← Chapters

အေးစိမ့်လှသော နော်ဇင်၏ ဆောင်းရာသီ

Vol. 17 Ch. 231

အေးစိမ့်လှသော နော်ဇင်၏ ဆောင်းရာသီ

Vol. 17 Ch. 231

“တကယ့်ကို အံ့သြဖို့ကောင်းတယ်”

ချယ်ရီက အံ့သြတကြီး ရေရွတ်လိုက်၏။

“အရာအားလုံးဟာ သူ့ရဲ့ စီစဉ်မှုအောက်မှာ တိတိကျကျ ရှိနေခဲ့တာပဲ...”

လက်ထဲရှိ ကွန်ဂရိနှင့် အမိုးခုံး ဘုရားကျောင်းတော်တို့၏ စာချုပ်ကို ကြည့်ရင်း သူမ ခေါင်းခါယမ်းကာ တိုးတိုးလေး ပြောလိုက်မိသည်။

“ဆရာလေးလင်ရဲ့ အစီအစဉ်တွေက ဒီထက် အများကြီး ပိုကျယ်ပြန့်တယ်...”

ဝယ်လ်၏ အမြင်တွင်မူ ဤကိစ္စမှာ အဖွဲ့အစည်း သုံးခု (အက်ရှ် ကုန်သည်ကြီးများ အသင်း၊ မီးလျှံဓားလမ်းစဉ်နှင့် သူကိုယ်တိုင်) တို့နှင့်သာ သက်ဆိုင်ပြီး အားလုံးမှာလည်း ဆရာလေးလင် ချထားသည့် နယ်ရုပ်များသာ ဖြစ်သည်။

သို့သော်လည်း... အမှန်စင်စစ်တွင် အရာအားလုံး၏ ဗဟိုချက်မ၌ အမိုးခုံး ဘုရားကျောင်းတော် ရှိနေသေးသည်။ ထို့ပြင် အမိုးခုံး ဘုရားကျောင်းတော်မှ ဖာသာဗင်းဆင့်နှင့် စာအုပ်ဆိုင်တို့၏ အဆက်အသွယ်မှာ အက်ရှ် ကုန်သည်ကြီးများ အသင်းထံမှ လူများ စာအုပ်ဆိုင်သို့ မရောက်ခင်ကတည်းက ဖြစ်သည်။

၎င်းပြင် စာအုပ်ဆိုင် ပိုင်ရှင်သည် ဗင်းဆင့်အား မဟာ ရောင်စဉ် သူရဲကောင်းဟောင်း ဂျိုးဇက်၏ တပည့်ဖြစ်သူ ကလောက်ထံသို့ သွားရောက်ခိုင်းခဲ့ရာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ပါ ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင်... စာအုပ်ဆိုင်ရှေ့တည့်တည့်တွင် ဆိုင်းဘုတ်လာတင်သွားသည့် ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့လည်း ရှိနေသေးသည်။

ချယ်ရီနှင့် ဝယ်လ်တို့ မြင်နိုင်သည်ထက် ပို၍ များပြားလှသော အစီအစဉ်နှင့် ဖောက်သည်များစွာ မစ္စတာလင်တွင် ရှိနေပေလိမ့်မည်။

ချယ်ရီ အတန် စိတ်လေသွားမိ၏။ သူမနှင့် မစ္စတာလင်တို့ ကြားရှိ ကွာဟချက်မှာ ပို၍ ကျယ်ပြန့်လာနေသည်။ သူမကိုယ်သူမ တိုးတက်မှုရှိပြီဟု ထင်လိုက်တိုင်း နောက်ပိုင်း သိရှိရသော အချက်အလက်များက သူမမှာ မပြည့်စုံသေးကြောင်းနှင့် မစ္စတာလင်၏ နယ်ရုပ်များစွာထဲမှ တစ်ခုမျှသာ ဖြစ်ကြောင်း ဖော်ပြနေသကဲ့သို့ ရှိသည်။

တစ်ချိန်တည်း၌... ဝယ်လ်သည် စိတ်လှုပ်ရှားမှုကြောင့် အခန်းအတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့၏။ ‌

“ဒါဟာ ဆရာလေးလင်ဆီကနေ မျှော်လင့်ထားရမယ့် အရာပဲ... ငါ သူ့ရဲ့ တရားတော်တွေကို အပြည့်အဝ နားလည်သွားပြီ... တကယ်မိုကလိုက်တာ... ဒါက တကယ့်ကို အရှင်သခင်နဲ့ ကယ်တင်ရှင်တစ်ဦး၊ အရာရာကို သိမြင်တဲ့ ဆရာသခင်တစ်ဦးရဲ့ အမြင်ပဲ...”

