← Chapters

ဉာဏ်အလင်းရခြင်း နှင့် ဖိနှိပ်ခြင်း

Vol. 27 Ch. 262

ဉာဏ်အလင်းရခြင်း နှင့် ဖိနှိပ်ခြင်း

Vol. 27 Ch. 262

"အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါး ကျမ်း.."

ရှန်းချန်ကော၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

ထို့နောက် သူသည် စိတ်ကို စုစည်းလိုက်ရာ အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါး ကျမ်းနှင့် ပတ်သက်သော အချက်အလက် အားလုံး သူ၏ စိတ်ထဲသို့ ဝင်ရောက်လာချေ၏။

အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါး ကျမ်းသည် အသံလှိုင်းဖြင့် တိုက်ခိုက်သော နည်းစနစ် တစ်မျိုး ဖြစ်ပေသည်။

၎င်းကို အသုံးပြုသောအခါ အင်မော်တယ်အာရုံဖြင့် အသက်သွင်းရပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ကျယ်ပြန့်သော အတိုင်းအတာတစ်ခုအထိ လူအုပ်စုလိုက်ကို သတ်ဖြတ်နိုင်သော နတ်ဘုရားနည်းစနစ် တစ်မျိုး ဖြစ်လေသည်။

"အသံလှိုင်း တိုက်ခိုက်မှုလား..."

ရှန်းချန်ကော အံ့သြသွားမိသည်။ ၎င်းသည် ခြင်္သေ့ဟိန်းသံနှင့် ဆင်တူသော တိုက်ခိုက်မှု နည်းစနစ် တစ်ခု ဖြစ်နေလေသည်။

သို့သော် ဤ အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါး ကျမ်းကို အသက်သွင်းရန် အင်မော်တယ်အာရုံ လိုအပ်သည်ဟု ဆိုထားရာ ၎င်းသည် အင်မော်တယ်တာအိုဖြစ်တည်မှုများသာ အသုံးပြုနိုင်သော တိုက်ခိုက်မှု နည်းလမ်းတစ်ခု ဖြစ်နေသည် မဟုတ်လော။

ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်သည် ဖန်ဆင်းခြင်းအန္တိမနယ်ပယ် သို့ ရောက်ရှိနေသည့်တိုင် သူတို့၏နတ်ဘုရားအာရုံသည် နတ်ဘုရားအဆင့်တွင်သာ ရှိနေသေးကြောင်း သိထားရပေမည်။

အင်မော်တယ်လမ်းစဉ်တွင် ပါဝင်ပတ်သက်နေသော သက်ရှိများသာလျှင် သူတို့၏ နတ်ဘုရား အာရုံကို ကောင်းကင်နှင့်မြေပြင်က ဆေးကြောပေးပြီး အင်မော်တယ်အာရုံအဖြစ် ပြောင်းလဲသွားကြခြင်း ဖြစ်လေသည်။

မသေနိုင်၊ မပျက်စီးနိုင်ဘဲ နေနှင့် လကဲ့သို့ တောက်ပနေပေသည်။

ရှည်လျားသော သမိုင်းမြစ်ကြောင်း တစ်လျှောက်တွင် အင်မော်တယ်တာအို နယ်ပယ်သို့ မရောက်မီ မိမိတို့၏နတ်ဘုရားအာရုံကို အင်မော်တယ်အာရုံအဖြစ်သို့ မြှင့်တင်နိုင်ခဲ့သူ မည်မျှ ရှိပါသနည်း။

အနည်းဆုံးတော့ ရှန်းချန်ကော တစ်ခါမှ မကြားဖူးခဲ့ချေ။ သမိုင်းတစ်လျှောက်တွင် သူတစ်ယောက်တည်းသာ ရှိပုံရလေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ နတ်ဘုရားအာရုံသည် အင်မော်တယ်လမ်းပေါ်တွင် ရှိနေစဉ်ကတည်းက ဆေးကြောခြင်း ခံခဲ့ရပြီး အင်မော်တယ်အာရုံအဖြစ် ပြောင်းလဲသွားခဲ့သောကြောင့် ဖြစ်ပေသည်။

