စာဖတ်ခြင်းသည် ကံကြမ္မာကို ပြောင်းလဲစေသည်
Vol. 17 Ch. 232
ထောင်ချောက်...
ဤသည်မှာလည်း... အမှန်တကယ်ပင် ရှင်းလင်းပြတ်သားသော သတိပေးချက်တစ်ခု ဖြစ်သည်။ မစ္စတာလင်၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်မှာ လှုပ်ရှားရန် အချိန်တန်ပြီ ဖြစ်သော်လည်း ရှေ့တွင် ပုန်းကွယ်နေသည့် ထောင်ချောက်များ ရှိနေနိုင်သဖြင့် သတိမလွတ်ကြနှင့် ဟူ၍ပင်။
မူလက ဂျိုးဇက်နှင့် ကျန်ရှိသူများမှာ အမိုးခုံး ဘုရားကျောင်းတော်ကို အနိုင်ရရှိရန် သေချာနေသဖြင့် အလွန်အမင်း သတိမထားမိကြချေ။ သူတို့၏ လတ်တလော စစ်ဆင်ရေးများမှာ အလွန်အောင်မြင်နေပေသည်။ နေမင်းအပေါ် ယုံကြည်မှုမှာ အင်အားမကြီးလှသော်လည်း ထူးခြားသော ဆွဲဆောင်မှုရှိသည့် မီးပွားလေးတစ်ခုမှသည် တဖြည်းဖြည်းနှင့် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်ကြီးအဖြစ်သို့ ပြောင်းလဲလာနေခဲ့သည်။
ပြည်သူ့ဆန္ဒကို စည်းရုံးပြီးနောက် တိုက်စစ်ဆင်လိုက်သောအခါ အမိုးခုံး ဘုရားကျောင်းတော်မှာ ထိတ်လန့်တကြားဖြင့် ကိုယ့်ခြေထောက်ကိုယ် ပြန်တိုက်မိနေတော့သည်။ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသည့် အရှုပ်တော်ပုံများ ပေါ်ထွက်လာခြင်းကြောင့် ဘုရားကျောင်းအတွင်း၌ ပေါက်ကွဲလုနီးပါး ဖြစ်နေသည့် ဖိအားများ ရှိနေသည်။ အမိုးခုံး ဘုရားကျောင်းတော်မှာ ယခုအခါ ဖရိုဖရဲဖြစ်ကာ မတည်မငြိမ် ဖြစ်နေသည်ဟု ဆိုနိုင်သည်။
ထို့အပြင်... လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဘုရားကျောင်းသည် အမှားတစ်ခုကို လုပ်ဆောင်ခဲ့သည်။ အချို့သော ဂိုဏ်းခွဲများမှ အစွန်းရောက်သူများသည် တတိယတမန်တော်၏ သွေးထိုးလှုံ့ဆော်မှုဖြင့် လမ်းပေါ်ထွက်ကာ စည်းရုံးမှုများ ပြုလုပ်ခဲ့ကြသည်။ သူတို့၏ ရည်ရွယ်ချက်က ယုံကြည်မှု လွဲမှားနေသူများကို လမင်း၏ ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိလာစေရန် ဖြစ်သည်။
သို့သော်လည်း... မမျှော်လင့်ဘဲ ထိုအစွန်းရောက်များ လမ်းပေါ်ထွက်ချိန်တွင် ဘုရားကျောင်းထံမှ ရှင်းလင်းချက် တောင်းဆိုလိုသော ယုံကြည်သူများလည်း ရှိနေသဖြင့် နှစ်ဖက်အုပ်စုကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုကဲ့သို့ အချင်းများရာမှ တစ်ဆင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ဖြစ်လာပြီး နောက်ဆုံးတွင် သွေးထွက်သံယိုမှုများအထိ ဖြစ်ပွားခဲ့သည်။
ဖိအားများလွန်းသဖြင့် တတိယဂိုဏ်းခွဲ၏ ဘုရားကျောင်းမှာ ယာယီပိတ်ထားရပြီး ယုံကြည်သူများ၏ ဝန်ခံခြင်းနှင့် ဆုတောင်းခြင်းများကို လက်မခံတော့သလို ပြင်ပမှ စုံစမ်းမေးမြန်းမှုများကိုလည်း ငြင်းပယ်ထားသည်။
သို့သော်လည်း... အဓိက အချက်မှာ တတိယတမန်တော် လုပ်ကြံခံလိုက်ရခြင်း ဖြစ်သည်။ သူ၏အလောင်းကို တွေ့ရှိချိန်တွင် ဦးခေါင်းမပါသော အလောင်းတစ်ခု ဖြစ်နေခဲ့လေပြီ။
