← Chapters

ချင်းယွီ

Vol. 39 Ch. 530

ချင်းယွီ

Vol. 39 Ch. 530

တစ်နာရီခန့် ကောင်းကောင်းမွန်မွန် စားသောက်ပြီးနောက် ကျန်းရီသည် နောက်ဆုံး၌ ဟင်းလျာများကို ရှင်းခိုင်းလိုက်တော့သည်။ မြို့သခင်မချင်းယွီကလည်း ဒေါသထွက်လွန်းသောကြောင့် သူမမျက်လုံး၌ မီးများ တောက်နေပေ၏။

ညသန်းခေါင်တွင် သူမက လေ့ကျင့်ခန်းအချို့ ပြုလုပ်ထားပြီး အားအင်များ ကုန်ခမ်းနေသည်။ သူမသည် စားစရာများကို မမြင်တွေ့ရလျှင် ဗိုက်မဆာလောက်ပေ။ ယခုမူ ကျန်းရီ စားသောက်နေတာကို သူမ အားတင်းပြီး ကြည့်နေရ၏။ သူမ ဗိုက်ဆာသည်။ သို့သော် မည်သို့ထွက်သွားနိုင်မည်နည်း။

မကျေမချမ်း ဖြစ်ခြင်း။

မြို့သခင်မချင်းယွီက ကျန်းရီနှင့်အတူ ရှိနေစဉ်၌ သူ၏ ဖိနှိပ်မှုကို ခံရပြီး မကျေမချမ်း ဖြစ်မှုကို ခံစားရသည်။ သူမ၏ ဒေါသကို ပေါက်ကွဲထွက်နိုင်ခြင်း မရှိပေ။ ယင်းက အဆိုးဆုံးအရာဖြစ်နေ၏။

ကျန်းရီ စားသောက်ပြီးနောက် ချက်ချင်းပင် သူက စိတ်မရှည်လက်မရှည် အော်ပြောလိုက်သည်။

“သူလျှို နင် အခု ပြောလို့ ရပြီလား ရိုးရိုးသားသား မပြောရင် နင် ခုနတုန်းက စားခဲ့တဲ့ စားစရာတွေက နောက်ဆုံးတစ်နပ် ဖြစ်သွားမယ်”

“ဟမ့်..”

ကျန်းရီက နှာခေါင်းရှုံ့ပြီးနောက် နွေးထွေးစွာ ပြုံးလိုက်သည်။ သူက မြို့သခင်မချင်းယွီကို ကြည့်ပြီးနောက် ပြောလိုက်၏။

“ချင်းယွီ မင်းက မိန်းကလေးတစ်ယောက်ပဲ၊ ဒီလောက်အထိ မကြမ်းတမ်းနဲ့ မင်းဒီလောက်လှတာ၊ ပြီးတော့ ကြော့ရှင်းတဲ့ ပုံစံမျိုး ရှိနေရဲ့သားနဲ့ ဒီလို ကြမ်းတမ်းနေမယ် ဆိုရင် ယောကျ်ားတစ်ယောက် ရှာနိုင်တော့မှာ မဟုတ်ဘူး”

“ဘာ..”

ချင်းယွီက ဒေါသလည်းထွက် ရှက်လည်း ရှက်သွား၏။ သူမ စိတ်လွှတ်တော့မလို ဖြစ်သွားသည်။ ကျန်းရီက အမြန်ချောင်းဟန့်လိုက်ပြီးနောက် မှန်ကန်ဖြောင့်မတ်သည့်ပုံဖြင့် ပြောလိုက်၏။

“ကောင်းပြီ အခုအရေးကြီးတဲ့ ကိစ္စကို ဆွေးနွေးကြရအောင်၊ ချင်းယွီ မင်းကိုငါ ရိုးရိုးသားသား ပြောပြမယ်.. ငါက အထီးကျန် အရှေ့ပိုင်းပင်လယ်ကနေ ပြန်လာပြီး အဲဒီမှာ အချက်အလက်တချို့ ရှာတွေ့ခဲ့တယ် ချင်းယွီ”

“နေအုံး..”

