← Chapters

အိပ်မက်ဆိုး (၂)

Vol. 27 Ch. 267

အိပ်မက်ဆိုး (၂)

Vol. 27 Ch. 267

ပူပြင်းသော နေမင်းကြီးသည် မီးတောက်မီးလျှံပမာ ကမ္ဘာမြေကြီးကို ထွန်းလင်းနေသည်။

ဤအချိန်တွင် သူတော်စင်အကယ်ဒမီအတွင်း၌ ကျောင်းသားများစွာသည် အသံကို ကြားလိုက်ရပြီး လှုပ်ရှားလာကြလေသည်။

သူတို့၏ ပုံရိပ်များသည် ရေစီးကြောင်းကြီးတစ်ခုအလား နေရာတစ်ခုတည်းသို့ ဦးတည်၍ တိုးဝှေ့သွားလာနေကြသည်။

မကြာသေးမီက သတင်းတစ်ပုဒ်သည် သူတော်စင်အကယ်ဒမီတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။

ကုနန်ဖုန်း သည် ကုကောင်းကင်မျိုးနွယ်စု၏ သခင်လေးဆက်ခံသူများထဲမှ တစ်ဦးဖြစ်ပေသည်။ သူသည် သူတော်စင်အကယ်ဒမီ၏ကောင်းကင်ပါရမီရှင် သားတော်တစ်ဦးဖြစ်ပြီး သူရဲကောင်းစာရင်းဝင် တစ်ဦးလည်း ဖြစ်ပေသည်။

သူသည် ယခုအခါ ဘွဲ့နှင်းစင်မြင့်ထက်တွင် တိုက်ခိုက်တော့မည် ဖြစ်သည်။

"ကုနန်ဖုန်း က ဖုန်းလင်းတန် နဲ့ ဖုန်းမိသားစုက ဧည့်သည်တော်တွေကို အင်မော်တယ်ယစ်မှူးစားသောက်ဆိုင်မှာ စားသောက်ပွဲဖိတ်ထားတာ မဟုတ်ဘူးလား"

"ဂျူနီယာညီလေး... မင်းသတင်းက ခေတ်နောက်ကျနေပြီ။ သူတို့နှစ်ယောက်က စားသောက်ဆိုင်မှာ တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့ကြပြီးမှ ဘွဲ့နှင်းစင်မြင့်မှာ တိုက်ခိုက်ဖို့ သဘောတူလိုက်ကြတာလို့ ကြားတယ်"

"မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... အဲ့လောက်တောင် ပေါက်ကွဲသွားတာလား"

"ပေါက်ကရတွေ ပြောမနေနဲ့... ငါတို့ နောက်ကျရင် ပွဲကောင်း ကြည့်ရမှာ မဟုတ်ဘူး"

သူတော်စင်အကယ်ဒမီမှ ကျောင်းသားများစွာသည် အချင်းချင်း ပြောဆိုနေကြပြီးနောက် သူတို့အားလုံး ဘွဲ့နှင်းစင်မြင့်ဆီသို့ သွားရောက်ကြလေသည်။

သူတော်စင်အကယ်ဒမီသည် မြင့်မြတ်မင်းဆက် ၏ အထွတ်အထိပ် အကယ်ဒမီကျောင်း ဖြစ်ပေသည်။

၎င်းသည် ဒေသတစ်ခုတည်းမှ ကျောင်းသားများကိုသာ လက်ခံသည်မဟုတ်ဘဲ မင်းဆက်တစ်ခုလုံးနှင့် မဟာပျက်စီးခြင်းနယ်မြေတစ်ခုလုံးမှ ကျောင်းသားများကို လက်ခံလေသည်။

ထို့ကြောင့် သာမန်နောက်ခံမှ လာသော်လည်း ထူးချွန်သော ပါရမီရှင်များစွာ ရှိကြပေသည်။ သူတို့သည် သူတို့၏ ထူးချွန်သော ပါရမီကို အသုံးပြုပြီး သူတော်စင်အကယ်ဒမီသို့ ဝင်ရောက်ကျင့်ကြံကြလေသည်။

သို့သော်လည်း နောက်ဆုံးတွင် သူတို့၏ အဆင့်အတန်းသည် ကောင်းကင်မျိုးနွယ်စု၏ သခင်လေးဆက်ခံသူ ကုနန်ဖုန်း ၏ အဆင့်ကို မမီနိုင်ကြပေ။

ထို့ကြောင့် သူတို့သည် အင်မော်တယ်ယစ်မှူးစားသောက်ဆိုင်မှ ချိန်းဆိုမှုကို အလွန် သိချင်ကြသော်လည်း မသွားရဲခဲ့ကြချေ။