ထို့အပြင် ထျန်းတိတောင် စမ်းသပ်ပြီးနောက် သူ၏အင်မော်တယ်အာရုံသည် တောင်၏သွေးကာလေ့ကျင့်ပေးနိုင်မှု အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်ကြောင်း ရှန်းချန်ကော နားလည်လိုက်လေသည်။

ထို့ကြောင့် တောင်သည် သူ့အပေါ် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိတော့ခြင်း ဖြစ်၏။

ထျန်းတိတောင်ကို ဖုန်းကလန်၏ ပထမမျိုးဆက် ဝါယောဘုရင်က ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။

၎င်းတွင် နက်နဲ၍ မြင့်မြတ်သော နည်းစနစ်များ ပါဝင်နေပြီး ရည်ရွယ်ချက်မှာ မျိုးဆက်သစ်များကို ကောင်းချီးပေးရန်နှင့် ကောင်းမွန်သော ကျင့်ကြံရေး ပတ်ဝန်းကျင်ကို ထောက်ပံ့ပေးရန် ဖြစ်လေသည်။

ပထမမျိုးဆက် ဝါယောဘုရင်၏ကျင့်ကြံခြင်းသည် အင်မော်တယ်တာအို နယ်ပယ်သို့ ခြေမချနိုင်ခဲ့သေးဟု ရှန်းချန်ကော ခန့်မှန်းမိပေသည်။

ထို့ကြောင့် ထျန်းတိတောင်၏နတ်ဘုရားအာရုံ လေ့ကျင့်ပေးခြင်းသည် ဖန်ဆင်းခြင်းနယ်ပယ်နှင့် ၎င်းအောက်ရှိသူများအတွက်သာ ထိရောက်မှု ရှိခြင်း ဖြစ်လေသည်။

ယခုအခါ ရှန်းချန်ကော၏နတ်ဘုရားအာရုံသည် အင်မော်တယ်အာရုံအဖြစ် အဆင့်မြှင့်တင်ပြီး ဖြစ်သဖြင့် ဤစမ်းသပ်မှု ပြီးနောက် သူ၏အင်မော်တယ်အာရုံ၏စွမ်းအားကို ပိုမို သတိပြုမိလာခဲ့ပေသည်။

ထျန်းတိတောင်၏ထိပ်တွင် ခရမ်းရောင် လျှပ်စီးများသည် လျှပ်စီးပင်လယ်ထဲ၌ ခေါက်တုံ့ခေါက်ပြန် သွားလာနေပြီး လူတို့၏ နှလုံးသားကို တုန်လှုပ်စေလောက်အောင် တောက်ပသော အရောင်အဝါများ လက်နေလေသည်။

၎င်းတွင် လောကကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသကဲ့သို့ ရှိချေ၏။

ရှန်းချန်ကောသည် လျှပ်စီးပင်လယ်ထဲတွင် ကူးခတ်နေလေသည်။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော လျှပ်စီးတန်းများ ထွက်ပေါ်လာကာ လေဟာနယ်ကို ဖောက်ထွင်းပြီး ကမ္ဘာလောကကို ဖျက်ဆီးပစ်နိုင်မည့်အလား ရှိနေပေသည်။

"ဝုန်း"

ထို့နောက် သူသည် ပါးစပ်ဟပြီး နားကွဲလုမတတ် ကျယ်လောင်သော အသံကို ထုတ်လွှတ်လိုက်လေသည်။

အသံလှိုင်းများတွင် အလွန် ပြင်းထန်သော တိုက်ခိုက်မှု စွမ်းအားများ ပါဝင်နေပြီး အရပ်မျက်နှာ အားလုံးသို့ တုန်ခါသွားစေချေ၏။

တောင်ပေါ်မှ လျှပ်စီးပင်လယ်ကြီးသည် ပြင်းထန်စွာ လှိုင်းထန်လာပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် လျှပ်စီးများ လက်လာလေသည်။

ရှန်းချန်ကောသည် ရှေးဟောင်း လျှပ်စီးနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ဟိန်းဟောက်ကာ ပျံတက်တော့မည့်အလား ရှိနေပေသည်။

ဤတုန်လှုပ်ဖွယ်ရာ မြင်ကွင်းသည် ကမ္ဘာလောကကို လင်းထိန်သွားစေလေသည်။

ထျန်းတိတောင်၏ခြေရင်းတွင် ရှိနေကြသော ဖုန်းကလန် အဖွဲ့ဝင်များနှင့် အခြား ကျင့်ကြံသူများသည် ထိုအသံကို ကြားသောအခါ တုန်လှုပ်သွားကြလေသည်။

