← Chapters

မစ္စတာလင်၏ အစီအစဉ်

Vol. 17 Ch. 230

မစ္စတာလင်၏ အစီအစဉ်

Vol. 17 Ch. 230

“ကလေးမ... ညည်းက စာအုပ်ဆိုင်ရဲ့ ဖောက်သည်လား...”

ချယ်ရီ၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားကာ ခေါင်းကို အဆက်မပြတ် ငြိမ့်လျက် ပြောလိုက်၏။

“ဟုတ်ပါတယ်... ဟုတ်ပါတယ်ရှင်... ကျွန်မ လွန်ခဲ့တဲ့ သုံးနှစ်က မစ္စတာလင်ရဲ့ ဆိုင်ကနေ စာအုပ်တစ်အုပ် ဝယ်ခဲ့ဖူးပါတယ်... အခုတစ်လောမှ စာအုပ်ဆိုင်နဲ့ ပြန်ပြီး အဆက်အသွယ် ရခဲ့တာပါ... စာအုပ်ဆိုင်ခွဲ အသစ်ကို ပြန်လည်ပြင်ဆင်တဲ့နေရာမှာတောင် ကျွန်မ ကူညီပေးခဲ့ပါသေးတယ်”

“ကွန်ဂရိနဲ့ အမိုးခုံး ဘုရားကျောင်းတော် ကြားက အလဲအလှယ်ကို စုံစမ်းဖို့ ဒီကို လာခဲ့တာကလည်း မစ္စတာလင်ရဲ့ အလိုဆန္ဒအရပါပဲ...”

ချယ်ရီက သူမ၏ ဇာတ်ကြောင်းကို အစမှအဆုံး ပြောပြလိုက်သည်။ စာအုပ်ဆိုင်၏ အခြားသော ဖောက်သည်တစ်ဦးနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံရခြင်း ဖြစ်သဖြင့် သူမတွင် သိချင်စိတ်များ ပြင်းပြနေမိသည်။

‘ဖရန့်ခ် ဝယ်လ်က မစ္စတာလင်ဆီကနေ ဘယ်လိုစာအုပ်မျိုး ရခဲ့တာပါလိမ့်...’

ထို့ပြင် သူသည် မစ္စတာလင်ကို "အရှင်သခင်နှင့် ကယ်တင်ရှင်" ဟု ခေါ်ဆိုခဲ့သည်။ ကြည့်ရသည်က ဝယ်လ်မှာ မစ္စတာလင်၏ နောက်လိုက်တစ်ဦး ဖြစ်ပုံရသည်။ ထိုသို့ဆိုလျှင်... မစ္စတာလင်မှာ တစ်စုံတစ်ရာသော ဘာသာရေး ယုံကြည်မှုနှင့် ပတ်သက်နေသလော။ ထိုအရာကပင် မစ္စတာလင်၏ တကယ့် အစစ်အမှန် အမှတ်အသားလော။

ချယ်ရီ တွေးလေလေ စိုးရိမ်ပူပန်မိလေလေ ဖြစ်သော်လည်း တစ်ဖက်တွင်လည်း အလွန် စိတ်လှုပ်ရှားနေမိသည်။ ၎င်းမှာ လင်ကျဲ၏ အမှောင်ဘက်ခြမ်းတစ်ခုနှင့် ထိတွေ့ခွင့် ရလိုက်သကဲ့သို့ပင်။

“အော်... အဲ့လိုလား...”

ဝယ်လ်က ပြုံးလျက် ခေါင်းညိတ်လိုက်၏။

“ညည်းက ငါ့ထက် တစ်နှစ်တောင် စောပြီး စာအုပ်ဆိုင်ကို ရောက်ခဲ့တာကိုး... ကြည့်ရတာ ငါ့ရဲ့ စီနီယာ ပေါ့...”

ချယ်ရီက ချက်ချင်းပင် လက်ခါယမ်းကာ ငြင်းဆိုလိုက်သည်။

“ဆရာကြီးကလည်း မြှောက်နေပြန်ပါပြီ... ဒါက ကျွန်မရဲ့ ကံကောင်းမှု တစ်ခုပါပဲ... မစ္စတာလင်နဲ့ တွေ့ဆုံရတာဟာ ကျွန်မဘဝရဲ့ အကောင်းဆုံး ကိစ္စတစ်ခုပါ... ဆရာကြီးရဲ့ အတိတ်က စွမ်းဆောင်ရည်တွေကို ကျွန်မ အကုန်ကြားဖူးပါတယ်... ဆရာကြီးက ဘယ်ဘက်ကကြည့်ကြည့် ကျွန်မထက် အများကြီး သာလွန်တဲ့ စီနီယာပါ”

