အခန်း (၄၈၃)
Vol. 38 Ch. 483
အခန်း 483
စွင်းထျဲချွေ့မှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“အင်း ဒါပေမဲ့ သတင်းကောင်းက သူတို့ဖမ်းမိထားတဲ့ ငါတို့လူတွေဆီကနေ ဘာမှမသိရပုံပဲ”
အမျိုးသမီးမှ ပြောသည်။
“မုလန်လူမျိုးတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ဘယ်သူမှ ခံနိုင်ရည်မရှိနိုင်ဘူး။ သူတို့ ကျွန်မတို့ကိုရှာတွေ့သွားဖို့က အနှေးနဲ့အမြန်ပဲ။ အခုအချိန်မှာ ကျွန်မတို့အာရုံစိုက်ထားရမှာက လက်နက်တွေ သွန်းလုပ်ဖို့ပဲ။ ဒီတစ်သုတ် စစ်သုံးပစ္စည်းတွေကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ပြီးတော့ စိတ်ချရမယ့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုရှာပြီး မျန့်ရွှေစီရင်စုအပြင်ကို ပို့ဆောင်ရမယ် အဟွတ် အဟွတ်…”
ထိုအခါ စွင်းထျဲချွေ့မှ ပြောသည်။
“အင်း အားလျန်၊ စစ်သုံးပစ္စည်းတွေအတွက် မစိုးရိမ်ပါနဲ့။ အခု အရေးအကြီးဆုံးက မင်းရဲ့ကျန်းမာရေးပဲ။ မင်းတစ်ခုခုဖြစ်သွားခဲ့ရင် ငါ ဓမ္မရာဇာကြီးကို ဘယ်လိုရှင်းပြရမလဲ”
အမျိုးသမီးမှ ပြောသည်။
“နည်းလမ်း လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ ချန်ကျိုစစ်လက်ထဲမှာ သွေးတန့်ဆေးရှိတယ် မဟုတ်လား”
စွင်းထျဲချွေ့မှ ပြောသည်။
“မင်းပြောချင်တဲ့အဓိပ္ပာယ်က သွားလုမှာလား?”
အမျိုးသမီးမှ ပြောသည်။
“ခိုးမှာ”
…
ထိုစဉ် ပန်းပဲရုံအပြင်ဘက်၌ ချန်ကျဲ့နှင့်စစ်ရှီးတို့နှစ်ဦးသည် အနည်းငယ် အကွာအဝေးခြား၍ လမ်းလျှောက်နေကြသည်။ ချန်ကျဲ့သည် ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်ကြည့်ပြီးနောက် စစ်ရှီးဘက်သို့ ချက်ချင်းခေါင်းလှည့်၍ ပြောသည်။
“စစ်ရှီး ယူလာခဲ့”
ထိုအခါ စစ်ရှီးသည် ပန်းပဲရုံ၏ခြံဝင်းထဲမှ ကောက်ယူလာခဲ့သည့် ပစ္စည်းကို အင်္ကျီလက်ထဲမှ ချက်ချင်း ထုတ်လိုက်သည်။
ထို့နောက် ချန်ကျဲ့ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။
ချန်ကျဲ့ လှမ်းယူလိုက်ပြီးနောက်တွင်မူ မျက်လုံးအစုံတွင် အံ့အားသင့်မှုများ ဖြတ််ပြေးသွားခဲ့သည်။
မြားခေါင်းတစ်ခုပဲ။
ဟုတ်တယ်။ ဒါက အနားသုံးဘက်ရှိပြီး အောက်ပိုင်းမှာ မြားရိုးတံတပ်ဖို့နေရာပါတဲ့ သံမြားခေါင်းတစ်ခုပဲ။ ဒါက နောက်ဆုံးမှာ လူသတ်နိုင်တဲ့ မြားတစ်ချောင်းအဖြစ် ပြောင်းလဲသွားမှာ။
ထိုသို့ပစ္စည်းများကို ပြည်သူလူထုကြားတွင် အပြင်းအထန် တားမြစ်ထားပါ၏။ ဓားများသည် လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်သောကြောင့် ဓားသွန်းလုပ်ခြင်းသည် ပြဿနာမရှိပေ။
ဓားတစ်ချောင်းသွန်းလုပ်ပြီးနောက် သစ်ခုတ်ရန်အတွက် သွန်းလုပ်ခြင်းဖြစ်ကြောင်း အကြောင်းပြချက်ပေးနိုင်သည်။ ထိုအကြောင်းအရာအတွက် ဆက်လက်၍ စစ်မေးခံနေရလိမ့်မည် မဟုတ်ပေ။
သို့သော် လေးနှင့်မြားသည်တော့ စစ်သုံးပစ္စည်းများဖြစ်၏။ စစ်သုံးပစ္စည်းများအဖြစ် တရားဝင်သတ်မှတ်ထားသည့် ပစ္စည်းများဖြစ်ပေသည်။
ပြည်သူပြည်သားများ နေထိုင်ရာ နေရာအတွင်း စစ်သုံးပစ္စည်းများ ထုတ်လုပ်ခြင်းသည် ပုန်ကန်ရန်ကြံစည်မှုဖြစ်သည်။
စွင်းထျဲချွေ့က မြားခေါင်းတွေ အများကြီးကို လျှို့ဝှက်ထုတ်လုပ်နေတာ ဘာအတွက်များလဲ?
