အိပ်မက်ဆိုး
Vol. 27 Ch. 266
ဘုန်း... ဘုန်း... ဘုန်း...
ခန်းမဆောင်အတွင်း၌ ဟင်းလင်းပြင်ကြီးသည် တုန်ခါသွားလေသည်။ နက်ရှိုင်းပြီး အားကောင်းသော ဖိအားနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံကာ ရိုက်ခတ်သွားပြီး ဖိအားမုန်တိုင်းတစ်ခုအသွင် ဖန်တီးလိုက်ရာ အင်မော်တယ်ယစ်မှူးစားသောက်ဆိုင်၏အပြင်ဘက်သို့ပင် လှိုင်းဂယက်များ ရိုက်ခတ်သွားလေသည်။
ဤအချိန်တွင် အင်မော်တယ်ယစ်မှူး
စားသောက်ဆိုင်ရှိလူများစွာတို့သည် ၉လွှာအထက်ရှိ ကောင်းကင် အမှတ် ၁ ခန်းမဆီသို့ မော့ကြည့်လိုက်ကြလေသည်။
ကုနန်ဖုန်း သည် ရှန်းချန်ကောကို စားသောက်ပွဲဖိတ်ကြားထားကြောင်း လူတိုင်းသိထားကြသည်ဟု ဆိုနိုင်ပေသည်။
ယခုအချိန်တွင် အင်မော်တယ်ယစ်မှူးစားသောက်ဆိုင်ရှိ လူများစွာသည် ထိုသတင်းကို ကြားသိထားပြီး သူတို့နှစ်ဦး၏ တိုက်ပွဲကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်ပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဖိအားများ ထိပ်တိုက်တွေ့ဆုံခြင်း စတင်နေပြီ ဖြစ်သည်။
ထိုမျှမက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် အင်မော်တယ်ယစ်မှူးစားသောက်ဆိုင် အပြင်ဘက် လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများပင် အံ့အားသင့်သော မျက်နှာထားများဖြင့် မော့ကြည့်လိုက်ကြလေသည်။
ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော လှုပ်ရှားမှုသည် အလွန်ကြီးမားလှပေသည်။ သူတို့၏အရှိန်အဝါများသည် ကောင်းကင်ယံမှ ကြယ်တာရာပင်လယ်ကြီး သွန်းလောင်းချလိုက်သကဲ့သို့ ဖြစ်နေသည်။
သူတော်စင်အကယ်ဒမီရှိ လူများစွာသည် ထိုအရာကို အာရုံခံမိလိုက်ကြပြီး အံ့အားသင့်သွားကြလေသည်။
"စပြီလား"
ရွှပ်... ရွှပ်... ရွှပ်...
ထို့နောက်တွင် ပုံရိပ်အချို့သည် လှုပ်ရှားသွားပြီး သူတော်စင်အကယ်ဒမီမှ ပျံသန်းထွက်ခွာလာကာ အင်မော်တယ်ယစ်မှူးစားသောက်ဆိုင် ရှိရာဘက်သို့ ဦးတည်လာကြလေသည်။
ကောင်းမွန်သော ပြကွက်တစ်ခုကို သူတို့ မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။
အတွင်းသဘောကို သိပြီး လာကြည့်သူများမှလွဲ၍ လူအများစုမှာမူ အလွန်အေးဆေးတည်ငြိမ်နေကြပြီး အံ့သြပုံမရပေ။
ဖန်ဆင်းခြင်းနယ်မြေသည် အမှန်တကယ်ပင် စွမ်းအားကြီးမားပြီး ကမ္ဘာလောက၏ ထိပ်ဆုံးတွင် ရပ်တည်နေသော ဖြစ်တည်မှုဟု ဆိုနိုင်ပေသည်။
သို့သော် ဤနေရာသည် မည်သည့်နေရာနည်း။
ဤနေရာသည် မြင့်မြတ်မင်းဆက် အုပ်ချုပ်ရေး၏ အချက်အချာကျရာ သူတော်စင်မြို့တော် ဖြစ်ပေသည်။
