← Chapters

ကောင်းကင်မျိုးနွယ်ဆက်ခံသူ ဆိုတော့ရော ဘာဖြစ်သလဲ

Vol. 27 Ch. 269

ကောင်းကင်မျိုးနွယ်ဆက်ခံသူ ဆိုတော့ရော ဘာဖြစ်သလဲ

Vol. 27 Ch. 269

ဘုန်း

ဘွဲ့နှင်းသဘင် စင်မြင့်ထက်တွင် ယဲ့ဝူရှဲ့၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက်သွားပြီး စင်မြင့်အောက်သို့ ပြုတ်ကျကာ ကျောက်စိမ်းကြမ်းခင်းပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေလေသည်။

ဘွဲ့နှင်းသဘင် စင်မြင့်ထက်ရှိ လေဟာနယ်တွင် လွှမ်းခြုံထားသော အလင်းရောင်များ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ရှန်းချန်ကော၏ အရပ်ရှည်၍ သွယ်လျသော ပုံရိပ် ပေါ်ထွက်လာလေသည်။

သူသည် နှင်းထက်ပင် ပို၍ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထား၏။ ကြီးမားသော တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရသော်လည်း သူ၏ ကိုယ်ပေါ်တွင် ဖုန်တစ်စက်မျှပင် ကပ်ငြိနေခြင်း မရှိချေ။

သူသည် အောက်ဘက်ရှိ နက်ရှိုင်းသော တွင်းကြီးကို ငုံ့ကြည့်လိုက်ပြီး သူ၏ လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်လေသည်။

သူ၏ မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေပြီး ပြောလိုက်၏။

"ထင်ထားတဲ့အတိုင်းပဲ... မင်းက ငါ့မှတ်ဉာဏ်ထဲမှာ မင်းနာမည်ကို မှတ်ထားစေနိုင်လောက်အောင် အရည်အချင်း မမီပါဘူး..."

"အဟွတ်"

နက်ရှိုင်းသော တွင်းကြီးထဲတွင် ယဲ့ဝူရှဲ့သည် အနိုင်နိုင် ပြန်ထလာပြီး သွေးတစ်လုပ် ထပ်မံ အန်ထုတ်လိုက်လေသည်။

သူ၏ မျက်နှာသည် ပို၍ ဖြူဖျော့သွားပြီး မျက်လုံးထဲရှိ မိစ္ဆာရောင်ဝါများ လျော့ပါးသွားချေ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

သူ၏နှုတ်ခမ်းများ တုန်ယင်နေပြီး ဖြူဖျော့နေသော မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။

ဒါ မဖြစ်နိုင်ဘူး

ဒါ လုံးဝ မဖြစ်နိုင်ဘူး

သူသည် ဆိုးယုတ်ခြင်းနန်းတော်၏သခင်လေးဖြစ်ပြီး မိစ္ဆာလမ်းစဉ် အင်အားစုများ၏အနာဂတ် ခေါင်းဆောင် ဖြစ်လေသည်။

သူသည် ဖန်ဆင်းခြင်း အကြီးစား နယ်ပယ် သို့ ရောက်ရှိရန် ကံပါလာသူ ဖြစ်၏။

သူ၏ ပါရမီသည် ပြိုင်ဘက်ကင်းပြီး သူ၏ မျိုးဆက်တွင် သူ့ကို ယှဉ်နိုင်သူ အနည်းငယ်သာ ရှိပေသည်။

ယခုတွင်မူ သူသည် အမှန်တကယ်ပင် ချေမှုန်းခံလိုက်ရသည်လော။

ဤမြင်ကွင်းသည် မီးပွားတစ်ခု လွင့်စဉ်သွားသည့် အချိန်ကာလတိုလေးအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်ပေသည်။

ယခင်က လူတိုင်းသည် ယဲ့ဝူရှဲ့၏ စွမ်းအားကို အံ့သြတကြီး ဖြစ်နေခဲ့ကြလေသည်။ သူသည် ဆိုးယုတ်ခြင်းနတ်ဘုရား ပုံရိပ်ယောင်ကိုပင် ဆင့်ခေါ်နိုင်ခဲ့၏။

သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှန်းချန်ကော၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် ဖိနှိပ်ခြင်းကို ခံလိုက်ရချေသည်။

တစ်ကွက်တည်း။

တိုက်ကွက် တစ်ကွက်တည်းသာ။

တိုက်ကွက် တစ်ကွက်တည်းဖြင့် ဆိုးယုတ်ခြင်းနန်းတော်၏ သခင်လေး၊ ကောင်းကင်မျိုးနွယ်ယဆက်ခံသူ သခင်လေးများနှင့် ယှဉ်နိုင်သည်ဟု ဆိုသော ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ၏ အချစ်တော် ယဲ့ဝူရှဲ့သည် ရှန်းချန်ကော၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားပြီး ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်မှ လွင့်စင်သွားခဲ့ရလေသည်။