စွင်းထျဲချွေ့နှင့် မိန်ဂိုဏ်းကို ဆက်စပ်မိသွားစေရန် ချန်ကျဲ့ အကြာကြီး မတွေးတောလိုက်ရပါချေ။
စွင်းထျဲချွေ့က တကယ်တော့ မိန်ဂိုဏ်းသားတစ်ယောက်ပဲ။
ဒီလိုအချိန်မျိုးမှာ မိန်ဂိုဏ်းသား မဟုတ်ရင် ဘယ်သူကမှ ဒီလိုစစ်သုံးပစ္စည်းတွေကို ထုတ်လုပ်မှာ မဟုတ်ဘူး။ ကုန်သည်အဖွဲ့ခေါင်းဆောင်ကြီးတွေတောင်မှ ဒီလိုလုပ်ရပ်မျိုးကို လုပ်ရဲမှာ မဟုတ်ဘူး။ သူတို့လက်နက်ထုတ်လုပ်ခဲ့ရင်တောင်မှ ဓားလိုမျိုးလက်နက်တွေပဲ ထုတ်လုပ်ရဲလိမ့်မယ်။
စစ်သုံးပစ္စည်းအဖြစ် သေချာနေတဲ့ မြားခေါင်းကိုတော့ ဘယ်သူမှ ထုတ်လုပ်ရဲမှာ မဟုတ်ဘူး။ ပြီးတော့ လက်ဝယ်သိမ်းဆည်းထားရဲမှာလည်း မဟုတ်ဘူး။ အဲဒီလိုလုပ်လို့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကသာ သိသွားခဲ့ရင် ပြင်းထန်တဲ့ပြစ်မှုအဖြစ် စီရင်ခံရလိမ့်မယ်။
ထိုသို့အတွေးများဖြင့် ချန်ကျဲ့မျက်မှောင်ကြုတ်လိုက်သည်။
စစ်ရှီးသည် ချန်ကျဲ့ကို စောင့်ကြည့်နေခဲ့ရင်း ပြောလာသည်။
“ခန်းမအရှင်သခင် ကျွန်တော်တို့ ဒီကိစ္စကို တိုင်ကြားလိုက်သင့်လား”
ထိုအခါ ချန်ကျဲ့သည် စစ်ရှီးကိုကြည့်လာပြီး ပြောသည်။
“တိုင်ကြားမယ်? ဘယ်သူ့ကိုတိုင်ကြားမှာလဲ?”
“စွင်းထျဲချွေ့ကိုပါ၊ သူက မိန်ဂိုဏ်းသားပဲ”
ချန်ကျဲ့ စစ်ရှီးကိုကြည့်လျက် ပြောသည်။
“သူ့ကိုတိုင်ကြားလိုက်လို့ ငါတို့အတွက် ဘာအကျိုးရှိမှာလဲ”
“ဟမ်?”
