← Chapters

ချက်အင်ဝင်ခြင်းနှင့် အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါးကျမ်း

Vol. 27 Ch. 261

ချက်အင်ဝင်ခြင်းနှင့် အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါးကျမ်း

Vol. 27 Ch. 261

"ဒီကောင်လေးရဲ့ ဝိညာဉ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပါရမီတွေက လောကမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရတယ်... သူ့ရဲ့နတ်ဘုရားအာရုံ ကရော ဘယ်လောက်တောင် အားကောင်းမလဲဆိုတာ သိချင်စရာပဲ..."

ဖုန်းထန်၏အိုမင်းသော မျက်နှာထက်တွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာပြီး မုတ်ဆိတ်ကို သပ်ကာ ပြုံးလျက် ပြောလိုက်လေသည်။

"ကျင့်ကြံခြင်း၊ ဝိညာဉ်၊ ခန္ဓာကိုယ် နဲ့ နတ်ဘုရား အာရုံ... ဒါတွေကို တပြိုင်နက်တည်း ကျင့်ကြံနိုင်တဲ့သူ တစ်ခါမှ မရှိဖူးဘူး... တစ်ချိန်တည်းမှာ အကုန်ကျင့်ကြံဖို့ဆိုတာ အချိန်အရမ်းကုန်လွန်းတယ်... သမိုင်းမှတ်တမ်းတွေထဲက အံ့မခန်း ပါရမီရှင်တွေတောင်မှ နယ်ပယ်အားလုံးမှာ တပြိုင်နက်တည်း အထွတ်အထိပ် ရောက်ဖူးတဲ့သူ မရှိခဲ့ဖူးဘူး..."

ကာကလန်မှ အကြီးအကဲက ဝင်ပြောလိုက်၏။ သူသည် ငြင်းပယ်လို၍ ပြောခြင်း မဟုတ်ဘဲ အမှန်တရားကို ထောက်ပြပြောဆိုခြင်းသာ ဖြစ်ပေသည်။

ရှေးဟောင်းကလန်ကြီး ဆယ်ခုသည် မြင့်မြတ်မင်းဆက်၏ အစိတ်အပိုင်းများ ဖြစ်ကြသော်လည်း သူတို့တွင် ကိုယ်ပိုင် အားသာချက်များနှင့် အားနည်းချက်များ အသီးသီး ရှိကြလေသည်။

ဖုန်းကလန်သည် အမြန်နှုန်းတွင် အထူးပြုပြီး ဖုန်းကလန်မှ လက်ဆင့်ကမ်းလာသော နတ်ဘုရားပညာရပ်သည် အမြန်နှုန်းနှင့် ပတ်သက်သော ပညာရပ် ဖြစ်ပေသည်။

ထိုပညာရပ်ကို ကျင့်ကြံပြီးပါက တူညီသော နယ်ပယ်ရှိ မည်သူမျှ သူတို့ကို အမြန်နှုန်းဖြင့် ယှဉ်နိုင်မည် မဟုတ်ချေ။

ကုကလန်မှာမူ မွေးရာပါ ပြိုင်ဘက်ကင်း ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားကြသဖြင့် ခုခံကာကွယ်မှု စွမ်းရည်တွင် ထူးချွန်ကြလေသည်။ သူတို့၏ဘိုးဘေးများ လက်ဆင့်ကမ်းခဲ့သော နတ်ဘုရားပညာရပ်သည်လည်း ခုခံကာကွယ်မှု ပညာရပ်ဖြစ်ရာ သူတို့သည် ရှုံးနိမ့်ခြင်း မရှိသော နေရာ၌ ရပ်တည်နိုင်ကြခြင်း ဖြစ်ပေသည်။

ဖုန်းကလန်မှ ကျွမ်းကျင်သူများသည် အင်အားစု အသီးသီးမှ အကြီးအကဲများနှင့် ကျွမ်းကျင်သူများ၏နောက်တွင် စုဝေးနေကြပြီး အခြားသော အမွေဆက်ခံသူ လေးဦးနှင့် အကြီးအကဲအချို့က ဦးဆောင်ထားကြလေသည်။

သူတို့အားလုံးသည် အရပ်ရှည်ပြီး သွယ်လျသော အဖြူရောင် ဝတ်ရုံရှင်ကို လေးနက်စွာ ကြည့်နေကြချေ၏။

