စစ်ကူ
Vol. 17 Ch. 228
ကွန်ဂရိ ကိုင်မြှောက်ခံထားရရင်း ဟက်ပါကို ရှာဖွေဖို့ ပတ်ဝန်းကျင်ကို မျက်စိ ကစားလိုက်၏။ ထိုအခါ ပြိုကျသွားသည့် နံရံ တစ်ဖက်တွင် ဘလပ်ဖိစ် အဖွဲ့ဝင်များ နှာမောင်းများဖြင့် ထိုးဖောက်ခံထားရသည့် သွေးပျက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရလေသည်။ ထိုအခါမှသာ သူ၏ ပါးစပ်မှ ထွက်ခဲ့သော စကားများမှာ မည်မျှ မိုက်မဲခဲ့ကြောင်း သတိပြုမိတော့၏။
‘ဒီလူက စာအုပ်ဆိုင်နဲ့ ပတ်သက်နေတာ သိသာနေတာပဲ... ငါ ခုနက ပြောလိုက်တဲ့ စကားတွေက သေမိန့်တောင်းနေတာနဲ့ မတူဘူးလား...’
ထိုအတွေးက သူ့စိတ်အတွင်း ဒိန်းခနဲ ဝင်ရောက်လာ၏။
“နေပါဦး... မဟုတ်ဘူး...”
ကွန်ဂရိက အော်ဟစ်လိုက်သည်။
“ကျွန်တော်... ကျွန်တော်ကလည်း ဖောက်သည် တစ်ယောက်ပါ...”
သူက အမှန်တကယ်အားဖြင့် ထိုစာအုပ်ဆိုင်၏ ဖောက်သည်တစ်ဦး မဟုတ်သော်လည်း ယခုကဲ့သို့ လိမ်လည်ပြောဆိုလိုက်ခြင်းဖြင့် စက္ကန့်အနည်းငယ်မျှ အချိန်ဆွဲနိုင်ကာ မစ္စတာဟာပါ သူ့အား ကယ်တင်နိုင်မည့် အခွင့်အရေး ရရှိလိမ့်မည်ဟု ကွန်ဂရိ ယူဆထားသည်။
“ဟုတ်လား...”
ဝယ်လ်က ကွန်ဂရိ လည်ပင်းအား ညှစ်ထားသည့် လက်ကို အသာအယာ လျှော့ပေးလိုက်ရင်း ပြုံးလျက် မေးလိုက်၏။
“ဒါဆို ပြောပြစမ်းပါဦး... ငါတို့ရဲ့ မြင့်မြတ်လှတဲ့ အရှင်သခင် မစ္စတာလင် အပေါ် မင်း ဘယ်လို ထင်မြင်ယူဆသလဲ...”
ကွန်ဂရိ တွေဝေသွား၏။
‘ငါက ဘယ်လိုလုပ် သိမှာလဲ... သူ့ကို တစ်ခါမှတောင် မတွေ့ဖူးတဲ့ ဥစ္စာ... ‘
‘ဒါပေမဲ့ သေချာတာ တစ်ခုက ဒီလူဟာ တကယ့်ကို ရက်စက်ပြီး ယုတ်မာတဲ့ လူတစ်ယောက် ဖြစ်ရမယ်... ဝယ်လ်လို ဖျက်ဆီးခြင်းအဆင့် မိစ္ဆာတစ်ကောင်ကို စေခိုင်းနိုင်တဲ့သူဆိုတာ မိစ္ဆာနတ်ဘုရား တစ်ပါးပဲ ဖြစ်ရမယ်... ဒါမှမဟုတ်လည်း အနည်းဆုံးတော့ မိစ္ဆာ နတ်ဘုရား တစ်ကောင်ရဲ့ လက်ပါးစေပဲ ဖြစ်ရမယ်...'
ကွန်ဂရိသည် စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်မိ၏။ သို့သော်လည်း... အပြင်ပန်းတွင်မူ အလွန်ရိုးသားဟန် ဆောင်လျက် အားယူပြုံးပြကာ မြှောက်ပင့်ပြောဆိုလိုက်သည်။
“သူဟာ သံသယဖြစ်စရာမလိုအောင် အစွမ်းအထက်ဆုံးနဲ့ အရာရာကို သိမြင်တော်မူတဲ့...”