အချို့မှာ နာကျင်နေပုံရပြီး အချို့မှာ သူတို့၏ စွမ်းအားများကို အသုံးပြုကာ ခုခံရန် ကြိုးစားသော်လည်း ဟန့်တားနိုင်ခြင်း မရှိကြချေ။

သူတို့သည် သူတို့၏ ဝိညာဉ်များကို အစွမ်းထက်သော စွမ်းအားတစ်ခုက တိုက်ခိုက်နေသည်ကို ခံစားလိုက်ရပြီး အလွန် နာကျင်နေကြရပေသည်။

"မြန်မြန် ရပ်လိုက်..."

ထိုအချိန်တွင် ဖုန်းလင်းတန်၏ လက်ဖဝါးများမှ ဝိညာဉ်စွမ်းအင်များ လျှံကျလာပြီး နားများကို အုပ်ကာထားလိုက်လေသည်။

သူ၏နတ်ဘုရားအာရုံ အားကောင်းသောကြောင့် သူသည် သတိကပ်နေနိုင်သေး၏။ သူသည် ထျန်းတိတောင်ထိပ်သို့ လှမ်းကြည့်ပြီး အသံနက်ဖြင့် အော်ဟစ်လိုက်လေသည်။

ထို့နောက်တွင် အသံလှိုင်းများ တဖြည်းဖြည်း အားနည်းသွားလေသည်။

ထျန်းတိတောင် ခြေရင်းရှိ လူတိုင်း နောက်ဆုံးတွင် သက်ပြင်းချနိုင်ကြတော့သည်။ သူတို့သည် သေချင်လောက်အောင် နာကျင်မှုကို ခံစားခဲ့ရပြီး တစ်စုံတစ်ယောက်က သူတို့၏ ဝိညာဉ်များကို ဆွဲဆုတ်ကာ ပုံရိပ်ယောင် နယ်မြေတစ်ခုထဲသို့ ပစ်ချလိုက်သကဲ့သို့ ခံစားခဲ့ရပေသည်။

"ရွှစ်"

လေဟာနယ်ထဲတွင် ရှန်းချန်ကော၏ ပုံရိပ် လှုပ်ရှားသွားပြီး အောက်သို့ ဆင်းသက်လာလေသည်။

သူ၏အဖြူရောင် ဝတ်ရုံသည် လေတွင် တလွင့်လွင့် ဖြစ်နေပြီး လေနှင့်အတူ ပါလာသော နယ်နှင်ခံ အင်မော်တယ် တစ်ပါးကဲ့သို့ ခန့်ညားပြီး သေမျိုးလောကနှင့်ကင်းကွာနေသည်။

ရှန်းချန်ကောသည် တောင်းပန်သော မျက်နှာထားဖြင့် လက်သီးဆုပ်ကာ ပြောလိုက်၏။

"အားလုံးပဲ... တောင်းပန်ပါတယ်ဗျာ... ကျွန်တော် ခုနက ကိုယ့်ကိုယ်ကိုယ် မေ့လျော့နေတဲ့ အခြေအနေ တစ်ခုကို ရောက်သွားပြီး မသိစိတ်ကနေ စတင် ကျင့်ကြံမိသွားလို့ပါ... ကျေးဇူးပြုပြီး အပြစ်မတင်ကြပါနဲ့..."

ရှန်းချန်ကော၏ တောင်းပန်သော မျက်နှာကို မြင်သောအခါ ဖုန်းထန်က ပထမဆုံး တုံ့ပြန်လိုက်လေသည်။သူသည် အပြစ်မတင်သည့်အပြင် ရယ်မောကာ ပြောလိုက်၏။

"မိတ်ဆွေငယ်လေး... မင်း ခုနက သုံးလိုက်တာက အသံလှိုင်း တိုက်ခိုက်တဲ့ နည်းစနစ် မဟုတ်လား..."

"ဟုတ်ပါတယ်..."

