← Chapters

အခန်း (၄၈၁)

Vol. 38 Ch. 481

အခန်း (၄၈၁)

Vol. 38 Ch. 481

အခန််း ၄၈၁

“ချန်ကျိုစစ်!”

စွင်းထျဲချွေ့သည် မျက်နှာလွှားဇာဝတ်အမျိုးသမီးအား လှည့်ကြည့်သည်။ အမျိုးသမီးသည် မထိန်းချုပ်နိုင်ဘဲ ချောင်းဆိုးနေပြန်သည်။

“အဟွတ် အဟွတ်…”

သို့သော် အမျိုးသမီးသည် ချောင်းဆိုးချင်စိတ်ကို သူမ၏အတွင်းအားဖြင့် အမြန်ထိန်းချုပ်လိုက်သည်။ သူမသည် စွင်းထျဲချွေ့ကို လက်ဝှေ့ယမ်းလျက် သူမနားလည်ကြောင်း ဖော်ပြသည်။ စွင်းထျဲချွေ့မှ ပြောသည်။

“အင်း ငါနားလည်ပြီ။ ငါ လာခဲ့မယ်လို့ ခန်းမအရှင်သခင်ချန်ကို သွားပြောထားလိုက်ပါ”

“ဟုတ်ကဲ့ပါ”

တံခါးဝမှ ဆရာတူအစ်ကိုကြီးဖြစ်သူမှ ချက်ချင်းတုံ့ပြန်သည်။ ထို့နောက် စွင်းထျဲချွေ့သည် အမျိုးသမီးကို ပြန်လှည့်ကြည့်ကာ ပြောသည်။

“အားလျန် သူဘာလို့ ဘာလို့ရောက်လာတာဖြစ်မလဲ”

“အဟွတ် အဟွတ်… အခုတော့ အဲဒီကိစ္စကိုတွေးမနေနဲ့ဦး။ ချန်ကျိုစစ် သံသယမဝင်အောင်လို့ မြန်မြန်သာ သွားတွေ့လိုက်ပါ”

ထိုအခါ စွင်းထျဲချွေ့သည် အမျိုးသမီးကို ကြည့်လျက် ပြောသည်။

“အားလျန်၊ ချန်ကျိုစစ်က ငါတို့ပိုင်နက်ထဲကို ရောက်လာမှတော့ ငါတို့နှစ်ယောက်ပူးပေါင်းပြီး သူ့ကို ဖမ်းလိုက်ကြရင် မကောင်းဘူးလား။ သူ့ကိုဖမ်းပြီး သွေးတန့်ဆေးထုတ်ပေးဖို့ ဖိအားပေးမယ်။ ပြီးရင် မင်းရဲ့ဒဏ်ရာကို အရင်ကုသလိုက်မယ်လေ?”

“အဟွတ် အဟွတ်… မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး”

အမျိုးသမီးသည် ခေါင်းကိုတွင်တွင်ခါရမ်းငြင်းဆန််သည်။ စွင်းထျဲချွေ့မှ မေးသည်။

“ဘာလို့လဲ”

အမျိုးသမီးမှ ရှင်းပြသည်။

“အဲဒီလက်ဝါးရိုက်ချက် ထိသွားကတည်းက ကျွန်မရဲ့အင်အားက မူလအင်အားရဲ့တစ်ဝက်လောက်တောင် မရှိတော့ဘူး။ ရှင်ကလည်း ချန်ကျိုစစ်ထက် အားနည်းတယ်။ ကျွန်မတို့နှစ်ယောက် ပူးပေါင်းရင်တောင်မှ ချန်ကျိုစစ်ကို မယှဉ်နိုင်တာလည်း ဖြစ်နိုင်တယ်။ အဲဒါဆို ချန်ကျိုစစ်ကို သတိပေးလိုက်သလိုဖြစ်သွားပြီး ကျွန်မတို့လည်း သရုပ်မှန်ပေါ်သွားရလိမ့်မယ်”

ထိုအခါ စွင်းထျဲချွေ့မှ ပြောသည်။

“ချန်ကျိုစစ်က ဘာတွေများ အဲဒီလောက်တော်နေလို့လဲ? ဒီတိုင်း သံမဏိလက်ဝါးသိုင်းကို ကျွမ်းကျင်တာလေးပဲ မဟုတ်လား”

အမျိုးသမီးမှ ပြောသည်။

“အဟွတ် အဟွတ်.. မဖြစ်ဘူး။ ချန်ကျိုစစ်က သူ့ရဲ့အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားတယ်လို့ ကျွန်မ အမြဲခံစားနေခဲ့ရတာ အဟွတ် အဟွတ်…”