သို့သော် ယခုအခြေအနေက မတူတော့ပေ။

ကုနန်ဖုန်း၏ တိုက်ပွဲသည် သူတော်စင်အကယ်ဒမီရှိ ဘွဲ့နှင်းစင်မြင့်ထက်တွင် ပြုလုပ်မည်ဖြစ်ရာ ကျောင်းအတွင်း၌ ဖြစ်သဖြင့် သူတို့ သွားရောက်ကြည့်ရှုနိုင်ပေသည်။

မျက်စိတစ်မှိတ်အတွင်း သူတော်စင်အကယ်ဒမီမှ ကျောင်းသားအများအပြားသည် ဘွဲ့နှင်းစင်မြင့်၌ စုဝေးရောက်ရှိလာကြလေသည်။

သူတို့သည် မကြာမီ ဖြစ်ပေါ်လာတော့မည့် အထွတ်အထိပ် တိုက်ပွဲကို မျှော်လင့်စောင့်စားရင်း အလွန် စိတ်လှုပ်ရှားနေကြသည်။

ဘွဲ့နှင်းစင်မြင့်

၎င်းသည် သူတော်စင်အကယ်ဒမီမှ ကျောင်းသားများ ပညာယှဉ်ပြိုင် တိုက်ခိုက်ကြသည့် နေရာဖြစ်ပေသည်။

ထိုမျှမက ကျောင်းသားများကြား ဖြေရှင်း၍မရသော ပဋိပက္ခများ ရှိခဲ့လျှင် သေခြင်းရှင်ခြင်း စာချုပ်ကို ချုပ်ဆိုကာ ဘွဲ့နှင်းစင်မြင့်ထက်တွင် သေသည်အထိ တိုက်ခိုက်နိုင်ပေသည်။

သူတော်စင်အကယ်ဒမီ၏ ဘွဲ့နှင်းစင်မြင့်သည် သူတော်စင်မြို့တော်ရှိ သေခြင်းနှင့်ရှင်ခြင်း စင်မြင့်'နှင့် ဆင်တူလေသည်။

၎င်းသည် ပုဂ္ဂိုလ်ရေး ရန်ငြိုးများကို ဖြေရှင်းနိုင်ပြီး မြင့်မြတ်မင်းဆက် မှ ခွင့်ပြုထားသော အဆုံးအဖြတ် တိုက်ပွဲနေရာတစ်ခု ဖြစ်ပေသည်။

ဤအချိန်တွင် ဘွဲ့နှင်းစင်မြင့် ပတ်လည်၌ လူအုပ်ကြီး စုဝေးနေကြပြီ ဖြစ်သည်။ သူတို့အားလုံးသည် သူတော်စင်အကယ်ဒမီမှ ကျောင်းသားများ ဖြစ်ကြသည်။

သူတို့သည် ကွက်လပ်မကျန်ရအောင် စင်မြင့်တစ်ခုလုံးကို ဝိုင်းရံထားကြလေသည်။

ထို့အပြင် ဘွဲ့နှင်းစင်မြင့်၏ ပတ်ပတ်လည်တွင် လေထဲ၌ ပျံဝဲနေသော ကျောက်စိမ်းရောင် ကျောက်တုံးစင်မြင့်များ မရေမတွက်နိုင်အောင် ရှိနေလေသည်။

၎င်းတို့သည် အနီးမှ အဝေးသို့၊ နိမ့်ရာမှ မြင့်ရာသို့ လှေကားထစ်ပုံစံ စီတန်းထားသော ကြည့်ရှုသူများအတွက် နေရာများဖြစ်ပြီး ဘွဲ့နှင်းစင်မြင့်ပေါ်မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်စေသည်။

ယခုအချိန်တွင် ကျောက်တုံးစင်မြင့်များပေါ်၌ နေရာလွတ်ဟူ၍ မရှိတော့ပေ။ အားလုံးကို လူများဖြင့် ဖုံးလွှမ်းထားလေသည်။

သာမန်ကျောင်းသားများအပြင် ဤလူများထဲတွင် ထူးခြားသော အဆင့်အတန်းရှိသူများစွာလည်း ပါဝင်လေသည်။ ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူများ၏ ပုံရိပ်များကိုပင် တွေ့မြင်နိုင်ပေသည်။