ရှန်းချန်ကော ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။ အသံလှိုင်း တိုက်ခိုက်မှုသည် ရှားပါးလှသည် မဟုတ်သော်လည်း ကျင့်ကြံသူ နည်းပါးလှပေသည်။

အားကောင်းသော နတ်ဘုရားအာရုံအထောက်အပံ့ မရှိလျှင် နည်းစနစ်၏အကျိုးသက်ရောက်မှုသည် အလွန် အကန့်အသတ် ရှိပြီး အခြား တိုက်ခိုက်ရေး နည်းစနစ်များကို ကျင့်ကြံခြင်းလောက် မထိရောက်ချေ။

"မိတ်ဆွေလေးရဲ့ နတ်ဘုရားအာရုံ စွမ်းအားနဲ့ဆိုရင် ဖန်ဆင်းခြင်း အသေးစား နယ်ပယ်အောက်က ဘယ်သူမှ မင်းထုတ်လွှတ်လိုက်တဲ့ အသံလှိုင်း တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး..."

ဖုန်းထန် စိတ်ထဲမှ အာမေဋိတ်သံ ပြုလိုက်မိလေသည်။ သူသည် ရှန်းချန်ကော၏ စွမ်းအားကို အသစ်တစ်ဖန် နားလည်သွားပြီး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးမိကာ တုန်လှုပ်သွားရပေသည်။

အကယ်၍ ရှန်းချန်ကောသာ ဖုန်းကလန် အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့လျှင် မည်မျှ ကောင်းလိုက်မည်နည်း။

ကောင်းကင်ဘုရင်၏အမွေဆက်ခံသူအဖြစ် ကလန်တွင်း သတ်မှတ်ခံရမည့်သူ ဖြစ်ပေလိမ့်မည်။

အခြား အမွေဆက်ခံသူများအတွက် လုပ်စရာ ဘာမှ ကျန်တော့မည် မဟုတ်ချေ။

အခြား အင်အားစုများမှ ကျွမ်းကျင်သူများသည် ဖုန်းထိန်က အပြစ်မတင်ဘဲ ရှန်းချန်ကောနှင့် ရင်းရင်းနှီးနှီး စကားပြောနေသည်ကို တွေ့လိုက်ရလေသည်။

ထို့အပြင် ရှန်းချန်ကောကလည်း တောင်းပန်ပြီး ဖြစ်၏။ သူတို့သည် အလွန် မကျေမနပ် ဖြစ်နေကြသော်လည်း စိတ်ကို ထိန်းချုပ်ထားပြီး ထုတ်ဖော်မပြကြချေ။

ထို့အပြင် ဤဖြစ်ရပ်ပြီးနောက် သူတို့သည် ရှန်းချန်ကော၏ စွမ်းအားကို အသစ်တစ်ဖန် နားလည်သွားကြလေသည်။

ပို၍ အရေးကြီးသည်မှာ ဖုန်းကလန်တွင် ရှန်းချန်ကော၏ အဆင့်အတန်းနှင့် ဖုန်းကလန်က ရှန်းချန်ကောကို အလေးထားမှုသည် သူတို့ ထင်ထားသည်ထက် များစွာ ကျော်လွန်နေပုံ ရလေသည်။

ရှန်းချန်ကောသည် လူတိုင်း၏ အကြည့်များကို သတိပြုမိသော်လည်း မမြင်သကဲ့သို့ လစ်လျူရှုထားလိုက်၏။

သူ၏စိတ်သည် အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါး ကျမ်းထဲတွင် နစ်မြုပ်နေဆဲ ဖြစ်ပေသည်။

ခုနက သူသည် အသုံးပြုရန် စမ်းသပ်ကြည့်ရုံသာ ရှိသေးသည်။

တင်းတင်းကျပ်ကျပ် ပြောရလျှင် အသုံးပြုခြင်း မဟုတ်ဘဲ လေ့ကျင့်ခြင်းသာ ဖြစ်လေသည်။

သို့မဟုတ်ပါက သူ၏အင်မော်တယ်အာရုံ စွမ်းအားဖြင့် အစွမ်းကုန် ထုတ်သုံးလိုက်လျှင် ဤနေရာရှိ မည်သူမျှ ခံနိုင်ရည် ရှိကြမည် မဟုတ်ချေ။

"အစ်ကိုရှန်း... အခမ်းအနားလည်း ပြီးပြီဆိုတော့ ကျုပ် စုဆောင်းထားတဲ့ ဝိုင်ကောင်းကောင်းလေးတွေ သွားမြည်းကြမလား..."