ကွန်ဂရိ တစ်ယောက် သူ ယခင်က သိရှိဖူးသမျှ ဘာသာရေးဆိုင်ရာ နတ်ဘုရားများအား ချီးမွမ်းသည့် စကားလုံးများကို အသုံးပြုကာ မစ္စတာလင်ကို မြင့်မြတ်သော နတ်ဘုရားတစ်ပါးဖြစ်ကြောင်း ချီးကျူး ပြောဆိုလိုက်သည်။
ကွန်ဂရိမှာ တုန်တုန်ရင်ရင်ဖြင့် ပြောဆိုနေရင်း နောက်ဆုံးမျှော်လင့်ချက်မှာ အနီးအနားတွင် ရှိနေသည်ဟု ယုံကြည်ကာ အားတင်းထားခဲ့သည်။
ဖျက်ဆီးခြင်းအဆင့် မုဆိုး ဟာပါသည် သူ့ကို အသေအချာ ကယ်တင်လိမ့်မည်ဟု သူ ယူဆထားသည်။ သူနှင့် ဝယ်လ်နှစ်ဦးစလုံးမှာ ဖျက်ဆီးခြင်းအဆင့် ဖြစ်ရာ သူတို့နှစ်ဦး တိုက်ခိုက်ကြလျှင် အနည်းဆုံးတော့ အရှုံးအနိုင် မပေါ်ခင် အချိန်ဆွဲနိုင်လိမ့်မည် ဖြစ်သည်။
ထိုအတောအတွင်း သူသာ လွတ်အောင် ပြေးနိုင်ခဲ့လျှင် နောက်တစ်ကြိမ် ပိုမို အင်အားတောင့်တင်းစွာ ပြန်လာနိုင်မည် ဖြစ်သည်။
ကွန်ဂရိမှာ ဘလပ်ဖိစ်နှင့်လည်း မိတ်ဖက်အဖြစ် တည်ဆောက်ထားပြီးသား ဖြစ်သလို အက်ရှ် ကုန်သည်ကြီးများ အသင်း၏ ချပ်ပ်မန်း ဌာနခွဲတွင်လည်း ဒုတိယအာဏာအရှိဆုံးသူ ဖြစ်သည်။
အကယ်၍ အရာအားလုံး ကျရှုံးသွားခဲ့လျှင်ပင်... နောက်ကွယ်တွင် ပံ့ပိုးပေးမည့် မီးလျှံဓားလမ်းစဉ် အဖွဲ့လည်း ရှိနေသေးသည်။ သူတို့ကို အချိန်အတော်ကြာ ကူညီပေးခဲ့သဖြင့် သူတို့ကလည်း သူ့ကို ကယ်တင်ရန် အင်အားစုများ စေလွှတ်ပေးမည်မှာ အသေအချာပင်။
ကွန်ဂရိ ဤမျှော်လင့်ချက်ကလေးကို ဆုပ်ကိုင်ထားရင်း စကားများ အဆက်မပြတ် ပြောနေသော်လည်း ဟာပါက သူ့ကို ကယ်တင်ရန် ပေါ်မလာသေးချေ။ နောက်ဆုံး၌ စကားပြောရလွန်းသဖြင် သူ့ ပါးစပ်မှာ ခြောက်ကပ်လာ၏။ သူ့ အသံမှာလည်း တဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံးတွင် တိတ်ဆိတ်သွားတော့သည်။
ထိုအချိန် ရောက်မှသာ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်ကို သူ သတိပြုမိတော့သည်။ ကယ်တင်ရှင်လည်း မရှိသလို၊အသံတစ်ချက်ပင် ထွက်မလာတော့ချေ။
ကွန်ဂရိ တစ်ယောက် ဝယ်လ်၏ လှောင်ပြောင်လိုသည့် အကြည့်ကို မြင်လိုက်ရသောအခါ သွေးများပင် ခဲသွားသကဲ့သို့ ခံစားလိုက်ရ၏။
“သူ လာကယ်မှာကို စောင့်နေတာလား...”