ဘွဲ့နှင်းစင်မြင့်၏ အရှေ့ဘက် ထိုင်ခုံများတွင် လူနှစ်ဦး ယှဉ်တွဲလျက် ထိုင်နေကြလေသည်။ တစ်ဦးမှာ အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးမှာ အမျိုးသမီး ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် ထူးချွန်သော ရုပ်ရည်နှင့် ထူးကဲသော စိတ်နေစိတ်ထားများ ရှိကြပေသည်။

အမျိုးသားသည် ခမ်းနားသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်ခုံးများမှာ ထက်မြက်ပြီး မျက်လုံးများမှာ တောက်ပနေသည်။ သူသည် ကျောက်တုံးစင်မြင့်ပေါ်တွင် ထိုင်နေပြီး မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။

သူက ရယ်မောကာ ပြောလိုက်၏။

"ရှန်းချန်ကော... သူက အရှေ့ကောင်းကင်ယံက အင်အားကြီးအဖွဲ့အစည်းက လာတယ်လို့ ကြားတယ်။ မကြာသေးခင်က ဖုန်းကောင်းကင်မျိုးနွယ်စုရဲ့ သရဖူဆောင်းပွဲမှာ သူ နာမည်ကြီးခဲ့သေးတယ်။ ဝါယောဘုရင်တောင် သူ့ပါရမီကို အံ့သြခဲ့ရတယ်လို့ ကြားတယ်"

"စွန့်ပစ်နယ်မြေက လာတဲ့လူက ဘယ်လောက်တောင် စွမ်းအားကြီးမှာမို့လို့လဲ"

သူ့ဘေးမှ အမျိုးသမီးက ဝင်ပြောလိုက်လေသည်။

သူမ၏အသံသည် အလွန် သာယာနာပျော်ဖွယ် ကောင်းလှသော်လည်း လှပသော မျက်နှာထက်မှ အမူအရာမှာ အလွန် အေးစက်နေပြီး ဂရုမစိုက်သည့်ပုံ ပေါက်နေသည်။

"ကြည့်ရတာပေါ့၊ ဘာမှမဖြစ်ပါဘူး" အမျိုးသားက ပြုံး၍ ပြောလိုက်လေသည်။

သူတို့နှစ်ဦးသည် ကောင်းကင်မျိုးနွယ်စုကြီး ၁၀ စုအနက်မှ တစ်ခုဖြစ်သော ချူမျိုးနွယ်စု မှ ဖြစ်ကြပေသည်။

သူတို့သည် မွေးရာပါ ထူးခြားသူများဖြစ်ပြီး အလွန်မြင့်မြတ်သော အဆင့်အတန်းများ ရှိကြသည်။ သူတို့နှစ်ဦးစလုံးသည် ချူမိသားစုနေရာကို ဆက်ခံမည့်သူများ ဖြစ်ကြသည်။

သူသည် ရှန်းချန်ကော၏ အမည်ကို မကြာသေးမီက ကြားဖူးထားသဖြင့် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်နေခြင်း ဖြစ်ပေသည်။

ချူလင်းရှီး က မျက်ခုံးပင့်ကာ အေးစက်စွာ ပြောလိုက်လေသည်။

"ကုနန်ဖုန်းက သခင်လေးတွေထဲမှာ အတော်ဆုံး မဟုတ်ပေမဲ့ ကုကောင်းကင်မျိုးနွယ်စုရဲ့ သခင်လေးတစ်ပါး ဖြစ်နေတုန်းပဲ။ သူက တော်တော်လေး ပါရမီပါတယ်။ သူ သေသွားရင်တော့ နှမြောစရာပဲ။ ကုကောင်းကင်မျိုးနွယ်စုက အနာဂတ်မှာ ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူတစ်ယောက်ကို ဆုံးရှုံးရမှာပေါ့"

"ကုမျိုးနွယ်စုနဲ့ ဖုန်းမျိုးနွယ်စု တိုက်ခိုက်ကြပြီး အင်အားတွေ ပြုန်းတီးကုန်ကြတာပေါ့... မကောင်းဘူးလား"

ချူထျန်းကော က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများတွင် တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသော အရိပ်အယောင်များ ပေါ်လာလေသည်။

ထို့နောက် သူတို့နှစ်ဦးစလုံး ဘွဲ့နှင်းစင်မြင့်ပေါ်ရှိ ပုံရိပ်ကို ကြည့်လိုက်ကြလေသည်။

ချူမျိုးနွယ်စုအပြင်...