အမျိုးသမီးသည် အဆက်မပြတ် ချောင်းဆိုးနေဆဲ။ စွင်းထျဲချွေ့မှ ပြောသည်။

“ဒါဆိုလည်း.. ဒါဆိုလည်း ငါ သူနဲ့ အရင်သွားတွေ့လိုက်မယ်။ သွေးတန့်ဆေးအတွက်ကိုတော့ ငါတို့ တခြားနည်းလမ်းရှာကြည့်ကြတာပေါ့”

ထိုအခါ အမျိုးသမီးသည် ညင်သာစွာ ခေါင်းညိတ်သည်။

စွင်းထျဲချွေ့မှ ဆက်ပြောသည်။

“အားလျန် အဲဒီနားကိုသွားလိုက်ရင် အရှေ့ခန်းမရဲ့ နံရံနောက်ကို ရောက်နိုင်တဲ့ လမ်းရှိတယ်။ မင်း အဲဒီလမ်းကနေ ဝင်ပြီး ငါတို့စကားပြောတာကို နားထောင်နေပေးပါ။ မင်းသိတဲ့အတိုင်း ငါက အရိပ်အကဲခတ်ညံ့ဖျင်းတယ်လေ၊ ချန်ကျိုစစ်က ငါ့ကို ထောင်ချောက်ဆင်မှာ စိုးလို့ပါ”

အမျိုးသမီးသည် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီးနောက် ပြောသည်။

“ကျွန်မ နားလည်ပြီ”

စကားအဆုံး၌ အမျိုးသမီးသည် သူမကိုယ်သူမ သွေးကြောမှတ်နှစ်ခုကို ဖိနှိပ်လိုက်ကာ ချောင်းဆိုးနေခြင်းအား ယာယီရပ်တန့်စေလိုက်သည်။ ဤသို့ပြုလုပ်ခြင်းသည် သူမ၏ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည့်အပြင် အတွင်းဒဏ်ရာပြင်းထန်လာခြင်းကို ရှောင်ကြဉ်ရန်အတွက် ယာယီမျှသာ ထိန်းသိမ်းလုပ်ဆောင်နိုင်ပေသည်။

စွင်းထျဲချွေ့သည် တံခါးကိုတွန်းဖွင့်လိုက်ပြီးနောက် သူ၏အကြီးဆုံးတပည့်ဖြစ်သူနှင့်အတူ အရှေ့ခန်းမသို့ ဦးတည်ထွက်လာခဲ့သည်။

သူတို့နှစ်ဦး အရှေ့ခန်းမသို့ရောက်ရှိချိန်တွင် ချန်ကျဲ့နှင့် စစ်ရှီးတို့သည် လက်ဖက်ရည်သုံးဆောင်နေကြကာ လက်ဖက်ရည်သောက် အပန်းဖြေခြင်းအမှုတွင် အမှန်တကယ် မွေ့လျော်နေကြဟန်ရပေသည်။

စွင်းထျဲချွေ့သည် ချန်ကျဲ့တို့နှစ်ဦးကို အဝေးမှ တစ်ချက်အကဲခတ်ကြည့်ပြီးနောက် မျက်လုံးအစုံတွင် ရက်စက်ကြမ်းကြုတ်မှုတစ်စ ဖြတ်ပြေးသွားခဲ့သည်။ သို့သော် စွင်းထျဲချွေ့သည် အမြန်ပင် အားရပါးရ ရယ်မောလိုက်ရင်း ပြောသည်။

“အဟားဟားဟား… ခန်းမအရှင်သခင်ချန်”

ထိုအသံတွင် ချန်ကျဲ့သည် အသံလာရာသို့ လှည့်ကြည့်လိုက်ပြီး လုပ်ယူထားသည့် အပြုံးမျက်နှာဖြင့် ချက်ချင်းထရပ်လိုက်သည်။

“ဟားဟား… သခင်ကြီးစွင်း”

သူတို့နှစ်ဦးသည် အချင်းချင်းကြား နက်ရှိုင်းသည့် ပတ်သက်ဆက်နွယ်မှုတစ်ခု တည်ရှိနေသည့်အလား တစ်ဦးကိုတစ်ဦး အဝေးမှ ကြည့်နေပြီးနောက် ရယ်မောလျက် လျင်မြန်စွာပင် အနားသို့ တိုးကပ်သွားကြသည်။

“အမည်ကြားသိပြီး လေးစားနေခဲ့တာကြာပါပြီ”