ဝယ်လ်က လှောင်ပြောင် သရော်လိုက်ရင်း လက်ကို လွှတ်ပေးလိုက်၏။ ဂရေဒီ၏ နှာမောင်းများက ကွန်ဂရိအား ရစ်ပတ်ကာ ပတ်ချာလည် လှည့်ပတ်ကြည့်စေလိုက်သည်။
တိုက်ပွဲစတင်ချိန်မှစ၍ ဟာပါအား ကျောပေးထားခဲ့ရသည့် ကွန်ဂရိ တစ်ယောက် ယခုအခါတွင်မူ သူ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သူ မည်သို့ဖြစ်နေသည်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
ဂရေဒီမှာ လျှို့ဝှက်ခန်းတစ်ခုလုံးကို နေရာယူထားပြီး ဖြစ်သည်။ အဆက်မပြတ် ရှည်ထွက်နေသည့် နှာမောင်းတန်းကြီးများ အပါအဝင် ၎င်း၏ ခန္ဓာကိုယ်ထုထည်ကြီးမှာ ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းထား၏။ အခန်းတစ်ခုလုံးမှာ ယခုအခါ အဆက်မပြတ် လူးလွန့်နေသည့် အသွေးအသားများဖြင့် ပြုလုပ်ထားသည့် အသိုက်တစ်ခုနှင့် တူနေတော့သည်။
ထိုအသွေးအသား အသိုက်ကြီး၏ ဗဟို၌ တင်းကျပ်စွာ ရစ်ပတ်ခြင်း ခံထားရသူမှာ ဟာပါ ပင် ဖြစ်လေသည်။ မရေမတွက်နိုင်သော နှာမောင်းများက ဟာပါ၏ ပိန်လှီလှသော ခန္ဓာကိုယ်ကို ရေစို အဝတ်စုတ်တစ်ခုကဲ့သို့ ညှစ်ထုတ်နေကြသည်။ ပတ်တီးများကြားမှပင် ရေနံစိမ်းကဲ့သို့ မည်းနက်သော အရည်များစွာမှာ ထွက်ပေါ်နေ၏။ နှာမောင်းအချို့က သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်ကာ သူ၏ အသားစိုင်များကိုပင် စုပ်ယူနေကြသည်။
မုဆိုးတစ်ဦးအနေဖြင့် ဟာပါ၏ စွမ်းရည်များမှာ ပုံသဏ္ဍာန်မဲ့ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်းမှာ ပုံသေကားကျ ပုံသဏ္ဍာန်မရှိဘဲ ပတ်တီးများဖြင့်သာ လူသားပုံစံကို ထိန်းသိမ်းထားရသည့် အမှောင်မိစ္ဆာ အမျိုးအစား ဖြစ်သည်။
ယခုအခါတွင်တော့ ဟာပါ၏ ခန္ဓာကိုယ်မှာ ဂွမ်းဖတ်ကဲ့သို့ လိမ်တွန့်နေခဲ့ပြီ ဖြစ်သည်။ ပါးစပ်အတွင်းသို့ နှာမောင်းများစွာ အတင်းအကျပ် ထိုးသွင်းခံထားရသဖြင့် သူ အသံပင် မထွက်နိုင်တော့ချေ။ သူ မည်မျှ ပူဆွေးသောက ရောက်နေသနည်းဆိုသည်ကိုမူ သူ၏ နီရဲလှသော မျက်လုံးများအတွင်းရှိ ကြောက်ရွံ့မှုများကသာ သက်သေပြနေတော့သည်။
ဟာပါမှာ ဖော်ပြ၍ မရနိုင်သည့် ဝေဒနာများကို ခံစားရင်း ကွန်ဂရိအား နာကျည်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများက...
‘မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီလို ကံကြမ္မာမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး...’
ဟု ပြောနေသည့်အလားပင်။
ဝယ်လ်က ရယ်မောလိုက်၏။
“ငါ ဟာပါ ကို လိုက်ဖမ်းနေတာ အနှစ်နှစ်ဆယ်နီးပါး ရှိပြီ... ဒါပေမဲ့ သူက အစအန ရှာမရအောင် ပျောက်ကွယ် နေခဲ့တယ်လေ... အမှန်အတိုင်း ပြောရရင် ငါ လက်လျှော့လိုက်ပြီးပြီ... အားစိုက်ရတာနဲ့ မတန်တော့ဘူးလို့ ယူဆပြီး သူ့ကို လွှတ်ပေးဖို့ ဆုံးဖြတ်ထားပြီးသား...”