မြို့တော်အတွင်း၌ ကျွမ်းကျင်သူများ ပြည့်နှက်နေပြီး ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူများလည်း မနည်းလှပေ။ နေရာတိုင်းတွင် မြင်တွေ့နိုင်သဖြင့် လူအများစုက သိပ်ပြီး အာရုံမစိုက်ကြချေ။
အင်မော်တယ်ယစ်မှူးစားသောက်ဆိုင် ၏ ကောင်းကင်အမှတ် ၁ ခန်းမဆောင်တွင် လေထုသည် တင်းမာပြီး မွန်းကျပ်နေပေသည်။
မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့မည့်အလား အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်ပေသည်။
ဟင်းလင်းပြင်ထဲတွင် ဖိအားများ ပျံ့နှံ့နေဆဲဖြစ်ရာ ခန်းမဆောင်ထဲရှိ လူတိုင်း၏မျက်နှာထားမှာ ပို၍ လေးနက်လာလေသည်။
ကုနန်ဖုန်း ဘက်တော်သားများရော ဖုန်းလင်းတန် ပါ ရင်တထိတ်ထိတ် ဖြစ်နေကြပြီး စိုးရိမ်စိတ်များ ဝင်လာကြသည်။
သူတော်စင်မြို့တော် တွင် ကိုယ်ပိုင်ရန်ပွဲများကို လုံးဝ တားမြစ်ထားပေသည်။
ဤသည်မှာ သံမဏိစည်းကမ်းတစ်ခု ဖြစ်၏။
၎င်းသည် ထိပါး၍မရသော မြင့်မြတ်မင်းဆက် ၏ ဂုဏ်သိက္ခာလည်း ဖြစ်ပေသည်။ ဤစည်းကမ်းကို ချိုးဖောက်ရဲသူ မည်သူမဆို သေဒဏ်မှ လွတ်မည် မဟုတ်ပေ။
မည်သူမျှ မချိုးဖောက်ရဲကြချေ။
ကောင်းကင်ဘုရင်အဆင့် ပုဂ္ဂိုလ်များပင် မလုပ်ရဲကြရာ သာမန်လူများကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။
သို့သော် ယခု ခန်းမဆောင်အတွင်း ထိပ်တိုက်တွေ့ဆုံမှုသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူတို့နှစ်ဦးသည် ဖိအားချင်း စမ်းသပ်ရုံသာ ရှိသေးသော်လည်း တစ်ခုခု လွဲချော်သွားပါက မည်သို့နည်း။
အကယ်၍ သူတို့နှစ်ဦး ဒေါသကို မထိန်းနိုင်ဘဲ တကယ်တိုက်ခိုက်ကြလျှင် မည်သို့နည်း။
ထိုသို့ဖြစ်လာပါက ရှိနေသူ မည်သူမျှ ရှောင်လွှဲနိုင်မည် မဟုတ်ဘဲ မြင့်မြတ်မင်းဆက် ၏ အပြစ်ပေးမှုကို ခံရပေလိမ့်မည်။
"ဟွန်း..."
ရုတ်တရက် ကုနန်ဖုန်း၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားလေသည်။ သူ၏ မျက်နှာ ဖြူဖျော့သွားပြီး ရင်ဘတ်ထဲမှ အေးစက်သော နှာမှုတ်သံ ထွက်ပေါ်လာသည်။
သူ ထုတ်လွှတ်ထားသော ဖိအားများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ရှန်းချန်ကော၏မျက်နှာမှာ တည်ငြိမ်နေပြီး အမူအရာ ပြောင်းလဲခြင်း မရှိပေ။ သူ၏ ကြယ်တာရာကဲ့သို့ မျက်လုံးများသည် ကုနန်ဖုန်း အပေါ် စူးစိုက်ကြည့်နေဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် ဖိအားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး တစ်ဖက်လူကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ပိုးစုန်းကြူးရဲ့အလင်းရောင်က လမင်းကြီးကို လာပြီး ယှဉ်ပြိုင်ရဲတယ်ပေါ့"