ရှန်းချန်ကော

ဤလူသည် ယနေ့ ဖုန်းမိသားစုအတွက် အံ့ဖွယ်ရာများစွာကို ယူဆောင်လာခဲ့ပေသည်။ သူသည် စံချိန်များကို ချိုးဖျက်ခဲ့ပြီး ဒဏ္ဍာရီများကို ဖန်တီးခဲ့လေသည်။

ယခုအချိန်တွင် ရှန်းချန်ကောက အံ့ဖွယ်ရာများကို ဆက်လက် ဖန်တီးနိုင်ဦးမလားဆိုသည်ကို လူအများက မျှော်လင့်တကြီး စောင့်ကြည့်နေကြပေသည်။

ထျန်းတိတောင်ပေါ်တွင် မိမိတို့၏ နတ်ဘုရား အာရုံကိုလေ့ကျင့်ရင်း ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည့် ဖုန်းကလန် အဖွဲ့ဝင်များသည် ရှန်းချန်ကောကို မြင်သောအခါ နာကျင်မှု သက်သာသွားသကဲ့သို့ ခံစားလိုက်ကြရလေသည်။

ရှန်းချန်ကော၏အံ့မခန်း ပါရမီသည် သူတို့ကို ကူးစက်သွားပြီး ဆက်လက် ကြံ့ကြံ့ခံရန် အကြောင်းပြချက် ပေးလိုက်သကဲ့သို့ ဖြစ်ပေသည်။ ၎င်းသည် သူတို့ကို ဆက်လက် တွန်းအားပေးသော မောင်းနှင်အားလည်း ဖြစ်ချေ၏။

ထျန်းတိတောင်သို့ ရောက်သောအခါ ရှန်းချန်ကော ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်လေသည်။

တောင်ထိပ်သည် သူ ထင်ထားသကဲ့သို့ မတ်စောက်မနေဘဲ လူအများအပြား ဝင်ဆံ့နိုင်သော လေ့ကျင့်ရေးကွင်းကဲ့သို့ မြေပြန့်လွင်ပြင် ဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။

"ဒီနေရာက တကယ်ကို ဆန်းကြယ်တာပဲ..."

ရှန်းချန်ကော မျက်လုံးများကို မှိတ်လိုက်ပြီး တောင်တစ်ခုလုံးတွင် ကြီးမားသော ဖိအားများ ရှိနေသည်ကို ခံစားလိုက်ရလေသည်။ နတ်ဘုရားတက်လှမ်းလှေကားထစ်များနှင့် မတူဘဲ တောင် အထက်ရှိ လေဟာနယ်တွင် ခရမ်းရောင် လျှပ်စီးများ လက်နေသည်ကို တွေ့ရပေသည်။

ဤနေရာသည် လျှပ်စီးပင်လယ်ကြီး တစ်ခုအလား ဖြစ်ချေ၏။လျှပ်စီးများသည် ဝိညာဉ်ရှိသကဲ့သို့ ကျင့်ကြံသူများ၏ခန္ဓာကိုယ်ကြားသို့ ဖြတ်သန်းသွားလာပြီး ကျင့်ကြံသူများ၏နတ်ဘုရား အာရုံကို သွေးကာလေ့ကျင့်ပေးနေကြလေသည်။

"ထျန်းတိတောင်ကို လျှပ်စီးကန် လို့လည်း ခေါ်ကြတယ်..." ဖုန်းလင်းတန်သည် မျက်လုံးများကို မှိတ်ထားပြီး လျှပ်စီးများကို သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားလာခွင့် ပြုထားလိုက်သည်။

သူ၏မျက်နှာတွင် အလွန် နှစ်သက်သဘောကျသော အမူအရာ ပေါ်နေလေသည်။

အခြားသူများအတွက် ဤလေ့ကျင့်ရေးကွင်းပြင်သည် ငရဲနှင့် တူသော်လည်း သူ့အတွက်မူ ကောင်းကင်ဘုံနှင့် တူနေပေသည်။

အချိန်အတန်ကြာပြီးနောက် ဖုန်းလင်းတန် မျက်လုံးဖွင့်လိုက်ပြီး ရှန်းချန်ကောဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ရှန်းချန်ကော ဆက်လက် မတောင့်ခံနိုင်တော့သည့် အမူအရာကို သူ မြင်ချင်နေမိ၏။

သို့သော် သူ စိတ်ပျက်သွားခဲ့ရပေသည်။

ရှန်းချန်ကော၏မျက်လုံးများသည်လည်း တင်းတင်းကျပ်ကျပ် မှိတ်ထားဆဲ ဖြစ်လေသည်။

သူသည် သူ၏နတ်ဘုရားအာရုံကို လျှပ်စီးများဖြင့် သွေးကာလေ့ကျင့်ပေးနေခြင်းကို နှစ်သက်နေပုံရပြီး လက်လျှော့မည့် အရိပ်အယောင် လုံးဝ မပြချေ။