ဤသည်မှာ ဗင်းဆင့်၏ အစီအစဉ် တစ်ခုသာ ဖြစ်သည်။ နေမင်း၏ စွမ်းအားကို ရရှိထားသော ရှေးဟောင်းမျိုးနွယ်စုမှ အမျိုးသမီး စစ်သည်တော် အသီးနားသည် ထိုသတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ နည်းလမ်းမှာ အနည်းငယ် ကြမ်းတမ်းသော်လည်း ရလဒ်မှာ ထိရောက်လှသည်။
တတိယဂိုဏ်းခွဲ၏ ယုံကြည်သူများမှာ မှင်တက်သွားကြပြီး အမိုးခုံး ဘုရားကျောင်းတော်၏ ရှောင်လွှဲနေသော အမူအရာကြောင့် ယုံကြည်သူများအကြား အုပ်စုကွဲကာ ဂိုဏ်းခွဲ တစ်ခုလုံး ပြိုကွဲသွားတော့သည်။ အခြားသော ဂိုဏ်းခွဲများ၏ အခြေအနေမှာလည်း အလားတူပင် ဆိုးရွားနေသော်လည်း တမန်တော်များ ကျန်ရှိနေသေးသဖြင့် အနည်းငယ် ထိန်းထားနိုင်သေးသည်။
တစ်ချိန်တည်း၌... နေမင်း၏ယုံကြည်ခြင်းမှာ ပေါင်းပင်များကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့နေပြီး ယုံကြည်သူ အရေအတွက်မှာလည်း အဆမတန် တိုးပွားလာနေခဲ့သည်။ လမ်းပျောက်နေသည့် အမိုးခုံး ဘုရားကျောင်းတော်၏ ယုံကြည်သူများကို နေမင်း ယုံကြည်ခြင်းက ဝါးမြိုလိုက်လေတော့သည်။
ဗင်းဆင့်က "နေနှင့်လသည် အရင်းအမြစ်တစ်ခုတည်း" ဟူသော သီအိုရီကို အခြေခံ၍ နေနှင့်လ၏ စွမ်းအားမှာ အတူတူပင်ဖြစ်ကြောင်း ဟောပြောခဲ့သည်။ ထို့ကြောင့် လမင်းကို ယုံကြည်သူတိုင်းသည် နေမင်းကိုလည်း ယုံကြည်နိုင်ပေသည်။
၎င်းမှာ လမင်း၏ ယုံကြည်သူများကို ပေါ်ပေါ်ထင်ထင် ဆွဲဆောင်ရန် အကောင်းဆုံး ဆင်ခြေပင် ဖြစ်သည်။ လမင်း၏ စွမ်းအားမှာ အမှန်တကယ်တွင် နေမင်းထံမှ လာခြင်းဖြစ်သည်ဟု သူ မပြောရသေးသော်လည်း အသိပညာ အတန်ငယ်ရှိသည့် ယုံကြည်သူများကတော့ နေမင်းအား ယုံကြည်ခြင်းတွင် နေနှင့်လ နှစ်ခုစလုံး၏ စွမ်းအားကို တွေ့မြင်လိုက်ရသည့်အခါ ၎င်းကို သံသယမရှိ ယုံကြည်သွားကြတော့သည်။
ထို့ပြင် မွန်း ပြသခဲ့သည့် လမင်း၏ စွမ်းအားမှာ ပိုမိုမြင့်မားသောအဆင့်တွင် ရှိနေသဖြင့် ယုံကြည်သူမျာက ဗင်းဆင့်၏ ဘာသာပြောင်းလဲခြင်း ဆိုသည်မှာ အမှန်စင်စစ် အမိုးခုံး ဘုရားကျောင်းတော်၏ အတွင်းပိုင်း ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်လိမ့်မည်ဟု တွေးတောလာကြသည်။
အမိုးခုံး ဘုရားကျောင်းတော်မှ ဘုန်းတော်ကြီး အချို့သည် မကောင်းမှုများ လုပ်ဆောင်နေသော်လည်း သူတို့ထဲ၌ စစ်မှန်သည့် ယုံကြည်သူများ ရှိနေကြဆဲ ဖြစ်ပြီး ထိုသူတို့က စစ်မှန်သည့် လမင်း အပေါ် မျှော်လင့်ချက်ကို ထိန်းသိမ်းရန် ဗင်းဆင့်ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်ဟု ယူဆကြသည်။ သူတို့က အမိုးခုံး ဘုရားကျောင်းတော်မှာ ယခုကဲ့သို့ ပုံစံအသစ်ဖြင့် တဖန် ပြန်လည် မွေးဖွားလာခြင်း ဖြစ်သည်ဟု ယူဆလာကြသည်။
ဤနေရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်မှာ ဗင်းဆင့်၏ လူကောင်းပုံရိပ်ပင် ဖြစ်သည်။ ချယ်ရီ ကလောက်ထံ ယူဆောင်လာပေးသည့် သက်သေများ လူသိရှင်ကြား ဖြစ်သွားသည်နှင့် အမျှ အမိုးခုံး ဘုရားကျောင်းတော်မှာ မည်သို့မျှ ပြန်လည် နာလန်မထူနိုင်တော့ဘဲ ပြိုလဲသွားမည်မှာ အသေအချာပင်။
သို့သော်လည်း... ယခုအခါ မစ္စတာလင်၏ စကားများက ဂျိုးဇက်ကို သတိပေးလိုက်ပြီ ဖြစ်သည်။
‘သတိမလွတ်စေနဲ့...’
