ဒါလေးကို စိတ်မရှိရင်
Vol. 17 Ch. 226
ညဉ့်သိန်းငှက်...
ညဉ့်သိန်းငှက် ဆိုသည်မှာ အစောပိုင်းက ဂရေဒီ ကို လှောင်ပြောင်ခဲ့သည့် အဖွဲ့ဝင်၏ ကုဒ်နာမည် ဖြစ်သည်။ သူသည် ယခုအခါ စိတ်ပျက်လက်ပျက် ဖြစ်နေပြီး မိမိကိုယ်မိမိ ပြန်လည်အပြစ်တင်နေမိသည်။ တစ်ဖက်လူမှာ တရားတော်ကို ဖြန့်ဝေရန် ကြိုးစားနေခြင်းဖြစ်သည်ဟု သူ မယုံကြည်တော့ပေ။
‘သောက်ချီး... ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲ... ယုံကြည်တယ်ပြောပြော၊ မယုံကြည်ဘူးပြောပြော အတူတူပဲ...’
‘ဒီလူက ဘာသာတရား ဖြန့်ဝေနေတာလို့ ဘယ်သူက ယုံမှာလဲ... သူက ငါတို့ကို သေခါနီးမှာ စိတ်တိုင်းကျ နှိပ်စက်ကစားနေရုံ သက်သက်ပဲ’
‘သူက တကယ့် ဝယ်လ် အစစ်ပဲ... မျက်နှာမဲ့ မဟူရာ အကြေးခွံလို ရက်စက်ပြီး ရူးသွပ်နေတဲ့ လူသတ်သမားမျိုးကမှ ဒီလိုကိစ္စမျိုးကို လုပ်နိုင်တာ... သေချင်းဆိုးနဲ့ သေလိုက်စမ်း...’
ဝမ်းနည်းစရာ ကောင်းသည်က ညဉ့်သိန်းငှက် ရှေ့သို့ တစ်လှမ်းတိုးလိုက်စဉ်မှာပင် နှာမောင်းတစ်ခုမှာ သူ၏ ဝမ်းဗိုက်ကို တစ်ခဏချင်းမှာပင် ဖောက်ထွက်သွားခဲ့ခြင်းပင်။
သူ မယုံကြည်နိုင်စွာဖြင့် မျက်လုံပြူးကာ ဗိုက်ကို ငုံ့ကြည့် နေမိ၏။
‘ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ...’
ညဉ့်သိန်းငှက်မှာ ထိုမိစ္ဆာကောင်ကြီး၏ ပုံပန်းသဏ္ဍာန်က ဘာကို ကိုယ်စားပြု နေသည်ကို ရုတ်တရက် သတိရသွားသည်။
“ကောင်းကင်... ကောင်းကင်ဝံပုလွေ... ဝေါ့...”
သူ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။
‘သားရဲရော သခင်ရော ဖျက်ဆီးခြင်းအဆင့် နှစ်ယောက်တောင်... သွားပြီ... ငါတို့မှာ ယှဉ်နိုင်စွမ်း မရှိတော့ဘူး...’
ဝယ်လ်က စာအုပ်ကို လှန်ကာ ညဉ့်သိန်းငှက်၏ ရှေ့တွင် ထားလိုက်သည်။ နှာမောင်းများက ညဉ့်သိန်းငှက် ၏ မျက်နှာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ စာမျက်နှာများကို အတင်းအကျပ် ကြည့်စေတော့သည်။
“အား...”
ကံကောင်းထောက်မစွာဖြင့် ညဉ့်သိန်းငှက်သည် မစ္စတာလင်၏ စာလုံးများမှ ပေးသည့် ဖိအားကို အတန်ငယ် ခံနိုင်ရည်ရှိခဲ့ပုံရသည်။ သူ၏ မျက်ဆန်များမှာ အပေါ်သို့ လန်တက်သွားကာ သတိလစ်သွားခဲ့၏။ အသိဥာဏ် ပျောက်ဆုံးသွားသည်မှလွဲ၍ သူ၏ ခန္ဓာကိုယ်မှာ အခြားသူများထက်စာလျှင် အနာအဆာ ကင်းနေသေးသည်။
ဝယ်လ်က တုန်ရီနေသည့် ကျန်လူများကို ကြည့်ကာ ပြုံးလိုက်သည်။
“ကဲ... နောက်တစ်ယောက် ဘယ်သူလဲ....”
