← Chapters

အိပ်မက်ဆိုး (၃)

Vol. 27 Ch. 268

အိပ်မက်ဆိုး (၃)

Vol. 27 Ch. 268

ဤအချိန်တွင် သူတို့အားလုံးသည် ဝင်ရောက်တိုက်ခိုက်လိုစိတ် ပြင်းပြနေကြလေသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် ကုနန်ဖုန်း အပေါ် သစ္စာရှိကြောင်း ပြသနိုင်ရုံသာမက ကုမိသားစု အကြီးအကဲများ၏ အမြင်တွင်လည်း မျက်နှာပန်းလှနိုင်ပေသည်။

"မင်းတို့အားလုံး နောက်ဆုတ်နေလိုက်... ငါပဲ လုပ်လိုက်မယ်"

နောက်ဆုံးတွင် အင်မော်တယ်ယစ်မှူးစားသောက်ဆိုင်၏ ဘယ်ဘက် ပထမဆုံးထိုင်ခုံကို ယူထားခဲ့သော ဝတ်ရုံနက်လူငယ်က ပြောလိုက်ခြင်း ဖြစ်ပေသည်။

သူသည် ခန့်ညားသော မျက်နှာပိုင်ရှင်ဖြစ်ပြီး သူ၏ နက်မှောင်သော မျက်ဝန်းများသည် ဆိုးသွမ်းသော အရှိန်အဝါများဖြင့် ဝန်းရံထားလေသည်။

၎င်းသည် သူ့အား အေးစက်ပြီး ယုတ်မာသောပုံစံ ပေါက်နေစေသည်။

ထို့နောက် သူသည် ဘွဲ့နှင်းစင်မြင့်ပေါ်သို့ တက်လှမ်းလိုက်ပြီး ခြိမ်းခြောက်လိုသော မျက်လုံးများဖြင့် ရှန်းချန်ကောကို ရင်ဆိုင်လိုက်လေသည်။

ယခင်က အင်မော်တယ်ယစ်မှူးစားသောက်ဆိုင်တွင် ရှန်းချန်ကောသည် သူ့ကို အထင်သေးခဲ့လေသည်။

ထို့ကြောင့် သူ လက်စားချေရပေမည်။

"ဆိုးယုတ်ခြင်းနန်းတော်က ယဲ့ဝူရှဲ့ ပါ... လမ်းညွှန်ပြသပေးပါဦး"

ယဲ့ဝူရှဲ့ သည် ရှန်းချန်ကောကို အေးစက်စွာ ကြည့်လိုက်လေသည်။ သူသည် ဆိုးယုခြင်း၏သခင်တစ်ပါးကဲ့သို့ မကောင်းဆိုးဝါး အရှိန်အဝါများကို ထုတ်လွှတ်နေပြီး လွှမ်းမိုးလိုစိတ်ရှိကာ ရက်စက်ကြမ်းကြုတ်ပုံ ရပေသည်။

"ယဲ့ဝူရှဲ့ ပဲ... ကုနန်ဖုန်း က သူ့ကို တကယ် ပေးတိုက်တာပဲ"

"ဆိုးယုတ်ခြင်းနန်းတော်ရဲ့ သခင်လေးက ကုနန်ဖုန်း လက်အောက်မှာ အသန်မာဆုံးလူပဲ။ သူ့ရဲ့ ပါရမီက တချို့သော ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူတွေနဲ့တောင် ယှဉ်နိုင်တယ်လို့ ပြောကြတယ်"

"ဆိုးယုတ်ခြင်းနန်းတော်က မကောင်းဆိုးဝါး အင်အားစုတွေရဲ့ ခေါင်းဆောင်ပဲ။ ကုမိသားစုနဲ့သာ မဟာမိတ် မဖွဲ့ထားရင် မြင့်မြတ်မင်းဆက် က သူတို့ကို ဖျက်ဆီးပစ်တာ ကြာပြီ။ ယဲ့ဝူရှဲ့ က ကုမိသားစုအပေါ် သစ္စာရှိကြောင်း ပြသနေတာလား"

ကွင်းပြင်အပြင်ဘက်တွင် သူတော်စင်အကယ်ဒမီမှ ကျောင်းသားများစွာ တုန်လှုပ်သွားကြလေသည်။

ယဲ့ဝူရှဲ့ သည် သူတော်စင်အကယ်ဒမီတွင် နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး တောက်ပသော ကြယ်တစ်ပွင့် ဖြစ်ပေသည်။

ယခုအခါ သူသည် ဖန်ဆင်းခြင်းနယ်ပယ် အသေးစား အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယဲ့ဝူရှဲ့ ထွက်ပေါ်လာမှုကို မြင်လိုက်ရသောအခါ ကောင်းကင်မျိုးနွယ်စု ဆက်ခံသူများပင် စိတ်လှုပ်ရှားသွားကြလေသည်။

ယဲ့ဝူရှဲ့၏ပါရမီသည် ပြိုင်ဘက်ကင်းသည်မှာ အမှန်ပင်ဖြစ်ပြီး အချို့သော ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။

ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူများထဲမှ ပါရမီအရှိဆုံး လူများသာလျှင် သူ့ကို ဖိနှိပ်နိုင်ပေလိမ့်မည်။

