အခန်း (၁၄၂၉-၁၄၃၀)
Vol. 106 Ch. 1429-1430
အခန်း (၁၄၂၉) အာ့ဟုန်၏ တိုက်ခိုက်မှု
လီကျွင်း ပတ်ဝန်းကျင်မှ မူမမှန်သော အငွေ့အသက်များကို ခံစားလိုက်ရသည်။ သူ ခြေလှမ်း ရပ်လိုက်ပြီး သူ့ရှေ့မှ ကောင်းဘွိုင် ဦးထုပ်ဆောင်းကာ ကျောပေါ်တွင် နှစ်လုံးပြူး သေနတ် လွယ်ထားသော နိုင်ငံခြားသားကို စိုက်ကြည့်လိုက်သည်။
ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သော်လည်း ရန်လိုမှုများက ထင်ရှားနေသည်။
"ဘုရင်အဖွဲ့အစည်း က လူလား"
လီကျွင်း၏ မျက်နှာ မည်းမှောင်နေပြီး အသံတွင် ရန်လိုမှုများ ပါဝင်နေသည်။
လျိုစန်း ဘယ်ညာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"တစ်ယောက်တည်း မဟုတ်ဘူး အနီးနားမှာ ပုန်းနေတဲ့ တစ္ဆေဆရာတွေ ရှိသေးတယ် သူတို့ ငါတို့ကို မလွတ်နိုင်တော့ဘူး ဆိုတာ သိလို့ ဒီမြို့လေးမှာ စောင့်တိုက်ဖို့ ဆုံးဖြတ်လိုက်ပုံ ရတယ် ငါတို့ကို မြန်မြန် ရှင်းပစ်ချင်နေပုံ ရတယ် တခြားလူတွေ ရောက်မလာခင်ပေါ့"
သူ အခြေအနေကို သုံးသပ်ရင်း လမ်းဘေးဝဲယာကို ကြည့်လိုက်သည်။
အနီးနားရှိ အဆောက်အအုံ ခေါင်မိုးများပေါ်တွင် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် လူ ၅ ယောက်ခန့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကျား၊ မ ရောနှောနေပြီး အဖွဲ့ငယ်လေး တစ်ဖွဲ့ ဖြစ်ပုံရသည်။
ခေါင်းဆောင်ကတော့ ရှေ့က နိုင်ငံခြားသား ဖြစ်လောက်တယ်။
"နှမြောစရာပဲ ငါက စက္ကူလူ ဖြစ်နေတယ် ကိုယ်အစစ် လာခဲ့ရင် ငါနဲ့ လီကျွင်း ပေါင်းပြီး သူတို့ အကုန်လုံးကို သတ်ပစ်လိုက်လို့ ရတယ် တစ်ဖက်လူကလည်း ဒါကို ရိပ်မိလို့ ရပ်စောင့်နေတာ ဖြစ်မယ် အခြေအနေ မကောင်းဘူး လီကျွင်းက ခေါင်းဆောင် တစ်ယောက်မှန်း သိရက်နဲ့ ပြန်တိုက်ရဲတယ် ဆိုကတည်းက ဒီနိုင်ငံခြားသားက သာမန် မဟုတ်ဘူး ဘုရင်တစ်ပါး ဖြစ်ဖို့ များတယ်"
" ဘုရင်တစ်ပါးက အဖွဲ့ငယ်လေး တစ်ဖွဲ့ကို ဦးဆောင်ပြီး ရောက်လာတာ ဆိုတော့ ဖျက်ဆီးရေး လုပ်ဖို့ လာတာ သေချာတယ် မာကျွင်း အသတ်ခံရတာ သူတို့ လက်ချက် ဖြစ်ဖို့ များတယ်"
လျိုစန်း မျက်လုံးကျဉ်းမြောင်းလိုက်သည်။ အရင် နေရာနဲ့ အကွာအဝေးကို တွက်ချက်ကြည့်လိုက်တော့ သူတို့ မာကျွင်းကို သတ်ပြီး ထွက်ပြေးဖို့ ကြိုးစားနေတာ ဖြစ်မယ်။
ဒါပေမဲ့ လီကျွင်း တစ်ယောက်တည်း လိုက်လာတာ သိလိုက်တော့မှ ပြန်တိုက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မယ်။
"အခု အခြေအနေအရ စစ်ကူတောင်းဖို့ အချိန်မရှိတော့ဘူး တိုက်ပွဲ စတာနဲ့ တစ်မိနစ် အတွင်း အနိုင်အရှုံး ပေါ်သွားလိမ့်မယ်"
ဒီအချက်ကို သဘောပေါက်လိုက်တာနဲ့ လျိုစန်း ဘေးနားက အာ့ဟုန် ကို တစ်ချက် ကြည့်လိုက်သည်။
အကြည့်တစ်ချက်နဲ့တင် နားလည်သွားကြသည်။
"အသက်ပေးပြီး တိုက်မှ ရတော့မယ် မဟုတ်ရင် အသက်ရှင်မှာ မဟုတ်ဘူး"