"ငါ တကယ်ပဲ အဲဒီလောက် ညံ့တယ်ဆိုတာ မယုံနိုင်ဘူး..." ဖုန်းလင်းတန်သည် သူ့ကိုယ်သူ သံသယဝင်စပြုလာသော်လည်း အံကိုကြိတ်ပြီး လျှပ်စီးများ၏ လက်ဆောင်ကို ဆက်လက် ခံယူနေလိုက်လေသည်။

နတ်ဘုရားအာရုံကို သွေးကာလေ့ကျင့်ခြင်းသည် အလွန် စိတ်သက်သာရာ ရစေပေသည်။

နှိုင်းယှဉ်ပြောရလျှင် အဆင့်နိမ့်သော နယ်ပယ်ရှိ ကျင့်ကြံသူများသည် နတ်ဘုရားအာရုံ အားနည်းသဖြင့် အချိန်တိုသာ တောင့်ခံနိုင်ကြလေသည်။

နယ်ပယ်မြင့်လေ၊ နတ်ဘုရားအာရုံ အားကောင်းလေ၊ ကြာကြာ တောင့်ခံနိုင်လေ ဖြစ်ပြီးလေ့ကျင့်ခြင်း၏ အကျိုးသက်ရောက်မှု ပိုကောင်းလေ ဖြစ်ချေ၏။

အချိန်များသည် ရေကဲ့သို့ စီးဆင်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားလေသည်။

အချိန်အတော်ကြာပြီးနောက် သရဖူဆောင်းခြင်းအခမ်းအနားတွင် ပါဝင်သည့် ဖုန်းကလန်၏ မျိုးဆက်သစ် လူငယ်များ အားလုံး ထိုနေရာမှ ထွက်ခွာသွားကြပြီ ဖြစ်လေသည်။

သူတို့၏ကျင့်ကြံခြင်း အဆင့်များသည် နိမ့်ကျနေသေးသောကြောင့် ဖြစ်ပေသည်။ ရံဖန်ရံခါတွင် ထူးချွန်သော နတ်ဘုရားအာရုံ ပါရမီရှင်များ ရှိတတ်သော်လည်း သူတို့သည် ကြာရှည် မတောင့်ခံနိုင်ဘဲ ဆုတ်ခွာသွားကြရလေသည်။

ထို့ကြောင့် ထျန်းတိတောင် တစ်ခုလုံးတွင် လူနှစ်ယောက်သာ ကျန်ရှိတော့ချေ၏။

သူတို့မှာ ရှန်းချန်ကောနှင့် ဖုန်းလင်းတန်တို့ ဖြစ်ကြပေသည်။

"ဝုန်း"

တောင်ထိပ်တွင် လျှပ်စီးအလင်းရောင်များ လှိုင်းထန်လာလေသည်။ တောက်ပသော လျှပ်စီးအလင်းရောင်များသည် ကောင်းကင်ဘေးဒဏ် အလင်းတန်းများကဲ့သို့ ဖြစ်နေပေသည်။

လျှပ်စီးနဂါးတစ်ကောင် ကောင်းကင်သို့ ဟိန်းဟောက်နေသကဲ့သို့ လေဟာနယ်ထဲတွင် ခေါက်တုံ့ခေါက်ပြန် သွားလာနေကြရာ မြင်ကွင်းသည် အလွန် တုန်လှုပ်ဖွယ်ရာ ကောင်းလှချေ၏။

"ခင်ဗျားက လူရော ဟုတ်ရဲ့လားဗျာ... ကျုပ်တော့ ဆက်ပြီး မနေနိုင်တော့ဘူး..." ရုတ်တရက် ဖုန်းလင်းတန် မျက်လုံးဖွင့်လိုက်ပြီး ရှန်းချန်ကောကို ပြောစရာ စကားမဲ့သည့် ပုံစံဖြင့် ကြည့်လိုက်လေသည်။

ထို့နောက် သူ၏ပုံရိပ်သည် လှုပ်ရှားသွားပြီး တောင်အောက်သို့ လျင်မြန်စွာ ပြေးဆင်းကာ ထျန်းတိတောင်မှ ထွက်ခွာသွားလေသည်။