မြို့သခင်မချင်းယွီက အော်ဟစ်ပြီး စိတ်ရှုပ်ထွေးသွားသည်။ သူမက အံကြိတ်ကာ ပြောလိုက်တော့၏။

“ငါ့ကို သခင်မလို့ တပ်ခေါ် ချင်းယွီလို့ ရာရာစစ ခေါ်ရဲတယ်ပေါ့ ငါ..”

ကျန်းရီက နာနာခံခံ ခေါင်းညိတ်ပြီးနောက် ဂရုစိုက်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းပြီ ကောင်းပြီ ဒေါသမထွက်နဲ့ မင်းရဲ့အသည်းနဲ့ မင်းရဲ့ကျန်းမာရေးအတွက် ဒေါသထွက်တာ မကောင်းဘူး၊ မင်းကို မြို့သခင်မလို့ ခေါ်မယ် ဟုတ်ပြီလား”

မြို့သခင်မချင်းယွီသည် တုန်လှုပ်လာပြီး စကားပြောတာ ရပ်တန့်သွား၏။ သူမ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားကာ ကျန်းရီကို သတ်မိမှာ စိုးရိမ်မိသည်။ သူမ သူနှင့် အချိန်များများ ပိုဖြုန်းမိခဲ့လျှင် သူမရူးသွားမည်ဟု ခံစားမိနေသည်။

ကျန်းရီ၏ မျက်နှာက ထပ်မံ လေးနက်တည်ကြည်သွား၏။ သူက မည်သည့်အချိန်တွင် ရပ်ရမည်မှန်း သိသည်။ သူက ချင်းယွီကို ကြုံရာစနေတာ မဟုတ်ပေ။ အမှန်တကယ်တွင် ပြောခဲ့သမျှ စကားတိုင်း လှုပ်ရှားမှုတိုင်းက ဂရုတစိုက် တွေးခဲ့တာပဲ ဖြစ်၏။ သူ့စိတ်ထဲ၌ အကြိမ်ရေအနည်းငယ် တွေးပြီးနောက် ထုတ်ပြောတာပဲ ဖြစ်သည်။

သူက ချင်းယွီကို တမင်တကာ ဒေါသထွက်စေရန်အတွက် ခြေလှမ်းအနည်းငယ် လှမ်းနေတာပဲ ဖြစ်သည်။ သို့မှသာ သူမ စိတ်လွတ်သွားပြီး ဆင်ခြင်တုံတရားရှိရှိ ဆုံးဖြတ်နိုင်ခြင်း ရှိတော့မှာ မဟုတ်ပေ။ သူက ကိုယ်လည်း မလှုပ်ရှားနိုင် မည်သည့်မှော်ပညာမျှ မသုံးနိုင်သောကြောင့် သူ့ပါးစပ်နှင့် ဦးနှောက်ကိုသာ အားကိုးရပေမည်။

သူက စကားထပ် မပြောခင် အနည်းငယ် ရပ်တန့်သွား၏။

“မြို့သခင်မချင်းယွီ ကျုပ်က အထီးကျန် အရှေ့ပိုင်း ပင်လယ်ထဲမှာ အေးအေးဆေးဆေး လျှောက်လှမ်းခဲ့တဲ့ အချိန်မှာ ထူးဆန်းတဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်၊ ပင်လယ်နတ်ဆိုးတစ်စုက အဲဒီမှာ စုဝေးနေတာ အနည်းဆုံးတော့ နတ်ဆိုးဧကရာဇ်သုံးပါးနဲ့ နတ်ဆိုးဘုရင် ထောင်ချီလောက် ရှိတယ်၊ သူတို့ရဲ့ခေါင်းဆောင်က ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်လို့ ခေါ်တယ်၊ ဖီးနစ်အော်သံနယ်မြေနဲ့ အထီးကျန်အရှေ့ပိုင်း ပင်လယ်ထဲက ပင်လယ်နတ်ဆိုးတွေ ကြားထဲမှာ ရန်ငြိုးတစ်ခု ရှိလား၊ သူတို့က မင်းတို့ရဲ့နယ်မြေကို သွေးနဲ့ဆေးချတော့မဲ့ပုံပဲ”

“အမ်..”