အာ့ဟုန် စိတ်လေးလံသွားသည်။
လီကျွင်းလည်း အခြေအနေ ခက်ခဲကြောင်း သိလိုက်သည်။ အသံနှိမ့်ပြီး ပြောလိုက်သည်။
"အာ့ဟုန်ကို ကာကွယ်ပေးပါ ငါ သူတို့ကို တားထားမယ်"
လျိုစန်း နားလည်လိုက်သည်။
လိုအပ်ရင် လီကျွင်းက သူတို့ကို ကာကွယ်ပေးပြီး လျိုစန်း စက္ကူလူက အာ့ဟုန်ကို ခေါ်ပြီး ထွက်ပြေးရမယ်။
"မင်း ထင်တာ မှန်တယ် ငါတို့က ဘုရင်အဖွဲ့အစည်းက လူတွေပါ မိတ်ဆက်ပေးပါရစေ ငါ့နာမည် ဆိုင်မွန် မင်းတို့ ၃ ယောက်ကို ငါသိတယ် လီကျွင်း၊ လျိုစန်း နဲ့ အာ့ဟုန်... ခေါင်းဆောင် ၂ ယောက်နဲ့ တာဝန်ခံ ၁ ယောက်... တကယ့် အန္တရာယ်များတဲ့ အဖွဲ့ပဲ"
ဆိုင်မွန် ဦးထုပ်ကို ပြုပြင်လိုက်သည်။
"ဒါပေမဲ့ ငါ့သတင်းအရ ဆိုရင် လျိုစန်း က တာတုန်းမြို့မှာ တစ်ယောက်တည်း ရှိနေတာ ဒီမှာ ရှိနေတဲ့ လျိုစန်း က အတု ဖြစ်လောက်တယ် ငါ မှားနေရင်တော့ ငါ ဒီမှာ ရပ်စောင့်နေတာ မှားသွားတာပေါ့ ငါ မှန်တယ် ဆိုရင်တော့... စိတ်မကောင်းပါဘူး ဒီနေ့ မင်းတို့ ဒီမှာ သေရတော့မယ်"
"ခေါင်းဆောင် တစ်ယောက်ကို သတ်လိုက်ရင် တစ္ဆေလောက တုန်လှုပ်သွားလိမ့်မယ်"
" ဘုရင်တစ်ပါးကို သတ်ပြီး ဘုရင်အဖွဲ့ငယ်လေး တစ်ဖွဲ့ကို ရှင်းလင်းလိုက်ရင် ဌာနချုပ်ကလည်း ဝမ်းသာလိမ့်မယ်"
လီကျွင်း မျက်နှာတည်တည်ဖြင့် ရှေ့တိုးလိုက်သည်။
သူ လှုပ်ရှားလိုက်တာနဲ့ ခေါင်မိုးပေါ်က တစ္ဆေဆရာတွေ တင်းမာသွားကြသည်။ အေးစက်တဲ့ အငွေ့အသက်တွေ ပျံ့နှံ့လာပြီး အပူချိန် ကျဆင်းသွားသည်။
'ဘုရင်' နဲ့ ခေါင်းဆောင် တိုက်ခိုက်ရင် ဘေးနားက လူတွေက အန္တရာယ် အများဆုံးပဲ။
သူတို့က အားမနည်းပေမယ့် ခေါင်းဆောင်တွေနဲ့ ယှဉ်ရင် ကွာခြားချက် ရှိသေးတယ်။ သဘာဝလွန် တိုက်ပွဲမှာ အနည်းငယ် ကွာခြားတာနဲ့တင် အသက်ပါသွားနိုင်တယ်။
"ခဏနေကျရင်လည်း မင်း ပါးစပ်သတ္တိ ကောင်းနေပါစေဦး ဟို တာဝန်ခံလို ချက်ချင်း မသေပါစေနဲ့"
ဆိုင်မွန် ခေါင်းမော့လိုက်သည်။ မျက်လုံးနက်နက်ကြီးတွေထဲမှာ အစိမ်းရောင် အလင်းစက်လေးတွေ တောက်ပနေသည်။
လီကျွင်း ဘာမှ ပြန်မပြောဘဲ စိုက်ကြည့်နေသည်။ မျက်နှာပေါ်က အမာရွတ်တွေကြားကနေ သွေးပျစ်ပျစ်တွေ စီးကျလာပြီး မြေကြီးပေါ် ကျနေသည်။
သွေးတွေက မြေကြီးပေါ်မှာ စုဝေးနေသည်။
ဒါ သဘာဝလွန် စွမ်းအား တစ်ခု ပေါ်လာတော့မယ့် လက္ခဏာပဲ။
တိုက်ပြီ။
ဆိုင်မွန်က လီကျွင်းကို ပြင်ဆင်ချိန် ပေးမှာ မဟုတ်သလို စစ်ကူတောင်းချိန်လည်း ပေးမှာ မဟုတ်ဘူး။ အေးစက်စက် ပြုံးလိုက်သည်။
ချက်ချင်းပင် တစ္ဆေနယ်မြေ ပျံ့နှံ့သွားပြီး မြို့ငယ်လေး တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
မှောင်မည်းနေတဲ့ မြို့လေး ပိုပြီး မှောင်မိုက်သွားသည်။ မီးတွေ အကုန် ငြိမ်းသွားသည်။ အစိမ်းရောင် မျက်လုံးတစ်စုံက အမှောင်ထဲမှာ ထင်ရှားနေသည်။
ဆိုင်မွန်က အမြဲတမ်း တိုက်စစ်ဆင်ရတာ ကြိုက်တယ်။ ခံစစ်ကို မကြိုက်ဘူး။