ဘလပ်ဖိစ် အဖွဲ့ဝင် အားလုံးမှာ အလွန်အမင်း မျှော်လင့်ချက်မဲ့ခြင်း အခြေအနေသို့ ကျရောက်သွားကြတော့သည်။
‘ဒါ ဘာစာအုပ်လဲ... အရှင်သခင်နဲ့ ကယ်တင်ရှင် ဟုတ်လား... သွားစမ်းပါ... တကယ်တော့ မိစ္ဆာနတ်ဘုရားတစ်ပါးပဲ...’
သူတို့က ဝယ်လ်ကို ရပ်တန့်ပေးရန် အော်ဟစ်တောင်းပန်နေကြသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ချေ။ တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ လုပ်ဆောင်ခဲ့ကြရာ နောက်ဆုံး ကျန်ရစ်ခဲ့သည့် ကိုးဦးအနက် သုံးဦးသာ အကောင်းပကတိ ကျန်ရစ်တော့သည်။ အပြင်ပန်း အကောင်းပကတိကို ဆိုလိုခြင်း ဖြစ်သည်။
နောက်ဆုံး စားသောက် ခန်းမကြီး အတွင်း၌ ကျန်ရှိသည့် တစ်ဦးတည်းသော အကောင်းပကတိနှင့် အသိစိတ်ရှိနေသူမှာ ကြားခံ အဖြစ်ဆောင်ရွက်သူ နဂါးပျံ ဒန်လော့ပ် ဂေါလ်သာ ကျန်တော့သည်။ သို့သောလည်း... သူသည် ကြောက်လန့်လွန်းသဖြင့် အသိစိတ်များပင် ထုံထိုင်းနေပြီး ဝေခွဲမရသည့် အခြေအနေသို့ ရောက်ရှိနေလေသည်။
သူက နံရံကို တင်းကျပ်စွာ မှီကပ်ထားလျက် တစ်ကိုယ်လုံး တုန်ရီနေပြီး ဝယ်လ် သူ့အနားသို့ ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေခဲ့သည်။
“ကျွန်... ကျွန်တော် လက်ခံပါတယ်ဗျာ... ဒါပေမဲ့ ကျွန်တော့်မှာ သိမ်ငယ်လှတဲ့ တောင်းဆိုချက်လေးတစ်ခု... ဟင့်အင်း... မဟုတ်သေးဘူေ... ဆန္ဒလေးတစ်ခု ရှိပါတယ်...”
ဂေါလ် က တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။
ဝယ်လ်က ရယ်မောလိုက်၏။
“အရာခပ်သိမ်းကို သိမြင်တော်မူတဲ့ ငါ့ရဲ့ အရှင်သခင်က မင်းရဲ့ ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးမှာပါ...”
“ဒါဆိုရင်... ကျွန်တော့်ကို... ကျွန်တော့်ကို ဆရာကြီးရဲ့ အော်တိုလေး ထိုးပေးလို့ ရမလားခင်ဗျာ...”
ဂေါလ်က သူ့ အင်္ကျီအိတ်ကပ်အတွင်းမှ ဘောပင်နှင့် မှတ်စုစာအုပ်ငယ်ကို ထုတ်ယူရင်း မေးလိုက်လေတော့သည်။
...