မြို့သခင်မချင်းယွီသည် သူမ၏ လှပသော မျက်ဝန်းများကို ပင့်လိုက်၏။ သူမက လေးနက်တည်ကြည်နေသည်။ ကျန်းရီ ပြောပုံက အမှန်အတိုင်း ဖြစ်ပုံရသည်။ သို့သော် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို သူ ထည့်ပြောသည့် အချိန်တွင် သူ့စကားကို သူမ တစ်ဝက်ယုံသွားတော့၏။ မြို့သခင်မချင်းယွီ၏ စိတ်က လေးသွားတော့သည်။

မှန်ပေ၏။ သူမ၏ နယ်မြေနှင့် ပင်လယ်နတ်ဆိုးများကြားထဲ၌ ရန်ငြိုးတစ်ခု ရှိပေသည်။ သို့သော် အထီးကျန်အရှေ့ပိုင်းပင်လယ်ထဲရှိ နတ်ဆိုးမျိုးနွယ်စုများအားလုံးက သူတို့၏ ရန်သူများ မဟုတ်ပေ။ မျိုးနွယ်စုများထဲမှ တစ်စုသာ ဖြစ်၏။

လွန်ခဲ့သည့် နှစ်တစ်သောင်းခန့်က ဖီးနစ်အော်သံနယ်မြေသို့ တိုင်းတစ်ပါး မျိုးနွယ်စု ကျူးကျော်လာခဲ့စဉ် ထိုပင်လယ်နတ်ဆိုး၌ ထူးခြားသော မျိုးနွယ်စု ရှိ၏။ ရေသူ မျိုးနွယ်စု ဖြစ်သည်။ ရေသူမျိုးနွယ်စုသည် ပင်လယ်ထဲနှင့် ကုန်းပေါ်တွင် နှစ်မျိုးလုံး၌ နေနိုင်၏။ အထီးကျန် အရှေ့ပိုင်းပင်လယ်က ကြီးမားသည့်တိုင် ဒေသတိုင်းနီးပါးက မျိုးနွယ်စု တစ်စုတည်းက သိမ်းပိုက်ထားခဲ့တာ ဖြစ်သည်။ ဒေသအတွင်း ကျက်စားရန်အတွက် ပင်လယ်နတ်ဆိုးများသည် ရံဖန်ရံခါ တိုက်ခိုက်ခဲ့ကြ၏။

ရေသူမျိုးနွယ်စု..။ ရေသူမျိုးနွယ်စုက မျိုးပွားတာ အလွန်မြန်ဆန်၏။ သူတို့၏ လူဦးရေ တိုးတက်လာသည်နှင့်အမျှ နယ်မြေကို ချဲ့ထွင်ချင်လာကြသည်။ အထီးကျန်ရှေ့ပိုင်း ပင်လယ်တစ်ခုလုံးကို နတ်ဆိုးဧကရာဇ်တို့က ပိုင်းခြားထား၏။ သူတို့က တစ်ပါးသူ၏ နယ်မြေကို ကျူးကျော်ချင်လျှင် ကျန်သည့် နတ်ဆိုးမျိုးနွယ်စုများနှင့် တိုက်ခိုက်ရပေမည်။

လွန်ခဲ့သည့် နှစ်တစ်သောင်းတုန်းက ဖီးနစ်အော်သံနယ်မြေ၏ မင်းသမီးတစ်ပါးသည် အထီးကျန် အရှေ့ပိုင်းပင်လယ်ထဲတွင် ရှိသော ရေသူတစ်စုကို သတ်ဖြတ်ခဲ့ရာမှ စခဲ့သည်။ အသတ်ခဲ့ရသူများထဲတွင် ရေသူမျိုးနွယ်စု၏ မင်းသား ပါခဲ့သည်။ သူတို့က ထိုမင်းသမီးကို ဖီးနစ်အော်သံနယ်မြေအထိ တောက်လျှောက်လိုက်ခဲ့၏။

