အခန်း (၄၈၇)
Vol. 38 Ch. 487
အခန်း ၄၈၇
ချောင်ဟုန်ယန်
တစ်ထပ်တည်းဆင်တူသည့် ချောင်ဟုန််ယန်နှစ်ဦးဖြစ်သည်။
ချန်ကျဲ့သည် အမျိုးသမီးနှစ်ဦးကို သေချာအကဲခတ်ကြည့်လိုက်သည်။ အမျိုးသမီးနှစ်ဦးသည် တူညီသည့် မျက်နှာသွင်ပြင်၊ တူညီသည့် ဆံပင်ပုံစံတို့ဖြစ်ရာ ရုပ်ရည်သွင်ပြင်ကို ကြည့်ရုံမျှဖြင့် ခွဲခြားသိနိုင်ရန် အလွန်ခက်ခဲသည်။
လူ့အရေပြားမျက်နှာဖုံးများလား?
ချန်ကျဲ့ ဖြစ်နိုင်ခြေရှိမည့်အချက်ကို စဉ်းစားကြည့်လိုက်သည်။ သူ၏ အစ်ကိုနီတွင် လူ့အရေပြားမျက်နှာဖုံးတစ်ခုရှိ၏။ ထိုမျက်နာဖုံးကို ဝတ်ဆင်လိုက်ပါက လူတိုင်းကို ပြီးပြည့်စုံစွာ လှည့်စားနိုင်လေသည်။
သို့သော် သေချာကြည့်ရှုလိုက်သော် ချောင်ဟုန်ယန်နှစ်ဦးမှာ အလွန်နီးစပ်စွာ ဆင်တူနေကြောင်း ချန်ကျဲ့သိလိုက်ရသည်။
သူတို့၏အရပ်အမြင့်၊ အသွင်အပြင်အားလုံးသည် ပုံစံခွက်တစ်ခုအတွင်း ထည့်သွင်းပြုလုပ်ထားသည့်အလားပင်။
ဒါက လူ့အရေပြားမျက်နှာဖုံးနဲ့ မတူဘူး။ ဒါက… အမြွာတွေပဲ။
ချန်ကျဲ့ ဖြစ်နိုင်ခြေနောက်တစ်ခုကို စဉ်းစားမိလိုက်သည်။
“ဟားဟား… ကျုပ်တစ်ခါမှ မတွေးမိခဲ့ဘူး။ အမည်ကျော်ကြားတဲ့ မိန်းမလှေလေးချောင်ဟုန်ယန်က တကယ်တမ်းမှာ ကြာပန်းတစ်စုံဖြစ်နေလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားခဲ့မိဘူးပဲ”
ချန်ကျဲ့ စမ်းသပ်သည့်အနေဖြင့် ပြောလိုက်သည်။
ထိုအခါ အမျိုးသမီးနှစ်ဦး၏ မျက်နှာအမူအရာများ ကွဲပြားသွား၏။ ဓားရှည်ကိုင်ဆောင်ထားသည့် အမျိုးသမီးသည် အေးစက်သည့်မျက်နှာထားရှိပြီး လူသားအားလုံးကို မိုင်ထောင်ချီအဝေးသို့ တွန်းထုတ်ငြင်းဆန်ထားသည့်အလား ခံစားချက်မျိုးဖြစ်သည်။
ချန်ကျဲ့၏မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးသည် အနည်းငယ်ကွဲပြား၏။ သူမ၏မျက်ခုံးနှစ်လွှာသည် အသင်္ချေသော စိတ်ခံစားချက်များ ထင်ဟပ်နေခဲ့ကာ သူမ၏မျက်လုံးများသည် ချန်ကျဲ့အား ကြည့်နေခဲ့သည်မှာ သူတို့နှစ်ဦး စကားပြောလိုက်ပါက ချန်ကျဲ့၏စိတ်အစဉ်ကို စိတ်ကူးယဉ်အတွေးများဖြင့် လွှမ်းမိုးသွားစေမည့်အလား ခံစားရစေသည်။
ထိုအခိုက်အတန့်၌ ထိုအမျိုးသမီးမှ ပြောသည်။
“ချန်ကျိုစစ် မင်း ဒီလောက်မြန်မြန် ကြီးပြင်းလာမယ်လို့ ငါတကယ်ကို မျှော်လင့်မထားခဲ့ဘူး။ မင်း မျန့်ရွှေစီရင်စုကို စရောက်တုန်းက ငါတို့တွေ့ခဲ့ကြသေးတယ်။ မင်း လူတွေခေါ်လာပြီး ငါ့ရဲ့ယီးဟုန်ဂေဟာမှာ ကသောင်းကနင်းဖြစ်အောင် လုပ်သွားခဲ့တာတောင်မှ ငါမင်းကို အန္တရာယ်မပြုခဲ့ဘူး”
