မင်း ငါ့ကို ကူညီစေချင်တာလား
Vol. 1 Ch. 10
ချန်းကျိုးတစ်ယောက် လေကိုဖြတ်ပြီး ကြောင်ကြီးကို စီးလို့ အားရပါးရ ပြေးလွှားနေသည်။
[Host နှစ်တစ်ထောင် ကျားဝိညာဉ်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် သွတ်သွင်းနေသည်၊ ထိန်းကျောင်းနိုင်မှု အဆင့်- ၂၀%၊ အဟန့်အတားများရှိပါက ပျက်ပြယ်သွားမည်။]
"ရှူး!"
ချန်းကျိုးက တီဗွီထဲကပုံစံအတိုင်း ကြောင်ကြီးရဲ့အမွေးကို တင်းတင်းဆွဲလိုက်သည်။
[စနစ်.......]
[ထိန်းကျောင်းခြင်းကို ရပ်ဆိုင်းမည်၊ ထိန်းကျောင်းမှု အချက် အလက်များကို သိမ်းဆည်းထားမည်။]
စနစ် - စိတ်မမှန်တဲ့သူတစ်ယောက်နဲ့ တွေ့ရင် ငါ ဘာလုပ်နိုင်မှာလဲ ? သူ့ကို နိယာမတွေ ပြောပြရမလား ? သူကဘာနိယာမမှ နားမလည်တာ။
နှစ်တစ်ထောင် ကျားဝိညာဉ် ရပ်လိုက်တဲ့နေရာက သရဲနှိမ် နင်းရေးရဲစခန်း ရှေ့တည့်တည့်မှာဖြစ်သည်။
ချန်းကျိုး သူ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေနဲ့ သူ့ကိုလိုက်ရှာနေတဲ့ အမှတ်စဉ် ၇ တို့ကိုမေ့သွားခဲ့သည်။ ဒါပေမယ့် သူ့ရဲ့မုန့်ပုံကြီးကိုမူမမေ့နိုင်ပေ။
ချန်းကျိုးက သရဲနှိမ်နင်းရေးရဲစခန်းထဲသို့ ပြေးဝင်သွားသည်။
သူဟာ အေးဂျင့်တစ်ယောက်လို ရဲစခန်းဝန်ထမ်းတွေရဲ့ မျက်လုံးကွယ်ရာကနေ အနားယူခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။
အနားယူခန်းထဲမှာ ချန်းကျိုးက သရေစာတွေကို ဂရုတစိုက် ရေတွက်နေပြီး အိတ်ကြီးတွေထဲသို့ထည့်နေသည်။
အိတ်တွေကို သယ်ပြီး အကြိမ်အတော်ကြာ ဝင်လိုက်ထွက်လိုက် လုပ်နေသည်။
နောက်ဆုံးအကြိမ် ထွက်သွားတဲ့အခါ ချန်းကျိုးဘယ်တော့မှ ပြန်မလာတော့ပေ။
ဆင်တစ်ကောင်လောက်ရှိတဲ့ နှစ်တစ်ထောင် ကျားဝိညာဉ်ပေါ်မှာ မကောင်းဆိုးဝါးကလေးက လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးကို အသုံးပြုပြီး သရေစာအိတ်ကြီးတွေကို စုစည်းကာ သယ်ဆောင်ထားသည်။
ချန်းကျိုးကမူ ကြောင်ကြီးကို အလွယ်တကူထိန်းချုပ်ထားပြီး မြို့ပြ၏လမ်းတွေထက် အပြင်းအထန်ပြေးနေသည်။
ကြောင်ကြီးအား ချင်းရှန် စိတ်ရောဂါကုဆေးရုံအပြင်ဘက်သို့ မောင်းသွားသည်။
ချန်းကျိုးရဲ့ မသိစိတ်ထဲမှာ ဒီနေရာကို သူ့အိမ်အဖြစ်သတ် မှတ်ထားသည်။