ဤတိုက်ပွဲတွင် ယဲ့ဝူရှဲ့သည် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် အကြီးအကျယ် ရှုံးနိမ့်သွားသည်ဟု ဆိုရပေမည်။

သူသည် ပြန်လည် တိုက်ခိုက်နိုင်သော အင်အားပင် မရှိတော့ချေ။

သူ၏စွမ်းအားသည် ရှန်းချန်ကောနှင့် တစ်ဆင့်တည်း မဟုတ်ကြောင်း ထင်ရှားနေပြီး ရှန်းချန်ကောက သူ့ကို လွယ်ကူစွာပင် ချေမှုန်းပစ်လိုက်ခြင်း ဖြစ်ပေသည်။

ကျောက်စိမ်းစင်မြင့်ပေါ်မှ ပွဲကြည့်ပရိသတ်များ၏ မျက်နှာပေါ်တွင် အမျိုးမျိုးသော အမူအရာများ ဖြစ်ပေါ်နေကြသော်လည်း အားလုံးသည် တုန်လှုပ်နေကြပြီး ရှန်းချန်ကောကို မယုံနိုင်စွာ ကြည့်နေကြလေသည်။

လူအုပ်ကြီးထဲတွင် သူတော်စင် အကယ်ဒမီမှ ကျောင်းသား အများအပြားသည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေကြရပေသည်။

ယဲ့ဝူရှဲ့သည်လည်း သူတော်စင် အကယ်ဒမီတွင် တောက်ပသော ကြယ်တစ်ပွင့် ဖြစ်ခဲ့လေသည်။

သူသည် သူတော်စင် အကယ်ဒမီ၏ အသန်မာဆုံး ကျောင်းသားများထဲမှ တစ်ဦးဖြစ်ပြီး ဩဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

လူအများအပြားသည် ယဲ့ဝူရှဲ့၏ စွမ်းအားကို မြင်ဖူးကြပြီး ယဲ့ဝူရှဲ့၏ စွမ်းရည်သည် ကောင်းကင် အမွေဆက်ခံသူများနှင့် ယှဉ်နိုင်ကြောင်း သိထားကြလေသည်။

ယဲ့ဝူရှဲ့တွင် ထိုစွမ်းရည် အမှန်တကယ် ရှိပေသည်။

ထိုအချိန်တွင် ချူထျန်းကောနှင့် အခြားသော ကောင်းကင်မျိုးနွယ်ဆက်ခံသူ သခင်လေးများပင် စိတ်လှုပ်ရှားသွားကြလေသည်။

ထို့နောက် သူတို့သည် ဘွဲ့နှင်းသဘင် စင်မြင့်ထက်တွင် မတ်မတ်ရပ်နေသော အဖြူရောင် ဝတ်ရုံရှင်ကို လေးနက်စွာ ကြည့်လိုက်ကြချေ၏။

ဒီလူက ယဲ့ဝူရှဲ့ကို အနိုင်ယူနိုင်တယ်ဆိုတော့...ကောလာဟလတွေက အမှန်ပဲ ဖြစ်လောက်တယ်... သူ တကယ်ပဲ အရမ်း စွမ်းတာပဲ...

ဘွဲ့နှင်းသဘင် စင်မြင့်ထက်တွင် ရှန်းချန်ကောသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေလေသည်။

သူ၏ အဖြူရောင် ဝတ်ရုံသည် လေတွင် တလွင့်လွင့် ဖြစ်နေပြီး ပြိုင်ဘက်ကင်း အလှတရားနှင့် ပြည့်စုံသော ကမ္ဘာလောကကို စွန့်ခွာလာသည့် မသေမျိုးတစ်ပါးကဲ့သို့ ရှိနေပေသည်။

ယခုအချိန်တွင် သူသည် နိုးထလာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေလေသည်။ သူ၏ နတ်ဘုရား အရှိန်အဝါသည် ကောင်းကင်သို့ လျှံတက်နေပြီး သူ၏ ရောင်ခြည်အလင်းတန်းများသည် အတိုင်းအဆမဲ့ ဖြစ်နေပေသည်။

သူသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် တစ်ဦးတည်းသော ဇာတ်လိုက် ဖြစ်လာသကဲ့သို့ သက်ရှိသတ္တဝါ အားလုံး၏ မျက်လုံးများနှင့် လူထောင်ပေါင်းများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားလေသည်။

"ကောင်းတယ်... အရမ်း ကောင်းတယ်..."