“နောက်တော့ သူဖုန်းစားဂိုဏ်းရဲ့ကိစ္စမှာရော ဖုန်းရွှမ်ရဲ့ကိစ္စမှာရော ငါအမြဲ မင်းဘက်မှာ ရပ်တည်ခဲ့တယ်။ အခုတော့ မင်းက ဒီလိုဒေါသတကြီးအမူအရာမျိုးနဲ့ ငါ့ရှေ့ကိုရောက်လာတယ်။ မင်းတကယ်ပဲ ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“မဟုတ်မှ မင်းက မုလန်လူမျိုးတွေကို ခစားပြီး တော်ဝင်နန်းတော်ရဲ့ နောက်လိုက်ခွေးလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီလား”
ချောင်ဟုန်ယန်သည် ချန်ကျဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။ ချန်ကျဲ့မှ ဘာမှ ပြန်မပြောနိုင်သေးမီ၌ပင် ချောင်ဟုန်ယန်နောက်တစ်ယောက်မှ အေးစက်စွာ ပြောသည်။
“ဘာလို့ သူ့နဲ့ လေကုန်ခံနေတာလဲ? ဒီတိုင်းသတ်ပစ်လိုက်တော့!”
ဝှစ် ဝှစ်…
ထိုသို့ပြောလျက် သူမ၏ရတနာဓားကို လေရူးတစ်ဝှေ့ကဲ့သို့ လျင်မြန်စွာ ဝှေ့ယမ်းတိုက်ခိုက်သည်။ ထိုသို့ဓားသိုင်းပညာကို မြင်သောအခါ ချန်ကျဲ့၏မျက်လုံးများ တောက်ပသွား၏။
ဟုတ်တယ်။ အဲဒီနေ့က တောအုပ်ထဲက လုပ်ကြံသူက မင်းပဲ။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
“အားလျန် သတိထား”
ထိုမြင်ကွင်းတွင် စွင်းထျဲချွေ့သည် ဒေါသတကြီး အော်ဟစ်လျက် သူ၏ဧရာမတူကြီးကို လွှဲယမ်းတိုက်ခိုက်သည်။
တူသိုင်း– ရှုပ်ထွေးဝတ်ရုံ!
ဘုန်း!
တူသည် ချန်ကျဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်။ ထိုအခိုက်အတန့်၌ ဓားကိုင်ဆောင်သည့် ချောင်ဟုန်ယန်သည် ချန်ကျဲ့၏လည်ပင်းကို ဓားဖြင့် ဦးတည်တိုက်ခိုက်သည်။ ၎င်းနှင့်တစ်ပြိုင်နက် စွင်းထျဲချွေ့၏တူရှေ့ပိုင်းသည် မိုးကြိုးပစ်သည့်အလား အရှိန်ပြင်းစွာ ချန်ကျဲ့ဆီသို့ ဦးတည်လာသည်။
ချန်ကျဲ့သည် ထိတ်လန့်သွားပြီး ခြေသိုင်းကွက်ကို အသုံးပြု၍ လည်ပင်းကိုဦးတည်သည့် ဓားသွားကို အမြန်ရှောင်တိမ်းလိုက်သည်။
အထက်မှ တူကြီးဦးတည်လာနေသည်ကိုလည်း မြင်တွေ့လိုက်ရသဖြင့် ဘေးသို့ရှောင်တိမ်းလိုက်ရာ မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီးနှင့်အတူ ကျောက်တုံးများ ကြေမွပျက််စီးကာ ကျောက်မှုန်ကျောက်စများအဖြစ် လွင့်ထွက်ကုန်သည်။
ကျောက်တုံးစများသည် ကျိုးကောင်များပျံသန်းလာသည့်အလား အရှိန်ပြင်းစွာ လွင့်ထွက်ကုန်သည်။ ထိုအခါ ချန်ကျဲ့သည် ထိုကျောက်တုံးစများကို ရှောင်တိမ်းရင်း စွင်းထျဲချွေ့ကို ကန်ထုတ်လိုက်သည်။
စွင်းထျဲချွေ့သည်လည်း တူကိုဝှေ့ယမ်း၍ တုံ့ပြန်သည်။ ကိုယ်ကိုလှည့်ကာ စစ်တပ်တစ်တပ်လုံးကို သေကျေပြုန်းတီးစေလောက်မည့် သိုင်းကွက်မျိုးဖြင့် တန်ပြန်တိုက်ခိုက်သည်။
၎င်းသိုင်းကွက်သည် ချန်ကျဲ့၏ကန်ချက်နှင့် ထိခတ်သွား၏။ ချန်ကျဲ့သည် သူ၏ခြေကန်ချက်တွင် အတွင်းအားထည့်ထားသောကြောင့် ၎င်းကန်ချက်သည် ကျင်းထောင်ချီအင်အားရှိ၏။
ဘုန်း!