ဤအရာအားလုံးမှာ တိုက်ဆိုင်မှုဟု ထင်ရသော်လည်း တစ်ခုချင်းစီမှာ ပြီးပြည့်စုံသည့် စတုရန်းကွက်ပေါ်မှ စေ့စပ် သေချာလှသော အကွက်ချမှုများ ဖြစ်ကြောင်း ထင်ရှားသော လက္ခဏာများ ရှိနေသည်။ အချို့သောသူများက တောင်တန်းများကို ဖြိုခွဲနိုင်သည့် ဖျက်ဆီးအားပြင်းသော အင်အားကိုသာ အစစ်အမှန် စွမ်းအားဟု ထင်ကြပေလိမ့်မည်။

သို့သော်လည်း... ဝယ်လ်ကမူ ဤကဲ့သို့ သေးငယ်သော်လည်း တိကျလှသော တွက်ချက်မှုများဖြင့် အခြားသူတို့၏ ကံကြမ္မာကို စိတ်ကြိုက် ခြယ်လှယ်နိုင်စွမ်းသည်သာလျှင် အတုမဲ့ စွမ်းအားဖြစ်သည်ဟု ယူဆသည်။

အခြားသူတို့၏ ကံကြမ္မာများကို အသာအယာ ချိတ်ဆက်ပေးရုံမျှဖြင့် အရာအားလုံးကို အကွက်ကျကျ ဖြစ်ပျက်သွားအောင် လုပ်ဆောင်နိုင်သူ ဤလောကတွင် ရှိနိုင်ပါဦးမည်လော...။

ဝယ်လ်အဖို့မူ ဆရာလေးလင်မှာ သူ၏ အခန်းကို သပ်ရပ်အောင် စီစဉ်နေခြင်းသာ ဖြစ်သည်။ လူတိုင်းကို သင့်တော်သည့် နေရာတွင် ထားရှိကာ သူတို့ လုပ်ဆောင်သင့်သည်များကို အစီအစဉ်တကျ လုပ်ဆောင်စေခြင်း ဖြစ်ပေသည်။

“ဒါဟာ တကယ့်ကို နတ်ဘုရားတစ်ပါးမှာပဲ ရှိနိုင်တဲ့ စွမ်းအားပဲ...”

ဝယ်လ် တစ်ယောက် လင်ကျဲ အပေါ် ချီးကျူးစကားများကို စိတ်ထဲမှ အကြိမ်ကြိမ် ရေရွတ်နေမိ၏။ ထို့နောက် သူ တစ်စုံတစ်ခုကိုပါ တွေးမိသွားသည်။

‘နောက်ပြီးတော့ ဂေါလ်... သူ့ကို ငါ လက်ခံမိတာရော ဆရာလေးလင်က ကြိုမြင်ခဲ့တာလား...’

‘ဟုတ်တယ်... ဆရာလေးလင်က ငါ တပည့်နှစ်ယောက်အပေါ် ထားတဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေကို သိတယ်... တစ်ယောက်က မထင်မှတ်ဘဲ သေဆုံးသွားခဲ့ပြီး နောက်တစ်ယောက်က ငါ့ကို သစ္စာဖောက်ခဲ့တယ်... ဒါကြောင့် သူက ငါ့ကို အမှားပြင်ဖို့ အခွင့်အရေး ပေးလိုက်တာပဲ ဖြစ်ရမယ်...’

‘ဟူး... ဆရာလေးလင်က သူ့ရဲ့ ဖောက်သည်တွေအပေါ် အမြဲတမ်း ဂရုစိုက်တတ်တာပဲ...’

ဝယ်လ် တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီးနောက် အတွေးနက်နေသည့် ချယ်ရီကို လှမ်းကြည့်လိုက်သည်။

“ချယ်ရီ ချပ်ပ်မန်း...”