ထိုအဖြစ်အပျက်ပြီးနောက် စစ်ပွဲဖြစ်ပွားခဲ့တော့သည်။ ရေသူမျိုးနွယ်စုက ချဲ့ထွင်ချင်ပြီး သူတို့က ကုန်းနေရေနေသတ္တဝါ ဖြစ်သည်။ သူတို့က ဖီးနစ်အော်သံနယ်မြေကို သိမ်းပိုက်ရန် ပြင်တော့သည်။

စစ်ပွဲက နှစ်ချီ ကြာညောင်းခဲ့သည်။ ဖီးနစ်အော်သံနယ်မြေ၏ လူဦးရေက သုံးပုံနှစ်ပုံ လျော့ကျသွားပြီး ရေသူမျိုးနွယ်စု၏ ခွန်အားကလည်း လျော့ကျလာတော့သည်။

စစ်ပွဲပြီးနောက် အမျိုးသမီးများသည် အုပ်စိုးသူ ဖြစ်လာပြီး ရေသူမျိုးနွယ်စုက ပြန်လည်ကုစားရန်အတွက် ပင်လယ်ထဲသို့ ပြန်သွား၏။ သို့သော် ထိုအချိန်ကနေ အငြိုးအတေးတို့ စတင်ခဲ့၏။ နှစ်တစ်ရာလျှင် တစ်ကြိမ် ရေသူမျိုးနွယ်စုက ခွန်အားအချို့ ပြန်ရလာသည့်အခါ ဖီးနစ်အော်သံနယ်မြေကို တိုက်ခိုက်ရန်အတွက် တပ်သားများ လွှတ်လေ့ ရှိသည်။ နယ်မြေကို သိမ်းပိုက်စိုးမိုးလိုသော သူတို့၏ ပန်းတိုင်က ဘယ်တော့မှ မပျောက်ပျက်သွားခဲ့ပေ။ သူတို့က ဆက်လက်တိုက်ခိုက်နေပြီး နယ်မြေ၏ စွမ်းအားကို ခမ်းခြောက်အောင် ပြုလုပ်နေကြ၏။

ရေသူမျိုးနွယ်စု၏ နောက်ဆုံးအခေါက် တိုက်ခိုက်မှုသည် ၁၀၃ နှစ် ကြာညောင်းသွားခဲ့ပြီ ဖြစ်သည်။ နယ်မြေက ရေသူမျိုးနွယ်စု၏ တိုက်ခိုက်မှုအတွက် ပြင်ဆင်နေတာပဲ ဖြစ်သည်။ နယ်မြေ၏ ထိပ်တန်း ကင်းထောက်များက အရှေ့ပိုင်း ပင်လယ်ထဲ၌ အဖြစ်အပျက်တချို့ကို လတ်တလော၌ ရှာတွေ့ခဲ့သည်။

သို့သော် ကျန်းရီက နတ်ဆိုးဧကရာဇ်သုံးပါးနှင့် နတ်ဆိုးဘုရင် အကောင်ရေတစ်ရာကျော် ရှိကြောင်း ပြောခဲ့သည်။ သူက ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကိုတောင် ထည့်ပြောခဲ့၏။ ထိုအရာအားလုံးက မြို့သခင်မချင်းယွီကို ကြောက်လန့်စေသည်။ ထိုအချင်းအရာသာ မှန်ကန်နေခဲ့လျှင် ဖီးနစ်အော်သံနယ်မြေက လောကကြီးထဲကနေ သုတ်သင်ရှင်းလင်း ခံရပေလိမ့်မည်။

“ဒါ မဟုတ်ဘူး..”