ကြီးမားကျယ်ပြန့်သော မြင့်မြတ်မင်းဆက်တွင် ယဲ့ဝူရှဲ့ သည် မျိုးဆက်သစ်လူငယ်များကြား၌ အသန်မာဆုံးစာရင်းဝင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူ့ထက် သန်မာသူများ ရှိသော်လည်း လက်ချိုးရေတွက်၍ ရနိုင်ပေသည်။

"ငါ့ကို အနိုင်ယူပြီးမှ မင်းနာမည်ကို ပြောပါ... ငါ့လက်ချက်နဲ့ ရှုံးနိမ့်သွားတဲ့ ရန်သူတစ်ယောက်ရဲ့ နာမည်က ငါမှတ်သားထားဖို့ မထိုက်တန်ပါဘူး"

ရှန်းချန်ကော၏ မျက်ဝန်းများမှာ အေးစက်နေပေသည်။ သူ၏ တည်ငြိမ်သော မျက်နှာထားအောက်တွင် မောက်မာသော ယုံကြည်မှု၊ သို့မဟုတ် ဘဝင်မြင့်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများ ရှိနေပေသည်။

သူ့မျက်လုံးထဲတွင် ဆိုးယုတ်ခြင်းနန်းတော်၏ သခင်လေးဆိုသည်မှာ ထည့်ပြောစရာပင် မလိုသော အရာတစ်ခုသာ ဖြစ်ပေသည်။

"မင်း ငါ့နာမည်ကို မှတ်မိသွားမှာပါ... ဘာလို့လဲဆိုတော့ ငါက မင်းတစ်သက်တာလုံးအတွက် အိပ်မက်ဆိုး ဖြစ်လာမှာမို့လို့ပဲ"

ယဲ့ဝူရှဲ့ က ယုတ်မာစွာ ရယ်မောလိုက်လေသည်။

ထို့နောက် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေသည်။ အဆုံးမဲ့သော ဆိုးယုတ်သည့် အငွေ့အသက်များသည် သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်လာပြီး သူ့နောက်တွင် ကြီးမားသော ဆိုးယုတ်ခြင်းနတ်ဘုရား ပုံရိပ်ယောင် ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

ချီး...

ချက်ချင်းပင် ယဲ့ဝူရှဲ့ ၏ နောက်ရှိ ဆိုးယုတ်ခြင်းနတ်ဘုရား ပုံရိပ်ယောင်သည် အနက်ရောင်အလင်းတန်းများ တောက်ပလာလေသည်။

ဆိုးယုတ်ခြင်းနတ်ဘုရား၏ မျက်လုံးများသည် မကောင်းဆိုးဝါးအလင်းရောင်များဖြင့် တောက်လောင်နေပြီး ကမ္ဘာလောကကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ပါဝင်နေသည့် အနက်ရောင် အလင်းတန်းနှစ်ခုကို ပစ်လွှတ်လိုက်လေသည်။

ဆိုးယုတ်ခြင်းနတ်ဘုရား၏အလင်းရောင်သည် အနက်ရောင် နတ်ဘုရားဓားတစ်လက်အသွင် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း ထိုးဖောက်ကာ ကြီးမားလှသော စွမ်းအားဖြင့် ရှန်းချန်ကောအပေါ်သို့ ခုတ်ပိုင်းချလိုက်လေသည်။

"ပျက်သုဉ်းစေ..."

ရှန်းချန်ကော၏ မျက်နှာထား ပြောင်းလဲသွားလေသည်။ သူသည် လက်ချောင်းကို ဓားသဖွယ် မြှောက်လိုက်ရာ စူးရှသော ရွှေရောင်ဓားအလင်းတန်းတစ်ခု သူ၏ လက်ချောင်းထိပ်မှ ပစ်ခတ်ထွက်ပေါ်လာလေသည်။

၎င်းသည် သတ်ဖြတ်ခြင်းဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်အလင်းတန်းဆီသို့ တိုးဝင်သွားလေသည်။

ဘုန်း... ဘုန်း... ဘုန်း...

ကောင်းကင်ယံသည် ရွှေရောင်နှင့် အနက်ရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး နားကွဲမတတ် အသံကြီးများ ထွက်ပေါ်လာလေသည်။

ရွှေရောင် နတ်ဘုရားဓားသည် ခြောက်သွေ့သော သစ်ကိုင်းများကို ရိုက်ချိုးသကဲ့သို့ ဖြတ်သန်းသွားပြီး ရှိရှိသမျှ အရာအားလုံးကို ချေမှုန်းပစ်လိုက်ကာ နောက်ဆုံးတွင် ဆိုးသွမ်းနတ်ဘုရား ပုံရိပ်ယောင်ကို ခုတ်ပိုင်းလိုက်လေသည်။

ဘန်း...

ရွှေရောင် နတ်ဘုရားဓားသည် အလွန် ထက်မြက်လှပြီး ဓားအလင်းတန်းသည် ဆိုးယုတ်ခြင်းနတ်ဘုရား ပုံရိပ်ယောင်၏ ကြီးမားသော ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ မွန်းကျပ်သော အသံတစ်ခု ထွက်ပေါ်လာစေသည်။

ယဲ့ဝူရှဲ့ ၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားပြီး သွေးများ အန်ထွက်လာလေသည်။

သူ၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်လို လွင့်စင်သွားပြီး သွေးများ ဖျန်းပက်ကျဲပက် ကျဆင်းလာကာ ကမ္ဘာလောကကြီးကို အနီရောင် ဆိုးလိုက်သကဲ့သို့ ဖြစ်သွားလေတော့သတည်း။

All Chapters