"မင်းကို အရင်ဆုံး လက်ဆောင် ပေးလိုက်မယ်"
သူ့လက်ထဲမှာ နှစ်လုံးပြူး သေနတ် ပေါ်လာသည်။ သေနတ်က ဟောင်းနွမ်းနေပြီး နှစ်ပေါင်းရာချီ သက်တမ်းရှိပုံ ရသည်။ ကျိန်စာမိနေတဲ့ ပစ္စည်းတစ်ခု ဖြစ်သည်။
လူသတ်ဖို့ မဟုတ်ဘူး……..တစ္ဆေသတ်ဖို့ သုံးတာ
အမည်းရောင် အဝတ်စတွေနဲ့ ပတ်ထားတဲ့ ကျည်ဆန်ကို သေနတ်ထဲ ထည့်လိုက်သည်။
တစ္ဆေနယ်မြေ က လီကျွင်းကို ချိန်မှတ်ထားပြီးသား ဖြစ်လို့ ရှောင်လွှဲလို့ မရဘူး။
သေနတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဟောင်းနွမ်းတဲ့ သေနတ်က ပေါက်ကွဲသွားသလို ဖြစ်သွားသည်။ အပုပ်နံ့တွေ၊ အေးစက်တဲ့ အငွေ့အသက်တွေ ပျံ့နှံ့သွားသည်။ တစ္ဆေအော်သံတွေ ထွက်ပေါ်လာပြီး နားကွဲလုမတတ် ဖြစ်သွားသည်။
"သောက်ကျိုးနည်း"
ဆိုင်မွန် မျက်နှာ ပျက်သွားသည်။
ပေါက်ကွဲမှု ပတ်ဝန်းကျင်မှာ တွန့်လိမ်နေတဲ့ တစ္ဆေအရိပ်တွေ ပေါ်လာသည်။ ကျည်ဆန်အဖြစ် သုံးထားတဲ့ တစ္ဆေက လွတ်မြောက်သွားတာ ဖြစ်မယ်။ ဒီလို အခြေအနေမှာ သေနတ်နဲ့ အနီးဆုံးလူက အန္တရာယ် အများဆုံးပဲ။
ဆိုင်မွန် ထိခိုက်သွားသည်။ သူ့လက်မောင်းတွေ ပုပ်ပွလာသည်။ မျက်နှာပေါ်က အရေပြားတွေ ကွာကျလာသည်။ အလောင်းကောင် ပုပ်သလို ဖြစ်နေသည်။ တားဆီးလို့ မရဘူး။ သဘာဝလွန် စွမ်းအားက သူ့ကို တိုက်စားနေသည်။
ခေါင်းဆောင်ကို သတ်နိုင်တဲ့ ကျည်ဆန် ဆိုတော့ သူ့ကိုလည်း အကြီးအကျယ် ဒဏ်ရာ ရစေနိုင်တာပေါ့။
ဆိုင်မွန် မတုံ့ဆိုင်းရဲတော့ဘူး။ လီကျွင်း တိုက်ခိုက်လာမှာ စိုးလို့ တစ္ဆေနယ်မြေ သုံးပြီး နောက်ဆုတ်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်း လမ်းဆုံးကို ရောက်သွားသည်။
ဒါပေမဲ့ ပုပ်ပွမှုက မရပ်တန့်သေးဘူး။ နှေးကွေးသွားရုံပဲ ရှိတယ်။
သဘာဝလွန် စွမ်းအား တစ်စိတ်တစ်ပိုင်းက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီလေ။
"သတ်ပစ်လိုက်"
ဆိုင်မွန်ရဲ့ အဖွဲ့သားတွေလည်း လှုပ်ရှားလာကြသည်။ သူတို့ ပစ်မှတ်က လီကျွင်း မဟုတ်ဘူး။ အာ့ဟုန် နဲ့ လျိုစန်းဖြစ်သည်….. ဒီနှစ်ယောက်ကို သတ်လိုက်ရင် ပွဲက ပြတ်သွားပြီ။
"ငါ တားထားမယ်"
လျိုစန်း ကြိုသိနေသလို အာ့ဟုန် ရှေ့က ကာလိုက်သည်။ စက္ကူလူ ဖြစ်နေပေမယ့် သူ့စွမ်းအား တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။
ဒါပေမဲ့ စက္ကူလူ တစ်ရုပ်တည်းနဲ့ ဒီအဖွဲ့ကို မယှဉ်နိုင်ဘူး။
မျက်စိတစ်မှိတ်အတွင်း လျိုစန်း ရင်ဘတ်ကို လက်တစ်ဖက်က ဖောက်ထွက်လာသည်။ ရင်ဘတ်ထဲကနေ ခေါင်းတစ်လုံး ထွက်လာပြီး ရယ်မောလိုက်သည်။
"စက္ကူလူ ဖြစ်နေတာကိုး မင်း သေပြီ"
ရင်ဘတ်ထဲက ထွက်လာတဲ့ ခေါင်းက ပြောလိုက်သည်။ လူခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ကိုက်ဖြတ်သတ်နိုင်တဲ့ တစ္ဆေဆရာ ဖြစ်မယ်။
တခြား တိုက်ခိုက်မှုတွေလည်း ရောက်လာသည်။