ဝယ်လ်သည် မိမိထံ ကမ်းပေးလာသော မှတ်စုစာအုပ်နှင့် ဘောပင်ကို စိုက်ကြည့်လိုက်၏။
“မင်းရဲ့ နာမည်ရင်းက ဘာလဲ”
သူက ပြုံးရင်း မေးလိုက်သည်။
ထိုအခိုက်၌ နဂါးပျံ ၏ စိတ်ထဲ၌ စိုးရိမ်ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုတို့မှာ ရောပြွမ်းနေလေသည်။ စိုးရိမ်ထိတ်လန့်ရသည့် အကြောင်းရင်းကား အချိန်မရွေး ရိုက်ခတ်နိုင်သည့် နှာမောင်းကြီးများ၏ ဖိအားကြောင့် ဖြစ်သည်မှာ အထင်အရှားပင်။
ဧရာမ အသားစိုင် အစုအဝေးကြီးအတွင်း၌ ပုန်းကွယ်နေသည့် ကြောက်မက်ဖွယ် ဝံပုလွေ ဦးခေါင်းခွံနှင့် သူ၏ လှုပ်ရှားမှုတိုင်းကို လိုက်လံစောင့်ကြည့်နေသည့် မျက်လုံးကြီးများက အစောပိုင်းက အဖြူရောင် အမွေးပွခွေးလေးအား လှောင်ပြောင်ခဲ့မိသည့် အဖြစ်ကို အမြဲတစေ သတိပေးနေသကဲ့သို့ ရှိသည်။
ထိုစဉ်က သူ ခံစားခဲ့ရသည့် ဘေးအန္တရာယ် အငွေ့အသက်မှာ အခြေအမြစ်မရှိခဲ့တာ မဟုတ်ပါချေ။ ယခုအခါတွင်မူ သူ၏ ထက်မြက်သော အာရုံခံစားမှုကိုသာ ကျေးဇူးတင်နိုင်တော့သည်။ အစောပိုင်းက ထိုသားရဲကြီး အပေါ် သူ၏ မဝံ့မရဲ ချီးကျူးစကားများသာ မရှိခဲ့လျှင် သူသည်လည်း ထိုအချိန်ကတည်းကပင် အပိုင်းပိုင်း အပြတ်ပြတ် ဆွဲဖြဲခံရပြီး ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုကံကြမ္မာမှာ ယခုအချိန်တွင်လည်း အလှမ်းမဝေးလှသေးဟု သူ ခံစားနေရသည်။
အခြားတစ်ဖက်တွင်မူ သူ စိတ်လှုပ်ရှားနေရသည့် အကြောင်းရင်းမှာ နှစ်ပေါင်းများစွာ အိုင်ဒေါအဖြစ် ကိုးကွယ်ခဲ့ရသည့် မျက်နှာမဲ့ မဟူရာ အကြေးခွံ မျက်နှာဖုံးပိုင်ရှင် ဝယ်လ် သူ့ အရှေ့ တစ်မီတာအကွာတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ဝယ်လ်၏ ကိုယ်ပိုင်ဟန်ပန်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နေရပြီ ဖြစ်သည်။
ဝယ်လ်၏ ပေါ့ပေါ့ပါးပါး အမူအရာမှသည် ပြတ်သားလှသည့် စိတ်နေသဘောထားအထိ လုပ်ဆောင်ချက်တိုင်းမှာ နဂါးပျံ စိတ်ကူးယဉ်ထားသည့်အတိုင်းပင် ဖြစ်၏။
လောလောဆယ်တွင် နဂါးပျံသည် ဖျော်ဖြေပွဲတစ်ခု၏ ရှေ့ဆုံးတန်းမှ နေ၍ မိမိ၏ အိုင်ဒေါနှင့် အနီးကပ် လက်ဆွဲနှုတ်ဆက်နေရသကဲ့သို့ ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် သူ အတန်ငယ်လည်း ရှက်ရွံ့နေမိသည်။ စတွေ့တွေ့ချင်း သူ မိမိ၏ အိုင်ဒေါကိုပင် မမှတ်မိခဲ့ဘဲ ဝယ်လ်အား တုပသူတစ်ဦးအဖြစ် သတ်မှတ်ကာ လှောင်ပြောင်သည့် စကားများစွာ ပြောဆိုခဲ့မိသည်။