အမိုးခုံး ဘုရားကျောင်းတော်သည် သူတို့၏ ဒုတိယမြောက် ယဇ်ပူဇော်မှုကို လုပ်ဆောင်တော့မည် ဖြစ်သလို သူတို့၏ နောက်ဆုံး တိုက်စစ်အတွက်လည်း ပြင်ဆင်နေကြသည်။ သူတို့က တမင် အားနည်းချင်ယောင် ဆောင်နေခြင်း ဖြစ်နိုင်သည်။ အလွန် ကြီးမားလှသည့် ထောင်ချောက်ကြီး တစ်ခုဆင်ကာ အားအင်များကို စုစည်းနေခြင်း ဖြစ်ပေလိမ့်မည်။
အမိုးခုံး ဘုရားကျောင်းတော်၏ အင်အားအရ ဤမျှအထိ လွယ်လွယ်ကူကူ ပြိုလဲစရာ အကြောင်းမရှိပေ။ အကယ်၍ သူတို့သာ အခြေအနေကို ထိန်းချုပ်ဖို့ အမှန်တကယ် ကြိုးစားလာခဲ့ပါက ဗင်းဆင့်တို့အဖွဲ့အတွက် များစွာ ခက်ခဲပေလိမ့်မည်။ သို့သော်လည်း... ဘုရားကျောင်းသည် အရည်အချင်းမရှိသယောင် ဟန်ဆောင်ကာ အခြေအနေကို လျစ်လျူရှုထားသည်။
သူတို့သည် ယဇ်ပူဇော်မည့်နေ့တွင် အရာအားလုံးကို ပုံအောရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ပြီး ယခု ဆုံးရှုံးမှုများကို ဂရုမစိုက်တော့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် ပေါ့ပေါ့ဆဆ စိတ်ဓာတ်မျိုးဖြင့် အမိုးခုံး ဘုရားကျောင်းတော်ကို ရင်ဆိုင်မိပါက ရန်သူကို အထင်သေးမိပြီး ပေါ့ဆမှုများ ဖြစ်လာပေလိမ့်မည်။
ဂျိုးဇက် တစ်ယောက် ရေအေးတစ်ပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သင်ခန်းစာသစ် တစ်ခုကို ရရှိသွား၏။ သူစိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
‘စာအုပ်ဆိုင်ကို လာတိုင်း စွမ်းအားဖြစ်ဖြစ် အခြားဟာ တစ်ခု ဖြစ်ဖြစ် အမြဲတမ်း အသစ်တစ်ခုခုတော့ ရစမြဲပဲ... ဘာပဲဖြစ်ဖြစ်.... ဒါက မစ္စတာလင်ဆီကနေ မျှော်လင့်ထားရမယ့် အရာပဲလေ’
သူ ကောင်တာထံသို့ လျှောက်လာလိုက်ရင်း အမှန်တရားကို သိမြင်သွားသူတစ်ဦး၏ အမူအရာဖြင့် ထိုင်ခုံတွင် ထိုင်လိုက်သည်။
“ဒါက မစ္စတာလင်ရဲ့ ထောင်ချောက်ဆိုရင်လည်း ကျွန်တော် ဝမ်းသာအားရ ခံယူမှာပါ...”
“...”
ဂျိုးဇက်၏ အလွန် နူးညံ့လှသည့် အကြည့်ကြောင့် လင်ကျဲ တစ်ယောက် တစ်ကိုယ်လုံး ကြက်သီးများပင် ထသွားမိ၏။
‘ဒီဦးကြီးရော တစ်ကိုယ်တည်းသမား ဘဝကို ရောက်နေပြီလား မသိဘူး... ဝယ်လ်နဲ့ နှစ်နှစ်လောက် အဆင်မပြေဖြစ်ပြီးနောက်မှာ သူလည်း အထီးကျန်တာကို မခံစားနိုင်တော့လို့ သူငယ်ချင်းအသစ် ထပ်ရှာနေတာများလား...’