ဤသို့နှုတ်ဆက်သည့်ပုံစံမျိုးသည် သိုင်းလောကတွင် ပုံမှန်သုံးလေ့ရှိသည့်ပုံစံ ဖြစ်သည်။ အမည်နာမသည် မိုးထိတိုင်် ထင်ရှားကျော်ဇောနေသည့်အလား ‘အမည်ကြားသိပြီး လေးစားနေခဲ့တာကြာပါပြီ’ဟု နှုတ်ဆက်လေ့ရှိကြသော်ငြား တကယ်တမ်းတွင်မူ လုံးဝ မကြားဖူးခြင်းမျိုးပင် ဖြစ်နိုင်သေးပါ၏။

သို့သော်ငြား ၎င်းသည် လူနှစ်ဦးမှ အလုပ်သဘောအရ အပြန်အလှန်ချီးမွမ်းမြှောက်ပင့်ခြင်းအား အဟန့်အတားမဖြစ်စေပါချေ။

သိုင်းလောကသားတို့၏ ထုံးစံအတိုင်း အနည်းငယ်မျှ နှုတ်ဆက်စကားစမြည်ပြောပြီးနောက်တွင် အသီးသီး နေရာယူထိုင်လိုက်ကြသည်။

စွင်းထျဲချွေ့သည် ချန်ကျဲ့ကိုကြည့်၍ မေး၏။

“ခန်းမအရှင်သခင်ချန် အလုပ်များနေတဲ့ကြားထဲက ကျုပ်ဆီရောက်လာရတာ ဘာကြောင့်များပါလဲ”

ထိုအခါ ချန်ကျဲ့သည် အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်ရင်း ပြော၏။

“ဟားဟား အရေးကြီးကိစ္စတော့ မဟုတ်ပါဘူးဗျာ။ ဒီတိုင်း သခင်ကြီးစွင်းက ပန်းပဲပညာမှာ အရမ်းအရမ်းကိုမှ အရည်အချင်းမြင့်မားတယ်လို့ ကြားမိတာကြောင့် သခင်ကြီးစွင်းကို ကျုပ်အတွက် လက်နက်သွန်းလုပ်ပေးဖို့ အလုပ်အပ်နှံချင်လို့ပါ”

ထိုအခါ စွင်းထျဲချွေ့ ရယ်လိုက်သည်။

“ဟားဟား ကျုပ်က ဘာကိစ္စများလဲလို့။ ဒီကိစ္စလေးက ဘာပြဿနာမှ မရှိပါဘူး။ ခန်းမအရှင်သခင်ချန်က ဘယ်လိုလက်နက်မျိုး သွန်းလုပ်ချင်တာလဲဆိုတာ ကျုပ်ကိုပြောပြပေးနိုင်မလား”

စွင်းထျဲချွေ့သည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ ချန်ကျဲ့သည် ခဏမျှစဉ်းစားပြီးနောက် ပြောသည်။

“စာရွက်နဲ့စုတ်တံလေး ရနိုင်မလားဗျ”

စွင်းထျဲချွေ့မှ ခေါင်းညိတ်သည်။

“ရတာပေါ့။ ဟွမ်ပင်း စာရွက်နဲ့စုတ်တံ ယူလာခဲ့ပါ”

ထိုစကားတွင် စွင်းထျဲချွေ့၏ အကြီးဆုံးတပည့်ဖြစ်သူ ဟွမ်ပင်းသည် စာရွက်နှင့်စုတ်တံကို ချက်ချင်းယူလာပေးသည်။ ချန်ကျဲ့သည် ဟွမ်ပင်းကို ပြုံးပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ထို့နောက် ချန်ကျဲ့သည် စာရွက်နှင့်စုတ်တံကို ယူ၍ လှံတစ်ချောင်း ရေးဆွဲလိုက်သည်။ လှံသည် ၈ပေရှည်လျားပြီး အပိုင်း၂ပိုင်း ခွဲခြားထားကာ အလယ်တွင် သံမှိုရိုက်ဆက်ထားရာ ခေါက်ချိုးခေါက်ခြင်းဖြင့် အလျားတိုသည့် လက်နက်တစ်ခုကဲ့သို့ လွယ်ကူစွာ သယ်ယူနိုင်စေသည်။ တိုက်ခိုက်ရာ၌ အစွန်းနှစ်ဖက်ကို ဖြောင့်တန်းလိုက်ခြင်းဖြင့် အလျားရှည်လျားသည့် လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်လိမ့်မည်။

ထို့ပြင် လှံ၏အရိုးတံထက််တွင် ပုံစံတစ်ခု ထွင်းထားရမည်။ ၎င်းသည် ကိုင်ဆောင်ရာ၌ အဆင်ပြေစေရန် အဓိကထားခြင်းဖြစ်ပြီး သွေးများစီးကျလာခြင်းကြောင့် လက်မှ ချော်ထွက်ခြင်းမဖြစ်အောင် ကာကွယ်ရန်အတွက် လှံဦးတွင် အနီရောင်ပန်းပွား တပ်ဆင်ရမည်။