ကုနန်ဖုန်း၏မျက်နှာထား မည်းမှောင်သွားလေသည်။ သူသည် ရှန်းချန်ကော၏ စွမ်းအားကို အသစ်တစ်ဖန် နားလည်သွားခဲ့ချေပြီ။

ထို့နောက် သူသည် သူ့နောက်သို့ လှည့်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

"မင်းတို့ထဲက ဘယ်သူများ ကူညီပြီး ဧည့်သည်တော်ဆီကနေ လမ်းညွှန်မှု တောင်းခံချင်ကြလဲ..."

"ငါ့ကို အခက်တွေ့အောင် လုပ်နေစရာ မလိုပါဘူး... မင်းတို့အားလုံး ငါ့ဆီ ပြိုင်တူ ဝင်လာခဲ့လိုက်ကြ..."

ကုနန်ဖုန်း ဘက်တော်သားများ စကားမပြောမီ ရှန်းချန်ကောက အင်္ကျီလက်ကို ဖွဖွလေး ဝှေ့ယမ်းကာ လွှမ်းမိုးမှုရှိပြီး မောက်မာသော လေသံဖြင့် ဖြတ်ပြောလိုက်လေသည်။

"မောက်မာလိုက်တာ..."

ထင်ထားသည့်အတိုင်းပင် ရှန်းချန်ကော၏ စကားများသည် ထိုကျွမ်းကျင်သူများကို ဒေါသထွက်သွားစေခဲ့လေသည်။

သူတို့အားလုံးသည် သူတော်စင် အကယ်ဒမီမှ ထူးချွန်သော ကျောင်းသားများ ဖြစ်ကြပေသည်။

သို့မဟုတ်ပါက ကုနန်ဖုန်း၏ မျက်လုံးထဲသို့ ဝင်နိုင်မည် မဟုတ်ချေ။

သူတို့ စုစုပေါင်း ရှစ်ယောက် ရှိလေသည်။ သူတို့ တစ်ဦးချင်းစီသည် ယဲ့ဝူရှဲ့နှင့် မယှဉ်နိုင်ကြောင်း သိသော်လည်း ရှစ်ယောက် ပူးပေါင်းတိုက်ခိုက်လျှင် ယဲ့ဝူရှဲ့ပင် သွေးများဖုံးလွှမ်းသွားနိုင်ပေသည်။

ကောင်းကင်မျိုးနွယ်ဆက်ခံသူ သခင်လေးများပင် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ဘေးကင်းမည်ဟု အာမခံရဲကြသည် မဟုတ်ချေ။

ရှန်းချန်ကော၏ မောက်မာမှုသည် သူတို့ကို ဒေါသထွက်စေခဲ့လေသည်။

သူတို့သာမက စင်မြင့်ပေါ်မှ ပွဲကြည့်ပရိသတ်များပင် ရှန်းချန်ကောသည် အလွန် မောက်မာပြီး ဘဝင်မြင့်လွန်းသည်ဟု ခံစားလိုက်ရပေသည်။

သူတော်စင် အကယ်ဒမီတွင် ကျင့်ကြံခွင့်ရသူများထဲ၌ မည်သူက အားနည်းပါသနည်း။

သူတို့အားလုံးသည် ဒေသတစ်ခုကို လွှမ်းမိုးထားသော ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြပြီး မြင့်မြတ်မင်းဆက်၏ ရွယ်တူများထဲတွင် အံ့မခန်း အစွမ်းထက်သော ကျွမ်းကျင်သူများ ဖြစ်ကြလေသည်။

ယခုအခါ ရှန်းချန်ကောက သူတို့ကို ပြိုင်တူ တိုက်ခိုက်ခိုင်းနေသည်လော။

"ဧည့်သည်တော်ကြီးက ဒီလိုပြောမှတော့ မင်းတို့အားလုံး ပြိုင်တူသာ ဝင်ချကြပေတော့..."

ထိုစကားကို ကြားသောအခါ ကုနန်ဖုန်း၏ ခန့်ညားသော မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်သွားလေသည်။

ရှန်းချန်ကောသည် အမှန်တကယ်ပင် အလွန် သန်မာကြောင်း သူ ဝန်ခံရပေမည်။

ယဲ့ဝူရှဲ့ကို အနိုင်ယူနိုင်ခြင်းသည် သူ၏ စွမ်းအားမှာ ကောင်းကင်မျိုးနွယ်ဆက်ခံသူများထက် မနိမ့်ကျကြောင်း ပြသနေ၏။

သို့သော် ကျားရဲတစ်ကောင်ပင်လျှင် ဝံပုလွေအုပ်၏ ဝိုင်းရံမှုကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