“ဟုတ်ကဲ့...”

ချယ်ရီက ခေါင်းညိတ်သည်။

“ကျွန်မကို ချယ်ရီ လို့ပဲ ခေါ်နိုင်ပါတယ် ဆရာကြီး...”

ဝယ်လ်က သူ၏ ဝတ်ရုံနက် အိတ်ကပ်အတွင်းမှ အရိုးဖြင့် ပြုလုပ်ထားသည့် ခရာတစ်ခုကို ထုတ်ကာ ကမ်းပေးလိုက်သည်။ ချယ်ရီသည် အလျင်အမြန် လှမ်းယူလိုက်ပြီးနောက် ဝေခွဲမရစွာဖြင့် မေးလိုက်၏။

“ဒါက ဘာလဲဟင်...”

“စာအုပ်ဆိုင်ရဲ့ ဖောက်သည်အချင်းချင်း ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုကို အထိမ်းအမှတ်ပြုတဲ့ အနေနဲ့ပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ”

ဝယ်လ်က ဆိုသည်။ ထို့နောက် သူ ပြုံးလိုက်မိ၏။ ဆရာလေးလင်၏ စီမံကိန်းတွင် အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်ခွင့်ရခဲ့သဖြင့် သူ၏ ကြိုးပမ်းမှုများမှာ အချည်းနှီး မဖြစ်ခဲ့ပေ။ ဆရာလေးလင်ထံ၌ အမှုထမ်းခွင့်ရခြင်းမှာ သူတို့လို လူများအတွက် ဂုဏ်ယူစရာပင် မဟုတ်ပါလား။

ချယ်ရီ ထိုခရာကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။ သို့သော်လည်း... မည်သို့သော မှော်ပစ္စည်းမျိုး ဖြစ်သည်ကို မခွဲခြားနိုင်ချေ။

ဝယ်လ်က အလိုက်သတိပင် ရှင်းပြလိုက်၏။

“ဒီခရာကို မှုတ်လိုက်ရင် ညည်း ဘယ်နေရာမှာပဲ ရှိရှိ ဂရေဒီ ကို လှမ်းခေါ်နိုင်လိမ့်မယ်...”

ဝယ်လ်က ဂရေဒီ၏ လည်ပင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရာ ဂရေဒီက မျက်လုံးလေးများကို မှိတ်လျက် သာမန်ခွေးလေးတစ်ကောင်ကဲ့သို့ ပျော်ရွှင်စွာ အော်လိုက်သည်။ ချယ်ရီသာ ကိုယ်တိုင် မမြင်ခဲ့လျှင် ဤချစ်စရာကောင်းသော အိမ်မွေးတိရစ္ဆာန်လေးမှာ ဧရာမ သားရဲကြီး တစ်ကောင် ဖြစ်ကြောင်း ယုံကြည်လိမ့်မည် မဟုတ်ချေ။

‘လှမ်းခေါ်နိုင်တယ် ဟုတ်လား...’

ထိုအရာက ဖျက်ဆီးခြင်းအဆင့် လက်ထောက်တစ်ဦးကို ခေါ်ယူနိုင်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။

“ဒီလက်ဆောင်အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဆရာကြီး...”

ချယ်ရီ အရိုးခရာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။ ၎င်းမှာ ဝယ်လ်၏ စေတနာ ဖြစ်ကြောင်း သူမ သိပေသည်။

စာအုပ်ဆိုင်၏ ဖောက်သည်များမှာ တစ်နေ့မဟုတ် တစ်နေ့ တွေ့ဆုံကြရမည်မှာ အသေအချာပင်။ တူညီသည့် ဆက်နွယ်မှုတစ်ခု ရှိနေခြင်းက သူတို့အကြား ဆက်ဆံရေး တည်ဆောက်ရန် ပိုမို လွယ်ကူစေသည်။ သို့သော်လည်း... တစ်ချိန်တည်းမှာပင် သတိထားရန်လည်း လိုအပ်သည်။ လူများလာသည်နှင့် အုပ်စုဖွဲ့မှုများ ရှိလာနိုင်သောကြောင့် ဖြစ်၏။