သိုင်းကွက်နှစ်ခု ထိခတ်သွားသည်တွင် ချန်ကျဲ့သည် နှစ်လှမ်းမျှနောက်ဆုတ်သွားရပြီး စွင်းထျဲချွေ့သည် သုံးလှမ်းမျှ နောက်ဆုတ်သွားရကာ တကယ်တမ်းတွင် ညဝတ်စုံဝတ်ချောင်ဟုန်ယန်မှ နောက်မှ ထိန်းပေးလိုက်သောကြောင့်သာ ထိုမျှနှင့် ရပ်သွားခဲ့ခြင်းဖြစ်သည်။
ဟဲ ဟဲ…
စွင်းထျဲချွေ့သည် အသက်ကို ခက်ခက်ခဲခဲရှူသွင်းနေရလျက် သုန်မှုန်စွာ ပြော၏။
“နာလိုက်တာ၊ သူ့ကို အားလုံးအတူတူတိုက်ရအောင်!”
ထိုအခါ ချောင်ဟုန်ယန်နှစ်ဦ််းမှ ပြောသည်။
“ကောင်းပြီ၊ ကျွန်မတို့ ဒီနေ့ ဒီသူခိုးကို အမိဖမ်းရမယ်”
ထိုသို့ပြောလျက် ညဝတ်စုံဝတ်ချောင်ဟုန်ယန်သည် သူမ၏ခါးထက်မှ ဓားပျော့ကို ဆွဲထုတ်ယူလိုက်သည်။ ထို့နောက် သုံးဦးပေါင်းပြီး ချန်ကျဲ့ကို တိုက်ခိုက်တော့သည်။
ချန်ကျဲ့သည် ကြီးလေးလှသည့်ဖိအားကို ရုတ်ချည်း ခံစားလိုက်ရ၏။
စွင်းထျဲချွေ့သည် အဓိကတိုက်ခိုက်သူဖြစ်ပြီး သူ၏အင်အားကို အသုံးပြုကာ ဧရာမတူကြီးဖြင့် အပြင်းအထန်တိုက်ခိုက်သည်။ သူသည် လူသားဒိုင်းကာကြီးအလား ရှေ့မှနေ၍ ချန်ကျဲ့ကို ကြမ်းကြုတ်ခက်ထန်စွာ တိုက်ခိုက်သည်။
ချောင်ဟုန်ယန်နှစ်ဦးသည် ချန်ကျဲ့ကို ဘယ်ညာနှစ်ဖက်မှ နှစ်ဖက်ညှပ်တိုက်ခိုက်သည်။ တစ်ဦးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက် ဓားရှည်ကို ကိုင်ဆောင်ထားပြီး ဓားသွားနှင့်အတူ ကခုန်နေသည့်အလား ချန်ကျဲ့၏ ဘယ်ညာမှ ညှပ်၍ ချန်ကျဲ့၏လည်ပင်းကို ဦးတည်တိုက်ခိုက်သည်။
ညဝတ်စုံအနက််ရောင်ကို ဝတ်ဆင်ထားသည့် ချောင်ဟုန်ယန်သည် ဓားပျော့ရှည်ကို ကိုင်ဆောင်ထားကာ ချန်ကျဲ့၏ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက်သည်။ အချိန်တစ်ခုအထိ ဓားများထံမှ အလင်းရောင်နှင့် တူ၏အရိပ်များ လေထုအတွင်း ပျံ့နှံ့သွားကာ ချန်ကျဲ့မှာ လုံးဝ ချောင်ပိတ်မိလုနီးပါးပင်။
ချန််ကျဲ့သည် ယန််ချွမ်ကျင့်စဉ်ကို စီးဆင်းစေခြင်းဖြင့် သူ၏လက်များထံ အတွင်းအားပို့ဆောင်ရန်သာ အာရုံစူးစိုက်နိုင်လေသည်။ အတွင်းအားသည် ချီစွမ်းအင်အဖြစ် လက်ဖဝါးထက်တွင် စုဝေးသွားပြီးနောက် ရေထိန်းချုပ်လက်ဝါးသိုင်းကွက်ကို ဖြစ်တည်စေသည်။
ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်းကို အသုံးမပြုခဲ့သည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ အကြောင်းမှာ ရေထိန်းချုပ်လက်ဝါးသိုင်းသည် အင်အားမကြီးမားသောကြောင့် မဟုတ်ပါဘဲ ခုခံရေးကို ပိုအလေးပေးသည့် သိုင်းကွက်ဖြစ်သောကြောင့် ဖြစ်သည်။ ချန်ကျဲ့သည် တိုက်ခိုက်ခြင်းကိုသာ ပိုနှစ်ခြိုက်သူဖြစ်၏။
သို့သော် ယခုတွင် ကိုယ်စီအင်အားကြီးမားကြသည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်သုံးဦးနှင့် ရင်ဆိုင်ရသောအခါ ချန်ကျဲ့သည် အလွန်ကြီးမားသည့် ဖိအားအောက် ကျရောက်နေခဲ့ရသည်။ နှစ်ဦးဖြစ်ပါက သူ၏ဝှက်ဖဲကိုလည်း ထုတ်သုံးရန်မလိုအပ်ဘဲ ခြိမ်းခြောက်မှုကိုလည်း ခံစားရမည် မဟုတ်ပေ။
သို့သော် သုံးဦးနှင့်ရင်ဆိုင်နေရရာ ချန်ကျဲ့သည် ခုခံနေရုံသာ တတ်နိုင်၏။
ထိုစဉ် အနက်ရောင်ဝတ်ချောင်ဟုန်ယန််သည် သူမ၏ဓားပျော့ကို အနီရောင်အလင်းတောက်ပစေလိုက်၏။ ၎င်းဓားသည်လည်း ယင်းဟယ့်ဟု အမည်ရသည့် အမည်ကျော်ကြားသည့် ဓားတစ်လက်ဖြစ်သည်။ သံသတ္တုပျော့တစ်မျိုးဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး ပုံမှန်အချိန်များတွင် ခါးထက်၌ ခါးပတ်အဖြစ် ဝတ်ဆင်နိုင်သည်။ သို့သော် တိုက်ပွဲများတွင်တော့ အမည်ကျော်ကြားသည့် ဓားတစ်လက်ဖြစ်၏။
ထို့နောက် အနက်ရောင်ဝတ်ချောင်ဟုန်ယန်သည် ချန်ကျဲ့၏ခါးတစ်ဝိုက်ကို ဦးတည်၍ တိုက်ခိုက်သည်။
ချန်ကျဲ့သည် ကိုယ်အောက်ပိုင်းတစ်ဝိုက်သို့ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်ပြီးနောက် ပြောသည်။
“မိန်းကလေးဟုန်ယန်၊ မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ ဘာလို့ ရက်ရက်စက်စက်တိုက်ခိုက်ရတာလဲ? ဓားချက်တိုင်းကို ယောကျ်ားလေးတစ်ယောက်ရဲ့ အဖိုးတန်နေရာဆီ ဦးတည်နေတော့တာ။ မင်း နောက်ကျ ဒီလိုလုပ်မိလို့ နောင်တရမှာ မကြောက်ဘူးလား”
အနက်ရောင်ဝတ်ချောင်ဟုန်ယန်သည် သိုလှောင်ရုံအတွင်း တိုက်ပွဲတွင်် ချန်ကျဲ့မှ သိုင်းကွက်သုံးကွက်စလုံးကို သူမ၏ရင်ဘတ်အား ဦးတည်တိုက်ခိုက်ခဲ့သည်ကို သတိရသွား၏။ ပြောဆိုသူမှာ ရည်ရွယ်ချက်မရှိဘဲ ပြောဆိုလိုက်ခြင်းဖြစ်နိုင်သော်ငြား နားထောင်သူအတွက်မူ နက်ရှိုင်းစွာ သက်ရောက်နိုင်သည်။ သို့ဖြင့် တစ်ဖက်ဘေးရှိ အဖြူရောင်ဝတ်ချောင်ဟုန်ယန်မှာ မျက်နှာနီမြန်းလာတော့သည်။