ချန်းကျိုး မကောင်းဆိုးဝါးကလေးဆီကနေ သရေစာတွေကို ယူပြီး သူ့ကိုယ်ပေါ်မှာ ချိတ်ဆွဲလိုက်သည်။ ပြီးနောက် မကောင်းဆိုးဝါးကလေးကို ကင်မရာတွေကို ပိတ်ဆို့ပြီး အတွင်းကနေ သော့ဖွင့်ခိုင်းလိုက်သည်။
ချန်းကျိုးက စိတ်ရောဂါဝင်းပတ်လည်ကို ရှာဖွေပြီး မြေပြင်ပေါ်ကနေ လေတစ်ဆုပ်ကို ဆွဲထုတ်လိုက်ကာ ကြိုးအဖြစ် ဟန်ဆောင်ပြီး ကြောင်ကြီးကိုရိုက်လိုက်သည်။ ပြီးနောက် လေကို အသုံးပြုပြီး ကြောင်ကြီးကို စိတ်ရောဂါဆေးရုံက ခုံတန်းလျားမှာ ချည်လိုက်သည်။
နှစ်တစ်ထောင် ကျားဝိညာဉ်မှာ သူ့အားကြိုးနဲ့ချည်ခံထားရတာကိုကြည့်ပြီး တစ်ယောက်တည်း အထီးကျန်နေသည်။
ကျားဝိညာဉ်ကမူ တိတ်တိတ်ကလေး နောက်သို့ နှစ်လှမ်းဆုတ်ပြီး ချန်းကျိုး သတိမထားမိတုန်း တိတ်တိတ်လေး ထွက်ပြေးဖို့ကြိုးစားသည်။
[Host ဂုဏ်ယူပါသည်၊ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ရရှိသွားပါသည်- နှစ်တစ်ထောင် ကျားဝိညာဉ်။]
စက်သံမြည်လာရာ ဝါးဝါးမှုံမှုံ ကြိုးတစ်ချောင်းကမူ ကျားဝိညာဉ်လည်ပင်းအား ရစ်ပတ်ပြီး ခုံတန်းလျားမှာ ချည်နှောင်လိုက်သည်။
နှစ်တစ်ထောင် ကျားဝိညာဉ်: ............ ဒီလိုမျိုးလည်း ကစားလို့ရသေးတာလား ?
နှစ်တစ်ထောင် ကျားဝိညာဉ်၏ စူးစိုက်ကြည့်နေတဲ့ အကြည့်အောက်မှာ ချန်းကျိုးက သူ့ဘယ်ဘက်လက်ထဲမှာ မုန့်တစ်ထုပ်၊ ညာဘက်လက်ထဲမှာ မုန့်တစ်ထုပ်၊ ကျောပေါ်မှာ မုန့်တစ်ထုပ်နဲ့ ရင်ဘတ်ပေါ်မှာ မုန့်တစ်ထုပ်ကို ကိုင်ထားသည်။
သူ နှစ်ခြိုက်တဲ့ သူ့ရဲ့ခုတင်ပေါ်မှာထိုင်နေပြီး ခေါင်းအုံးတွေ၊ စောင်တွေကို ဝတ်ဆင်ထားကာ အာလူးကြော်တွေ ဖောက်စားနေသည်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိပြီးတဲ့နောက် ချန်းကျိုးတစ်ယောက် အိပ်ပျော်သွားခဲ့သည်။
နောက်နေ့ မနက်စောစောမှာတော့ လူနာတွေကိုလိုက်ကြည့်တဲ့ သူနာပြုက ချန်းကျိုးအခန်းတံခါးကို ဖွင့်လိုက်သည်။
ဆေးရုံကုတင်ပေါ်မှာ ချန်းကျိုးက သွေးအလိပ်လိုက်တွေနဲ့ လှဲနေပြီး မွေ့ရာပေါ်မှာလည်း သွေးတွေပြည့်နေသည်။ သူ့ရဲ့နဖူးပေါ်မှာလည်း ပြင်းထန်သည့် ဒဏ်ရာတစ်ခုရှိနေသည်။
"ချန်း..... ချန်းကျိုး၊ ကူညီကြပါဦး၊ မြန်မြန်လာကြပါဦး"