လျိုစန်း ခြေထောက်တွေ မြေကြီးထဲ ကျွံဝင်သွားသည်။ ရုန်းထွက်လို့ မရဘူး။ မြေကြီးက ရွှံ့အိုင် ဖြစ်သွားသည်။ ရွှံ့အိုင်ထဲက တစ်စုံတစ်ရာက ခြေထောက်ကို ဆွဲထားပြီး အောက်ကို ဆွဲချနေသည်။
ဒါတင် မကသေးဘူး။ လက်မောင်းတွေလည်း ကျိုးပဲ့ကုန်သည်။ ပြန်ဆက်လို့ မရတော့ဘူး။
ဒီအဖွဲ့က လျိုစန်းကို အန္တရာယ်လို့ ထင်ပြီး ပထမဆုံး အလှည့်မှာတင် အပြတ်ရှင်းပစ်ချင်နေတာ။ အခွင့်အရေး မပေးချင်ကြဘူး။
သူတို့ တွက်ဆတာ မှန်ပါတယ်။
ပထမ အလှည့်မှာတင် အောင်မြင်သွားကြသည်။
လျိုစန်း စက္ကူလူ စုတ်ပြတ်သတ်သွားသည်။ ပြန်မတိုက်နိုင်တော့ဘူး။ လွယ်လွယ်ကူကူ အနိုင်ရလိုက်လို့ သူတို့တောင် အံ့သြသွားကြသည်။ ခေါင်းဆောင် တစ်ယောက်က ဒီလောက် အားနည်းမယ်လို့ မထင်ထားဘူး။
အတု ဖြစ်နေရင်တောင် ဒီလောက် လွယ်လွယ်ကူကူ သေသွားစရာ အကြောင်း မရှိဘူးလေ။
"တိုက်ခိုက်မှုတွေ အကုန် တားဆီးလိုက်ပြီ နှမြောစရာပဲ မင်းတို့ လူရွေးမှားသွားပြီ အန္တရာယ် အစစ်က ငါ မဟုတ်ဘူး"
လျိုစန်း ပြုံးလိုက်သည်။
စက္ကူလူ တစ်ရုပ် ပေးဆပ်လိုက်ရတာ တန်တယ်လို့ သူ ထင်တယ်။ ရန်သူ့ အာရုံကို လွှဲနိုင်ခဲ့ပြီး အချိန်ဆွဲနိုင်ခဲ့တယ်။ နောက်တစ်ယောက်ကို ကာကွယ်ပေးနိုင်ခဲ့တယ်။
"ငါ ရှင်းပစ်လိုက်မယ်"
အာ့ဟုန် အသံ ထွက်ပေါ်လာသည်။ မိတ်ကပ်ဘူးကို ချလိုက်သည်။
တစ္ဆေမိတ်ကပ် ပြီးသွားပြီ။
ရောင်စုံ မိတ်ကပ်တွေ လိမ်းထားတဲ့ အာ့ဟုန်က လူတစ်ယောက် အဖြစ် ပြောင်းလဲသွားသည်။ မျက်နှာ မည်းနက်နေပြီး အေးစက်တဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေသည်။ တစ္ဆေတမ္မာန်တော်ဝေ့ကျင်း ပုံစံ ဖြစ်နေသည်။
ဟုတ်တယ်။
အာ့ဟုန်က တစ္ဆေမိတ်ကပ် သုံးပြီး ဝေ့ကျင်း အဖြစ် ပြောင်းလဲလိုက်တာ။
ရုပ်ပြောင်းသွားတာတင် မကဘူး။ စွမ်းအားပါ ပြောင်းသွားကာ မိတ်ကပ် မဖျက်မချင်း ဝေ့ကျင်းရဲ့ စွမ်းအား ၆၀ ရာခိုင်နှုန်းလောက် ရရှိထားတယ်။
ဝေ့ကျင်းကို ရွေးချယ်ရတာက သူ့စွမ်းအားက ရိုးရှင်းပြီး ထိရောက်လို့ပါ။ လူသစ်တောင် သုံးတတ်တယ်။ ယန်ကျန့်၊ ဝမ်ချာလင်း၊ လီလဲ့ဖိန် တို့လို ခေါင်းဆောင်တွေ ပုံစံ ပြောင်းရင် စွမ်းအားကို ချက်ချင်း အသုံးချဖို့ ခက်ခဲလိမ့်မယ်။
ပြီးတော့ ဝေ့ကျင်းရဲ့ စွမ်းအားက အခု လီကျွင်းနဲ့ လိုက်ဖက်တယ်။
"တစ္ဆေတမ္မာန်တော် ဝေ့ကျင်း လား"
ဘုရင်အဖွဲ့ဝင် တစ်ယောက် အာ့ဟုန်ကို မြင်တော့ မျက်နှာ ပျက်သွားတယ်။
"မင်းကို အရင် သတ်မယ်"
အာ့ဟုန် အချိန်မရှိမှန်း သိလို့ မတုံ့ဆိုင်းဘဲ အမည်းရောင် တစ္ဆေနယ်မြေ ဖြန့်ကျက်ပြီး ထိုလူဆီ တိုးဝင်သွားတယ်။
"မဖြစ်ဘူး"
ထိုလူ ထွက်ပြေးဖို့ ကြိုးစားတယ်။
ဒါပေမဲ့ နောက်ကျသွားပြီ။
အမှောင်ထု လွှမ်းခြုံသွားတယ်။ ဆိုင်မွန်ရဲ့ တစ္ဆေနယ်မြေ ကို လစ်လျူရှုပြီး သူ့ကို ဝါးမြိုလိုက်တယ်။ ဝေ့ကျင်းရဲ့ ဖိနှိပ်မှု စွမ်းအားကြောင့် သူ ဘာမှ မလုပ်နိုင်တော့ဘူး။
နောက်တစ်ခဏတွင်...
အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာတယ်။
ပြီးတော့ အေးစက်နေတဲ့ အလောင်းကောင် တစ်လောင်း အမှောင်ထဲကနေ လွင့်ထွက်လာတယ်။
"နောက်တစ်ယောက်"
အမှောင်ထုက တွင်းနက်ကြီးလိုပဲ လူတိုင်းကို ဝါးမြိုနိုင်တယ်။ အခု ပျံ့နှံ့လာတော့ ကျန်တဲ့ ၄ ယောက် ကြောက်လန့်တကြား ဖြစ်ကုန်ကြတယ်။ ထွက်ပြေးချင်နေကြပြီ။
အာ့ဟုန် ထုတ်ပြလိုက်တဲ့ စွမ်းအားက ခေါင်းဆောင် အဆင့် ဖြစ်နေပြီ။ သူတို့ကို သတ်ဖို့ ဆိုတာ လွယ်လွယ်လေး။ အချိန်တိုလေးပဲ ခံမယ် ဆိုရင်တောင် သူတို့ကို သတ်ဖို့ လုံလောက်တယ်။
အခန်း (၁၄၃၀) အသက်ပေး တိုက်ခိုက်သော တစ္ဆေထိန်းကျောင်းသူ
တစ္ဆေနယ်မြေ လွှမ်းခြုံထားသော မြို့ငယ်လေး အတွင်းတွင် တိုက်ပွဲသည် ပြင်းထန်လှသည်။ ပထမ အလှည့်တွင်ပင် အသက်နှင့် သေခြင်းတရားကို အဆုံးအဖြတ် ပေးလိုက်သည်။ လျိုစန်း ၏ စက္ကူလူသည် ပြင်းထန်သော တိုက်ခိုက်မှုများကို ခံစားခဲ့ရပြီး စုတ်ပြတ်သတ်သွားသည်။ စကားပြောနိုင်သေးသော်လည်း လက်တွေ့တွင် တိုက်ပွဲဝင်နိုင်စွမ်း မရှိတော့ပေ။
ကံကောင်းသည်မှာ လျိုစန်းသည် ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီး တစ်ဖက်လူကလည်း ဒီအချိန်မှာ လျိုစန်း က စက္ကူလူ ဟုတ်မဟုတ် သေချာ မသိသေးခြင်း ဖြစ်သည်။
ဒါ့ကြောင့် သူတို့က အဓိက တိုက်ခိုက်မှုကို လျိုစန်း ဆီ ဦးတည်လိုက်ခြင်း ဖြစ်သည်။ အာ့ဟုန် ကို လစ်လျူရှုလိုက်ကြသည်။
ဆုံးဖြတ်ချက်က မှန်ကန်ခဲ့သော်လည်း သူတို့က အာ့ဟုန် ကို လျှော့တွက်ခဲ့မိတယ်။
အာ့ဟုန် က တစ္ဆေမိတ်ကပ် လိမ်းပြီးတာနဲ့ တစ္ဆေတမ္မာန်တော် ဝေ့ကျင်း အဖြစ် ပြောင်းလဲသွားပြီး သာမန် တစ္ဆေဆရာ အဆင့်ကနေ ခေါင်းဆောင် အဆင့်ကို ခုန်တက်သွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။
ဒီအမှားတစ်ခုကြောင့် သူတို့ဘက်က တစ်ယောက် အသတ်ခံလိုက်ရပြီ။
"ဒီမိန်းမနား မကပ်နဲ့ သူ ဘာနည်းလမ်း သုံးလိုက်လဲ မသိပေမယ့် ဝေ့ကျင်း ရဲ့ စွမ်းအားကို ခိုးယူထားတယ် ဒါပေမဲ့ ဒီအခြေအနေက ကြာကြာမခံလောက်ဘူး ခဏ ရှောင်နေကြ"
တစ်ယောက်က အော်ဟစ်လိုက်ပြီး နောက်ဆုတ်သွားသည်။ အမည်းရောင် တစ္ဆေနယ်မြေ ထဲ အပါမခံရဲပေ။
တခြားလူတွေလည်း မတုံးပါဘူး။ အာ့ဟုန် က အသက်ပေးပြီး တိုက်ခိုက်နေမှန်း၊ စွမ်းအား မကုန်ခင် သူတို့ကို ရှင်းပစ်ချင်နေမှန်း သိကြတယ်။
ဒါပေမဲ့ အမည်းရောင် တစ္ဆေနယ်မြေ က လျိုစန်း ခန္ဓာကိုယ်ထဲ ဝင်ရောက် တိုက်ခိုက်နေတဲ့ တစ္ဆေဆရာဆီ ရောက်သွားတယ်။
သူ ထွက်ပြေးလို့ မရတော့ဘူး။ လျိုစန်း ကို သတ်ဖို့ အားကုန်သုံးထားလို့ ပြန်ရုပ်သိမ်းဖို့ အချိန်မရတော့ဘူး။ သူ့ခေါင်းက လျိုစန်း ရင်ဘတ်ထဲမှာ ကပ်နေတုန်းပဲ။
"အား..."
နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ဝေ့ကျင်းရဲ့ ဖိနှိပ်မှုကြောင့် သာမန်လူ ဖြစ်သွားပြီး အာ့ဟုန် က သူ့ခေါင်းကို ဆွဲနုတ်လိုက်ရာ ခေါင်းကြေမွပြီး သေဆုံးသွားသည်။
အလောင်းကောင် လမ်းမပေါ် ကျသွားသည်။
အမည်းရောင် တစ္ဆေနယ်မြေ က မရပ်တန့်ဘဲ တတိယမြောက် အမျိုးသမီး တစ္ဆေဆရာ ဆီ ဦးတည်သွားသည်။ သူမ ကြောက်လန့်တကြား ထွက်ပြေးနေသည်။
ဒီလို အခြေအနေမှာ သူမ တစ္ဆေနယ်မြေ မသုံးနိုင်တော့ဘူး။ တစ္ဆေတမာန်တော်ရဲ့ နယ်မြေကသာ အရာအားလုံးကို လွှမ်းမိုးထားနိုင်သည်။
ကျန်တဲ့ အဖွဲ့ဝင် ၂ ယောက်က ကူညီဖို့ မကြိုးစားဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးကုန်ကြသည်။
"မပြေးနဲ့ မင်းတို့ သေရမယ်"
အာ့ဟုန် အမှောင်ထဲကနေ ထွက်လာသည်။ မျက်နှာကို လက်နဲ့ အုပ်ထားသည်။ မည်းနက်နေတဲ့ မျက်နှာအရေပြားတွေ အရည်ပျော်ကျနေတယ်။ မျက်လုံးတစ်ဖက် ပျောက်ကွယ်သွားပြီ။ ဒီအတိုင်း ဆက်သွားရင် မျက်နှာမဲ့ ဖြစ်သွားလိမ့်မယ်။ မျက်နှာမဲ့ ဖြစ်သွားရင် အသုံးမဝင်တော့ဘူး။ တစ်ယောက်ယောက်က မိတ်ကပ် ပြန်လိမ်းပေးမှ ရမယ်။
ဒါပေမဲ့ ဒီလို အခြေအနေမှာ ဘယ်သူက လာလိမ်းပေးမှာလဲ။ ဒါ့ကြောင့် မိတ်ကပ် ပျက်သွားတာနဲ့ အာ့ဟုန် သေမှာ သေချာတယ်။
"ရူးနေတဲ့ မိန်းမ"
အမျိုးသမီး တစ္ဆေဆရာ စိတ်ထဲကနေ ဆဲလိုက်သည်။ ပြန်မတိုက်ရဲပေ။
တစ္ဆေတမန်တော်အကြောင်း သူမ သိသည်။ ဘယ်လို စွမ်းအားမျိုးကိုမဆို ဖိနှိပ်နိုင်စွမ်း ရှိသည်။ ပြန်တိုက်ဖို့ မဖြစ်နိုင်ဘူး။ အချိန်ဆွဲရုံပဲ တတ်နိုင်တယ်။
အခြားတစ်ဖက်တွင်...
ဆိုင်မွန် သည် သေနတ်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသော်လည်း ခဏအကြာတွင် ပုပ်ပွမှု ရပ်တန့်သွားပြီး ပြန်လည် ကောင်းမွန်လာသည်။
"အာ့ဟုန် က ၂ ယောက် သတ်လိုက်ပြီလား ကောင်းတယ်"
လီကျွင်း နောက်ကျောဘက်က အလောင်း ၂ လောင်းကို ကြည့်ပြီး အားတက်သွားသည်။
အခု သူက တစ္ဆေမီး လီကျွင်း မဟုတ်တော့ဘူး။ တစ္ဆေထိန်းကျောင်းသူ လီကျွင်း ဖြစ်နေပြီ။
ပတ်ဝန်းကျင်မှာ တစ္ဆေ မရှိရင် သူ့စွမ်းအား ထက်ဝက်လောက် ကျသွားတယ်။ ဒါ့ကြောင့် စောစောက ဆိုင်မွန် ကို ပြန်မတိုက်နိုင်ခဲ့တာ။
အခုတော့ တစ္ဆေတွေ ရှိနေပြီ။
ရန်သူ့ အလောင်းကောင်တွေဆီမှာ ရှိနေတာ။
နောက်တစ်ခဏတွင်...အလောင်း ၂ လောင်း တွန့်လိမ်လှုပ်ရှားလာသည်။ ခန္ဓာကိုယ်ထဲက ကြောက်မက်ဖွယ် အရာတစ်ခုက လှုပ်ရှားနေသည်။ အေးစက်တဲ့ အလောင်းကောင်တွေက တစ္ဆေတွေကို မထိန်းချုပ်နိုင်တော့ဘူး။ တစ္ဆေတွေ နိုးထလာပြီး အလောင်းကောင်တွေကို စုတ်ဖြဲထွက်လာကြသည်။ နိုးထမှုနှုန်းက အရင်ကထက် ပိုမြန်နေသည်။
"ဒီကောင့် စွမ်းအားက သတင်းထဲကနဲ့ မတူဘူး ပြီးတော့ ခုနက သေနတ် ပေါက်ကွဲတာလည်း ပုံမှန် မဟုတ်ဘူး တစ်စုံတစ်ရာက နှောင့်ယှက်လိုက်သလိုပဲ ဒါပေမဲ့ သူက ငါ ဒဏ်ရာရနေတုန်း ဝင်မတိုက်ခဲ့ဘူး အဖွဲ့သားတွေကို ဂရုစိုက်နေလို့လား၊ ဒါမှမဟုတ် သူ့လျှို့ဝှက်ချက်တွေကို မဖော်ထုတ်ချင်လို့လား"
ဆိုင်မွန် လမ်းဆုံးမှာ ရပ်ပြီး လီကျွင်းကို စိုက်ကြည့်နေသည်။
အခုတော့ ပေါ့ပေါ့ပါးပါး မရှိတော့ဘဲ တည်ငြိမ်လေးနက်နေသည်။
"သေနတ် မသုံးဘဲနဲ့လည်း သူ့ကို သတ်နိုင်ပါတယ်"
ဆိုင်မွန် သေနတ်ကို ထပ်မသုံးရဲတော့ဘူး။ နောက်တစ်ခါ ထပ်ပေါက်ကွဲမှာ စိုးလို့ဖြစ်သည်။
နောက်တစ်ခဏတွင်...
