနှင့် ငွေစက္ကူအနီ နှစ်ရွက်ကို ထုတ်လိုက်သည်။ ထို့နောက် သူက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ပေသည်။

"မနက်ဖြန်ကျရင် မုန့်ဝယ်ပေးပါ့မယ်၊ ဒီနေ့က တာဝန်နဲ့မို့လို့ ဝယ်ဖို့ အချိန်မရလိုက်လို့ပါ"

"အဲဒီ ပိုက်ဆံအနီ နှစ်ရွက်ကို ငါ့ပေး"

ချန်ကျိုးမှာ မိုက်မဲသူ မဟုတ်သဖြင့် ထိုအရာများမှာ ပိုက်ဆံဖြစ်ကြောင်း သိရှိသည်။ ပိုက်ဆံအနီတစ်ရွက်လျှင် စိတ်ကျန်းမာရေးဆေးရုံရှိ စတိုးဆိုင်တွင် ပစ္စည်းများစွာ ဝယ်ယူနိုင်မည် မဟုတ်ပါလား။

"အာ... ကောင်းပါပြီ"

ကျိုးအိုက်ကော်မှာ အကြီးအကျယ် အလိမ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ တခြားလူများက ယွမ်အနည်းငယ်တန် မုန့်များဖြင့် လက်ဖွဲ့ ငါးခု၊ ခြောက်ခု ရရှိနေချိန်တွင် သူကမူ တစ်ရာပေးရသဖြင့် နှမြောနေမိတော့သည်။

ကျိုးအိုက်ကော်အတွက် လက်ဖွဲ့နှစ်ခု ဆွဲပေးပြီးနောက် ချန်ကျိုးသည် မုန့်ပုံထဲတွင် မွှေနှောက်ကာ သကြားလုံးအသေးလေး တစ်လုံးကို ရှာဖွေတွေ့ရှိသွား၏။

သူက ရက်ရက်ရောရောပင် ထိုသကြားလုံးကို ကျိုးအိုက်ကော်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး

"စားစမ်းပါ၊ ငါကျွေးတာ၊ အားမနာနဲ့"

ကျိုးအိုက်ကော်သည် သူ၏လက်ထဲရှိ သနားစရာကောင်းလောက်အောင် သေးငယ်လှသော သကြားလုံးလေးကို တစ်လှည့်၊ ချန်ကျိုး၏ နားနေဆောင်အပြည့် စုပုံနေသော မုန့်ပုံကြီးကို တစ်လှည့် ကြည့်လိုက်မိ၏။

"မင်းက တကယ်ကို ရက်ရောတာပဲ"

ကျိုးအိုက်ကော်သည် သကြားလုံးကို ယူ၍ အခွံနွှာကာ ပါးစပ်ထဲသို့ ထည့်မည်အပြုတွင် မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်ကို ခံစားလိုက်ရတော့သည်။

ကျိုးအိုက်ကော် မော့ကြည့်လိုက်သောအခါ ချန်ကျိုးသည် သူ၏လက်ထဲမှ သကြားလုံးကို မည်သည့်ခံစားချက်မျှမရှိသော မျက်နှာပေးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ဒီသကြားလုံးက တကယ်ရော စားလို့ရရဲ့လား"

ကျိုးအိုက်ကော် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သကြားလုံးကို စားပွဲပေါ်တွင် ပြန်တင်လိုက်ရင်း "ငါ ရုတ်တရက်ကြီး စားချင်စိတ် ပျောက်သွားပြီ" ဟု ပြောလိုက်ပေသည်။

ချန်ကျိုးသည် သူအလိုရှိရာ ဖြစ်သွားသဖြင့် စားပွဲပေါ်မှ သကြားလုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့၏။

ကျိုးအိုက်ကော် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ချန်ကျိုးအား တစ်ခုခု ပေးရသည်မှာ လွယ်ကူသော်လည်း၊ သူ၏ထံမှ တစ်ခုခု ပြန်ရဖို့မှာမူ အသည်းကို အစိမ်းလိုက် အထုတ်ခံရသည်ထက်ပင် ပို၍ နာကျင်ရပေမည်။

ကျိုးအိုက်ကော်သည် လက်ဖွဲ့ကို သိမ်းဆည်းကာ နားနေဆောင်မှ ထွက်လာခဲ့သည်။

"ရှောင်ကျန်း... တုန်းတချောင်းတံတား အမှုဖိုင်ကို သွားယူချေ၊ အဓိက တာဝန်ရှိသူအားလုံး အစည်းအဝေးခန်းထဲမှာ လူစုကြမယ်"