ဘွဲ့နှင်းစင်မြင့်၏ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက် ကျောက်တုံးစင်မြင့်များတွင်လည်း ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူများ ရောက်ရှိနေကြလေသည်။

သူတို့သည် တစ်နေရာစီ နေရာယူထားကြသည်။

အနောက်ဘက်တွင် ယဲ့ ကောင်းကင်မျိုးနွယ်စု

တောင်ဘက်တွင် ရှောင် မျိုးနွယ်စု

မြောက်ဘက်တွင် ယွင် မျိုးနွယ်စု

ဆိုရိုးစကားရှိသည့်အတိုင်း ဘုရင်ချင်း မတွေ့ဆုံကြချေ။ ကောင်းကင်မျိုးနွယ်စုကြီး ၁၀ စု၏ သခင်လေးများသည် အနာဂတ်တွင် ကောင်းကင်ဘုရင် ရာထူးကို ဆက်ခံနိုင်သော ဖြစ်တည်မှုများ ဖြစ်ကြသည်။

ယခုအချိန်၌ပင် သူတို့အားလုံးသည် မျိုးဆက်သစ်လူငယ်များကြားတွင် ဘုရင်များ ဖြစ်ကြသဖြင့် တွေ့ဆုံခဲလှပေသည်။

ယခုအချိန်တွင် သူတို့အားလုံး ဘွဲ့နှင်းစင်မြင့်၌ ရှိနေကြသော်လည်း မတူညီသော ဧရိယာများတွင် မျက်နှာချင်းဆိုင် ထိုင်နေကြခြင်း ဖြစ်သည်။

ကောင်းကင်ယံတွင် ပူပြင်းသော နေမင်းကြီးသည် မြင့်မားစွာ တည်ရှိနေပြီး ရွှေရောင်အလင်းတန်းများ ဖြာကျနေပေသည်။

ရွှေရောင်အလင်းတန်းများသည် စင်မြင့်တစ်ခုလုံးကို ရွှေရောင်အဆင်း သက်ရောက်စေပြီး အလွန် မြင့်မြတ်ကာ ထူးခြားသော ပုံစံ ပေါက်နေစေသည်။

"စလို့ရပြီလား"

ဘွဲ့နှင်းစင်မြင့်ပေါ်တွင် ရှန်းချန်ကောသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေလေသည်။ သူ၏ ဝတ်ရုံဖြူနှင့် လက်မောင်းအစများသည် လေထဲတွင် လွင့်ပျံနေပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာကာ သေမျိုးများနှင့်ကွင်းကွာသော နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရပေသည်။

ထိုစကားကို ကြားသောအခါ ကုနန်ဖုန်း က အေးစက်စွာ ရယ်မောလိုက်သော်လည်း စိန်ခေါ်မှုကို လက်မခံသေးပေ။

ထိုအစား သူသည် နောက်ဘက်သို့ လှည့်ကြည့်ကာ ရယ်မောပြောဆိုလိုက်လေသည်။

"မင်းတို့ထဲက ဘယ်သူကများ ကူညီပေးချင်ကြလဲ။ ဒီဧည့်သည်တော်ကြီးဆီကနေ လမ်းညွှန်မှု တောင်းခံပြီး သူတော်စင်မြို့တော်က အထက်တန်းလွှာတွေရဲ့ ဘုန်းအရှိန်အဝါကို ဧည့်သည်တော်ကြီး မြင်အောင် ပြပေးလိုက်ကြစမ်းပါ"

"သခင်လေးကု... ကျွန်တော် လုပ်ပါရစေ"

"ကျွန်တော် လုပ်မယ်"

..

ချက်ချင်းပင် ဘွဲ့နှင်းစင်မြင့်၏ အောက်ခြေမှ အေးစက်သော အော်သံအချို့ ထွက်ပေါ်လာလေသည်။

သူတို့အားလုံးသည် အင်မော်တယ်ယစ်မှူးစားသောက်ဆိုင်၏ ကောင်းကင်အမှတ် ၁ ခန်းမဆောင်တွင် ရှိနေခဲ့သူများ ဖြစ်ကြပြီး ကုကောင်းကင်မျိုးနွယ်စု ဘက်တော်သားများ ဖြစ်ကြလေသည်။

သူတို့၏ သက်ဆိုင်ရာ မျိုးနွယ်စုများနှင့် အင်အားစုများသည် ကုမိသားစုနှင့် မဟာမိတ်ပြုထားကြသဖြင့် သူတော်စင်အကယ်ဒမီတွင် ကျင့်ကြံနေသော သူတို့အားလုံးသည် ကုနန်ဖုန်း ၏ ဦးဆောင်မှုနောက်သို့ လိုက်ကြလေသည်။

All Chapters