တန်ဆေးလွန်ဘေး ဆိုသည့် စကားပုံအတိုင်းပင်။

အကယ်၍သူသာ ဆက်လက် အတင်းအဓမ္မ ကြိုးစားနေပါက နတ်ဘုရားအာရုံကိုလေ့ကျင့်နိုင်မည် မဟုတ်သည့်အပြင် ဒဏ်ရာပါ ရရှိသွားနိုင်ပေသည်။

ဤအချိန်၌ ရှန်းချန်ကော တစ်ယောက်တည်းသာ လျှပ်စီးပင်လယ်ကြီးထဲတွင် အထီးကျန်စွာ ကျန်ရစ်ခဲ့တော့လေသည်။ သူသည် လျှပ်စီးများကို သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းခွင့် ပြုထားသော်လည်း သူ၏မျက်နှာထားမှာမူ ပြောင်းလဲခြင်း မရှိချေ။

ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး ဂယက်ထခြင်း အလျဉ်းမရှိပေ။ ထျန်းတိတောင်၏ အောက်ခြေတွင်...

လူတိုင်း၏မျက်လုံးများသည် အထက်ဘက် လျှပ်စီးပင်လယ်ထဲတွင် ရပ်နေသော သွယ်လျသည့် ပုံရိပ်အပေါ် စွဲမြဲနေကြလေသည်။

သူသည် နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပြိုင်ဘက်ကင်း ပုံစံ ပေါက်နေပေသည်။

ထိုအချိန်တွင် သူ၏သွယ်လျသော ခန္ဓာကိုယ်မှ တောက်ပသော လျှပ်စီးအလင်းရောင်များ ထွက်ပေါ်နေပြီး လျှပ်စီးနတ်ဘုရားအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိနေလေသည်။

သူ့ခန္ဓာကိုယ် ပတ်လည်ရှိ လျှပ်စီးများသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်တော့မည့်အလား ကြီးမားလှသဖြင့် ထိုမြင်ကွင်းကို တုန်လှုပ်ဖွယ်ရာဟု ဆိုရပေမည်။

ဖုန်းလင်းတန် ဆုတ်ခွာလာခြင်းသည် လူအများ၏ အာရုံစိုက်မှုကို သိပ်မရလိုက်ချေ။

သို့သော် ဖုန်းကလန် အဖွဲ့ဝင်များသည် ဖုန်းလင်းတန်ကို လေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

ဖုန်းလင်းတန်၏ နတ်ဘုရားအာရုံပါရမီသည် ငယ်စဉ်ကတည်းက ကြောက်စရာကောင်းလောက်အောင် အားကောင်းခဲ့ပြီး သူ၏ ရွယ်တူများထက် များစွာ သာလွန်ခဲ့သူ ဖြစ်ပေသည်။

သူသည် သူ၏ပါရမီကို ဘယ်သောအခါမှ အလဟသ မဖြစ်စေခဲ့ချေ။

နတ်ဘုရားအာရုံအားကောင်းခြင်းသည် ဖုန်းလင်းတန်၏အားသာချက် အမြဲတမ်း ဖြစ်ခဲ့လေသည်။

ဖုန်းကလန်သည် ဤအချက်ကို သဘာဝကျစွာပင် ကြာမြင့်စွာကတည်းက သိထားပြီး ဖြစ်၏။

ထို့ကြောင့် သူတို့အားလုံး ဖုန်းလင်းတန်ကို ကြည့်ကာ တုန်လှုပ်စွာ မေးလိုက်ကြလေသည်။

"သခင်လေး... ဟိုဧည့်သည်တော်ရဲ့ နတ်ဘုရား အာရုံက သခင်လေးထက်တောင် ပိုအားကောင်းနေတာလား..."

ဤရိုးရှင်းသော စကားလုံးများသည် ဖုန်းကလန်သားတို့၏အတွေးများကို ဖော်ပြနေခြင်း ဖြစ်ပေသည်။

သို့သော် ဖုန်းလင်းတန်၏ မျက်နှာ မည်းမှောင်သွားပြီး နှုတ်ခမ်းထောင့်များ တွန့်သွားရလေသည်။

ဒီစကားတွေက ဘာလို့ နားထောင်ရတာ ဒီလောက်တောင် ခါးသီးနေရတာလဲ။

ဖုန်းမိသားစု သခင်လေးတစ်ယောက်ဖြစ်တဲ့ သူက နေရာတိုင်းမှာ နိမ့်ကျတယ်လို့ ပြောချင်နေကြတာလား။

"သခင်လေး... ဒီလူရဲ့နတ်ဘုရားအာရုံက အဲဒီလောက်တောင် အားကောင်းတာလား..."

