← Chapters

ဓမ္မကျမ်းစာကို ဖတ်ခိုင်းခြင်း

Vol. 17 Ch. 225

ဓမ္မကျမ်းစာကို ဖတ်ခိုင်းခြင်း

Vol. 17 Ch. 225

ခရက်...

ဂျွတ်... ဂျွတ်...

အခန်းတစ်ခန်းလုံးမှာ ပြင်းထန်သည့် နှာမှုတ်သံများနှင့် အရိုးများ ကြေမွသွားသည့် အသံမှလွဲ၍ တိတ်ဆိတ် ခြောက်ခြားနေတော့သည်။ ဘလပ်ဖိစ်မှ အသက်ရှင် ကျန်ရစ်နေသူကြသူများမှာ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီနေကြကာ တစ်လက်မမျှပင် မလှုပ်ဝံ့ဘဲ နေရာမှာတင် ကျောက်ရုပ်ပမာ တောင့်တင်းနေကြ၏။

ဧရာမ သတ္တဝါကြီးက ကံဆိုးမိုးမှောင်ကျသူ၏ ခန္ဓာကိုယ်ကို အသားကင်တစ်ခု အလား သွားစွယ်များကြား ဝါးမြုံ့ပစ်နေပုံနှင့် အခန်း ကြမ်းပြင် တစ်ခုလုံး သွေးများဖြင့် စွန်းထင်းသွားပုံကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့နေခဲ့ကြရသည်။

အဆုတ်ကွဲမတတ် အော်ဟစ်ကာ အကူအညီတောင်းလိုသူများသည်လည်း ရုတ်တရက် အသံပျောက်သွားကြ၏။ ဝယ်လ်က သူတို့ကိုလည်း အလားတူ မေးခွန်းမျိုး မေးလာပြီး အသက်နှုတ်ပစ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

ဘလပ်ဖိစ်သို့ တက်ရောက်သည့် မည်သူမဆိုသည် သာမန်လူများ မဟုတ်ကြချေ။ သူတို့အားလုံးမှာ အခြေအနေကို အကဲခတ်နိုင်သူများ ဖြစ်ကြပြီး ဝယ်လ်မှာ သူတို့ဘာပြောပြော အရေးစိုက်မည် မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားကြသည်။ သူက သူတို့ထဲမှ တစ်ယောက်ကို စံနမူနာပြအဖြစ် သတ်ဖြတ်ပြခဲ့ခြင်းသာ ဖြစ်သည်။

သူတို့ အော်ဟစ်သည်ဖြစ်စေ၊ မအော်ဟစ်သည်ဖြစ်စေ ဘာမျှ ထူးခြားသွားမည်မဟုတ်။ အဓိကအချက်က ဝယ်လ်အား ငြင်းပယ်လျှင် မည်ကဲ့သို့ နောက်ဆက်တွဲ ရလဒ်မျိုးနှင့် ကြုံတွေ့ရမည်နည်းဆိုသည်ကို ပြသလိုက်ခြင်းသာ ဖြစ်သည်။

အစောပိုင်းက ဤမိစ္ဆာ သတ္တဝါကြီးကို ကြည့်ကာ သူတို့ မှင်တက်နေခဲ့ရသော်လည်း သူတို့၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အသားတုံးတစ်ခု အဖြစ် ပြောင်းလဲ သွားသည်ကို မြင်လိုက်ရသောအခါ အသိစိတ်များ ချက်ချင်း ပြန်ဝင်လာတော့သည်။

ထိုအသိစိတ်က သူတို့ကို တစ်ခုတည်းသော လမ်းစထံကိုသာ ညွှန်ပြနေ၏။ ၎င်းကား... ဝယ်လ်ထံတွင် ဒူးထောက်အညံ့ခံရန် ဖြစ်ပေသည်။

“ကျွန်တော်... ကျွန်တော် ယုံကြည်ပါတယ်... ဆရာကြီးပြောတဲ့ အရာအားလုံးကို ကျွန်တော် ယုံကြည်ပါတယ်...”

အုပ်စုထဲမှ အကြောက်တတ်ဆုံး တစ်ယောက်က ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ရင်း သူတစ်ခါမျှ မကြားဖူးသော အရှင်သခင်နှင့် ကယ်တင်ရှင် ကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ဝယ်လ်ထံ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဝန်ခံလာခဲ့ပြီ ဖြစ်သည်။

ဝယ်လ်က ကြင်နာတတ်သည့် လူအိုကြီး တစ်ဦး၏ အပြုံးမျိုးဖြင့် ပြန်လည်ပြုံးပြကာ သူ့ကို လက်ဟန်ပြလိုက်သည်။

“ကောင်းပြီ... ဒီကိုလာခဲ့...”