ဖောက်သည်များအကြားတွင် သူစိမ်းများ ရှိနိုင်သကဲ့သို့၊ ရန်သူများ သို့မဟုတ် ပြိုင်ဘက်များလည်း ရှိနိုင်သည်။ ဥပမာအားဖြင့် ဝယ်လ်နှင့် ဂျိုးဇက်၊ အက်ရှ် ကုန်သည်ကြီးများ အသင်းနှင့် ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ တို့ကဲ့သို့ ဖြစ်သည်။ သို့သော်လည်း... ရန်ငြိုးမရှိသူများအဖို့မူ တစ်ဦးကိုတစ်ဦး အမှီသဟဲ ပြုနိုင်ကြပေသည်။

ချယ်ရီသည် ခေါင်းမော့ကာ ပြောလိုက်၏။

“ပြန်လည်ပေးဆပ်တဲ့ အနေနဲ့ ဆရာကြီး လိုအပ်တဲ့ ပစ္စည်းတွေ ရှိရင် ကျွန်မကို ပြောပါ... အက်ရှ် ကုန်သည်ကြီးများ အသင်းရဲ့ ဌာနခွဲ ဒုတိယအကြီးအကဲ တစ်ယောက်အနေနဲ့ အသင်းမှာ ရှိသမျှ အရာအားလုံးကို ဆရာကြီး လိုအပ်သလောက် ကျွန်မ ပေးပါ့မယ်...”

ဖျက်ဆီးခြင်းအဆင့် ရှိသူတစ်ဦး၏ တန်ဖိုးမှာ အတိုင်းအဆ မရှိလေရာ ချယ်ရီ ဝယ်လ်ကို စည်းရုံးရန် နည်းလမ်းမျိုးစုံ သုံးရန် အသင့်ရှိနေသည်။

ဝယ်လ်က ရယ်မောလိုက်၏။

“အလကားပေးဖို့တော့ မလိုပါဘူး... ငါ့မှာလည်း ငွေကြေး မချို့တဲ့ပါဘူး... ဒါပေမဲ့ ကုန်ကြမ်းတွေ လိုအပ်နေတာတော့ အမှန်ပဲ... မှော်ဆရာတစ်ယောက်အနေနဲ့ စမ်းသပ်မှုတွေ အများကြီး လုပ်ရတဲ့အတွက် ပစ္စည်းတွေ ဆုံးရှုံးမှုကတော့ ရှောင်လွှဲလို့ မရဘူး”

“ညည်း ပံ့ပိုးပေးနိုင်မယ်ဆိုရင် ဈေးကွက်ပေါက်ဈေးအတိုင်း ငါ ဝယ်ပါ့မယ်...”

ဝယ်လ်က ဆက်ပြောလိုက်၏။

“နောင်တစ်ချိန်မှာ ညည်းဆီက အကူအညီ ပိုလိုအပ်လာတာမျိုးလည်း ရှိနိုင်တယ်.... ဒီတော့ သိပ်မကြာခင် ချယ်ရီ ချပ်ပ်မန်းဟာ အက်ရှ် ကုန်သည်ကြီးများ အသင်းရဲ့ ဌာနခွဲ အကြီးအကဲ ဖြစ်သွားပြီ ဆိုတဲ့ သတင်းကို ငါ ကြားချင်တယ်”

ချယ်ရီကလည်း ပြုံးလျက် တုံ့ပြန်လိုက်၏။ ၎င်းမှာ သူတို့ကြားမှ အခြေခံ ပူးပေါင်းဆောင်ရွက်မှု စတင်လိုက်ခြင်းပင် ဖြစ်၏။ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား တူညီနေသရွေ့ မဟာမိတ်ဖွဲ့ရန်မှာ လွယ်ကူလှသည်။ ထို့ပြင် သူတို့နှစ်ဦးစလုံးမှာ စာအုပ်ဆိုင်၏ ဖောက်သည်များ ဖြစ်ကြသဖြင့် ဤပူးပေါင်းဆောင်ရွက်မှု အပါအဝင် အရာအားလုံးမှာ စာအုပ်ဆိုင် ပိုင်ရှင်၏ စီစဉ်မှုသာ ဖြစ်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားကြသည်။

...

“ဟတ်ချိုး...”