သူနာပြုက မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
ချန်းကျိုး ကုတင်ပေါ်ကနေ ထထိုင်လိုက်သည်။ သူ့မျက်နှာမှာ သွေးတွေ ဖုံးနေပြီး သူ့ပါးစပ်တွေမှာလည်း အာလူးကြော်အစအနတွေ ပေကျံနေသည်။
"ဘာဖြစ်တာလဲ"
ချန်းကျိုးက စိုက်ကြည့်နေရင်း သမ်းဝေလိုက်သည်။ သူ ညက အရမ်းနောက်ကျမှ ပြန်လာခဲ့တာဖြစ်သည်။
ချန်းကျိုး အသက်ရှင်နေသေးတာကိုမြင်တော့ သူနာပြုက တံခါးဘောင်ကို ကိုင်ပြီးထရပ်လိုက်သည်။ ပြီးနောက် ချန်းကျိုးရဲ့ ကုတင်နားကို ဂရုတစိုက်လျှောက်သွားကာ ချန်းကျိုးကို နှာခေါင်းစမ်းကြည့်လိုက်သည်။
နွေးထွေးပြီး အသက်ရှူနေသည်။
"ချန်းကျိုး၊ နင့်ကို ဘယ်သူ ပြန်ပို့ပေးတာလဲ"
"ကျွန်တော် ကိုယ့်ဘာသာ ပြန်လာတာ"
သူနာပြုကမူ မယုံနိုင်ပေ။ ချန်းကျိုးနဖူးမှ ဒဏ်ရာကို လက်နှင့် ထိကြည့်ရာ ကြောက်မက်ဖွယ်ကောင်းနေသည်။
"ဒီဒဏ်ရာက ဘယ်ကရလာတာလဲ"
"ကျွန်တော် ကိုယ့်ဘာသာ ပြုတ်ကျတာ"
"နာလား"
ချန်းကျိုးက သူ့ပါးစပ်ကို ပြားအောင်လုပ်ပြီး "နာတယ်" ဟု ပြောသည်။ ချန်းကျိုးက သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေအားလုံးကို လက်ညှိုးထိုးပြပြီး "ကျွန်တော့်လက်တွေနဲ့ ခြေထောက်တွေမှာလည်း ရှိတယ်" ဟု ဆိုသည်။
သူနာပြုက ချန်းကျိုးခေါင်းကို ကိုင်ပြီး "ငါ မြင်ပါတယ်၊ အဲ့လူယုတ်မာအုပ်စုရဲ့ အပြစ်ပဲ" ဟု ချော့လိုက်ရသည်။
"ဟုတ်တယ်၊ သူတို့အားလုံး လူယုတ်မာတွေ"
သရဲနှိမ်နင်းရေးရဲစခန်း၏အကြီးအကဲမှာ သတင်းကြားသည်နှင့်တပြိုင်နက် ချန်းကျိုးနှင့်အတူ ပါသွားခဲ့သည့် ဆေးဝန်ထမ်းများဖြင့် အတူအလျင်အမြန်ရောက်ရှိလာသည်။
ရုံးခန်းထဲမှာတော့ အကြီးအကဲ လီချင်းရှန်က ဒေါသတကြီးဖြစ်နေသည်။
"ငါ ခေါ်မှပဲ မင်းတို့က ဒီကလေး သေသွားတာကို သတင်းပို့မလို့လား"
ဂုဏ်ရှိတဲ့ ရဲအကြီးအကဲကတော့ ကလေးတစ်ယောက်လို ခေါင်းငုံ့ပြီး "ကျွန်တော်တို့လည်း ချန်းကျိုး ကိုယ့်ဘာသာ ပြန်ပြေးလာလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး၊ ပထမဆုံး ချန်းကျိုးကိုရှာပြီးမှ ခင်ဗျားကို သတင်းပို့ဖို့ စဉ်းစားခဲ့တာ၊ ဒါမှ အားလုံး စိတ်မပူရအောင်လို့ပါ" လို့ ဝန်ခံလိုက်သည်။