ဝယ်လ် ခေါ်လိုက်သော ထိုလူမှာ အလွန်အမင်း ဝမ်းသာသွားသည်။ သူ၏ မျက်နှာတွင် စိတ်သက်သာရာရမှုများ ပြည့်နှက်သွားပြီး ဝယ်လ်၏ ရှေ့သို့ အပြေးအလွှား လာရပ်လိုက်သည်။

“ကျွန်တော့်နာမည် ဒွိုင်းလ်ပါ... မုဆိုးတစ်ယောက်ပါ... ဒါပေမဲ့ ဒီနေ့ကစပြီး ကျွန်တော်ဟာ မစ္စတာလင် ရဲ့ သစ္စာရှိ ယုံကြည်သူတစ်ယောက် ဖြစ်သွားပါပြီ... ဆရာကြီး ဘာပဲခိုင်းခိုင်း ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ပေးပါ့မယ်...”

မစ္စတာလင် ဆိုသည်မှာ မည်သူမှန်း သူ မသိသလို၊ ဝယ်လ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကပင် အမြတ်တနိုး ကိုးကွယ်ရအောင် မည်မျှအစွမ်းထက်သလဲ ဆိုသည်ကိုလည်း သူ မသိချေ။ သို့သော် အသက်ရှင်သန်ရေးအတွက်ဆိုလျှင် သူတို့အနေဖြင့် ပန်းကန်ထဲမှ ခေါက်ဆွဲမိစ္ဆာကို ယုံကြည်ပါဟု ခိုင်းလျှင်ပင် ယုံကြည်မိပေလိမ့်မည်။

သို့သော်လည်း... ဒွိုင်းလ်မှာ သူ၏ မြှောက်ပင့်စကားကို ဝယ်လ်က ဤမျှအထိ အလေးအနက်ထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဝယ်လ်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ... မင်း လုပ်ပေးရမယ့် ကိစ္စတစ်ခု ငါ့မှာ ရှိနေတယ်...”

“...”

ဒွိုင်းလ် တစ်ယောက် ‘ဘာပဲခိုင်းခိုင်း လုပ်ပေးပါမယ်’ ဟု လျှာရှည်မိသည့် မိမိပါးစပ်ကို မိမိ စိတ်ထဲမှ ပြန်လည်ကျိန်ဆဲလိုက်မိ၏။ သို့သောလည်း... အပြင်ပန်းတွင်တော့ သူက ဖားပြုတ်တစ်ကောင်လို အပြုံးမျိုးကို အတင်းလုပ်ယူရင်း...

“ဆရာကြီး ဖြစ်ချင်တဲ့ဟာ အကောင်းဆုံး ဖြစ်စေရပါမယ်လို့ ကျွန်တော် ကတိပေးပါတယ်...”

“ဒီစာအုပ်ကို အဆုံးထိ ဖတ်...”

ဝယ်လ်က သူကိုင်ထားသော စာအုပ်ကို ဒွိုင်းလ်ထံသို့ ကမ်းပေးလိုက်၏။

ဒွိုင်းလ်သတိကြီးစွာဖြင့် စာအုပ်ကို လှမ်းယူကာ မျက်နှာဖုံးကို ကြည့်လိုက်သည်။ ဤစာအုပ်မှာ အသွင်ပြောင်းထားသည့် မိစ္ဆာတစ်ကောင် မဟုတ်ကြောင်းနှင့် ဝယ်လ်ကလည်း အတည်ပြောနေခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ဒွိုင်းလ် သက်ပြင်းချလိုက်မိသည်။

‘ဟူး... စာအုပ်ဖတ်ခိုင်းတာပဲလား... စောစောက ပြောပါတော့လား... ဟူး... ပေါင်မုန့်ကတော့ အလကား သေရတာပဲ...’