ရှန်းချန်ကောက ပြဿနာ ရှာနေမှတော့ သူကလည်း သဘာဝကျစွာပင် ဝမ်းမြောက်ဝမ်းသာ ကူညီပေးရမည်ပေါ့။

ထို့အပြင် ဤတိုက်ပွဲပြီးလျှင် ရှန်းချန်ကော နိုင်ခဲ့သည်ထားဦး၊ သူ သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဟု ကုနန်ဖုန်း ယုံကြည်လေသည်။

ထို့ပြင် သူ၏ ဝိညာဉ်စွမ်းအင်များလည်း ကုန်ခမ်းသွားမည်ဖြစ်ရာ စွမ်းအား ၁၀ ရာခိုင်နှုန်းပင် ကျန်တော့မည် မဟုတ်ချေ။

ထိုအချိန်ကျမှ သူသည် ပြင်းထန်သော တိုက်ကွက်ဖြင့် ဝင်ရောက်တိုက်ခိုက်ကာ သူတော်စင်မြို့တော်ကို တုန်လှုပ်စေခဲ့သော ဤကောင်းကင်ဘုံ၏ အချစ်တော်ကို ဖိနှိပ်ပစ်ပြီး သူ၏ ကျော်ကြားမှုအတွက် နင်းတက်စရာ ကျောက်တုံးအဖြစ် အသုံးပြုမည် ဖြစ်ပေသည်။

"ရွှစ်... ရွှစ်... ရွှစ်..."

ရုတ်တရက် စင်မြင့်ပေါ်တွင် လေခွင်းသံများ ထွက်ပေါ်လာလေသည်။

ကုနန်ဖုန်း ဘက်တော်သား သူတော်စင် အကယ်ဒမီမှ ကျောင်းသား ရှစ်ဦးစလုံးသည် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ကြပြီး ရှန်းချန်ကောကို အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံလိုက်ကြပေသည်။

"ဧည့်သည်တော်ကြီး... လမ်းညွှန်ပြသပေးပါဦး..."

ထို့နောက် ကျွမ်းကျင်သူ ရှစ်ဦးစလုံး လက်သီးဆုပ်ကာ ရှန်းချန်ကောကို အရိုအသေပေးလိုက်ကြလေသည်။ ပုံစံမှာ အလွန် ယဉ်ကျေးနေပုံ ရပေသည်။

သို့သော် စကားမဆုံးမီမှာပင် သူတို့သည် ကြိုတင် တိုင်ပင်ထားသည့်အတိုင်း ပြိုင်တူ တိုက်ခိုက်လိုက်ကြချေ၏။

မျက်တောင်တစ်ခတ်အတွင်း ဘွဲ့နှင်းသဘင် စင်မြင့်ထက်တွင် ဝိညာဉ်စွမ်းအင်များ ကြမ်းတမ်းလာပြီး ကြီးမားသော ဖိအားသည် တာကျိုးသွားသော ကြယ်တာရာ ပင်လယ်ကြီးကဲ့သို့ အရပ်မျက်နှာ အားလုံးသို့ လွှမ်းခြုံတိုက်ခတ်သွားလေသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

ဘွဲ့နှင်းသဘင် စင်မြင့်ထက်တွင် နားကွဲလုမတတ် ကျယ်လောင်သော အသံများ ထွက်ပေါ်လာလေသည်။

ဝိညာဉ်စွမ်းအင် ဝဲဂယက်များ မြည်ဟီးနေပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာချေ၏။

ကျွမ်းကျင်သူ ရှစ်ဦးစလုံးသည် သူတို့၏ သတ်ဖြတ်ခြင်း နည်းစနစ်များကို အသုံးပြုပြီး ရှန်းချန်ကောကို တိုက်ခိုက်လိုက်ကြပေသည်။

ကောင်းကင်နှင့်မြေပြင် တုန်ခါသွားပြီးလေဟာနယ်သည် မြည်ဟီးသွားလေသည်။ အချို့က လက်များဖြင့် တံဆိပ်ခတ်ကာ နတ်ဘုရားအသွင်ပြောင်း ဓားကို ပုံဖော်ကြသည်၊အချို့က ဧရာမ လက်ဝါးကြီးဖြင့် ကောင်းကင်ကို ဖုံးအုပ်ကြသည်၊ အချို့က လက်သီးဖြင့် လေဟာနယ်ကို ခွဲကြလေသည်။

သူတို့အားလုံးသည် ရှန်းချန်ကောကို ပြိုင်တူ တိုက်ခိုက်လိုက်ကြရာ ထိုနေရာ တစ်ခုလုံးကို ကြောက်မက်ဖွယ် ဖိအားများဖြင့် လွှမ်းခြုံသွားစေလေသည်။

All Chapters