"ချန်းကျိုး မပြန်လာခဲ့ရင်၊ ထွက်ပြေးသွားခဲ့ရင်၊ ဒါမှမဟုတ် ဒီသရဲနဲ့ ဟိုသရဲက ခေါ်သွားခဲ့ရင်ကော ဘယ်လိုလုပ်မလဲ"
"ကျွန်တော်တို့ရဲ့ အမှားပါ၊ ခင်ဗျား ဆူချင်ရင်လည်း ဆူပါ၊ ကျွန်တော် ဘယ်တော့မှ ပြန်မတိုက်ခိုက်ပါဘူး၊ ကျွန်တော် ကျိုးအိုက်ကော် တစ်သက်လုံးကတိပေးပါတယ်၊ နောက်တစ် ခါ ဘယ်တော့မှ ဒီလိုမျိုးထပ်မဖြစ်စေရပါဘူး"
"မင်းက နောက်တစ်ခါ ရှိစေချင်တာလား၊ သူက ပြင်းထန်တဲ့ စိတ်ရောဂါရှိသူ၊ သူက ပုံမှန်လူမဟုတ်ဘူး၊ ဒီတစ်ကြိမ် သူ ကိုယ့်ဘာသာ ပြန်လာနိုင်တာ၊ နောက်တစ်ကြိမ် ဒီလိုမျိုးမဖြစ်နိုင်ဘူး"
ကျိုးအိုက်ကော်က ဘာမှ ထပ်မပြောရဲတော့ဘဲ အကြီးအကဲကို ဒေါသပေါက်ကွဲခွင့်ပေးလိုက်သည်။
သူ လာရတဲ့ ရည်ရွယ်ချက်က အကြီးအကဲရဲ့ရှေ့မှာ ဒူးထောက်ဖို့ဖြစ်ပြီး ချန်းကျိုးလို စွမ်းအားရှင်တစ်ယောက်အား စိတ်ရောဂါဆေးရုံမှာ နေခွင့်မပေးနိုင်ပေ။
တခြားတစ်ဖက်မှာတော့ သူ့ရဲ့ဒဏ်ရာတွေကို ကုသပြီးသွားတဲ့ ချန်းကျိုးက ခြံထဲက ခုံတန်းလျားပေါ်မှာထိုင်ပြီး နေပူစာ လှုံနေသည်။ ပန်းသီးကို ကိုက်စားရင်း တိမ်တွေကို ကြောင်ကြည့်နေသည်။
[Host စိတ်ရောဂါကို ကုသမှုခံယူမှာလား။]
[Host စိတ်ရောဂါကို ကုသမှုခံယူမှာလား။]
[Host......]
"ဟဲဟဲ၊ မင်း စိတ်အနှောင့်အယှက်ဖြစ်နေလား" လို့ ချန်းကျိုးက စိတ်မရှည်စွာ ပြောလိုက်သည်။
[စနစ်သည် ကုသရန် ၄၃ ကြိမ်မြောက် ကြိုးစားမှု မအောင် မြင်ပါ။]
ဆေးရုံအပြင်ဘက်မှာတော့ အနက်ရောင် ကိုယ်ပိုင်ကားတစ်စီးရပ်ထားပြီး လူသုံးယောက် ကားထဲက ထွက်လာသည်။
အသက်လတ်ပိုင်း ဇနီးမောင်နှံနှင့်နေကာမျက်မှန်တပ်ထားတဲ့ အမျိုးသမီးငယ်တစ်ယောက် ဖြစ်သည်။
သုံးယောက်သား ဆေးရုံအပေါက်မှာ စကားအနည်းငယ်ပြောပြီး အမျိုးသမီးငယ်သည် ချန်းကျိုးဘက်ကို လက်ညှိုးထိုးပြကာ တစ်ခုခု ပြောနေသည်။
ချန်းကျိုးက ခုံတန်းလျားပေါ် လှဲနေပြီး မျက်လုံးတွေကို မှိတ်ထားကာ ဒီအမျိုးသမီးက အရမ်းကိုရင်းနှီးနေသလို ခံစားရသည်။ ဒီနှစ်ရက်အတွင်း လူတွေ အများကြီးနှင့်ထိတွေ့ခဲ့ရသဖြင့် သတိမရတော့ပေ။
သုံးယောက်သား ဆေးရုံနဲ့ ခဏအဆက်အသွယ်လုပ်ပြီးနောက် သူနာပြုတစ်ဦးက အမျိုးသမီးငယ်ကို ချန်းကျိုးဆီ ခေါ်လာသည်။