စစ်ရှီး ကြောင်အသွား၏။ ထို့နောက် ပြောသည်။
“အာ… အကျိုးမရှိပါဘူး။ ဒါပေမဲ့ သူက မိန်ဂိုဏ်းသားလေ”
ချန်ကျဲ့ ရုတ်ချည်း ရယ်မောလိုက်၏။
“သူက မိန်ဂိုဏ်းသားဖြစ်တော့ရော ဘာဖြစ်သလဲ? ငါတို့အနေနဲ့ ငါတို့အတွက် အကျိုးမရှိမယ့်ကိစ္စတွေမှာ ဝင်မပါသင့်ဘူး နားလည်ပြီလား”
စစ်ရှီး ခေါင်းညိတ်သည်။
“နားလည်ပါပြီ။ မိန်ဂိုဏ်းကို ဖမ်းဆီးဖို့က တော်ဝင်ရုံးတော်တွေရဲ့ တာဝန်ပါ။ ကျွန်တော််တို့နဲ့ မသက်ဆိုင်ပါဘူး။ ပြီးတော့ ကျွန်တော်တို့က မိန်ဂိုဏ်းကို တိုင်ကြားလိုက်ရင် မိန်ဂိုဏ်းက ကျွန်တော်တို့အပေါ် အငြိုးထားပြီး ပစ်မှတ်ထားလာနိုင်ပါတယ်။ အဲဒီလိုဆိုရင် အကျိုးအမြတ်ထက် ဆုံးရှုံးမှု ပိုများရပါလိမ့်မယ်”
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အမှန်ပဲ။ ဒါကြောင့် ဒီကိစ္စကို ထုတ်ဖော်လို့မဖြစ်ဘူး။ ဒီတိုင်း ဘာမှမဖြစ်ခဲ့သလိုပဲ ဟန်ဆောင်နေလိုက်ပါ”
“ဟုတ်ကဲ့”
စစ်ရှီးမှ ခေါင်းညိတ်သည်။ ချန်ကျဲ့သည် အချိန်ခဏမျှ စဉ်းစားတွေးတောပြီးနောက် လက်ထဲမှ မြားခေါင်းကို ပွတ်သပ်နေရင်း ပြောသည်။
“မဟုတ်သေးဘူး၊ တစ်ခုခုမှားနေသလိုပဲ။ စွင်းထျဲချွေ့က မိန်ဂိုဏ်းသားဆိုပေမဲ့ အဲဒီနေ့က သေချာပေါက် မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တာလေ။ ဒါဆို အဲဒီမိန်းကလေးက ဘယ်သူများလဲ”
ချန်ကျဲ့ မျက်လုံးမှေးကျုံ့၍ စဉ်းစားနေခဲ့သည်။ ထို့နောက် စစ်ရှီးကို ပြောသည်။
“စစ်ရှီး မင်းငါ့အတွက် ကိစ္စတစ်ခုသွားလုပ်ပေးပါ”
“အမိန့်ပေးလိုက်ပါ ခန်းမအရှင်သခင်”
စစ်ရှီးသည် ချက်ချင်း အရိုအသေပြု၏။ ချန်ကျဲ့မှ ပြောသည်။
“မြို့ထဲက ဆေးဆိုင်တွေမှာ ဒီနေ့ သွေးတန့်ဆေးဝယ်ဖို့ ကြိုးစားခဲ့တဲ့သူတွေကို သွားစုံစမ်းပေးပါ”
“ဟုတ်ကဲ့”
စစ်ရှီးသည် ချက်ချင်း ခေါင်းညိတ်နာခံ၏။ စစ်ရှီးသည် ချန်ကျဲ့၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်နားလည်ပေသည်။
ဤသည်မှာ ချန်ကျဲ့ စစ်ရှီးကို သဘောကျလက်ခံချီးမွမ်းရသည့် အကြောင်းအရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။ ဤနေရာတွင် ရှောင်ဟူဖြစ်ပါက သွေးတန့်ဆေးဝယ်ဖို့ကြိုးစားသူများကို ဘာကြောင့်စုံစမ်းရသနည်းဟု ချန်ကျဲ့ကို သေချာပေါက် ပြန်မေးလာလိမ့်မည် ဖြစ်သည်။
သွေးတန့်ဆေးဝယ်ယူသူ မည်သူဖြစ်စေ ချန်ကျဲ့ရှာဖွေနေသည့်ပစ်မှတ် ဖြစ်နိုင်ခြေရှိသည်။
ဆေးဝယ်သူသည် ထိုနေ့က ချန်ကျဲ့၏လက်ဝါးရိုက်ချက်ကြောင့် ဒဏ်ရာရသွားခဲ့သည့်အမျိုးသမီး ဖြစ်နိုင်ခြေရှိသည်။
စစ်ရှီးသည် တာဝန်ကိုလုပ်ဆောင်ရန် ချက်ချင်းထွက်သွားပြီး ချန်ကျဲ့သည်တော့ ကျားဖြူခန်းမကို ပြန်လာခဲ့သည်။ ဤရက်အနည်းငယ်မျှတော့ ငြိမ်းချမ်းစွာ နေရလိမ့်မည်။ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် ဤသို့သတိပေးခံထားရလေရာ သေချာပေါက် ငြိမ်ကျသွားကြလိမ့်မည်။ သို့ဖြစ်ရာ ချန်ကျဲ့တွင်လည်း ပုန်းကွယ်နေသည့် မိန်ဂိုဏ်းသားကို စုံစမ်းရှာဖွေရန် အချိန်ရသွားပေမည်။
စစ်ရှီးသည် လျင်မြန်စွာပင် စုံစမ်းစစ်ဆေးခဲ့၏။ ညနေခင်းအချိန်၌ စစ်ရှီးသည် ချန်ကျဲ့ကို နာမည်စာရင်းတစ်ခု တင်ပြလာခဲ့သည်။
“ခန်းမအရှင်သခင် ဒါက ဒီနေ့ ဆေးဆိုင်တွေမှာ သွေးတန့်ဆေးဝယ်ဖို့ကြိုးစားခဲ့တဲ့သူတွေနဲ့ ဆေးဆိုင်က မှတ်ထားတဲ့ သူတို့ရဲ့ဆေးညွှန်းတွေပါ”
စစ်ရှီးမှ တင်ပြသည်။
ထိုအခါ ချန်ကျဲ့သည် စာရင်းကို ကြည့်လိုက်သည်။ စာရင်းသည် မနည်းပါချေ။ စုစုပေါင်း လူ၇၀ရှိသည်။
ချန်ကျဲ့ စာရင်းများကို ဖတ်ကြည့်လိုက်သည်တွင် နာမည်နှစ်ခုကို သတိထားမိလိုက်သည်။
စွင်းမိသားစုပန်းပဲရုံ။
ယီးဟုန်ဂေဟာ။
“ယီးဟုန်းဂေဟာ?”
ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။
“မိန်းကလေးဟုန်ယန်လား?”
ချန်ကျဲ့ ဆေးညွှန်းကိုကြည့်လိုက်သည်တွင် ဆေးညွှန်းမှာ ရာသီကြောင့်ကိုက်ခဲနာကျင်မှုကို သက်သာစေသည့်ဆေးညွှန်းနှင့် သွေးအားဖြည့်ဆေးအဖြစ်အသုံးပြုရန် သွေးတန့်ဆေးအား အနွေးဓာတ်ဖြည့်ဆေးအဖြစ် အသုံးပြုသည့်ဆေးညွှန်းဖြစ်နေခဲ့သည်။
သို့သော် ဤဆေးညွှန်းကို သွေးတန့်ဆေးအစား အခြားဆေးများဖြင့် အစားထိုးကာ အသုံးပြုနိုင်သည်။
သို့တိုင် ဤအချက်သည် ချန်ကျဲ့မှ မိန်းကလေးဟုန်ယန်ကို သံသယဝင်ရသည့် အဓိကအချက် မဟုတ်ပါချေ။ စွင်းအင်ပြောင်းလဲခြင်းအဆင့်ရှိသော အမျိုးသမီးသိုင်းပညာရှင်ဖြစ်နေခြင်းလည်း ပါဝင်သည်။ ထိုအချက်နှစ်ချက်ပေါင်းလိုက်သော် ချန်ကျဲ့ လူနှစ်ယောက်ကိုသာ စဉ်းစားမိ၏။ တတိယသခင်မလေးဟွားနှင့် မိန်းကလေးဟုန်ယန်ပင်။
တတိယသခင်မလေးဟွားသည် အချုပ်အနှောင်ကင်းမဲ့ကာ လွတ်လပ်သည့်ပုံစံမျိုးဖြစ်သည်။ မိန်းကလေးဟုန်ယန်မှာမူ ထိုနေ့က ချန်ကျဲ့၏ ထိတွေ့မှုမှတ်ဉာဏ်အရ မိန်းကလေးဟုန်ယန်သည် တစ်ကြိမ်မျှကြည့်ရှုလိုက်ချိန်တွင် ထူးခြားမှုမရှိ၊သာမညောင်ညလေးမျှဟု မြင်နိုင်သော်ငြား ထိတွေ့မှုရှိလာချိန်တွင်မူ ထူးခြားထင်ရှားသူဖြစ်ကြောင်း ခံစားလာရလိမ့်မည်။
ထို့ပြင် ချန်ကျဲ့ ထိုနေ့က တောအုပ်ထဲရှိ လုပ်ကြံသူ၏ ပုံပန်းသဏ္ဍာန်နှင့် အသံတို့ကို ပြန်စဉ်းစားကြည့်လိုက်သည်တွင် အရပ်အမောင်းသည်လည်း မိန်းကလေးဟုန်ယန်မှ အသံသရုပ်ဖျက်ထားခြင်းကဲ့သို့ ကိုက်ညီနေပေသည်။
တကယ်ပဲ မိန်းကလေးဟုန်ယန်လား?
ချန်ကျဲ့ စိတ်ထဲမှ ရေရွတ်လိုက်သည်။
စစ်ရှီးသည် ချန်ကျဲ့အနားတွင် စောင့်ဆိုင်းနေ၏။ ချန်ကျဲ့မှ ပြောသည်။
“စစ်ရှီး သွေးတန့်ဆေးတွေကို သိုလှောင်ရုံမှာ သိမ်းထားလား”
စစ်ရှီးမှ ပြန်ပြောသည်။
“ဟုတ်ကဲ့၊ ဆေးတွေကို သိုလှောင်ရုံမှာ သိမ်းဆည်းထားပါပြီ။ ပြီးတော့ ခန်းမအရှင်သခင်ရဲ့ အမိန့်အတိုင်း အစောင့်တွေ ထပ်တိုးချထားပေးပါတယ်”