လွန်ခဲ့သော နှစ်ရက်ခန့်က အောက်လမ်းနှင်ရဲတပ်ဖွဲ့ထံသို့ တုန်းတချောင်းတံတားပေါ်တွင် တစ်ဝက်တစ်ပျက် သေဆုံးနေသော အလောင်းတစ်လောင်း တွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားစာ ရောက်ရှိလာခဲ့သည်။ ထိုသေဆုံးမှုမှာ သံသယဖြစ်ဖွယ်ကောင်းလှ၏။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ပျောက်ဆုံးနေပြီး၊ ပြတ်တောက်နေသော မျက်နှာပြင်မှာ အသက်ရှင်လျက် ရှိနေစဉ်မှာပင် နှစ်ပိုင်းအဖြစ်ဆွဲဖြဲခံထားရသည့် ပုံစံမျိုးဖြစ်နေပေသည်။

အနှံ့အပြား ကျိုးပဲ့နေသော မှတ်ပုံတင် အထောက်အထားများမှတစ်ဆင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် သေဆုံးသူသည် ထိုနေ့ညက သူငယ်ချင်းများနှင့်အတူ အရက်သောက်ခဲ့ကြောင်း၊ အရက်မူးနေသဖြင့် သူငယ်ချင်းများ၏တားဆီးမှုကို ဂရုမစိုက်ဘဲ အိမ်သို့ တစ်ဦးတည်းပြန်သွားခဲ့ကြောင်း သိရှိခဲ့ရသည်။

ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် အောက်လမ်းနှင်ရဲတပ်ဖွဲ့သည် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအားမေးမြန်းခဲ့ရာ ချောင်းတံ တားပေါ်မှ ထူးဆန်းသောအသံများကို ညတိုင်း ကြားနေရကြောင်း သိရလေသည်။

ကနဦးရောဂါရှာဖွေချက်အရ ၎င်းမှာ တစ္ဆေသရဲ၏ လက် ချက်ဖြစ်နိုင်သော်လည်း၊ ထူးဆန်းသည်မှာ နှစ်ညဆက်တိုက် တိုင်းတာရရှိသော ယင်စွမ်းအင်အဆင့်မှာ ပုံမှန်အတိုင်းသာ ရှိနေခဲ့ခြင်းပင်။

သေမင်းတမန် မိန်းကလေးငယ်အား ကိုင်တွယ်ဖြေရှင်းပြီးနောက် ကျိုးအိုက်ကော်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများပြည့်ဝနေပြီး ယခုအခါ ဤအမှုကို စတင်စုံစမ်းနိုင်ပြီ ဖြစ်ပေသည်။

...

ညနက်ပိုင်းတွင် အောက်လမ်းနှင်ရဲအရာရှိများ တင်ဆောင်လာသော ရဲကားတစ်စီးနှင့် 'ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ' ဟု ရေးထိုးထားသော လူနာတင်ကားတစ်စီးတို့သည် တုန်းတချောင်းတံတားပေါ်သို့ မောင်းနှင်လာကြသည်။

တုန်းတချောင်းတံတားမှာ အလျား ၂,၄၀၀ မီတာခန့် ရှည် လျားပြီး အကျယ် ၁၂ မီတာခန့်ရှိကာ ကျင်းကျန်းမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားခြင်း ဖြစ်၏။

ချင်ရှန်းဆေးရုံမှ လူနာတင်ကားသည် တံတားအလယ်တွင် ရပ်တန့်သွားပြီး ချန်ကျိုးသည် မုန့်ထုတ်များကို ပိုက်လျက် ကားပေါ်မှ ဆင်းလာခဲ့သည်။

ရဲကားပေါ်မှ ဆင်းလာသော အရာရှိများမှာမူ လက်တစ်ဖက်တွင် အထူးပြုလုပ်ထားသော ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားပြီး၊ အခြားလက်တစ်ဖက်တွင် ချန်ကျိုးထံမှ ရရှိထားသော လက်ဖွဲ့စက္ကူကို ကိုင်ထားကြပေသည်။

တစ္ဆေသရဲစွမ်းအင်များ ပြန်လည်နိုးထလာမှုကြောင့် ညဘက်တွင် အပြင်ထွက်သူ မရှိသလောက်ဖြစ်ရာ တံတားတစ်ခုလုံးမှာ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

ချန်ကျိုးသည် တံတားလက်ရန်းကို မှီကာရပ်နေ၏။ လေ ညင်းလေးများက သူ၏ပါးပြင်ကို လာရောက်ထိတွေ့နေပြီး ပူပြင်းသော နွေရာသီတွင် အေးမြသော ခံစားချက်ကိုပေးစွမ်းနေသည်။