ခဏတာ တွေးတောပြီးနောက် သူမက အနည်းငယ် အံ့ဩသွားလျက် လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။

“အထီးကျန်အရှေ့ပိုင်း ပင်လယ်ထဲက နတ်ဆိုးမျိုးနွယ်စုက တစ်စုနဲ့တစ်စု ဘယ်တော့မှ မဖော်ရွေဘူး၊ ငါတို့ကို တိုက်ခိုက်ဖို့အတွက် ရေသူမျိုးနွယ်စုရဲ့ တပ်ဖွဲ့တွေနဲ့ ကျန်တဲ့ နတ်ဆိုးမျိုးနွယ်စုက ဘယ်လိုလုပ် ပူးပေါင်းနိုင်မှာလဲ၊ နင် ငါ့ကို လိမ်နေတာ မဟုတ်လား”

“ခင်ဗျားကို ကျုပ်လိမ်ရင် ဘာရမှာလဲ လိမ်တာကြောင့် ခင်ဗျား ကျုပ်ကို လွှတ်ပေးမှာလား”

ကျန်းရီက ရယ်မောပြီး ပြောလိုက်၏။

“အနောက်ပိုင်းပင်လယ်နားမှာ နတ်ဆိုးဘုရင်တစ်ပါးကို ငါ သတ်ခဲ့တယ်၊ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ရဲ့ပိုင်နက်ထဲမှာ ရှိကြောင်း သူက ပြောခဲ့တာ ဒီတော့ သူတို့ရဲ့တပ်ဖွဲ့ပဲ ဖြစ်ရမယ်၊ ရေသူမျိုးနွယ်စုက စစ်သားတွေကို စုဆောင်းနေတာလေ၊ ငါ သတ်ရဲတယ် ဆိုရင် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ငါ့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး၊ ဒီတော့ ကြောက်လန့်တကြားနဲ့ မင်းတို့ နယ်မြေကို ရောက်လာတာပဲ”

မြို့သခင်မချင်းယွီသည် အစောပိုင်းက ကျန်းရီကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေခဲ့သည်။ ယခုအချိန်၌ သူမက ထိတ်လန့် တုန်လှုပ်လာတော့သည်။ အတန်ကြာတွေဝေနေပြီးနောက် ဇဝေဇဝါ ဖြစ်ကာ မေးလိုက်တော့၏။

“ရေသူမျိုးနွယ်စုကို နင်တွေ့ခဲ့တာလား”

ကျန်းရီက အရှေ့ပိုင်းပင်လယ်ကို ဖြတ်ကျော်ချိန်၌ ရှေးဟောင်းခေါင်းတလားထဲတွင် ရှိနေခဲ့တာ ဖြစ်သည်။ သူက ရေသူမျိုးနွယ်စုကို မည်သို့ တွေ့မည်နည်း။ အစောပိုင်းက မြို့သခင်မချင်းယွီက ပြောပြခဲ့ခြင်းသာ ဖြစ်ပြီး သူက သင့်တော်သလို ထည့်သုံးလိုက်ခြင်း ဖြစ်သည်။

မြို့သခင်မချင်းယွီ စိတ်နောက်နေတာကို ကြည့်ပြီး ကျန်းရီက စိတ်ထဲ၌ ရယ်မောလိုက်၏။ သို့သော် လေးနက်တည်ကြည်သည့် သွင်ပြင်ဖြင့် ပြောလိုက်တော့သည်။

“ချင်းယွီ အခုအချိန်အထိ အဓိပ္ပာယ်မရှိတာတွေ ဘာလို့ ပြောနေသေးတာလဲ.. ငါ့ကို စိုက်ကြည့်မနေနဲ့ ဖြေရှင်းနည်းတချို့ မြန်မြန် စဉ်းစား ဧကရီကို ချက်ချင်းပြောသင့်တယ် မဟုတ်ရင် ဖီးနစ်အော်သံနယ်မြေကလူတွေ သုတ်သင်ရှင်းလင်းခံရလိမ့်မယ်”

“အမ်..”