ထို့ပြင် ချန်ကျဲ့သည် အလှဆင်သည့်အနေဖြင့် နဂါးရုပ်ပုံကိုလည်း ပုံထွင်းချင်သည်။

ချန်ကျဲ့သည် အလယ်မှ ဝက်အူသံမှိုကို ဖယ်ချန်ထားခဲ့ပြီး လှံပုံကို အကြမ်းဖျင်း ရေးဆွဲပြခဲ့သည်။ တကယ်တမ်းတွင် ဤလှံကို သုံးပြည်ထောင်ခေတ်မှ ကျောင်းယွမ်၏ အမည်ကျော်ကြားသည့် လှံဖြစ်သော နဂါးယဉ်ပါးငွေလှံအား အခြေခံ၍ ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

ချန်ကျဲ့၏လှံပုံကို ကြည့်၍ စွင်းထျဲချွေ့မှ ပြောသည်။

“ဒီပုံကို ကြည့်ရုံနဲ့တင် လှံကောင်းတစ်လက်ဖြစ်မယ််ဆိုတာ အတပ်ပြောနိုင်ပါတယ်။ လှံသွန်းလုပ်ရာမှာ အသုံးပြုမယ့် သတ္တုအတွက် ခန်းမအရှင်သခင်ချန်မှာ အထူးတလည် ညွှန်ကြားစရာများ ရှိပါသေးလား”

ချန်ကျဲ့မှ ပြောသည်။

“အင်း ဒီသတ္တုကို အသုံးပြုပြီး သွန်းလုပ်ပေးနိုင်မလား”

ထိုသို့ပြောလျက် ချန်ကျဲ့သည် လျိုလောင်ကွေ့ပေးထားသည့် မီးသံမဏိကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။

စွင်းထျဲချွေ့၏မျက်လုံးများ ရုတ်ချည်း တောက်ပသွား၏။ လူအများ အသိအမှတ်ပြုချီးမြှောက်ခံရသည့် ပန်းပဲဆရာတစ်ဦးအဖြစ် စွင်းထျဲချွေ့၏ ကိုယ််ပိုင်ဘဝရည်မှန်းချက်သည် နောင်မျိုးဆက်ပေါင်းများစွာအထိတိုင်အောင် အမည်ကျော်ကြားထင်ရှားမည့် လက်နက်တစ်မျိုးကို သွန်းလုပ်လိုခြင်းဖြစ်သည်။

ထိုသို့လက်နက်မျိုးကို သွန်းလုပ်နိုင်ရန်အတွက် တစ်အချက် ရရှိရန်ခက်ခဲသည့် ကောင်းကင်ရတနာမြေရတနာတစ်ပါးအလား အရည်အသွေးမြင့်သည့် သတ္တုများ လိုအပ်သည်။

ထို့အတူ သုံးစွဲလိုသည့် အလုပ်အပ်သူကိုလည်း မဖြစ်မနေ လိုအပ်ပေသည်။

သို့ဖြစ်ရာ မီးသံမဏိကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် စွင်းထျဲချွေ့၏မျက်လုံးများ အရောင်တောက်ပသွားခဲ့သည်။

ဒါက ထိပ်တန်းအဆင့်လက်နက်တွေကို သွန်းလုပ်နိုင်တဲ့ သတ္တုပဲ။

ထိုသို့အတွေးဖြင့် စွင်းထျဲချွေ့သည် ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။

“မီးသံမဏိ တန်ဖိုးကြီးလိုက်တဲ့ရတနာတစ်ပါးပါလား! ခန်းမအရှင်သခင်ချန်က ဒီမီးသံမဏိကို အကုန်သုံးချင်တာပါလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဒါပေါ့”

စွင်းထျဲချွေ့မှ ပြောသည်။

“ကောင်းပါပြီ”

ပုံမှန်အားဖြင့် မီးသံမဏိကို လက်နက်သွန်းလုပ်ရာတွင် အသုံးပြုလျှင်သော်မှ ပမာဏအနည််းငယ်မျှသာ အသုံးပြုလေ့ရှိကြ၏။ ချန်ကျဲ့ကဲ့သို့ လက်ဖွာသည့် အလုပ်အပ်သူမှာ အလွန်ရှားပါးပေသည်။

ထိုသို့အတွေးများဖြင့် စွင်းထျဲချွေ့မှ ပြောသည်။

“အင်း ခန်းမအရှင်သခင်ချန်၊ ကျုပ်ကို စာရွက်နဲ့စုတ်တံလေး ခဏပေးသုံးလှည့်ပါ”

All Chapters