လင်ကျဲ ထိုင်ခုံတွင် ထိုင်နေရင်း နှာချေလိုက်မိ၏။ အနည်းငယ် အေးစိမ့်လာသဖြင့် သူ မွန်းအား တံခါးပိတ်ခိုင်းလိုက်သည်။

“ဒီရက်ပိုင်း ရာသီဥတုက နည်းနည်း အေးလာပြီပဲ... အချိန်တွေ ကုန်တာ မြန်လိုက်တာ... ကြည့်ရတာ နော်ဇင်ရဲ့ ဆောင်းရာသီက မကြာခင် ရောက်တော့မယ် ထင်တယ်”

လင်ကျဲက သက်ပြင်းချရင်း ဆိုလိုက်သည်။

“ခ... ခဏ... နေပါဦး...”

မွန်း တံခါးအား ပိတ်လိုက်ချိန်မှာပင် ဂျိုးဇက် တစ်ယောက် တံခါးမကြီးကို လက်ဖြင့် အချိန်မှီ လှမ်းဆွဲထားကာ သူ့ ဧရာမ ကိုယ်လုံးကြီးနှင့် အတင်းတိုးဝင်လာ၏။

သူ၏ မျက်နှာထက်တွင်တော့ အံ့ဩသည့် အရိပ်အယောင် အချို့ ရှိနေခဲ့သည်။ သူ အစတုန်းက မစ္စတာလင်လို အစွမ်းထက်လှသည့် ပုဂ္ဂိုလ်မျိုးမှာ အဘယ်ကြောင့် နှာချေနေရသနည်း ဟု တွေးတော နေမိခြင်းပင်။ ၎င်းမှာ လုံးဝ မဖြစ်နိုင်သည် ကိစ္စတစ်ခု ဖြစ်သော်လည်း ယခုပင် ဖြစ်ပျက်ခဲ့ချေပြီ။

သို့သော်လည်း... နောက်ဆက်တွဲ စကားများကို ကြားလိုက်ရပြီး နောက်တွင်တော့ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရင့်ကျက်လှသော အတွေ့အကြုံအရ မစ္စတာလင်၏ ပုံမှန်မဟုတ်သည့် လုပ်ရပ်တိုင်းမှာ အဓိပ္ပာယ် တစ်ခုခု ရှိစမြဲပင်။

‘မစ္စတာလင်က နှာချေတာကို အကြောင်းပြပြီး ‘အေးစိမ့်လှတဲ့ နော်ဇင်ရဲ့ ဆောင်းရာသီ’ ဆိုတဲ့ စကားရဲ့ နက်နဲတဲ့ အဓိပ္ပာယ်ကို အလေးပေးချင်နေတာပဲ...’

‘ဆောင်းရာသီဆိုတာ ပြင်းထန်တဲ့ ရာသီတစ်ခုပဲ... အဲ့ဒါက နော်ဇင်ကို မကြာခင် ရောက်တော့မယ်... ဒါဟာ သတ်ဖြတ်မှုတွေရဲ့ နိဒါန်းပဲ... လတ်တလော ဖြစ်ရပ်တွေကို ထည့်တွက်ကြည့်ရင် အမိုးခုံး ဘုရားကျောင်းတော်ဟာ မကြာခင်မှာ ပျက်စီးကပ်ဘေးနဲ့ ရင်ဆိုင်ရတော့မယ်လို့ ဆိုလိုတာပဲ...’

‘ဒါဆို မစ္စတာလင်ရဲ့ အလိုဆန္ဒက ငါတို့ကို စတင် လှုပ်ရှားလို့ ရပြီလားလို့ မေးနေတာလား...’

“ဦးကြီး ဂျိုးဇက်...”

လင်ကျဲ တစ်ယောက် ဇဝေဇဝါ ဖြစ်စွာဖြင့် မော့ကြည့်လိုက်၏။

“ဘာလို့ အဲ့ဒီမှာ ကြောင်ရပ်နေတာလဲဗျ... ကျွန်တော် ဦးကြီး အတွက် ဒီမှာ ထောင်ချောက်တစ်ခုခု ဆင်ထားတယ်လို့ ထင်နေတာလား...”

ဂျိုးဇက် တုန်လှုပ်သွား၏။

ထောင်ချောက်...။

***

All Chapters