ဂျိုးဇက်မှာ ပထမဆုံး စာအုပ်ဆိုင်ကို ရောက်လာတုန်းက တကယ့်ကို တည်ကြည်လှသည့် လူကြီးတစ်ယောက် ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ သူက ပင်ကိုယ်စရိုက်အစစ်ကို ထုတ်ပြနေပြီ ဖြစ်သည်။
မွန်း ပြောပြချက်အရ ကလောက်မှာ ဂျိုးဇက်က သူ့အပေါ် အလုပ်အားလုံး ပုံချထားခြင်းကြောင့် နေ့တိုင်း အချိန်ပို ဆင်းနေရကြောင်း အမြဲတမ်း ညည်းတွားနေသည်ဟု ဆိုသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဂျိုးဇက်မှာ ဖြောင့်မတ်ပြီး ကြင်နာတတ်သည့် သူရဲကောင်းတစ်ဦး ဖြစ်သော်လည်း ယခုအခါတွင်မူ ရန်ပုံငွေများကို လိမ်လည်ခြင်းမှာ အလေ့အကျင့် တစ်ခု ဖြစ်နေပြီး သူကိုယ်တိုင်လည်း မြေခွေးအိုကြီး တစ်ကောင် ဖြစ်နေချေပြီ။
လင်ကျဲ၏ အကြည့်မှာ ဂျိုးဇက်၏ လက်ဆီသို့ ရုတ်တရက် ရောက်ရှိသွားသည်။ နောက်ဆုံးတစ်ခေါက် လာတုန်းက ဤလက်မှာ ပြတ်နေခဲ့သော်လည်း၊ ယခုအခါတွင်မူ အသစ်တစ်ဖန် ပြန်လည် ပေါက်လာပြီ ဖြစ်သည်။ ထို့အပြင်... ၎င်းမှာ စက်ရုပ်လက် မဟုတ်တော့ဘဲ သာမန်လက်နှင့် မခြားနားသည့် လက်တုတစ်ခု ဖြစ်သည်။
“ဦးကြီးရဲ့ လက်အသစ်က တကယ့်ကို ကြည့်လို့ကောင်းတယ်နော်...”
ဂျိုးဇက်က ရယ်မောလျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြလိုက်၏။
“ဟုတ်ပါတယ်... ဒါက လေဒီမွန်းရဲ့ ကျေးဇူးကြောင့်ပါပဲ...”
ယခုအခါ သူသည် အခြားသော ယုံကြည်သူများနည်းတူ မွန်းကို "လေဒီမွန်း" ဟု ခေါ်ဆိုနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် တိုက်ပွဲအပြီး၌ မွန်းသည် လမင်း၏ စွမ်းအားကို အသုံးပြုကာ သူ၏ လက်မောင်းကို တိုက်ရိုက် ပြန်လည် ကုသပေးခဲ့သဖြင့် ဂျိုးဇက်မှာ အလွန် ကျေးဇူးတင်နေခြင်း ဖြစ်သည်။
‘ဟင်... ဒါက မွန်းနဲ့ ဘာဆိုင်လို့လဲ...’
လင်ကျဲသည် ထိုစကားကြောင့် မှင်တက်သွားမိ၏။ သို့သော်လည်း... ကျောင်းသူမွန်း၏ သင်ယူနိုင်စွမ်းမှာ အလွန်ပင် ထူးခြားလှပြီး ဤကာလအတွင်း အဆက်မပြတ် တိုးတက်နေသည်ကို သူ သတိရသွားသည်။
‘မွန်းက ဇီဝဗေဒ လမ်းစဉ်မှာပါ ထူးချွန်သွားတာလား... ဘာပဲဖြစ်ဖြစ်...’
လင်ကျဲ တစ်ယောက် ထိုငွေတွင်းကြီး... အဲလေ... ဖောက်သည်ကြီးကို သည်တစ်ကြိမ်တော့ စာအုပ်ထိုးရောင်းဖို့ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင် ဆိုစေ... သူ စာအုပ်များ မရောင်းရသည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား...။
လင်ကျဲက ပြုံးလိုက်ရင်း...
“အသိပညာက ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်လို့ ပြောရမှာပေါ့လေ... အဲ့ဒီကလေးက ကျွန်တော် ပြောတာကို နားထောင်ပြီး ဒီအဆင့်ကို ရောက်အောင် စာအုပ်တွေ အများကြီး ဖတ်ခဲ့တာကိုး...”
“ဒါနဲ့ ပြောရဦးမယ်... ဦးကြီး အနေနဲ့လည်း အခု ရောက်နေတဲ့ အဆင့်မှာ စာအုပ်တွေ ပိုဖတ်ဖို့ လိုမယ်လို့ ကျွန်တော် ခံစားရတယ်... ဦးကြီး ဒီတစ်ခေါက် လာတာလည်း နောက်ထပ် စာအုပ်တစ်အုပ် ယူဖို့ လာတာလို့ ကျွန်တော် ထင်နေမိတယ်... ဟုတ်တယ် မဟုတ်လား...”
***