သူ၏တည်ငြိမ်သော အသံတွင် အထင်သေးမှုနှင့် လှောင်ပြောင်မှုများ ပါဝင်နေပေသည်။
ထိုစကားကို ကြားသောအခါ ကုနန်ဖုန်း ၏ မျက်လုံးများ စူးရှသွားပြီး သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသော်လည်း သူ လှုပ်ရှားခြင်း မပြုခဲ့ပေ။
စောစောက အပြန်အလှန် ထိပ်တိုက်တွေ့မှုတွင် သူ အရေးနိမ့်ခဲ့ရလေသည်။
ထို့အပြင် သူတော်စင်မြို့တော် တွင် ကိုယ်ပိုင်ရန်ပွဲများကို တားမြစ်ထားပေသည်။ သူသည် ကောင်းကင်မျိုးနွယ်စု၏ဆက်ခံသူ ဖြစ်သော်လည်း စည်းကမ်းကို မချိုးဖောက်ရဲပေ။
ခန်းမဆောင်အတွင်း၌ လှိုင်းထန်နေသော ဖိအားများ ပျောက်ကွယ်သွားရာ ယမ်းငွေ့ကန့်လန့်ကာ လျှောကျသွားသကဲ့သို့ ဖြစ်သွားလေသည်။
ဤသည်မှာ လူတိုင်း၏ ရင်ထဲမှ အလုံးကြီး ကျသွားစေခဲ့သည်။ လူများစွာသည် မသိစိတ်ဖြင့် သက်ပြင်းချလိုက်ကြလေသည်။
"ရှန်းချန်ကော... မင်း သူတော်စင်အကယ်ဒမီက ဘွဲ့နှင်းစင်မြင့်ကို လိုက်ရဲသလား"
ကုနန်ဖုန်း သည် မတ်တတ်ရပ်လိုက်ပြီး အလွန်အေးစက်သော မျက်နှာထားဖြင့် ရှန်းချန်ကောကို ငုံ့ကြည့်ကာ မေးလိုက်လေသည်။
"ဘာလို့ မလိုက်ရဲရမှာလဲ"
ရှန်းချန်ကောက ရယ်မောလိုက်ပြီး ဖုန်းလင်းတန် ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အစ်ကိုဖုန်း... ဒီခရီးစဉ်ကို အစ်ကို လိုက်ပို့ပေးမှ ရမယ်ထင်တယ်"
"ဝမ်းမြောက်ဝမ်းသာပါပဲဗျာ"
ဖုန်းလင်းတန် က ချက်ချင်း သဘောတူလိုက်လေသည်။ ရှန်းချန်ကောက သူ၏ စွမ်းအားကို ပြသပြီး ကုနန်ဖုန်း ကို ခြေဖဝါးအောက်တွင် နင်းချေပစ်မည့် မြင်ကွင်းကို သူ မျှော်လင့်နေမိသည်။
ထိုအချိန်ကျလျှင် ကုနန်ဖုန်း ၏ ဂုဏ်သတင်း ပျက်စီးရုံသာမက ကုမိသားစုလည်း ရယ်စရာ ဖြစ်လာပေလိမ့်မည်။ ဘာကြောင့် ငြင်းရပါမည်နည်း။
ကုကောင်းကင်မျိုးနွယ်စုနှင့် ဖုန်းမိသားစုသည် မူလကတည်းက ရန်သူများ ဖြစ်ကြရာ ဤအဖြစ်အပျက်ကို မြင်တွေ့ရလျှင် သူ ပျော်ရွှင်မိပေလိမ့်မည်။
၎င်းသည် အလွန် ကောင်းမွန်သော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
"သွားကြစို့"
ကုနန်ဖုန်း ၏ မျက်နှာထားမှာ အေးစက်နေပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်လေသည်။ ထို့နောက် သူက ဦးဆောင်ပြီး ထွက်ခွာသွားလေသည်။
ခန်းမဆောင်ထဲရှိ အခြားလူများလည်း ထရပ်ကာ နောက်မှ လိုက်သွားကြလေသည်။
မျက်စိတစ်မှိတ်အတွင်း သူတို့သည် အင်မော်တယ်ယစ်မှူးစားသောက်ဆိုင် မှ ထွက်ခွာပြီး သူတော်စင်အကယ်ဒမီ ရှိရာဘက်သို့ ဦးတည်သွားကြလေသည်။