“ဒါပေမဲ့ မင်းက သူ ပုန်းအောင်းနေတဲ့ နေရာကနေ ငါ့ဆီကို တိုက်ရိုက် ရောက်လာအောင် ခေါ်ပေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”
ဝယ်လ် စကားပြောနေစဉ်မှာပင် တစ်ချိန်က နာမည်ကျော် မုဆိုးကြီးဟာပါ သည် ခြောက်ကပ် မည်းနက်နေသည့် အသားစိုင်ပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဂရေဒီက ထိုဖျက်ဆီးခြင်းအဆင့်၏ အကြွင်းအကျန်များကို အာလူးကြော်တစ်ပွဲကဲ့သို့ ချက်ချင်းပင် ဝါးမြုံ့စားပစ်လိုက်တော့၏။
ကွန်ဂရိ တစ်ယောက် အခြေအနေက အကြီးအကျယ် မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။ ဖျက်ဆီးခြင်းအဆင့် နှစ်ဦးကြားရှိ အင်အားကွာခြားချက်မှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။
မီးလျှံဓားလမ်းစဉ်ထံ မိမိ၏ ဝိညာဉ်ကို ရောင်းချခဲ့ပြီး နှစ်ပေါင်းများစွာ ပုန်းအောင်းနိုင်ခဲ့သည့် ဟာပါသည် ဂရေဒ်ကို အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်ခြင်း မရှိခဲ့ချေ။ ထို့ပြင်... သူက အလွယ်တကူ စားသုံးခြင်းခံရသော အစာတစ်ခုအဖြစ်သာ နိဂုံးချုပ်သွားခဲ့ရသည်။
“အော်... ဒါနဲ့... မင်းက စာအုပ်ဆိုင်ရဲ့ ဖောက်သည်မဟုတ်ဘူးဆိုတာ ငါ သိပြီးသားပါ... ဒါကြောင့်လည်း မင်းရဲ့ ထင်မြင်ချက်ကို ငါ မေးခဲ့တာပေါ့... ငါ အဲ့ဒါကို ဖျော်ဖြေရေး သက်သက်အတွက် လုပ်ခဲ့တာ... မင်း မသေခင်မှာ အချည်းနှီးဖြစ်မယ့် မျှော်လင့်ချက်လေး ပေးချင်လို့ရယ်... မင်းဆီကနေ မစ္စတာလင် အပေါ် ချီးကျူးစကားတွေ ကြားချင်လို့ရယ်ပေါ့...”
ထိုစကားက ကွန်ဂရိကို စိတ်ဓာတ်ပြိုလဲသွားစေတော့၏။ သူ၏ ပါးပြင်ထက်တွင် မျက်ရည်များ စီးကျလာကာ အသည်းအသန် ခေါင်းခါယမ်းကာ တောင်းပန်လိုက်သည်။
“မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့... ဆရာကြီး ကျွန်တော့်ကို သတ်လို့မဖြစ်ဘူး...”
“ကျွန်တော်က ဘလပ်ဖိစ်၊ အက်ရှ် ကုန်သည်ကြီးများ အသင်း၊ ပြီးတော့ မီးလျှံဓားလမ်းစဉ်တို့နဲ့ ပတ်သက်နေတာ... ဆရာကြီး ဘယ်လိုအခြေအနေထဲကို ရောက်နေသလဲဆိုတာ ဆရာကြီး မသိလို့ပါ... ကျွန်တော့်ကို သတ်လိုက်ရင် ဆရာကြီး နောင်တရပါလိမ့်မယ်...”
ဝယ်လ်က ရယ်မောလျက် ဂရေဒီ အား အလုပ်ကို အပြီးသတ်ရန် အချက်ပြလိုက်၏။ သို့သော် ထိုအချိန်တွင် အီသာလှိုင်း အသစ်အချို့ ရုတ်တရက် ပေါ်ပေါက်လာသည်။
ဝယ်လ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး အခန်းတွင်းသို့ ပေါ်လာသော ပုဂ္ဂိုလ်များကို သတိကြီးစွာဖြင့် အကဲခတ်လိုက်၏။
‘နောက်ထပ် ဖျက်ဆီးခြင်းအဆင့် တစ်ဦး...’
***