ဆိုင်မွန် ပျောက်ကွယ်သွားသည်။
ဒါ သူ့တစ္ဆေနယ်မြေ ဖြစ်လို့ နေရာပြောင်းရွှေ့လို့ ရတယ်။
လီကျွင်း ပတ်ဝန်းကျင် အလင်းရောင်တွေ ပျောက်ကွယ်သွားတာ သတိထားမိလိုက်သည်။ အမှောင်ထု ပိုမို ထူထဲလာပြီး အမြင်အာရုံကို ပိတ်ဆို့ထားသည်။
"ငါ့ကို အစွမ်းကုန် တိုက်ခိုက်ဖို့ ပြင်နေတာလား ကောင်းတယ် ထွက်မပြေးတာ ငါ့အတွက် ပိုကောင်းတယ် ဒီမှာတင် အပြတ်ရှင်းပစ်မယ်"
လီကျွင်း မကြောက်ပါဘူး။ စိတ်လှုပ်ရှားနေသည်။
ဒါ သူ မျှော်လင့်နေတဲ့ အရာပဲ။ တစ္ဆေနိုးထပြီး အလကား သေသွားမှာကို မလိုလားဘူး။ ဌာနချုပ်အတွက်၊ ကာကွယ်ရမယ့် အရာတွေအတွက် တိုက်ပွဲဝင်ရင်း သေချင်တာ ဖြစ်သည်။
အမှောင်ထဲမှာ အစိမ်းရောင် မျက်လုံးတစ်စုံ ပေါ်လာသည်။ ရက်စက်ပြီး လူစိတ်ကင်းမဲ့နေသော မျက်လုံးများ ဖြစ်သည်။
လီကျွင်း မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
နောက်တစ်ခဏတွင်...ဒုတိယ မျက်လုံးတစ်စုံ ပေါ်လာသည်။
"အရေအတွက် တိုးလာတာလား"
လီကျွင်း စိုးရိမ်သွားသည်။
ဒါတင် မကသေးဘူး။ တတိယ မျက်လုံးတစ်စုံပါ ပေါ်လာသည်။
မျက်လုံးများ လှုပ်ရှားလာပြီး ဆိုင်မွန် ၃ ယောက် အမှောင်ထဲကနေ ထွက်လာကာ လီကျွင်းဆီ လျှောက်လာကြသည်။
၃ ယောက်စလုံးရဲ့ စွမ်းအားက တူညီနေသည်။
ဆိုလိုသည်မှာ ၃ ယောက်စလုံး အစစ်တွေ ဖြစ်နေသည်။
ဒီအဆင့်ထိ လုပ်နိုင်တာ တော်ရုံ ခေါင်းဆောင်တွေတောင် မလုပ်နိုင်ဘူး။
ဆိုင်မွန် စကားမပြောတော့ဘဲ တိုက်ခိုက်ဖို့ ပြင်လိုက်သည်။ သူ လူသား သဘာဝ ပျောက်ဆုံးသွားပြီး တစ္ဆေအစစ် ဖြစ်သွားသလို ခံစားရသည်။
"သူ့လက်ဝါးတွေပုံမှန် မဟုတ်ဘူး တစ္ဆေလက်ဝါးတွေပဲ"
လီကျွင်း သတိထားမိလိုက်သည်။ ဆိုင်မွန်ရဲ့ လက်ဝါးတွေက ကြီးမားပေမယ့် ပိန်လှီနေပြီး လက်သည်းတွေ မည်းနက် ရှည်ထွက်နေသည်။ လက်ချောင်းတချို့ ပြတ်တောက်နေသည်။
ဒါပေမဲ့ ကြောက်စရာ ကောင်းနေတုန်းပဲ။ အဖမ်းခံရရင် သေမှာ သေချာတယ်။
ရုတ်တရက်...ဆိုင်မွန် ၃ ယောက်လုံး ပျောက်ကွယ်သွားသည်။
လီကျွင်းလည်း အားမနာတော့ဘူး။
"အချိန်ဆွဲလို့ မဖြစ်ဘူး တစ်ခါတည်း အပြတ်ရှင်းရမယ်"
အံကြိတ်ပြီး သွေးပျစ်ပျစ်တွေကို စုစည်းကာ အနီးနားက တစ္ဆေတွေကို ဆွဲဆောင်လိုက်သည်။
ဆိုင်မွန် ၃ ယောက် လီကျွင်း ဘေးမှာ ပေါ်လာပြီး လက်ဝါးကြီးတွေနဲ့ ဖမ်းဆုပ်လိုက်ကြသည်။
ဒါပေမဲ့...သေဆုံးပြီးသား အလောင်း ၂ လောင်းက လီကျွင်း ရှေ့မှာ ကာလိုက်ကြသည်။
အာ့ဟုန် သတ်ခဲ့တဲ့ ရန်သူတွေ ဖြစ်ကာ သေလူတွေက အရှင်တွေထက် ပိုကြမ်းတယ်။ တစ္ဆေနိုးထနေပြီလေ။
တစ္ဆေ ၂ ကောင်က ဆိုင်မွန် ၂ ယောက်ကို တားဆီးထားလိုက်သည်။