ရှန်းချန်ကောနှင့် ဖုန်းလင်းတန် တို့လည်း နောက်မှ ကပ်လိုက်သွားကြလေသည်။
ရှန်းချန်ကောသည် သူတော်စင်မြို့တော် သို့ ရောက်ခါစသာ ရှိသေးပြီး သူတော်စင်အကယ်ဒမီမှ ကျောင်းသားမဟုတ်သည်ကို သိထားပေသည်။
သူတော်စင်အကယ်ဒမီထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ဟု စိုးရိမ်သောကြောင့် ဖုန်းလင်းတန် ကို လမ်းပြခိုင်းရခြင်း ဖြစ်ပေသည်။
ဖုန်းလင်းတန် ၏ သခင်လေးအဆင့်အတန်းဖြင့်ဆိုလျှင် ပြင်ပလူတစ်ဦးကို အကယ်ဒမီအတွင်း ခေါ်ဆောင်သွားရန်မှာ မခက်ခဲလောက်ပေ။
ထို့ကြောင့်
အင်မော်တယ်ယစ်မှူးစားသောက်ဆိုင် ၏ အပြင်ဘက်တွင် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
သူတော်စင်အကယ်ဒမီမှ ကျွမ်းကျင်သူများစွာသည် စားသောက်ဆိုင်သို့ ယခုလေးတင် ရောက်ရှိလာကြသော်လည်း အဓိကဇာတ်ကောင်နှစ်ဦးသည် စားသောက်ဆိုင်မှ ထွက်ခွာပြီး သူတော်စင်အကယ်ဒမီဘက်သို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရလေသည်။
ဤသည်မှာ သူတော်စင်အကယ်ဒမီမှ ကျင့်ကြံသူများကို ထူးဆန်းအံ့သြပြီး ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
ထို့နောက် သူတို့သည် ပြန်လှည့်လာကြသည်။ အင်မော်တယ်ယစ်မှူးစားသောက်ဆိုင် မှ ထွက်ခွာပြီး သူတော်စင်အကယ်ဒမီသို့ ပြန်သွားကြလေသည်။
သူတို့ ထွက်ခွာသွားပြီးနောက် စပ်စုလိုသူများစွာသည်လည်း အင်မော်တယ်ယစ်မှူးစားသောက်ဆိုင် မှ ထွက်ခွာပြီး သူတော်စင်အကယ်ဒမီ ရှိရာဘက်သို့ လိုက်သွားကြလေသည်။
သူတို့သည် ဤပွဲကောင်းကို လက်လွတ်မခံချင်ကြသည်မှာ သိသာလှပေသည်။
သို့သော် ကုနန်ဖုန်း၊ ရှန်းချန်ကောနှင့် အခြားသူများ သူတော်စင်အကယ်ဒမီထဲသို့ ဝင်သွားသည်ကို မြင်သောအခါ သူတို့အားလုံး ခြေလှမ်းတုံ့သွားကြလေသည်။
သူတော်စင်အကယ်ဒမီသည် မြင့်မြတ်မင်းဆက် တွင် အထွတ်အထိပ် အကယ်ဒမီကျောင်းဖြစ်ပြီး လူတိုင်း ဝင်ရောက်နိုင်ခြင်း မရှိပေ။
သူတို့တွင် သခင်လေးဆက်ခံသူ ဖုန်းလင်းတန် ကဲ့သို့သော မြင့်မြတ်သည့် အဆင့်အတန်းမျိုး မရှိကြချေ။
...
သူတော်စင်အကယ်ဒမီကို သူတော်စင်မြို့တော် ၏ အရှေ့ဘက်တွင် တည်ဆောက်ထားပြီး ကျယ်ပြောလှသော ဧရိယာအကျယ်အဝန်း ရှိလေသည်။
သူတော်စင်အကယ်ဒမီအတွင်း၌ ခမ်းနားထည်ဝါသော ဓားမျှော်စင်ကြီးများသည် တိမ်ပင်လယ်ကြားတွင် မြင့်မားစွာ တည်ရှိနေကြသည်။ ထို့အပြင် ခမ်းနားသော နန်းတော်များနှင့် အထပ်မြင့်အဆောက်အအုံများသည်လည်း မိုးကောင်းကင်ထက်ရှိ နတ်နန်းတော်များအလား မားမားမတ်မတ် တည်ရှိနေပြီး တိမ်များနှင့် မြူခိုးများ ဝန်းရံလျက် ဆန်းကြယ်ပြီး ထူးကဲလှပနေပေသည်။