ပေါင်မုန့် (ဘရက်ဒ်) ဆိုသည်မှာ အသားတုံး မိစ္ဆာကောင်ကြီး၏ ဝမ်းဗိုက်အတွင်းသို့ ရောက်သွားသည့် အဖွဲ့ဝင်၏ ကုဒ်နာမည်ပင် ဖြစ်သည်။ သူ၏ ကုဒ်နာမည်က ပေါင်မုန့် ဖြစ်နေသည်ကို တွေးကြည့်ရလျှင် လက်ရှိအခြေအနေမှာ ဘာပြောရမှန်းပင် မသိတော့ချေ။

‘ဘာပဲဖြစ်ဖြစ်... ကံကောင်းလို့ ငါ အသက်ရှင်ခွင့်ရတာပဲ... ဝယ်လ်ကို ဖားနိုင်ရင် ငါတော့ အခွင့်အရေး တစ်ခုခု ရမှာပဲ... သူက ဖျက်ဆီးခြင်းအဆင့် မှော်ဆရာကြီးပဲဥစ္စာ... ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက သူ မသေခဲ့တဲ့အပြင် အံ့ဖွယ်စွမ်းအားတွေတောင် ရလာခဲ့ပုံပဲ...’

ဒွိုင်းလ် ဤကဲ့သို့ တွေးတောရင်း အလောင်းကောင်း ဝါးမြိုခြင်းဂိုဏ်း ဓမ္မထုံးတမ်းနှင့် အခမ်းအနားများ စာအုပ်ကို ပျော်ရွှင်စွာဖြင့် လှန်လှောဖတ်ရှုလိုက်တော့သည်။

သို့သော်လည်း... စာအုပ်အတွင်းရှိ နက်နဲလှသော အကြောင်းအရာများက သူ၏ ကျောရိုးထဲအထိ အေးစိမ့်သွားစေကာ စိတ်ကို တုန်လှုပ်ချောက်ချားသွားစေ၏။ မရေမတွက်နိုင်သည့် လက်များက သူ့ကို ထာဝရမှောင်မိုက်မှုနှင့် ထိတ်လန့်စရာ ချောက်နက်ကြီး တစ်ခု အတွင်းသို့ ဆွဲချနေသကဲ့သို့ သူ ခံစားလိုက်ရသည်။

သို့သော်ငြားလည်း... သူ၏ မျက်နှာပေါ်တွင်မူ ပျော်ရွှင်နေသော အမူအရာက အတင်းအကျပ် ကပ်ငြိနေဆဲ ဖြစ်သည်။

ဒွိုင်းလ်အား စာအုပ်ဖတ်ရန်သာ ခိုင်းလိုက်သည်ကို မြင်ရသော အခြားသူများမှာ သံသယများ ရှိနေကြသေးသော်လည်း စိတ်သက်သာရာ ရသွားသည်ကတော့ အမှန်တကယ်ပင် ဖြစ်သည်။

ကြည့်ရသည်က ဤပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် ဝယ်လ်ဖြစ်ပြီး မစ္စတာလင် ဆိုသူ၏ အကူအညီဖြင့် အသက်ရှင်ကျန်ရစ်ကာ ထိုသူ၏ နောက်လိုက်ဖြစ်လာခဲ့ပုံရသည်။ ယခုမူ အလောင်းကောင်း ဝါးမြိုခြင်းဂိုဏ်း၏ တရားတော်နှင့် ဝါဒကို ဖြန့်ဝေပေးနေခြင်း ဖြစ်ပေလိမ့်မည်။

ဘာသာတရားတစ်ခုကို ပြန့်ပွားအောင် လုပ်ဆောင်သူတစ်ဦးအနေဖြင့် နောက်လိုက်များ ရရှိရန် လိုအပ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။ သေပြီးသားလူက နောက်လိုက် မဖြစ်နိုင်ရာ ၎င်းက သူတို့ အသက်ရှင်ခွင့်ရရန် အခွင့်အရေးရှိနေသေးသည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

ဤအချက်ကို သိလိုက်ရသဖြင့် သူတို့၏ ရင်ထဲမှ မျှော်လင့်ချက်မဲ့မှုများ အနည်းငယ် ပြေလျော့သွား၏။

သို့သော်လည်း... နောက်တစ်ခဏ၌ ဒွိုင်းလ်၏ အမူအရာက ရူးသွပ်နေသူတစ်ဦးကဲ့သို့ ပြောင်းလဲသွားသည်ကို အားလုံး မြင်တွေ့လိုက်ကြရသည်။ သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းလာကာ အပြင်သို့ ပြူးထွက်လာပြီး မျက်ဆန်များမှာ ထိန်းချုပ်မရနိုင်ဘဲ လည်ပတ်နေတော့၏။