ယခုလို အူကြောင်ကြောင် အခြေအနေမျိုးတွင် မိမိ၏ အိုင်ဒေါနှင့် တွေ့ဆုံရလိမ့်မည်ဟု နဂါးပျံ လုံးဝ မတွေးထင်ခဲ့မိပေ။ မိမိ၏ အိုင်ဒေါနှင့် ကိုယ်တိုင်တွေ့ဆုံရန် စိတ်ကူးယဉ်ဖူးသည့် မည်သည့် ပရိသတ်စစ်စစ်မဆို ပြီးပြည့်စုံသည့် တွေ့ဆုံမှုမျိုး၊ ဥပမာ... အိုင်ဒေါ၏ အာရုံစိုက်မှုနှင့် ချီးကျူးမှုကို ရရှိမည့် အခြေအနေမျိုးကိုသာ မှန်းဆခဲ့ကြမည် ဖြစ်သည်။ ယခုကဲ့သို့ ကမောက်ကမ ဖြစ်ရပ်မျိုးကို မည်သူမျှ အလိုမရှိကြချေ။
နဂါးပျံမှာ ရှက်လွန်းသဖြင့် မိမိကိုယ်ကို သေပစ်လိုက်ချင်စိတ်ပင် ပေါက်နေတော့သည်။
သို့သော် သေရမည့်ကိစ္စကို နောက်မှာထား...။ လောလောဆယ်တွင်တော့ အိုင်ဒေါ၏ လက်မှတ်ကို ရအောင်ယူရမည် ဖြစ်သည်။
အမျိုးမျိုးသော အတွေးများနှင့် ရောပြွမ်းနေစဉ် ဝယ်လ်က မိမိနာမည်အား မေးလိုက်သည်ကို နဂါးပျံ သတိပြုမိသွားသည်။ သူ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ဘဲ ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်၏။
“ဒန်လော့ပ် ဂေါလ်လ်... ဒန်လော့ပ် ဂေါလ်လ် ပါ ခင်ဗျာ...”
“မင်းက တစ်သီးပုဂ္ဂလ မှော်ဆရာလား”
ဝယ်လ်က ဆက်လက်မေးမြန်းသည်။
နဂါးပျံ တဒင်္ဂမျှ မှင်တက်သွား၏။ ထို့နောက် သူက ကပျာကယာပင် ဖြေလိုက်သည်။
“ဟုတ်ပါတယ်... ဆရာကြီး ဒါကို ဘယ်လိုသိတာလဲလို့ မေးလို့ရမလား ခင်ဗျာ”
“မင်း ခုနကတည်းက ပညာရပ်ဝန်းက သမာရိုးကျ မှော်ဆရာတွေအပေါ် ရွံရှာပြခဲ့တာကိုး...”
ဝယ်လ်က အေးစက်စက် ပြန်လည်ဖြေကြားလိုက်၏။
“မဟုတ်ပါဘူး ခင်ဗျား...ပညာရပ်ဝန်း မှော်ဆရာတွေက တကယ့်ကို ပါရမီရှင်တွေပါ... ကျွန်တော့်ရဲ့ အမြင် ကျဉ်းမြောင်းတဲ့ ပေါက်ကရ စကားတွေကို စိတ်ထဲ မထားပါနဲ့ဗျ”
နဂါးပျံသည် လက်များကို အသည်းအသန် ယမ်းပြလျက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“မင်းက ငါ့ရဲ့ ဘဝဇာတ်ကြောင်းကို အသေအချာ နားလည်ထားတယ်ဆိုမှတော့ ငါ့မှာ တပည့်နှစ်ယောက် ရှိခဲ့ဖူးတာကိုလည်း သိမှာပေါ့...”
ဝယ်လ်သည် အတွေးနက်နေဟန်ဖြင့် အေးအေးလူလူ ဆက်ပြောလိုက်၏။
“သူတို့တွေဟာ မင်းပြောတဲ့ ဦးနှောက်မရှိတဲ့ ပညာရပ်ဝန်းက သမာရိုးကျ မှော်ဆရာတွေပဲ ဖြစ်လိမ့်မယ်...”