ဖုန်းလင်းတန်က အချိန်ကိုက်ပင် ပြောလိုက်ရာ ရှန်းချန်ကော ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် သူတို့နှစ်ဦး ထွက်ခွာသွားကြ၏။

ထိုနေရာရှိ လူအားလုံးသည် အတွေးပေါင်းစုံဖြင့် သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်နေကြလေသည်။

ဖုန်းကလန် အဖွဲ့ဝင်များ အားလုံးသည် ဤဧည့်သည်တော်၏ စွမ်းအားနှင့် ပါရမီကို အံ့သြချီးကျူးနေကြပေသည်။

ကျန်ရှိသော လူများကမူ သူတို့ ပြန်ရောက်လျှင် ဤကိစ္စကို အထက်လူကြီးများထံ တင်ပြပြီး ဤလူ၏ နောက်ခံအကြောင်း စုံစမ်းရမည်ဟု တွေးတောနေကြလေသည်။

သူတော်စင်မြို့တော်တွင် ဤကဲ့သို့ သဘာဝလွန် ပါရမီရှင်တစ်ဦး မည်သည့်အချိန်ကပေါ်လာသနည်း။

ထို့အပြင် ဤလူက ဖန်ဆင်းခြင်းနယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

ကျယ်ပြောလှသော သူတော်စင်မြို့တော်၌ပင် ထိပ်တန်းကလန်ကြီး ဆယ်ခု၏ အထူးချွန်ဆုံး သခင်လေး အမွေဆက်ခံသူများသာလျှင် ဤကဲ့သို့သော ပုဂ္ဂိုလ်နှင့် ယှဉ်နိုင်ပေလိမ့်မည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်သည် အနာဂတ်တွင် ဖန်ဆင်းခြင်းအကြီးစားနယ်ပယ်၏အထွတ်အထိပ်သို့ ရောက်ရှိမည့် ကျွမ်းကျင်သူ တစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ဖန်ဆင်းခြင်းအန္တိမနယ်ပယ်သို့ပင် ရောက်ရှိကောင်း ရောက်ရှိနိုင်ပေသည်။

ထို့အပြင် သူသည် အင်မော်တယ်လမ်းစဉ်၏ အထွတ်အထိပ်နယ်မြေကို ထိတွေ့ခွင့် ရရှိနိုင်သူလည်း ဖြစ်လေသည်။

ရှန်းချန်ကောသည် အခမ်းအနား ပြီးဆုံးခြင်းကို သိပ်အာရုံမစိုက်ဘဲ သူနေထိုင်ရာ နန်းဆောင်သို့ ပြန်လာခဲ့လေသည်။

သူတို့နှစ်ဦး စိတ်ကြိုက် သောက်စားပြီးနောက် ဖုန်းလင်းတန်လည်း ပြန်သွားလေသည်။ သူ မပြန်ခင်တွင် ရှန်းချန်ကောကြောင့် စိတ်ဓာတ်ကျသွားရကြောင်းနှင့် ပြန်ရောက်လျှင် သေချာ ကျင့်ကြံအားထုတ်ရမည် ဖြစ်ကြောင်းပင် ပြောသွားသေး၏။

ရှန်းချန်ကောသည် သူ့ကို နှောင့်ယှက်မည့်သူ မရှိတော့သဖြင့် ပျော်ရွှင်နေမိသည်။ အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါး ကျမ်းကို လေ့လာရန် အချိန်ရပြီ ဖြစ်လေသည်။

အင်မော်တယ်အာရုံ ကပ်ဘေးကိုးပါး ကျမ်းသည် အင်မော်တယ်တာအိုနယ်ပယ်ရှိ သက်ရှိများသာ ကျင့်ကြံနိုင်သော တိုက်ခိုက်ရေး နတ်ဘုရား နည်းစနစ် တစ်မျိုး ဖြစ်ပေသည်။

သူ၏ပါရမီဖြင့်ပင် နားလည်သဘောပေါက်ရန် ခက်ခဲနေသေးချေ၏။

ထို့အပြင် သူသည် အဆင့်တက်တော့မည့် အရိပ်အယောင်များ ပြနေပြီ ဖြစ်ရာ ဆက်လက် ထိန်းထား၍ မရတော့ပေ။

All Chapters