သူမ၏ ရှေ့မှ ပုဂ္ဂိုလ်မှာ ဖျက်ဆီးခြင်းအဆင့် တစ်ယောက် ဖြစ်သည်ကို ချယ်ရီ ကောင်းစွာ သိရှိထားသည်။ ဖရန့်ခ် ဝယ်လ်မှာ မစ္စတာလင်၏ မျက်နှာကြောင့်သာ သူမအပေါ် ယဉ်ကျေးနေခြင်း ဖြစ်သည်။ အကယ်၍ တစ်ခဏမျှ စိတ်ကွက်သွားခဲ့လျှင် သူမသည်လည်း ဟာပါကဲ့သို့ ဖြစ်သွားနိုင်ကြောင်း နားလည်ထားသည်။ ထိုယဉ်ကျေးပုံ ရသည့် အဖိုးအိုသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖျက်ဆီးခြင်းအဆင့် တစ်ဦးအပါအဝင် လူဆယ်ဦးကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက်... ယခုအခါတွင်မူ သူမကို နူးညံ့သိမ်မွေ့စွာ စကားပြောနေခြင်း ဖြစ်သည်။ ဤသည်က သူ၏ စရိုက်အမှန်ကို ဖော်ပြနေခြင်းပင်။

ဝယ်လ်၏ ချယ်ရီအပေါ် အကြည့်များမှာ နူးညံ့သွား၏။

“အမှန်တော့ ငါ ဘလပ်ဖိစ်ကို ဝင်ခဲ့တာက မစ္စတာလင်ရဲ့ တရားတော်တွေကို ဖြန့်ဝေဖို့ပဲ... ညည်းရဲ့ တာဝန်လိုပဲပေါ့လေ... အဲဒါက မစ္စတာလင် ငါ့ကို ပေးအပ်ခဲ့တဲ့ တာဝန်ပဲ”

သူက အခန်း၏ အခြားတစ်ဖက်သို့ ညွှန်ပြလိုက်သည်။ ချယ်ရီ လှမ်းကြည့်လိုက်သောအခါ လူလေးဦးမှာ ကြမ်းပြင်ပေါ်တွင် တုန်ရီနေသည်ကို တွေ့လိုက်ရသည်။ သူတို့မှာ ဝယ်လ်၏ တရားဟောခြင်းကို ခံလိုက်ရသည့် ပစ်မှတ်များ ဖြစ်ပုံရသည်။

“ငါ ဒီဘက်က ကိစ္စတွေမှာ ပါဝင်ပတ်သက်ဖို့ အစီအစဉ် မရှိဘူး... ဒါပေမဲ့ ကွန်ဂရိရဲ့ စကားတွေနဲ့ ဟာပါ ရှိနေတာကို သိလိုက်ရလို့ ငါ့စိတ်ကူး ပြောင်းလိုက်တာ”

ဝယ်လ်က အပျက်အစီးများကြားထဲမှ စာချုပ်တစ်ခု၊ စာရင်းစာအုပ်တစ်အုပ်နှင့် ရတနာလက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ချယ်ရီထံ ကမ်းပေးလိုက်သည်။ ချယ်ရီသည် ဝယ်လ်ကို ကျေးဇူးတင်စကား ဆိုရင်း ထိုပစ္စည်းများကို ယူလိုက်သည်။ ၎င်းတို့မှာ ကွန်ဂရိနှင့် အမိုးခုံး ဘုရားကျောင်းတော်တို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်များပင် ဖြစ်သည်။

စာရင်းစာအုပ်ထဲတွင် "ဘလပ်ဖိစ်" ၏ အရောင်းအဝယ် မှတ်တမ်းအားလုံး ပါဝင်နေပြီး လက်စွပ်ပေါ်မှ ကျောက်မျက်မှာမူ ခိုးယူခံရသည့် ကုန်စည်များထဲမှ ဖလော်ဆိုဖာ ကျောက်တုံး အပိုင်းအစလေး ဖြစ်သည်။

“ဟာပါက ဆရာကြီး နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့တဲ့ ရန်သူဆိုတာကို ကျွန်မ သိပါတယ်...”

ချယ်ရီက သက်ပြင်းချရင်း ဆိုလိုက်၏။

“တကယ့်ကို တိုက်ဆိုင်မှုပါပဲ...”

ထို့နောက် ချယ်ရီ ခဏ ငေးငိုင်သွား၏။

‘ဒါက တကယ့် တိုက်ဆိုင်မှုပဲလား...’

ဝယ်လ်သည် မစ္စတာလင်၏ တရားတော်ကို ဖြန့်ဝေရန် အတွက် ဘလပ်ဖိစ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ချယ်ရီကိုယ်တိုင်ကမူ အမိုးခုံး ဘုရားကျောင်းတော်က လပြည့်ဝန်း အဆီအနှစ်များကို ထုတ်လုပ်နေကြောင်း သက်သေရှာရန်နှင့် ကွန်ဂရိကို ဖမ်းဆီးရန် မစ္စတာလင်ကို ကူညီနေခြင်း ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ကွန်ဂရိသည် ဘလပ်ဖိစ်အတွက် လုံခြုံသည့် နေရာတစ်ခုကို စီစဉ်ပေးနေသူ ဖြစ်သဖြင့် သူတို့နှစ်ဦး ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ရုတ်တရက် ပေါ်လာသည့် မီးလျှံဓားလမ်းစဉ်မှ ရန်သူများမှာ ဝယ်လ်အတွက် ခက်ခဲသော အတားအဆီးများ ဖြစ်လာနိုင်သော်လည်း "စာအုပ်ဆိုင်နှင့် မီးလျှံဓားလမ်းစဉ်ကြားမှ သဘောတူညီချက်" ကြောင့် ရုတ်တရက် ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။