ထိုအချိန်တွင် ဖုန်းထန်က လေးနက်သော အမူအရာဖြင့် မေးလိုက်လေသည်။ သူ့မျက်လုံးများထဲတွင် မယုံနိုင်သကဲ့သို့သော တုန်လှုပ်မှုများ ပြည့်နှက်နေချေ၏။

ဖုန်းလင်းတန် ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး လျှပ်စီးပင်လယ်ထဲမှ အဖြူရောင် ဝတ်ရုံရှင်ကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။

"သူ ကျုပ်နဲ့အတူ ဝင်ခဲ့တာပါ... ကျုပ်ရဲ့ ခန္ဓာကိုယ် ခံနိုင်ရည် အကန့်အသတ်ကို ရောက်လို့ ထွက်လာခဲ့ရပြီ... သူကတော့ ဆက်နေတုန်းပဲ... သူ့ရဲ့ နတ်ဘုရားအာရုံက ကျုပ်တို့ ထင်ထားတာထက် အများကြီး ပိုစွမ်းတယ်ဗျ... သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပါရမီလိုပဲ ဖြစ်လောက်တယ်... ဖန်ဆင်းခြင်း အန္တိမ နယ်ပယ်အဆင့်လောက် ရှိနေပြီ..."

အမှန်တကယ်တွင် သူ၏နတ်ဘုရား အာရုံခံစားမှုသည် အင်မော်တယ်အာရုံအဖြစ်သို့ပင် ပြောင်းလဲသွားပြီ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

နောက်ဆုံးတွင် ဖုန်းလင်းတန်သည် ဤစကားကို ထုတ်မပြောဖြစ်ခဲ့ချေ။

ဤသည်မှာ သူ၏ခံစားချက်သက်သက်သာ ဖြစ်ပြီး သူကိုယ်တိုင်ပင် မယုံချင်ဘဲ ဖြစ်နေသောကြောင့် ဖြစ်လေသည်။

အင်မော်တယ်တာအိုဖြစ်တည်မှုများသည် လောကတွင် အလွန်မြင့်မြတ်ပြီး ပြိုင်ဘက်ကင်း ဖြစ်နေရခြင်းမှာ ဤအချက်ကြောင့်ပင်။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်တာအို နယ်ပယ်သို့ ခြေလှမ်းလှမ်းဝင်သူများသည် အင်မော်တယ်တာအိုအဆင့်သို့ ရောက်ရှိရုံသာမက သူတို့၏ရုပ်ခန္ဓာများသည်လည်း အင်မော်တယ်ခန္ဓာ များအဖြစ် ပြောင်းလဲသွားကြသောကြောင့် ဖြစ်ပေသည်။

အင်မော်တယ် ဆိုသော စကားလုံးသည် ထိတွေ့၍ မရနိုင်သော အရာ ဖြစ်လေသည်။

ထိုအရာနှင့် ထိတွေ့မိသော မည်သည့်အရာမဆို အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်လာပြီး မည်သူမျှ စိတ်ကူးမယဉ်နိုင်လောက်အောင် အားကောင်းလာတတ်ချေ၏။

ထိုအချိန်တွင် လျှပ်စီးပင်လယ်ကြီး အတွင်း၌...

ရှန်းချန်ကော ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ မျက်လုံးများထဲတွင် တောက်ပသော လျှပ်စီးများ ပြည့်နှက်နေသည်ကို တွေ့ရလေသည်။

လူများ၏နှလုံးသားကို ဖောက်ထွင်းမြင်နိုင်ပြီး ပုံရိပ်ယောင် အားလုံးကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ရှိနေပေသည်။ သူ နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်၏။

"ငါ ဘာမှ မခံစားရသလိုပါပဲလား..."

ဤနေရာသည် သူ့အပေါ် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသကဲ့သို့ ဖြစ်နေလေသည်။

အကယ်၍ သူ ဆန္ဒရှိပါက ဤနေရာတွင် ထာဝရ နေနိုင်ပေသည်။ သို့သော် ထိုသို့ နေခြင်းက အဓိပ္ပာယ် မရှိချေ။

ထို့နောက် ရှန်းချန်ကော ချက်အင်ဝင်လိုက်လေသည်။

"ချက်အင်ဝင်ခြင်း အောင်မြင်ပါသည်... ဆုလာဘ် - အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါးကျမ်းစာ"

All Chapters