သူ၏ လည်ချောင်းထဲမှလည်း ကြောက်မက်ဖွယ်ကောင်းသော “ဟီး... ဟီး... ဟီး...” ဆိုသည့် ရယ်သံများ ထွက်ပေါ်လာသည်။

စာအုပ်ကို ကိုင်ထားသည့် သူ၏ လက်ချောင်းများမှာ အလွန်တုန်လှုပ်ဖွယ်ရာ တစ်ခုခုကို မြင်တွေ့နေရသကဲ့သို့ တုန်ရီနေသော်လည်း သူ၏ အကြည့်များကိုမူ စာမျက်နှာများထံမှ ခွာ၍ မရတော့ချေ။ သူ၏ လည်ပင်းတွင်လည်း စိမ်းပြာရောင် အကြောများမှာ ဖောင်းကြွလာကာ အရေပြားအောက်တွင် ထူးဆန်းလှသည့် သတ္တဝါအချို့ တွားသွားနေသကဲ့သို့ ထင်မှတ်ရသည်။

“ဟား... ဟား... ဟား...”

ဒွိုင်းလ် တစ်ယောက် ထိတ်လန့်ဖွယ် ကောင်းအောင် ရယ်မောနေသော်လည်း ထိုရယ်သံနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် သူ၏ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ရာ ဝေဒနာ တစ်ခုကို ခံစားနေရပုံ ပေါက်နေသည်။

“ဟား ဟား ဟား... အရမ်း ကြောက်ဖို့ကောင်းတယ်... ငါ့ကို ကူညီကြပါဦး ဟား ဟား... ဟင့်အင်း... ဟင့်အင်း... အနားကို မလာနဲ့... ဟားဟား... အရှင်သခင်... ဟား... ငါ့ရဲ့... အရှင်သခင်... ဟား ဟား ဟား...”

ဖောင်း...

ရုတ်တရက်... ဒွိုင်းလ်၏ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားကာ ရယ်သံများမှာလည်း ရုတ်ချည်း ရပ်တန့်သွားတော့၏။

“...”

ကျန်ရှိနေသည့် အဖွဲ့ဝင်တိုင်း ကြောက်လန့်လွန်းသဖြင့် ဆွံ့အ သွားကြတော့သည်။ အမြင်အာရုံ ထက်မြက်သူအချို့မှာမူ ဒွိုင်းလ်၏ လည်ပင်းပြတ်ကြီးပေါ်တွင် သေးငယ်သည့် နှာမောင်းငယ်လေးများ လူးလွန့်နေသည်ကိုပင် မြင်လိုက်ရ၏။ ၎င်းကား... သူ၏ သွေးကြောများ အသက်ဝင်လာသကဲ့သို့ပင် ဖြစ်သည်။

ဟူး...

ဤမြင်ကွင်းကို ကြည့်နေသူတိုင်း ကျောရိုးထဲအထိ စိမ့်တက်သွားကာ အသက်ကို ပြင်းပြင်းရှူလိုက်မိကြ၏။

ဝယ်လ်ကမူ ထိုအရာအားလုံးကို အေးစက်စွာ စောင့်ကြည့်နေသည်။ သူသည် အလောင်း၏လက်ထဲမှ စာအုပ်ကို ပြန်ယူလိုက်၏။

“မင်းတို့ ဒီတာဝန်ကို ပြီးဆုံးတဲ့တိုင် လုပ်ဆောင်ရမယ်... ဘာလို့လဲဆိုတော့ မလုပ်နိုင်ရင် မင်းတို့ သေရမှာမို့လို့ပဲ...”

သူ၏ အကြည့်များက ကျန်လူများပေါ်သို့ ကျရောက်သွား၏။

“ကျန်တဲ့ကောင်တွေကော ဘယ်လိုလဲ... မင်းတို့ အဆင်သင့်ဖြစ်ပြီလား... ငါ့ရဲ့ စိတ်ရှည်နိုင်စွမ်းက ကုန်ခါနီးနေပြီ...”

အသက်ရှင် ကျန်ရှိနေသည့် ဘလပ်ဖိစ် အဖွဲ့ဝင်တိုင်းမှာ ဤစကားကို ကြားသောအခါ မျက်နှာများ ဖြူရော် သွားကြတော့၏။

***

All Chapters