မြို့သခင်မချင်းယွီက လေးနက်တည်ကြည်စွာ ခေါင်းညိတ်ပြီးနောက် လှည့်ထွက်သွားကာ အပြင်သို့ သွားလိုက်၏။ နှစ်လှမ်းခန့် လှမ်းပြီးနောက် သူမက တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ သူမ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ မျက်နှာက စိမ်းတစ်လှည့် ဖြူတစ်လှည့်ဖြင့် တစ်ချိန်တည်းတွင် နီလာတော့၏။ ကျန်းရီကို ကြည့်ပြီး သူမ စိတ်ဝိညာဉ်ထဲ၌ တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ ထိုသူလျှိုသည် မည်သို့သော ဆိုးယုတ်သည့် လှည့်ကွက်မျိုးကို အသုံးပြုခဲ့သနည်း။ သူမသည် အစောပိုင်းက သူ့အမိန့်ကို အဘယ်ကြောင့် အလိုလို နာခံမိသနည်း။ သူ့စကားများကို သူမ အဘယ်ကြောင့် ယုံရမည်နည်း။

ဒီလူက သိပ်အန္တရာယ်များလွန်းတယ် မဟုတ်ဘူး။ ငါ့ သူ့ကို ချက်ချင်း သတ်ရမယ်။

ချင်းယွီ၏ စိတ်ထဲ၌ စိတ်ကူးတစ်ခုက ပေါ်လာတော့သည်။ ရုတ်တရက် သူမက ကျန်းရီကို အနည်းငယ် ကြောက်ရွံ့လာမိသည်။ ကျန်းရီ၏ ပြုံးနေသော မျက်နှာက လူ့အရေခွံခြုံထားသည့် နတ်ဆိုးတစ်ကောင်နှင့် တူနေပေသည်။

ဝှစ်.. ဝှစ်..

ချင်းယွီက တိုက်ခိုက်တော့မည့် အချိန်၌ အပြင်ဘက်မှ လေခွင်းသည့်အသံ တစ်သံကို ကြားလိုက်ရသည်။ မကြာမီ၌ အော်သံတစ်သံ ပေါ်ထွက်လာ၏။

“မြို့သခင်မ ဘယ်မှာလဲ တစ်ခုခု မှားနေပြီ ရေသူမျိုးနွယ်စုနဲ့ ကျန်တဲ့ နတ်ဆိုးမျိုးနွယ်စုတွေက နယ်မြေကို အုပ်စုဖွဲ့ ရောက်လာနေပြီ၊ သူတို့က မြို့(၁၃)မြို့ကို တစ်ဆက်တည်း သိမ်းပိုက်ပြီးပြီ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကလည်း ရောက်လာတာ သူက မက်မွန်မြို့ကို တစ်ချက်တည်းနဲ့ ပြားပြားဝပ်သွားစေတယ်”

မြို့သခင်မချင်းယွီ၏ အမူအရာက ပြောင်းလဲသွားသည်။ သူမက ကျန်းရီကို စိုးရိမ်ပူပန်နေခြင်း မရှိတော့ချေ။ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီးနောက် အပြင်ဘက်သို့ ပြေးထွက်သွား၏။

“ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က တကယ်လာတာလား”

ကျန်းရီ၏ မျက်လုံးများ ကြုံ့သွားသည်။ သူ ခန့်မှန်းတာ မှန်သွားတာလား။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ရေသူမျိုးနွယ်စုနဲ့အတူ နယ်မြေကို တကယ်တိုက်ခိုက်နေတာလား။ သူ့သား အသတ်ခံရတာကြောင့် ဖီးနစ်အော်သံနယ်မြေကို ရောက်လာတာများလား။

“အခွင့်အရေးပဲ”

ကျန်းရီက စဉ်းစားပြီးနောက် မျက်လုံးက လက်သွားတော့သည်။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ဖီးနစ်အော်သံနယ်မြေကို တိုက်ခိုက်ခြင်းသည် ဖီးနစ်အော်သံနယ်မြေအတွက် ကံဆိုးမိုးမှောင်ကျမှု တစ်ခု ဖြစ်သော်ငြား သူ့အတွက် ထွက်ပြေးရန် အချိန်ကိုက် ဖြစ်နေပေသည်။

All Chapters