အမျိုးသမီးက မျက်မှန်ကို ချွတ်လိုက်တော့ ချန်းကျိုးက တစ်ဖက်လူရဲ့ အထောက်အထားကို ချက်ချင်းမှတ်မိသွားသည်။ ဘောလုံးနှစ်လုံးဖျားနာခဲ့သည့် ကျန်ယိုယိုပင်။
ကျန်ယိုယိုက နှစ်ရက်အကြာတုန်းကထက် အများကြီးပိန်ကျသွားပြီး သူ့ရဲ့ပါးပြင်တွေက နည်းနည်းချိုင့်ဝင်သွားကာ မျက်ကွင်းညိုတွေလည်း ပေါ်လာသည်။ သပ်ရပ်တဲ့ မြင်းမြီးဆံပင်ကလည်း ပခုံးကျော်ဆံပင်ဖြစ်လို့နေသည်။
ကျန်ယိုယို စိတ်ရောဂါသည်ကို ဘယ်လို နှုတ်ဆက်ရမလဲဆိုတာ အလျင်အမြန်စဉ်းစားနေသည်။
"ရှောင်းချီချီ၊ မင်းကို မတွေ့တာရက်တော်တော်ကြာပြီ၊ မင်း အလုပ်လုပ်တဲ့နေရာကို ငါသွားခဲ့သေးတယ်၊ မင်း မရှိဘူး" ဟု ချန်းကျိုး စကားစလိုက်သည်။
ကျန်ယိုယိုက ချန်းကျိုးရဲ့ရှေ့မှာ ရပ်နေပြီး လက်ချောင်းတွေကိုဆုပ်ကိုင်ထားကာ "ကျွန်မ ဆေးရုံတက်နေတယ်" ဟုပြော သည်။
ချန်းကျိုးက ရုတ်တရက် သဘောပေါက်သွားပြီး "ငါ ပြောပါတယ်၊ ရှောင်းချီချီ ဖျားနေတယ်လို့" ဟု ဆိုသည်။
"နောက်ကျသွားပြီ၊ ကျွန်မ အသက်ရှည်ရှည်နေရတော့မယ်မထင်ဘူး" ဟု ကျန်ယိုယို သူ့ရဲ့ခံစားချက်ကိုပုံမှန်ဖြစ်အောင် အတင်းဟန်ဆောင်ပြီး ပါးစပ်ထောင့်ကိုဆွဲလိုက်သည်။
"မင်းက ငါ့ကို ကူညီစေချင်လို့ ငါ့ဆီ လာတာလား" လို့ ချန်းကျိုးက ပြန်မေးလိုက်သည်။
ကျန်ယိုယို ခေါင်းညိတ်လိုက်သည်။
အိမ်ပြန်ပြီး သူ့အမေနဲ့ စကားပြောပြီးနောက် သူ့အမေအကြံ ပေးချက်အတိုင်း ဆေးရုံသွားပြီး ခန္ဓာကိုယ်ကိုစစ်ဆေးခဲ့သည်။
ဒီနေ့ပဲ အဖြေထွက်လာရာ ချန်းကျိုးပြောခဲ့တာနှင့် အတိအ ကျကိုက်ညီနေသည်။
ကျန်ယိုယိုက ဒီနှစ်ရက်အတွင်းဖြစ်ပျက်ခဲ့တာတွေကိုလည်း ကြားသိခဲ့ရတာကြောင့် ဒီစိတ်ရောဂါသည်က သာမန်လူတွေ မပိုင်ဆိုင်တဲ့ စွမ်းရည်တွေ တကယ်ရှိတာကို သူမနဲ့ သူမမိဘတွေ ယုံကြည်အောင်လုပ်နိုင်ခဲ့သည်။
သူမက ဆရာဝန်က သေဆုံးပြီလို့ ဆုံးဖြတ်ထားတဲ့ လူတစ်ယောက်ဖြစ်သည်။ ချန်းကျိုးရဲ့စကားတွေက ချောက်ကမ်း ပါးပေါ်မှ မြက်ပင်တစ်ပင်လိုမျိုး၊ သင် ပြုတ်ကျနေချိန်မှာ မြင်ရင် ဖမ်းဆုပ်မလား၊ မဖမ်းဆုပ်ဘူးလား ?
မဖမ်းဆုပ်ရင်တော့ သေဆုံးမှာသေချာပြီး ဖမ်းဆုပ်ရင်တော့ အသက်ရှင်နိုင်မှာဖြစ်သည်။