“ညည်းလည်း အဲ့ဒါကို သတိပြုမိသွားပြီပေါ့”

ဝယ်လ်က ဆို၏။

“ဒီကို မလာခင်မှာ ဆရာလေးလင်က ငါ့ဆီကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ငါ့အသက်ကို ကယ်ဖို့အတွက် ကံကြမ္မာဒင်္ဂါးပြားကို မြှောက်ခဲ့တယ်... အဲ့ဒါအပြင် သူက ဒီအစီအစဉ်အတွက် ဗေဒင်ဟောပေးခဲ့တယ်... ရလဒ်က မဟာမင်္ဂလာ ဖြစ်လိမ့်မယ်တဲ့... ဒါကြောင့်လည်း ငါ ဆယ်စုနှစ်နဲ့ချီပြီး ရှာမတွေ့ခဲ့တဲ့ ဟာပါကို ရှာတွေ့ခဲ့တာပဲ... ပြီးတော့ ငါ မှတ်မိနေတာက...”

“ကံကြမ္မာ ဒင်္ဂါးကို အမြဲတမ်း အက်ရှ် ကုန်သည်ကြီးများ အသင်းမှာပဲ သိမ်းဆည်းထားခဲ့တာ မလား...”

ချယ်ရီ တစ်ယောက် ဝယ်လ်ပြောသမျှကို နားထောင်ရင်း အရာအားလုံးကို ဆက်စပ်တွေးတောမိလိုက်သောအခါ သူမ၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

သူမ အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်၏။

“ဟုတ်ပါတယ်... လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်က ဖြစ်မယ်... ကျွန်မက ဘဏ္ဍာထိန်းကို စေလွှတ်ပြီး မစ္စတာလင်ကို ကံဆိုးခြင်း ဒင်္ဂါးပြား လက်ဆောင်ပေးခိုင်းခဲ့တာပါ... ကျွန်မကိုယ်တိုင် မအားလို့ ဆိုင်ကို မသွားနိုင်တဲ့အချိန်မှာ ဘဏ္ဍာထိန်း ပြောပြတာကတော့ မစ္စတာလင်က အနာဂတ်ကို မြင်နိုင်သူတစ်ဦးနဲ့ တူတယ်တဲ့... သူတို့ သွားပေးနေတဲ့ အချိန်မှာပဲ မစ္စတာလင်ရဲ့ ဆိုင်နီးနားချင်းက မစ္စတာလင်ကို ကံကောင်းခြင်းဒင်္ဂါးပြား လာပေးခဲ့ပြီး အဲ့ဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ ကံကြမ္မာဒင်္ဂါးပြား ဖြစ်သွားခဲ့တာပါ...”

“ငါ ပြောချင်တာလည်း အဲ့တာပဲ...”

ဝယ်လ်မှာ သိသိသာသာ စိတ်လှုပ်ရှားနေ၏။

“မင်းရဲ့ လက်ဆောင်ကို အသုံးချပြီး မစ္စတာလင်က ငါ့ကို ကယ်တင်ဖို့ လာခဲ့တယ်... တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တ့ ငါ့ရဲ့ ရန်သူဟောင်းကို ရှာတွေ့စေခဲ့တယ်... ဒါတင်မကသေးဘူး... ငါတို့ရဲ့ သက်ဆိုင်ရာ တာဝန်တွေကိုလည်း တစ်ပြိုင်တည်း ပြီးမြောက်စေခဲ့တယ်... ညည်းအတွက် သက်သေတွေ၊ ငါ့အတွက် တာဝန်၊ ပြီးတော့ မီးလျှံဓားလမ်းစဉ် နဲ့ သဘောတူညီချက်ယူပြီး သုံးဖက်မြင် အကွက်ချလိုက်တာ... ဝါး... အားလုံးဟာ ဆရာလေးလင်ရဲ့ စီမံကိန်းတွေချည်းပါပလေား...”

“အလွှာလိုက် အလွှာလိုက်ကို အကွက်ချထားတဲ့ စေ့စပ်သေချာလွန်းတဲ့ အစီအစဉ်တွေပဲ... တကယ့်ကို မယုံနိုင်စရာပါပဲ”

စာအုပ်ဆိုင်၏ ဖောက်သည်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့် နေခဲ့ကြပြီး အရာရာကို ထိန်းချုပ်ထားနိုင်သည့် လင်ကျဲ၏ နက်နဲဆန်းကြယ်လှသော ဉာဏ်ပညာအပေါ် တစ်ပြိုင်တည်း အံ့ဩမှင်တက် နေကြလေတော့သည်။

...

All Chapters