ကျန်တဲ့ ဆိုင်မွန် တစ်ယောက်ရဲ့ လက်ဝါးတွေက လီကျွင်း ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။ ကျိန်စာ တစ်ခု ပေါက်ကွဲထွက်လာပြီး လီကျွင်း ခန္ဓာကိုယ်ထဲက သွေးတွေ... မဟုတ်ဘူး... သဘာဝလွန် စွမ်းအားတွေ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
ဆိုင်မွန်ရဲ့ ပြတ်နေတဲ့ လက်ချောင်း တစ်ချောင်း ပြန်ထွက်လာသည်။
"မင်းကို စောင့်နေတာ ကြာပြီ မင်းဆီမှာ 'ကျည်ဆန်' တွေ အများကြီး ပါတယ် မဟုတ်လား ဒီတစ်ခေါက်တော့ မင်း သေပြီ"
လီကျွင်း နာကျင်စွာ အော်ဟစ်လိုက်သည်။
တစ္ဆေထိန်းကျောင်းသူ ရဲ့ စွမ်းအား ပေါက်ကွဲထွက်လာသည်။
ဆိုင်မွန် သယ်ဆောင်ထားတဲ့ တစ္ဆေကျည်ဆန်တွေ အကုန်လုံး လှုပ်ရှားလာကြသည်။
ဒီလောက် နီးကပ်နေတော့ လီကျွင်းရဲ့ စွမ်းအားက အမြင့်ဆုံး ရောက်နေပြီ။ အိပ်ပျော်နေတဲ့ တစ္ဆေတွေကို နှိုးဆွလိုက်သည်။
ကျည်ဆန်တွေကို ပတ်ထားတဲ့ အမည်းရောင် အဝတ်စတွေ စုတ်ပြဲကုန်သည်။ တစ္ဆေအငွေ့အသက်တွေ ပျံ့နှံ့လာသည်။ လီကျွင်းက တစ္ဆေအားလုံးကို လွှတ်ပေးလိုက်ပြီး အမိန့်တစ်ခုတည်း ပေးလိုက်သည်။
ရှေ့က ဆိုင်မွန်ကို သတ်ပစ်ဖို့။
"ဒီကောင် ငါနဲ့အတူ သေချင်နေတာလား"
ဆိုင်မွန် မျက်လုံး ပြူးကျယ်သွားကာ ကြောက်လန့်သွားသည်။
သူ တစ်ဖက်လူရဲ့ အကွက်ထဲ ဝင်သွားမိပြီ။
သူ့ဆီမှာ ကျည်ဆန် အတောင့် ၂၀ ကျော် ပါပြီး အကုန် ပေါက်ကွဲထွက်လာရင် တစ္ဆေ အကောင် ၂၀ ကျော်က သူ့ကို ဝိုင်းတိုက်ကြလိမ့်မည်။ထိုအခါ သူ သေချာပေါက် သေမှာ ဖြစ်လေသည်။
လီကျွင်းက သူ့စွမ်းအားကို ဖုံးကွယ်ထားခဲ့ကာ ခုနက သေနတ် ပေါက်ကွဲတုန်းကလည်း မတိုက်ခိုက်ဘဲ အခွင့်အရေး စောင့်နေခဲ့သည်။ သူ့စွမ်းအားကို သိသွားရင် ဆိုင်မွန် ထွက်ပြေးသွားမှာ စိုးလို့ဖြစ်ကာ အာ့ဟုန် နဲ့ သူ အလကား သေရမှာ စိုးလို့ ဖြစ်လေသည်။
အဆိုးရွားဆုံး အခြေအနေကို မရောက်ချင်လို့ ဒီလို လုပ်လိုက်ရတာ။
သွေးပျစ်ပျစ်တွေ လီကျွင်း တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည်။ အာ့ဟုန် ရေးဆွဲပေးထားတဲ့ မျက်နှာ ပျောက်ကွယ်သွားသည်။
ကန့်သတ်ချက်ထက် ကျော်လွန်ပြီး စွမ်းအား သုံးလိုက်တာ….
ဒါပေမဲ့ ရလဒ်က ကျေနပ်စရာ ကောင်းလေသည်။
ဆိုင်မွန်ဆီက ကျည်ဆန်တွေ အကုန် ပေါက်ကွဲကုန်သည်။ တစ္ဆေ အကောင် ၂၀ ကျော် ထွက်လာပြီး ဆိုင်မွန် နဲ့ လီကျွင်း နှစ်ယောက်စလုံးကို ဝါးမြိုလိုက်ကြသည်။
အန္တရာယ်က ဆိုင်မွန် တစ်ယောက်တည်း အတွက် မဟုတ်ဘူး။ လီကျွင်း အတွက်လည်း ပါလေသည်။
တစ္ဆေတွေ ပေါ်လာကာ အော်ဟစ်သံတွေ၊ ညည်းညူသံတွေ၊ အပုပ်နံ့တွေ... သဘာဝလွန် ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပေါ်လာသည်။
ဘယ်သူမှ အနားမကပ်ရဲကြဘူး။ ဒီနေရာက တစ္ဆေတွေရဲ့ ကစားကွင်း ဖြစ်သွားပြီ။
အနားကပ်လာတဲ့ သက်ရှိလူသားတိုင်း တစ္ဆေအသတ်ခံရပြီး သေဆုံးကြလိမ့်မယ်။