အကယ်၍ ကမ္ဘာပေါ်တွင် တစ္ဆေသရဲများသာ မရှိပါက ဤနေရာသည် အပန်းဖြေရန် အလွန်ကောင်းသော နေရာတစ်ခု ဖြစ်ပါလိမ့်မည်။

ကျိုးအိုက်ကော် ချန်ကျိုးအနီးတွင် ရပ်ကာ တိုးတိုးလေး မေးလိုက်သည်မှာ

"သုန်းသုန်းယောင်... တံတားပေါ်မှာ ထူးခြားတာ တစ်ခုခုတွေ့ရလား"

ထိုစကားကို ကြားသောအခါ ချန်ကျိုးက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ထိတ်လန့်နေကြသော ရဲအရာရှိများမှလွဲ၍ ဘာမျှမရှိပေ။

"ဘာမှ မရှိပါဘူး"

"သေချာလေး ထပ်ကြည့်ပါဦး၊ ဒါမှမဟုတ် ဟိုးရှေ့ဘက်မှာ သွားဆော့လေ၊ အဲ့ဒီနေရာက ပိုမြင့်တယ်"

ကျိုးအိုက်ကော် ချော့မော့ပြောလိုက်၏။

"တကယ်လား"

ချန်ကျိုးသည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ပြေးထွက်သွားတော့သည်။

အောက်လမ်းနှင်ရဲများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြပေသည်။

တံတားအများစုတွင် လမ်းဘေးဝဲယာ၌ လူသွားလမ်းများ ပါရှိပြီး ထိုလမ်းများသည် ကားလမ်းထက် စင်တီမီတာ အနည်းငယ်ပိုမြင့်သည်မှာ အများသိထားသည့်အတိုင်းပင်။

သို့သော် စိတ်ကျန်းမာရေးဆေးရုံမှ လတ်တလောမှ ထွက်လာသော လူနာဖြစ်သူ ချန်ကျိုးကမူ ထိုအချက်ကို လုံးဝမသိရှိပေ။

သူသည် အကွာအဝေးတစ်ခုအထိ ပြေးသွားပြီးနောက် ဟန် ချက်ပျက်ကာ ကားလမ်းပေါ်သို့ မှောက်ရက်လဲကျသွားခဲ့တော့သည်။

အားလုံးမှာ အလွန်လျင်မြန်စွာဖြစ်ပျက်သွားသဖြင့် မည်သူမျှ တားဆီးချိန် မရလိုက်ကြပေ။

သူတို့က ချန်ကျိုးကိုထူလိုက်သောအခါ နှာခေါင်းမှ သွေးများ ပန်းထွက်နေပြီး နဖူးတွင်လည်း ပွန်းပဲ့ဒဏ်ရာများရရှိနေ သည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာ၊ လက်နှင့် ဒူးခေါင်းများတွင်လည်း သွေးများပေကျံနေ၏။

ချန်ကျိုးသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အံကြိတ်ထားသော်လည်း မျက်လုံးထဲ မျက်ရည်များဝဲတက်လာခဲ့သည်။

သူ ငိုချင်နေသည်။

သို့သော် သူ မငိုနိုင်ပေ။

သူသည် ဤဂြိုဟ်ပေါ်တွင် အစွမ်းသတ္တိအရှိဆုံး စစ်သည်တော်တစ်ဦး မဟုတ်ပါလား။

နာကျင်မှုကို အောင့်အည်းသည်းခံနေသော်လည်း မျက်ရည်တစ်ပေါက်က ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာခဲ့သည်။

ထိုမျက်ရည်တစ်ပေါက်သည် ဆည်ကျိုးသည့်အလား ချန်ကျိုး၏နောက်ဆုံး ခံစစ်စည်းကို ဖျက်ဆီးပစ်လိုက်တော့၏။

"ဝါး... ဟီး..."

ချန်ကျိုး မြေပြင်ပေါ်တွင် ထိုင်ချကာအော်ဟစ်ငိုယိုပါတော့ သည်။

[စနစ်သတိပေးချက် - အန္တရာယ် နီးကပ်လာနေပါပြီ]

သူတို့နှင့် မနီးမဝေး တံတားပေါ်ရှိ အမှောင်ထုထဲမှဧရာမ သတ္တဝါကြီးတစ်ကောင်သည် တိတ်တဆိတ် ချဉ်းကပ်လာနေပြီဖြစ်သည်။

All Chapters