နဂါးပျံသည် မိမိ၏ အိုင်ဒေါက အဘယ်ကြောင့် ရုတ်တရက် တပည့်များအကြောင်း ပြောရသနည်းဆိုသည်ကို မသိချေ။ သို့သော်လည်း... ဝယ်လ်၏ လေသံထဲတွင် မကျေနပ်မှုကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဖျက်ဆီးခြင်းအဆင့် မှော်ဆရာကြီး၏ အမူအရာက ယခုအခါ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသယောင်ပင်။
‘ငါတော့ သွားပြီ...’
နဂါးပျံ ငိုချင်စိတ်ပင် ပေါက်သွားသည်။ ဘာပဲဖြစ်ဖြစ် ကံတရားပါပဲလေ ဟု သူ တွေးလိုက်မိသည်။ ဝယ်လ်အား ချီးကျူးရင်းနှင့်ပင် ဝယ်လ်၏ တပည့်များကို မရည်ရွယ်ဘဲ စော်ကားမိသလို ဖြစ်သွားခဲ့ချေပြီ။
ဝယ်လ်မှာ အေးစက် ရက်စက်သည့် စိတ်နေသဘောထား ရှိသော်လည်း တပည့်နှစ်ဦးအပေါ်တွင်မူ အမြဲတစေ လိုက်လျောမှုရှိကာ မိသားစုကဲ့သို့ ရင်းနှီးကြသည်ဟု ဂေါလ် ကြားဖူးထားသည်။ ထို့ကြောင့်လည်း... သူ့ တပည့်နှစ်ဦးကို စော်ကားကာ ဉာဏ်နည်းသူများဟု ခေါ်ဆိုခြင်းမှာ ဂေါလ် မိမိ၏ သင်္ချိုင်းကျင်းကို မိမိဘာသာ တူးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်တော့သည်။
ဂေါလ် မျက်နှာ ပျက်သွား၏။ အိုင်ဒေါအပေါ် မြှောက်ပင့်ပြောဆိုမှုများက... မိမိ၏ အသက်ကို အဆုံးစီရင်မည့် လမ်းစ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
‘ထားလိုက်ပါတော့လေ... ငါ့အိုင်ဒေါရဲ့ လက်ချက်နဲ့ သေရတာလည်း တန်ပါတယ်...’
“ငါ့ရဲ့ တပည့်နှစ်ယောက်အတွက် ငါ့ဘဝရဲ့ စွမ်းအင်တစ်ဝက်လောက်ကို အကုန်အစင် သုံးစွဲခဲ့ပြီးပြီ... မှော်ပညာရပ်တွေကို သုတေသနပြုတာအပြင် တပည့်တွေကို ပျိုးထောင်ပေးရင်းနဲ့ မတွေးဝံ့စရာ အဖိုးအခတွေကို ငါ ပေးဆပ်ခဲ့ရတယ်... ဒါကြောင့် ငါ နောက်ထပ် တတိယမြောက် တပည့်ကို ဘယ်တော့မှ လက်ခံတော့မှာ မဟုတ်ဘူး...”
‘ဟုတ်ကဲ့ပါ... ဆရာကြီး တပည့်တွေကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ကျွန်တော် သိပါပြီ... ခု ဆရာကြီးက ဘာဖြစ်ချင်တာလဲဟင်... ရှင်းရှင်းလင်းလင်း ပြောလိုက်ပါတော့လား’
မိမိကိုယ်မိမိ သေလူတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည့် ဂေါလ်မှာ မျက်နှာတစ်ခုလုံး ဖြူရော် နေခဲ့တော့၏။ သို့သော်လည်း... သူ၏ လောလောဆယ် စိုးရိမ်ပူပန်မှုမှာ အိုင်ဒေါထံမှ လက်မှတ် မရရှိလိုက်ခြင်းသာ ဖြစ်ပေသည်။
သူက မဝံ့မရဲဖြင့် မှတ်စုစာအုပ်နှင့် ဘောပင်ကို ထပ်မံ မြှောက်ပြလိုက်၏။
“ဒါလေးကို... စိတ်မရှိရင်...”
***